ချန်ဂင်တို့စခန်း (၁၅၅)

စာသင်တဲ့အလုပ်က ကိုယ့်အတွက် ထမင်းစား ရေသောက်ပါ။ ဆေးကျောင်းမှာ ဆရာလုပ်ခဲ့တာ ၄ နှစ်တောင်ကြာခဲ့တယ်။ ဆာဂျင်ဖြစ်တော့လည်း ကလေးတွေကို ဝါဒ်ထဲမှာ စာသင်ပေးရတာ ပြတ်တယ်လို့ကို မရှိပါဘူး။ သို့သော်လည်း အခုလို တစ်နေ့တည်း ၅ နာရီကြာအောင် ဝမ်းမန်းရှိုးလုပ်ရတာမျိုးတော့ တစ်ခါမှ မလုပ်ဖူးဘူး။ ရေဗူးလေးတစ်ဗူး ဘေးမှာချပြီး တရစပ်ပွါးရတာ လည်ချောင်းတွေနာပြီး အသံတောင် မထွက်တော့ဘူး။ ကြာရင် လည်ချောင်းကွဲပြီး မမငြိမ်းအသံ ဖြစ်တော့မှာပဲ။ အသံတွေနာတာ အရေးမကြီးဘူး။ ဆရာစာသင်တာ monotone ကြီးနဲ့ အိပ်ငိုက်လိုက်တာ လို့တော့ အပြောမခံနိုင်ဘူးလေ။ အငြိမ့်မင်းသမီးများ ကြာပစ်သလို ရှိရှိသမျှ အထီးရော အမပါ ခရာတာတာ ဆိတ်လို့ဆွလို့ သင်တဲ့အခါလည်း သင်ရတာပေါ့။ စင်ပေါ် နဲ့ စင်အောက် ဆိုတာ အပေးအယူ လမိုင်းကပ်မှ ကရတာ အသက်ဝင်တာ မဟုတ်လား။ ကိုယ့်ဘက်က သူတို့ခေါင်းထဲကို ပေးချင်စရာတွေ အများကြီး ရှိသလို သူတို့ဘက်ကလည်း ကိုယ့်ဆီက သင်ယူချင်တဲ့အရာတွေ တော်တော်များပါတယ်။ စာသင်ချိန်တွေ ကျွံကျွံထွက်သွားတာချည့်ပဲ။ ဒီကလေးတွေက ကိုယ့်လက်ကထွက်တဲ့ အရုပ်ကလေးတွေ။ ကိုယ်က သူတို့ရဲ့ လက်ဦးဆရာ။ ဘယ်လောက်ထိအောင် ယူနိုင်မလဲ ဘယ်လောက်ထိအောင် ပေးနိုင်သလဲ။ အကြိတ်အနယ် စိန်ခေါ်ပြီး ပြိုင်ရတဲ့ပွဲ။ မီးကုန်ယမ်းကုန်ကို ကျဲတာ။ ဒီရက်ပိုင်းမှာ စာသင်တာကလွဲလို့ ဘာကိုမှ ခေါင်းထဲမထားနိုင်ဘူး။ ချန်ဂင်တို့စခန်းကိုတောင် မရေးပဲနဲ့ ပစ်ထားခဲ့တာ။ ညကမှ လေယာဉ်လာလို့ သတင်းမကြားရင် စိတ်ပူနေကြလိမ့်မယ် ဆို ကမန်းကတန်းရေးပြီး လိုင်းရတဲ့ဆီ ထွက်တင်ထားတာ။

လေယာဉ်လာတဲ့အချိန်တုန်းကတော့ ခေါင်းပေါ်တည့်တည့်မှာ တဝဲဝဲနေတာ အားလုံးနိုးကြပါတယ်။ ကလေးတွေလည်း အကုန် ကျင်းထဲရောက်နေတာပေါ့။ သူတို့က ကင်းလှည့်နဲ့ အိပ်ကြတာကိုး။ အတွေ့အကြုံလည်း ရှိပြီးသားတွေချည့်ပဲ။ ဆေးရုံအုပ် ဆရာလေးကတော့ သင်တန်းကျောင်းက ကလေးတွေ စိတ်မချလို့ မှောင်ကြီးထဲ တောတိုးပြီး သွားကြည့်တယ်။ တပ်ရင်း ၆ ဘက်မှာတော့ ၂ လုံးလောက်ကျဲသွားတယ်။ နောက်တစ်လုံးချတာတော့ မအောင်ဘူး။ ပလုံသွားတယ်။ အဲ့ဒီဘက်မှာ PDF ကျောင်းဆင်းပွဲ ရှိတယ်ကြားလို့ လာဂုဏ်ပြုပေးတာ နေမှာပါ။ ဒါမှပဲ သူတို့အပေါ် တိုက်ချင်ခိုက်ချင်စိတ်တွေ ပေါ်လာမှာကိုး။ နောက်နေ့ညတွေမှာလည်း ဒီလိုပဲ လက်နက်ကြီးနဲ့ ဟိုပစ်သည်ပစ် ခြောက်ပစ်တဲ့ အသံတွေ ကြားနေတာပါပဲ။ ဘယ်သူမှတော့ ကြောက်မနေကြပါဘူး။ ကိုယ်တောင်မှ မကြောက်တော့တဲ့ဟာ။ ဒါပေမယ့်လည်း ကိုယ့်မြေ ကိုယ့်အရပ်မှာ လက်နက်အားကိုးနဲ့ လာအနိုင်ကျင့်တဲ့စစ်တပ်၊ ဒေသခံတွေကို နှိပ်စက်တဲ့ စစ်တပ်၊ သယံဇာတ အဆီအနှစ်တွေကို လုယူဝါးမြိုတဲ့စစ်တပ်ကိုတော့ ဘယ်လောက်တောင် မုန်းတီးရွံရှာကြမလဲ။ ကိုယ်လည်း အခုမှပဲ ကိုယ်ချင်းစာနိုင်တော့တယ်။

