ချန်ဂင်တို့စခန်း (၁၅၇)

လတ်တလော စစ်ရေး နိုင်ငံရေး အခြေအနေအရ သည်ကနေ့ညကို သတိ ဝီရိယ နဲ့ နေပါ လို့ သတိလာပေးထားပါတယ်။ ဖြစ်နိုင်ရင်တော့ ဟိုတုန်းကလိုပဲ ဆေးရုံမှာ မအိပ်ပဲ ရှောင်အိပ်ကြဖို့ ပြောတာပေါ့။ ဒါပေမယ့် မဖြစ်နိုင်ပါဘူး။ ဆေးရုံမှာ လူနာဆောင် ၂ ဆောင်လုံး စည်ကားနေတာ။ အောက်ဆီဂျင်ပေးပြီး Noradrenaline drip တင်ထားရတဲ့ ill case ကိုက ၂ ယောက် ရှိတယ်။ သူတို့လာပြောတဲ့အချိန်မှာတောင် car accident နဲ့ လူနာလာလို့ အကုန်လုံး ဆေးရုံမှာ ရောက်နေတာ။ “ဆရာကြီးတို့ ရှောင်အိပ်။ ကျွန်တော်တို့ ကျွန်မတို့ စောင့်နေရစ်မယ် ဆိုတဲ့လူတွေကို ကိုယ်ကရော ဘယ်လိုလုပ် ချန်ထားရစ်နိုင်မှာလဲ။ ဟိုတုန်းက အကုန်ရှောင်အိပ်တယ် ဆိုတာ ဆေးရုံမှာ လူနာမကျန်လို့ ရှောင်နိုင်တာ။ အခု အခြေအနေနဲ့ မတူဘူး။ လူနာတွေဘက်ကလည်း “စိတ်ဖြောင့်ဖြောင့်နဲ့သာ ချန်ခဲ့။ ကံမကုန်ရင် ပြန်ဆုံဦးမှာပဲ။” လို့ ပြောနိုင်မယ် မထင်ပါဘူး။ အဲ့ဒါကြောင့် ဆေးရုံမှာပဲ သတိဝီရိယနဲ့ အိပ်ကြမယ် လို့ ဆုံးဖြတ်ကြပါတယ်။

သတိ ဝီရိယဆိုတာ အိပ်ပျော်သွားရင်တော့ ဘယ်ရှိမှာလဲ။ အသံကလေး နားစွင့်ရင်း ကြက်အိပ်ကြက်နိုး အိပ်ရတာပေါ့။ တနေ့လုံးကလည်း အလုပ်နဲ့လက် ပြတ်တယ်လို့ မရှိတော့ ညဘက်ဆို မှောင်တာနဲ့ အိပ်ချင်လာရော။ ခေါင်းချလိုက်ရင်လည်း တစ်ရေးမို့ ဒီညတော့ စာထိုင်ရေးနေရင် မအိပ်ချင်လောက်ပါဘူးလေ လို့ ထင်မိတာ စာတစ်ပိုဒ် မဆုံးခင် အိပ်ပျော်သွားရော။ စိတ်ပူရင် အိပ်မပျော်တတ်တဲ့ ကိုမြတ်ကလေးကပဲ ဖုန်းထိုင်သုံးရင်း လေကင်းစောင့်ရတာပေါ့။ မိုးလင်းတဲ့အခါကျတော့လည်း ညကအန္တရာယ်တွေ မေ့သွားပြီး ပလာတာတွေ အီကြာကွေးတွေ ကိုယ်တိုင်ကြော်၊ လက်ဘက်ရည်တွေ ဖျော်သောက်ကြပါတယ်။ ကိုယ်တို့ဆီရောက်လာတဲ့ ဆရာဝန်လေး က အိမ်မှာ လက်ဘက်ရည်ဆိုင်ဖွင့်ထားတော့ ကိုယ်တို့မှာ မောနင်း ဘရိတ်ဖတ်စ် က ဆိုင်ဖျော်လေးနဲ့ သာသာယာယာပေါ့။ တစ်ယောက်လာ တစ်မျိုး ကျွမ်းကျင်ရာ ပါလာတော့ တောထဲမှာနေပြီး ဘာမဆို စားရတယ်လေ။ မူရီးကားကလူတွေတောင် ဒေါင်ငတ်လို့ ငိုချင်းချနေရတာ။ ကိုယ်တို့များဖြင့် ခုချိန်က တောထဲမှာ အညွန့်အဖူးတက်တဲ့ရာသီမို့ တောဟင်းတောင်ဟင်းတွေကလည်း မပျင်းအောင်ကို စားရပါ့။ အရင်နှစ်ကလို ကိုယ်တိုင်ထွက် မခူးနိုင်တော့ပေမယ့် ရွာသားတွေပေးလို့ လူရောယုန်ရော အဝ။ ငါ့ဆရာ အတ္တကျော်များ ရှိလို့ကတော့လေ။ အိတ်ထနိုင်းမြီးရှည်မှ ပီဒက်များအတွက် ပက်ပက်စက်စက် လှူဒါန်းနေပါတယ် လို့ ဖေ့စဘုတ်တင်လိုက်ရင် သူပါရောက်လာပြီး မြီးရှည်ကောင်းကောင်း စားရမယ့်ဟာကို။ ငါ့နှယ်နော်။

