ကလေးတွေကို သင်စရာရှိတာ သင်ပေးပြီး တမနက်ခင်းမှာ အလာတုန်းကလိုပဲ ဘာမပြော ညာမပြော အမှတ်တမဲ့လေး လစ်ထွက်ပြီး ပြန်လာခဲ့ပါတယ်။ နောက်သင်မယ့် ဆရာလေးတွေကိုတော့ ကိုယ်ဘာတွေ သင်ထားပြီးပြီ။ ဘာလေးတွေ သင်ဖို့ကျန်ခဲ့တယ်။ အိုဗာပေးပြီး မှာထားခဲ့တာပေါ့။ “ကလေးတွေကို နှုတ်ဆက်သွားဦးမလား။ အမှတ်တရ ဓါတ်ပုံတွေ ရိုက်ဦးမလား။” ဆိုတော့ “နေပါစေလေ။” ပဲ ပြောခဲ့တယ်။ ဒီတိုင်းပဲ ကောင်းပါတယ်။
အလာတုန်းကလည်း ဆေးရုံကနေ အမှတ်တမဲ့လေးပဲ ထွက်လာလိုက်တာ။ လမ်းခရီး လုံခြုံရေးက ရှိသေးတာကိုး။ စစ်ပွဲတွေ ဟိုနားသည်နား ဖြစ်နေတဲ့ အရပ်မှာ သွားရေးလာရေးက အန္တရာယ်များတယ်။ ဒါပေမယ့် ကိစ္စမရှိပါဘူး။ သူတို့ကိစ္စ သူတို့လာခေါ်ရမှာလေ။ “အန္တရာယ်တွေ ကြုံလာရင် မင်းကစောင့်ရှောက်ထား။ အား အား။” ပေါ့။ စိတ်ချရပါတယ်။ အားလုံးချိတ်ဆက် စီစဉ်ပြီး ဘော်ဒီဂတ်နဲ့ အပို့အကြို လုပ်တာပါ။ “လမ်းမှာ ဘယ်မှာမှ မရပ်နဲ့။ ဆိုင်လည်း မဝင်နဲ့။ နားချင် သူတို့စခန်းတွေမှာ ဝင်နား။” လို့ မှာပြီး မှန်အလုံပိတ်မောင်းတယ်။ လမ်းမှာ တစ်ညဝင်အိပ်ရသေးတယ်။ အသွားအလာ ရှင်းတဲ့အချိန်တွေပဲ မောင်းလို့။
စစ်ခွေးဂိတ်တွေကိုတော့ ဝင်ကိုမဝင်ပဲ ကွင်းလမ်းက ပတ်ရှောင်ပါတယ်။ သူတို့မှာ ကင်းထောက်တွေ ရှိနေတာပဲ။ လမ်းကြောင်းရှင်းလား မေးမေးပြီးမှ ဝင်တယ်။ မရှင်းရင် ပြန်ကွေ့တယ်။ တခါတလေလည်း လူချင်းကားချင်း ချိန်းပြီး ဂိတ်ဖြတ်တယ်။ ကိုယ်တို့လည်း ဒီရပ်ဒီရွာကလူတွေ ဝတ်စားသလို ပေစုတ်စုတ်တွေ ဝတ်ပြီး ဖရိုဖရဲနဲ့ ခရီးသွားတယ်။ ပစ္စည်းက တခြားကားတင်၊ လူက ဆိုင်ကယ်နဲ့ ရွေ့တဲ့အခါ ရွေ့တယ်။ ထိပ်တိုက်တွေ့လို့ မဖြစ်ဘူး။ ကိုယ်တွေက စစ်ဆင်ရေးထွက်လာတာမှ မဟုတ်တာ။