လူဆိုတာ ကိုယ့်ထိမှ နာတတ်တဲ့အမျိုးဆိုတာ အမှန်ပဲ။ မြန်မာစစ်တပ်ဟာ တိုင်းရင်းသားတွေအပေါ်မှာ အနိုင်ကျင့် နှိပ်စက်နေခဲ့တာ ကြာလှပြီ။ အခု မင်းအောင်လှိုင် အာဏာသိမ်းလိုက်မှပဲ သူတို့အဖြစ်တွေကို စာနာနိုင်တော့တယ်။ နောက်များကျနေပြီလား။ မကျသေးပါဘူး။ ခုချိန်ထိ မစာနာနိုင်ပဲ မြို့ပေါ်မှာ စပါးသွား ကလပ်တက်၊ “အိပ်ရေးတွေပျက်လိုက်တာ။ မာလာရှမ်းကောလေးမှ နပ်မမှန်လေခြင်း။” လို့ စိတ်ဓါတ်တွေကျနေတဲ့သူတွေ အများကြီး ရှိပါသေးတယ်။ အဲ့လောက် ငွေကုန်ကြေးကျ ကြွယ်ပြနေလျက်နဲ့မှ အတန်းရှင်းက မရသေးလို့ရှိရင် လိုင်းပေါ်မှာ လူတကာတက်နင်းပြီး ဈေးဗန်းခင်းလို့လည်း အချိန်ကောင်းလေးပါပဲ။ ဆဲရမှ အာသာပြေမယ်ဆို ဆဲစရာလူတွေမှ တစ်လှေကြီး။ ပန်ဆယ်လို ဆဲမလား။ အေငြိမ်း ဆဲမလား။ မောင်မောင်အေး ဆဲမလား။ သက္ကမိုးညို ဆဲမလား။ ကိုကိုကြီး နဲ့ ဖြိုးမင်းသိန်းကို ဆဲချင်လည်း ရတာပဲ။ လောလောလတ်လတ် trend ဖြစ်နေတဲ့ ဆယ်လီတွေ ပတ်ဆဲရင်း အတန်းရှင်းရှာနေရတာ ကိုယ်မသိတဲ့ တောကြိုအုံကြားက တိုင်းရင်းသားလေးတွေ သူ့ဘာသူ သေသေကြေကြေ ဘာသောက်ရေးလုပ်စရာ ရှိမလဲ။

“မင်းသနားရင် ဆွေမရှိမျိုးမရှိ မိဘမဲ့ နှစ်ကောင်လောက် ခေါ်လာခဲ့လေ။ ငါတို့ မွေးစားပေးမှာပေါ့။ စာမတတ်ရင် ရေးတတ်ဖတ်တတ်အောင်သင်ပေးမယ်။” ဆိုတဲ့ မဟာဂရုဏာရှင်တွေပဲ များပါတယ်။ ခုခေတ် အိမ်ဖော်ရှာရတဲ့ ဒုက္ခက သေးမှမသေးတာ။ ထမင်းကျွေးရုံနဲ့ တသက်လုံးအပိုင်၊ ခိုင်းချင်တိုင်း ခိုင်း။ လိမ်မာရင် အဝတ်အစားလေး သပ်သပ်ရပ်ရပ် ဆင်ပေးမှာပေါ့ ဆိုတာမျိုးလေ။ တိုင်းရင်းသားတွေအပေါ်မှာ “သခင်မျိုးဟေ့ တို့ဗမာ” စိတ်ထားသလို၊ အရပ်သားတွေ အပေါ်မှာလည်း ဆက်လှာခွန်သွင်း ကျွန်ရင်းပဏ္ဏာ လို့ ကိုယ့်အောက် တစ်ဆင့်နှိမ့်ပြီး ဆက်ဆံတဲ့စံနစ်ကို မခံနိုင်လို့ အမြစ်က တွန်းလှန်နေတာပါ။ ဗမာစစ်အာဏာရှင်တွေကို နိုင်အောင်တိုက်ပြီး တိုင်းရင်းသားစစ်အာဏာရှင်တွေက ဆက်အုပ်ချုပ်မှာကိုတောင် စိုးရိမ်မိပါသေးတယ်။ ကမ္ဘာကြီးက ဒီမိုကရေစီရသွားလည်း ကိုယ်တို့ဆီမှာက ကျွန်ပိုင်ရှင်စံနစ်ကို တွန်းလှန်နေရတုန်း ရှိပါသေးတယ်။