Ward ထဲမှာ ill case တွေရှိတော့ အောက်ဆီဂျင်အိုးတွေကလည်း အင်မတန် အကုန်မြန်ပါတယ်။ တစ်လကို ရှစ်လုံးကုန်တယ်။ လေချည့်ပဲတောင် အဲ့လောက်ကုန်ရင် ဆေးတွေကုန်တာ ဘယ်လောက်ရှိမလဲ စဉ်းစားသာကြည့်။ တကယ်ကို ဆေးရုံပီပီသသ အလုပ်လုပ်နေတာ တနေ့တနေ့ မီးရှို့ပစ်ရတဲ့ အမှိုက်ကျင်းကြီးတွေ လာလာကြည့်ရင် သိနိုင်ပါတယ်။ တိုက်ပွဲတွေ နေရာအနှံ့မှာဖြစ်ပြီး စစ်ဘောင်ကျယ်လာချိန်မှာတောင် မလာမဖြစ်တဲ့လူနာတွေက မရောက်ရောက်အောင် လာကြပြီး သူတို့လည်း အန္တရာယ်တွေကြားမှာပဲ ဆေးရုံတက်ကုနေကြရပါတယ်။ ဒီမှ မကုရင် တခြား ဘယ်မှာမှလည်း ကုစရာမရှိပဲဟာကို။ အခုလောလောဆယ် လူနာဆောင် ၂ ဆောင်ပေါင်းရင် ကုတင် ၄၀ လောက် တင်ကုနိုင်တယ်။ အဲ့ဒီထက် ပိုချဲ့ရင် မနိုင်မနင်း ဖြစ်လာတော့မယ်။ အခုတောင် မနည်းရုန်းနေရပြီ။ ကိုယ်ဘယ်လောက်ပဲ ရုန်းရုန်း၊ ဟိုကောင်တွေ လေယာဉ်နဲ့ လာချရင် နှစ်လုံးစာတောင် မရှိပါဘူး။ ဒါလည်း မျှော်လင့်ပြင်ဆင်ထားရတဲ့ အလားအလာပဲဥစ္စာ။ လာပစေလေ။ သူတို့လာလို့ ကိုယ့်ခေါင်းပေါ်တည့်တည့်မကျဘူးဆိုရင် နောက်တစ်နေ့ ရှေ့တန်းထွက်တဲ့ထဲ ပါလာပြီသာမှတ်။ ဘုရားသခင်အလိုတော်အရ ဆရာစိုးလေးကို သေနတ်ကိုင်စေချင်တယ်ဆိုရင်လည်း မှန်အောင်ပစ်ဖို့ပဲ ရှိပါတယ်။ “တော်ပါပြီ။ ကြောက်ပါပြီ။” က ကိုယ်ပြောရမယ့် ဒိုင်ယာလော့မှ မဟုတ်တာ။

ဒီ့ထက်ပိုသေချာတဲ့ ဖြစ်နိုင်ခြေ အလားအလာကတော့ NUG အနေနဲ့ နယ်မြေစိုးမိုးမှုတွေ အရေးသာလာပြီး စစ်ကိုင်း၊ ကချင် နဲ့ ချင်းပြည်နယ်မှာ မြောက်ပိုင်းလွတ်မြောက်နယ်မြေအဖြစ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးတွေ ထူထောင်လာနိုင်မလား ဆိုတဲ့ အခြေအနေပါ။ အဲ့ဒါက စိတ်ကူးယဉ်အိပ်မက်လား လက်တွေ့ကျသလားဆိုတာ အဲ့ဒီဒေသတွေက ကစထမှူးတွေ အသိဆုံးပဲနေမှာပါ။ ကိုယ်တို့ကတော့ အပြောတွေ ခဏနားပြီး အလုပ်နဲ့သက်သေပြဖို့ ကြိုးစားနေတာမို့ အဖြေကိုပဲ စောင့်ကြည့်ခိုင်းပါမယ်။