ခရီးသွားအတွေ့အကြုံအရတော့ စိတ်ကျေနပ်စရာပါပဲ။ စကစဟာ သူ့တပ်ရင်းတပ်စခန်းတွေရှေ့က သဲအိပ်ဘန်ကာတွေထဲ သေနတ်ကိုင်စောင့်နေတဲ့ စစ်ဆေးရေးဂိတ်တွေမှာပဲ အာဏာစိုးမိုးတော့တယ်။ ဘယ်သွားသွား စစ်ကြောင်းနဲ့သွားမှ လုံခြုံတယ်။ မြို့တွေရွာတွေကိုပဲ အမဲဖျက်ရဲတယ်။ အထိုင်စခန်းကို ရန်သူလာသိမ်းမှာစိုးလို့ ခံစစ်ပဲနေတယ်။ သူတို့ဘက်က အထိနာရင် ညဘက်မှာ လေယာဉ်နဲ့ ဗုံးလာကျဲတာကလွဲလို့ ဘာမှ မလုပ်နိုင်ဘူး။ ဗျူဟာကုန်းတွေတောင် ရန်သူလာသိမ်းမှာစိုးလို့ အလကားနေရင်း လက်နက်ကြီးနဲ့ ဟိုဘက်လှည့်ပစ်ပြလိုက် သည်ဘက်လှည့်ပစ်ပြလိုက် အသံပေးပြီး ခြောက်လှန့်နေရတာ။ ကသာဘက်ကနေ ယာဉ်တန်းနဲ့ အစီး ၅၀ လောက် တက်လာတာတော့ လမ်းမှာ မိုင်းဆွဲတာ တစ်စီးပဲ ထိတယ်။ ကျန်တာ တက်လာလို့ ဗန်းမောက်ဘက်မှာ မနေ့က တိုက်ပွဲတွေ ဖြစ်နေကြတယ်။ ကိုယ့်လူကိုယ် သေချာရေထားကြပေါ့နော့။ ဘယ်နှစ်ယောက်တက်လာလို့ ဒီအရောက်မှာ ဘယ်လောက်ကျန်လေမလဲ။ တပ်ကပြေးတာ ဘယ်နှစ်ယောက်ရှိမလဲ။ အပေါင်းအနှုတ်တော့ တတ်တယ် မှလား။
ဒီကောင်တွေဘက်မှာက အနှုတ်ချည့်ပဲ။ KIA ဘက်မှာတော့ စစ်သားစုဆောင်းစရာကို မလိုတော့ဘူး။ KIA ရဲဘော်လေးတွေဆိုတာ ကချင်လို ပြောတတ်တဲ့လူတောင် ခပ်ရှားရှား။ မုံရွာသံ ရေဦးသံကြီးတွေနဲ့ ဗမာလို ပီပီသသကြီး ပြောနေကြတာ။ ကိုယ်တွေကမှ ညှာညှာတာတာ စစ်ခွေးပဲခေါ်တာ။ သူတို့ပြောလိုက်မှဖြင့် စစ်သားမှန် မအိမ်လုံးချည့်ပဲ။ ဂျပုကောင်တော့ ကျားမြီးဆွဲထားမိပြီ။ မျိုးဆက်နဲ့ချီပြီး အမုန်းပင်စိုက်သွားတယ်။
ကိုယ့်အဖို့ကတော့ သွားလမ်းလည်းသာပါတယ်။ လာလမ်းလည်း ဖြောင့်ပါတယ်။ ဆေးရုံမှာလည်း လူနာတွေ အပြည့်။ သူတို့ဘာသူတို့ ခွဲစရာရှိတာ ခွဲထားတယ်။ ကိုယ်လုပ်နိုင်တာတွေ သူတို့လည်း လုပ်နိုင်နေပြီလေ။ မနိုင်ရင် ကိုယ်လာမှ ဆက်ခွဲဖို့ ချန်ထားတယ်။ ရောက်ရောက်ချင်း အမောဆို့မှာစိုးလို့ မပြသေးဘူး။ နောက်နေ့မနက်ကျမှ “Surprise” ဆို ဘွားကနဲပြတယ်။ advanced Ca breast နဲ့ လူနာကြီး။ ကျွဲကောသီးလောက် ရှိတယ်။ ရင်ဘတ်ပေါ် ပန်းမုန်လာကြီးလို အဆုပ်လိုက် ပွင့်ထွက်နေတာ။ သွေးတစိမ့်စိမ့် ယင်တလောင်းလောင်းနဲ့မို့ အဝတ်နဲ့ အုပ်ထားရတယ်။ ဖြစ်တာတော့ ၂ နှစ်ရှိပြီတဲ့။ ဆရာလည်းစုံ အသပြာလည်းကုန်ပြီ။ ချိုင်းထဲက အကျိတ်တောင် သရက်သီးလောက် ရှိနေပြီ။ ဘယ်လိုလုပ် ပျောက်အောင် ကုနိုင်မှာတုန်။ down staging လုပ်ဖို့၊ chemotherapy လိုက်ဖို့ နေနေသာသာ biopsy ပို့ဖို့ ပိုက်ဆံတောင် မရှိဘူး။ ခွဲပေးလိုက်လည်း မကြာဘူး။ ပြန်ပေါ်လာဦးမှာ။ ဒီတိုင်းထားလည်း သေမှာ၊ ခွဲလည်း သေမှာ။ လုပ်ရကျိုးနပ်မှာ မဟုတ်။ လူနာက ဆီးချိုရောဂါလည်းရှိလို့ မျက်လုံးတစ်ဘက်တောင် တိမ်စွဲနေပြီ။ အင်ဆူလင်တွေ ထိုးပေးနေရတယ်။ မေ့ဆေးကလည်း ပေးရဦးမှာ။
အကျိုးအကြောင်း နားလည်အောင် ရှင်းပြပြီး “သဘောတူရင်တော့ ခွဲပေးမယ်။ ရောဂါစင်အောင် ထုတ်နိုင်မှာတော့ မဟုတ်။ အပေါ်က အရေပြားက ပြန်စိလို့တောင် မရနိုင်တော့လို့ အနာဟောက်ပက်ကြီးနဲ့ အသားတက်အောင် စောင့်ရမှာ။ လောလောဆယ် အနံ့တထောင်းထောင်း သွေးသံတရဲရဲ ဒုက္ခကတော့ အချိန်အတိုင်းအတာတစ်ခုအထိ လွတ်မြောက်သွားမယ်။ ၂ ပါတ် တစ်လလောက်တော့ ဆေးရုံမှာ နေရမှာပဲ။ စားရေးသောက်ရေး ကိုယ့်ဘာသာ စီစဉ်။ ဆေးဖိုးကုန်ကျစားရိတ်တော့ ဆေးရုံက ကျခံမယ်။” လို့ ရှင်းပြလိုက်တယ်။
သူတို့က သဘောတူတယ် ပြောလို့ အဲ့ဒီည အိပ်မပျော်တဲ့သူက ကိုယ်ဖြစ်သွားတယ်လေ။ အထုပ်ကြီးက ကိုယ့်ခေါင်းပေါ် ရောက်ပြီကိုး။ မခွဲရသေးခင်ကို အင်ဆူလင်နဲ့ နေရတဲ့သူမို့ မေ့ဆေးဆရာဆီ ဖုန်းဆက်ပြီး အသေးစိတ် တိုင်ပင်ရတယ်။ မေ့ဆေးစက်နဲ့ ပေးမှ ရမှာ။ ခွဲချိန်ကလည်း အောက်ထစ် ၂ နာရီတော့ ကြာမှာ။ သွေးကလည်း သွင်းဖို့လိုမှာ။ မိုးလင်းတာနဲ့ ဆေးရုံက ဆရာဝန်လေးဆီက သွေးထုတ်ပြီး ခွဲခန်းထဲယူသွားရတယ်။ စွန့်စွန့်စားစား ခွဲရသလောက် နောက် ၂ လ ၃ လဆို အသစ်ပြန်ပေါ်လာမယ့်ဟာကို။ ဒါပေမယ့်လည်း ခွဲပြီးရင် အပုတ်နံ့တထောင်းထောင်း ယင်တလောင်းလောင်းနဲ့ ရင်ဘတ်ပေါ်တင်ထားရတဲ့ ရွံစရာအသားလုံးကြီး မရှိတော့ဘူးဆိုရင် နောက် တစ်လနှစ်လ ထပ်နေရလည်း တန်ပါတယ်။ လက်ရှိ အခြေအနေနဲ့ဆို မြန်မြန်သေတာကမှ ပိုကောင်းသေး။ အဲ့လို တွေးလိုက်တော့မှ ဘဝင်ကျပြီး အိပ်လို့ပျော်ပါတယ်။