ဒီဘက်က ကလေးတွေမှာ ဆယ်တန်းထိအောင်တောင် ရောက်ဖို့တက်ဖို့ ခက်ခဲပါတယ်။ ကိုယ်တို့စခန်းက ရွာမှာဆို တစ်ရွာလုံးနေလို့ ဘွဲ့ရတဲ့သူ တစ်ယောက်ပဲ ရှိတယ်။ ပညာတတ်ရင်လည်း ရွာမှာ မနေပဲ ထွက်သွားကြတာကိုး။ သူများမပြောပါနဲ့လေ။ ကိုယ်တို့ရွာ ကိုယ်တို့အမျိုးထဲမှာတောင်မှ ဘွဲ့ရပညာတတ်က ရှားပါးလှပါဘိ။ ကိုယ်တို့အမျိုးထဲမှာ ကိုယ်က ပထမဦးဆုံး ဆရာဝန်ဖြစ်တဲ့သူ။ ဒါပေမယ့်လည်း ကိုယ့်ရွာကိုယ်ပြန်ပြီး ဆေးမကုတဲ့သူ။ အဲ့ဒီတော့ ရွာမှာလည်း ခုထက်ထိ ကျန်းမာရေးမှူးတွေ၊ သားဖွားဆရာမတွေကို အားကိုးနေရတုန်းပဲ။ ဆရာဝန်ပြချင် မြို့တက်ပြရတာ။ စစ်ဘေးစစ်ဒဏ်နဲ့ ၂ နှစ်လောက် ရပ်တံ့နေတဲ့ ပညာရေးစံနစ်ကြီးမှာ ဆေးကုဖို့ စိတ်ဝင်စားတဲ့ ဝါသနာပါတဲ့ ကလေးလူငယ် ၁၀၀ လောက်ကို အခြေခံ ဆေးပညာ ဘာသာရပ်တွေနဲ့ မိတ်ဆက်သင်ကြားပေးရတာ ကိုယ့်အတွက်တော့ ဆေးလောကမှာ မျိုးစေ့ချတဲ့ ပြုစုပျိုးထောင်ပေးတဲ့အလုပ်ကို လုပ်ခွင့်ရတာပဲ။ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ အိပ်သွန်ဖာမှောက် ကြိုးစားခဲ့ပါတယ်။ ဟင်းစားပေးတာ မဟုတ်ပါဘူး။ ကွန်ချက်ကို မြင်အောင်ပြခဲ့ပါတယ်။ နောင်ကို ဒီကလေးတွေ ဘာပဲလုပ်လုပ်၊ သူများလုပ်လို့ လုပ်ရတယ် မဖြစ်ပဲ အကျိုးအကြောင်း ကို ခြေခြေမြစ်မြစ် သိလွယ်၊ သဘောပေါက်လွယ်အောင် ရှင်းပြခဲ့တယ်။ ဒီရက်သတ္တပါတ်ဟာ ကိုယ့်အဖို့ အရမ်းပင်ပန်းတဲ့ ရက်သတ္တပါတ်ဖြစ်သော်လည်း စိတ်ထဲမှာ ကျေနပ်ဝမ်းမြောက်ပါတယ်။ ဘာသာစကား အဟန့်အတားကြောင့် ပြောသမျှဆိုသမျှ လုံးစေ့ပတ်စေ့ နားမလည်နိုင်သည့်တိုင် စေတနာ နဲ့ စိတ်အားထက်သန်မှုကို လူတိုင်းခံစားလို့ ရနေတာမို့ သူတို့ဘက်ကလည်း အားထုတ်လုံ့လစိုက်ကြပါတယ်။