အဲ့ဒီအခြေအနေမျိုးရောက်လာရင်တော့ ကိုယ့်ဆေးရုံကလေးကို မဖြစ်မနေ နောက်ထပ်တိုးချဲ့ဖို့ လိုပါလိမ့်မယ်။ အဲ့ဒီအခါကျရင် ကိုယ့်တစ်ယောက်တည်းနဲ့ မတတ်နိုင်တော့တာမို့ NUG ဆီက လူအင်အားရော အထောက်အပံ့ပါ လိုအပ်ပါလိမ့်မယ်။ ပိုက်ဆံက အလှူရှင်ရှာပေးလို့ရတယ်။ ဘတ်ဂျက်ချပေးလို့ရတယ်။ လူအင်အားက ဘယ်သွားရှာမလဲဆိုတဲ့ ပြဿနာကို အခုကတည်းက ခေါင်းထဲထည့် စဉ်းစားနေရပါတယ်။ ကိုယ်လည်း ချိတ်ဆက်ပါတယ်။ အကူအညီတောင်းပါတယ်။ ဒါပေမယ့်လည်း တကယ်တမ်း ကိုယ်ထိလက်ရောက် လာကူနိုင်တဲ့သူ ရှားပါတယ်။ လူတိုင်းမှာ အကြောင်းပြချက်တွေ ရှိနေပြီး အဲ့ဒီအကြောင်းပြချက်တွေထက် ကျော်လွန်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်လိုတဲ့စိတ် မရှိသေးလို့လို့ မြင်ပါတယ်။ ကိုယ့်မှာလည်း သူတို့ပြောတဲ့ အကြောင်းပြချက်တွေ မရှိလို့ အခုလို လုပ်နေတာမှ မဟုတ်တာ။ အကြောင်းပြချက်ဆိုတာ ဥပါယ်ခိုတဲ့စကားပဲ မဟုတ်လား။

“ငှက်ပျောသီးကျွေးမှတော့ မျောက်တွေပဲ လာမှာပေါ့။” ဆိုတဲ့စကားဟာ MBA ကျောင်းဆင်းတွေ ပြောလေ့ရှိကြပါတယ်။ ကိုယ့်ဆေးရုံမှာ ငှက်ပျောသီးတောင် မကျွေးနိုင်တဲ့ဟာ ဘယ်ဆရာဝန်က လာမှာလဲ။ ဒါဆိုရင် ကိုယ်က ကျားစာတွေ ဆင်စာတွေကျွေးပြီး လူမလာ လာအောင် စုရမှာလား။ ဆပ်ကပ်ပြစားမှာမှ မဟုတ်တာ။ NUG က ဆရာဝန်ခေါ်တယ်ဆိုရင် “လစာဘယ်လောက်ပေးမှာလဲ။” ဆိုတဲ့စကားက အရင်စမေးတယ်လေ။ ကိုယ်ကတော့ တစ်ယောက်နဲ့တစ်ယောက် ကျောချင်းကပ်ပြီး တိုက်ပွဲဝင်ဖို့ အိုးစားဖက်ရှာတဲ့အခါမှာ ခံစားခွင့်နဲ့ မစည်းရုံးလိုပါဘူး။ ခံယူချက်နဲ့ပဲ လက်တွဲချင်ပါတယ်။ ကိုယ်က တောထဲမှာ ပေါ်လီကလင်းနစ် ဖွင့်ထားတာ မဟုတ်ဘူးလေ။ ကိုယ့်နောက်ကွယ်မှာလည်း ဘာအဖွဲ့အစည်းမှ ရှိမနေဘူး။ ဒါပေမယ့် ကိုယ့်စိတ်ထဲမှာ “ငါတို့တွေ နိုင်ကိုနိုင်ရမယ်။ အမြန်ဆုံးနိုင်ရမယ်။” ဆိုတဲ့ ယုံကြည်ချက်နဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အလုပ်လုပ်နေတယ်လေ။ ဒီလှေကို ပန်းဝင်မယ်လို့ ယုံကြည်ရင် တက်ခဲ့လိုက်။ တက်တစ်ချောင်းပေးမယ်။ အတူတူ လှော်ရအောင်။