တကယ်တမ်း ခွဲတဲ့အခါကျတော့ သူ့ကင်ဆာကြီးက ရင်ဘတ်ကြွက်သားပေါ် အမြစ်တွယ်နေတာ တော်တော်ကြီး ခက်ခက်ခဲခဲ ခွါထုတ်ရပါတယ်။ စုစုပေါင်း ၂ နာရီခွဲ ကြာသွားတယ်။ တော်ပါသေးရဲ့။ ကိုယ့်ရဲ့ မေ့ဆေး team ကလေးက ကျင်ကျင်လည်လည် အလုပ်လုပ်နေပြီမို့။ တော်တော်ဟုတ်နေကြပြီ။ ကိုယ်မရှိတုန်း appendix တွေ ခွဲထားတယ်။ မိုင်းစတွေ ထုတ်ထားတယ်။ TAH လုပ်တာတောင် spinal ထိုးပေးထားကြတယ်။ ရွာထဲက ကလေးမလေးတောင် check list နဲ့ တစ်ဆင့်ချင်း လိုက်စစ်ပြီး မေ့ဆေးနုတ်စ် ရေးနေပြီ။ မေ့ဆေး အကိုကြီး အမကြီးများ သင်ပေးရကျိုး နပ်ပါတယ်။
ဆေးရုံမှာ လူနာ အများကြီး လာလို့ ဝယ်ထားတဲ့ဆေးတွေကလည်း ကုန်ပြန်ပြီ။ မသွားခင်လေးကမှ မှာထားပေးတာတွေ မရှိတော့ဘူး။ မဏိစန္ဒာတို့ဆို တစ်ခါလာပြ ဆေးတစ်လစာ ပေးနေရတာ မဟုတ်လား။ ခုရက်မှာ စစ်တပ်ကလည်း ထောက်ပို့တွေကိုချည့် အနံ့ခံပြီး လိုက်ဖမ်းနေတာ။ ဖားကန့်မြို့ပေါ်မှာဆို အရပ်သားတွေ ညဘက်ညဘက် လိုက်အဖမ်းခံရတာ ၂၀၀ လောက် ရှိနေပြီ။ ကားဂိတ်တွေကဆိုဆေးနှင့်ဆေးပစ္စည်း၊ ဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်း လုံးဝ လက်မခံပါ လို့ စာကပ်ထားတယ်။ ဆရာဝန်တွေ ဆေးမကုနိုင်အောင်၊ ဆေးကုတဲ့ဆရာဝန်တွေဆီ ဆေးမရောက်အောင်၊ အလကား ကုပေးနေတဲ့ ဆေးရုံကို လူနာတွေ မလာနိုင်အောင် အမျိုးမျိုး ပိတ်ပင်တားဆီးနေတဲ့ စစ်ဗိုလ်စစ်သားတွေဟာ နောင်ဖြစ်လေရာဘဝတိုင်းမှာ ကိုယ်အခုခွဲပေးရတဲ့လူနာလို ရောဂါကပြင်းထန်၊ ဆရာကောင်းနဲ့မတွေ့၊ ဆေးဝါးကမဝယ်နိုင်၊ လောက်တဖွားဖွားကျတဲ့ အိုင်းအမာကြီး ရင်ဝယ်ပိုက်နေရတဲ့ ဝဋ်ကြွေးမျိုးကို ပြန်လည်ခံစားရဦးမှာ ဧကန်ဧကပဲ လို့ တွေးမိလိုက်တဲ့အခါကျမှ ဘဝင်ကျသွားပြန်ပြီး ဒီနေ့ညအတွက်လည်း အိပ်မက်လှလှမက်နိုင်ဦးတော့မှာပလေ။