အခု ကိုယ်တို့လှေကလေး တရိပ်ရိပ် ပြေးနေတယ်။ အဲ့ဒါ ကိုယ်တစ်ယောက်တည်း တော်လို့လှော်လို့ မဟုတ်ဘူး။ ကိုယ်နဲ့ တစ်လှေတည်းစီးသူတွေ တက်ညီလက်ညီ ရှိကြလို့။ ကိုယ့်နောက်မှာ အမည်မဖော်လိုသူ မိတ်ဆွေသူငယ်ချင်းများစွာရဲ့ ထောက်ပံ့ကူညီမှုလည်း ပါတယ်။ ဒါပေမယ့်လည်း မလုံလောက်သေးဘူး။ နောက်ထပ် ဒီ့ထက်ဒီ ပိုလို့ပိုလို့ ကြိုးစားရဦးမယ်။ အဲ့ဒီအတွက် ခံစားချက်တူတဲ့၊ ခံယူချက်တူတဲ့၊ အကြောင်းပြချက်တွေကို လှစ်လျူရှုထားခဲ့နိုင််တဲ့ ဆရာဝန် ဆရာမတွေ နဲ့ လက်တွဲချင်ပါတယ်။

“မင်းက ဘာတွေပေးနိုင်လို့လဲ။” ဆိုရင်တော့ နံပါတ် (၁) က အာမခံချက်တွေ ပေးပါမယ်။ ကိုယ် ဘယ်သူ့ကိုမှ အသုံးမချပါဘူး။ ထိုးမကျွေးပါဘူး။ သစ္စာမဖောက် အကောက်မကြံပါဘူး။ နံပါတ် (၂) ကတော့ ရနိုင်မယ့် အခွင့်အရေးပါ။ ကိုယ့်ဆေးရုံမှာ အငယ်ဆုံးအလုပ်သမားနဲ့ ကိုယ်နဲ့ ထမင်း တစ်ဝိုင်းတည်း စားပါတယ်။ တစ်အိုးတည်းစားပါတယ်။ ကိုယ်စားရတဲ့ အစားအစာမှန်သမျှ သူတို့လည်း တန်းတူစားရပါတယ်။ များများစားနိုင်လို့ ကန့်သတ်ထားတာ မရှိပါဘူး။ တာဝန်မှာ အဆင့်ဆင့်ခွဲခြားထားပေမယ့် အခွင့်အရေးချင်းမှာ အားလုံးတန်းတူပါပဲ။ နံပါတ် (၃) ကတော့ မျှော်လင့်ချက် ဒါမှမဟုတ် အလားအလာပါပဲ။ ကိုယ်တို့တတွေဟာ လက်ရှိဘဝမှာ လူဖြစ်လျက်နဲ့ လူလို အဆက်ဆံမခံရဘူး။ စစ်ဗိုလ်စစ်သားတွေရဲ့ တစ်ဆင့်နိမ့််အတန်းအစားအဖြစ် အောက်တန်းမှာထားကြတယ်။ ကိုယ်တို့တော်လှန်ရေးအောင်ရင် ကိုယ်တို့သားသမီးတွေ လက်ထက်ကျတော့ ကိုယ်တို့လို low class standard နဲ့ အဆက်ဆံမခံရတော့ဘူး။ ဆရာဝန်တွေလည်း တရားဝင်ပတ်စပို့စာအုပ်ကလေးနဲ့ ကိုယ်သွားချင်ရာ သွားလို့ရလာမယ်လေ။ ကိုယ်ဖြေချင်တဲ့စာမေးပွဲတွေဖြေ၊ ကိုယ်တက်ချင်တဲ့ကျောင်းမှာ သွားတက်လို့ ရနိုင်မယ်။ ဘယ့်နှယ်လဲ။ မနိပ်ဘူးလား။

ကိုယ့်ဘက်က ပေးနိုင်တာတွေကို ခင်းပြသလိုပဲ ကိုယ်မပေးနိုင်တာတွေကိုလည်း ပွင့်ပွင့်လင်းလင်း ရှင်းပြထားရပါမယ်။ ကိုယ်က ရွှေကျင်တဲ့နေရာ၊ ကျောက်တူးတဲ့နေရာ၊ တောထဲမှာ ဆေးရုံလာထောင်ပေမယ့်လည်း ကိုယ့်ဆေးရုံက အခမဲ့ဆေးရုံဖြစ်ပါတယ်။ ဒီဆေးရုံမှာ ဆေးကုတာက ကုသိုလ်ဖြစ်မှာ သေချာသလို စီးပွါးမဖြစ်တာလည်း သေချာပါတယ်။ ဒီဆေးရုံရဲ့ ရည်ရွယ်ချက်က ဆေးဝါးဒါန၊ ပညာဒါန၊ ဇီဝိတဒါန တစ်ခုမှ မဟုတ်ပါဘူး။ အဲ့ဒါတွေက ဘေးထွက်ပစ္စည်းတွေပါ။ အဓိကရည်ရွယ်တာ စစ်တပ်ကြောင့် ဒဏ်ရာရလာတဲ့ကလေးတွေကို ပြုစုကုသနိုင်ဖို့၊ အသက်ကယ်နိုင်ဖို့ပါ။ တော်လှန်ရေးမှာ အထောက်အကူဖြစ်ဖို့လို့ ပြောရင်တော့ ရတာပေါ့။ ဒါကြောင့်မို့ စီးပွါးရေးမှာတော့ အထောက်အကူဖြစ်လိမ့်မယ် မထင်ပါဘူး။ ဒီဆေးရုံမှာ လာအလုပ်လုပ်တဲ့သူတွေကို identity မဖော်ပဲ မြှုပ်ထားတာက ကိုယ့်တစ်ယောက်တည်း ထင်ပေါ်ချင်လို့ မဟုတ်ပါဘူး။ သူတို့ရဲ့ လုံခြုံရေး၊ သူတို့မိသားစု လုံခြုံရေးအတွက် အမည်မဖော်လိုသူလှထုံ လုပ်ထားတာပါ။ ဆယ်လီဆီသွားတာ ဆယ်တားလည်း ဖြစ်မလာဘူးဆို စိတ်ပျက်သွားမှာစိုးလို့ပါ။ ခေတ်ကာလက ကောင်းတာမဟုတ်ဘူးလေ။ တော်နေကြာ ကိုယ်ကြော်ငြာပေးခါမှ ဇလုံကြီးလို ပေါက်သွားဦးမယ်။

တကယ်တမ်းလာတော့မယ်ဆိုရင်တော့ မလာခင်မှာ ကိုယ့်ဘက်က သေချာပြန်စဉ်းစားဖို့ သတိပေးစရာလေး ရှိပါတယ်။ အဲ့ဒါကတော့ စစ်ဘေးအန္တရာယ်ကို ကိုယ် အာမခံလို့ မရဘူး ဆိုတာပါ။ အဲ့ဒီအန္တရာယ်က ကိုယ့်မှာလည်း တချိန်လုံး ရှိနေတာပဲလေ။ ဒါပေမယ့် အရေးကြုံလာရင် ကိုယ်လွတ်ရုန်းပြီး ချန်ထားခဲ့မယ့်သူ မဟုတ်ဘူးဆိုတာတော့ တာဝန်ယူနိုင်ပါတယ်။ ခေတ်အခြေအနေအရ အိမ်မှာနေလို့လည်း မလုံခြုံဘူးဆိုတာ တောထဲကို လာမယ်စဉ်းစားကတည်းက သဘောပေါက်ပြီး ဖြစ်မှာပါ။ ဒါပေမယ့် တောထဲက အသက်ဟာ သူတို့လက်ခုပ်ထဲက ရေ မဟုတ်ပါဘူး။ အန္တရာယ်မကင်းတာချင်း တူရင်တောင် တုန့်ပြန်နိုင်စရာ နည်းလမ်းပေါင်းများစွာ ရှိပါတယ်။ ရေကို လက်ခုပ်ထဲထားတာချင်း အတူတူကိုယ့်လက်ခုပ်ထဲကိုယ် ထားတာ ပိုစိတ်ချရတယ် မဟုတ်လား။

ကိုင်း မှာစရာတွေလည်း ကုန်ပြီ။ လာမှာဆိုရင်တော့ ကြိုဆိုလျက်ပါ။ For better or for worse, for richer or for poorer, in rich or in sickness ဆိုတာ အိမ်ထောင်ပြုမယ့်သူတွေမှ “Yes” လို့ လက်ခံပြီး သဘောတူရတာ မဟုတ်ပါဘူး။ တော်လှန်ရေးအတွင်းမှာ စိတ်တူသဘောတူ တိုက်ပွဲဝင်ကြမယ့် လက်တွဲဖော်တွေလည်း သေသေချာချာ လက်ခံနိုင်ပြီဆိုမှ ခေါင်းညိတ်တာ ကောင်းပါတယ်။ ဘယ်အရာပဲဖြစ်ဖြစ် ချစ်ခြင်းမေတ္တာ ရှိကြရင် ပြဿနာ မဟုတ်တော့ဘူး မဟုတ်လား။ ကိုယ့်အပေါ်မှာ ချစ်ခင်ယုံကြည်သောစိတ်ရင်းနဲ့ဆိုရင် ချန်ဂင်စခန်းဟာလည်း ငြိမ်းချမ်းသာယာသောနယ်မြေ ဖြစ်လာမှာပါလေ။