ကိုယ်ငယ်ငယ် သူတို့အရွယ်တုန်းက ဆေးကျောင်းမှာ အဲ့ဒီဘာသာရပ်တွေ သင်ယူတဲ့အခါ သူတို့လောက် စိတ်ဝင်တစား ခွန်အားစိုက်ထုတ်မှု မရှိခဲ့ပါဘူး။ စာမေးပွဲအောင်ရင် ကိုယ့်တာဝန်ကျေပြီ လို့ ယူဆတာကိုး။ ဒီက ကလေးတွေကတော့ အောင်လက်မှတ်ရဖို့ သင်တန်းလာတက်ကြတာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ စနေလည်း မနားဘူး။ တနင်္ဂနွေလည်း မနားဘူး။ နေရသခိုက် နားဝင်အောင် သင်ပခဲ့တယ်။ စာသင်ပြီးရင် စကားတောင် ပြောစရာ လေဆက် မကျန်။ အင်တာနက်မရတော့ လိုင်းပေါ်လည်း တက်မကြည့်ဖြစ်တော့ဘူး။ ဒီတစ်ခါ စာသင်ပြီးရင် နောက်တစ်ခါ ဘာသင်မလဲပဲ စဉ်းစားနေတာ။ ကိုယ်ပြန်သွားရင်လည်း နောက်လာမယ့်ဆရာတွေ ဆက်သင်ပေးစေချင်တဲ့ ခေါင်းစဉ်တွေ ရှာထားပေးခဲ့တယ်။ ကိုယ်သင်ပေးခဲ့ဖူးသမျှ ဆေးကျောင်းက ကလေးတွေက ဒီအရပ်ကို ပါမလာနိုင်ဘူး။ ဒီအရပ်မှာ ဆေးတပ်သားလေးတွေ လိုအပ်နေတယ်။ အဲ့ဒါကြောင့် ဒီအရပ်က ကလေးတွေကို ကိုယ်တတ်စွမ်းသမျှ သင်ကြားပြသပေးတယ်။ ရှင်းရှင်းလေးပါပဲ။ စေတနာမှန်ရင် ထွက်လာတဲ့ အသီးအပွင့်ကလည်း သန်မှာပဲ။ စိတ်ပူစရာ မရှိ။ နောက်တက်လာမယ့် လူငယ်မျိုးဆက်တိုင်းမှာ အာဏာရှင်ကို ကျွန်ခံတဲ့စိတ်မရှိအောင် ပျိုးထောင်ထားခဲ့မယ်။ ငါတို့မရှိလည်း သူတို့ဆက်တိုက်ပလေ့စေ။

ကချင်ပြည်နယ်မှာ ဆေးပညာသင်ကြားရေးဆိုတာ ကိုယ်လာတော့မှ စလုံးရေ စ တဲ့ ကိစ္စ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့လထဲမှာတင် ကိုယ့်ဆရာကြီးတွေ လိုင်ဆာမှာ ဆေးတက္ကသိုလ် စဖွင့်နေပါပြီ။ သူတို့ဆီမှာ တက္ကသိုလ် ကောလိပ်အဆင့်တွေအထိ သင်ပေးနေနှင့်ပြီးသားပါ။ မိုင်ဂျာယန်ကို ပညာရေးမြို့တော်အဖြစ် ထူထောင်ထားပြီး ဘွဲ့ရပညာတတ်တွေ မွေးထုတ်ပေးနေတယ်။ ဗိုလ်သင်တန်းကျောင်းလည်းရှိတယ်။ သူတို့ဆီက ဗိုလ်သင်တန်းဆင်း ရခိုင်ကာချုပ်ကလေးကို မင်းအောင်လှိုင်က ဘယ်လောက်တောင် ခခယယ ချော့ပေါင်းနေရသလဲ။ မြင်တဲ့အတိုင်းပဲလေ။ အဲ့လောက်ဆိုရင် ကချင်တွေရဲ့ ဖက်ဒရယ်ပညာရေးက အချဉ်တော့ မဟုတ်ဘူး လို့ သိသာနိုင်ပါတယ်။

ဒါဖြင့်လည်း ကချင်ဆရာဝန်တွေ သူ့ဘာသာ မွေးထုတ်ယူပစေပေါ့။ ဘာလို့ မမွေးရမှာလဲ။ KIA ထဲမှာလည်း တပ်ဆရာဝန်ရော အရပ်ဆရာဝန်ပါ ရှိပြီးသားပါ။ တရုတ်ပြည်မှာ ဆေးကျောင်းသွားတက်ထားတဲ့ ဆရာဝန်တွေပေါ့။ ဒီဟာတွေနဲ့ပဲ သူတို့ဆေးကုပါတယ်။ လိုင်ဆာမှာ ပြည်သူ့ဆေးရုံရော ပုဂ္ဂလိကဆေးရုံတွေပါ ရှိကြပါသတဲ့။ လောက်ကိုင်မှာ ကိုယ်တို့မြင်ခဲ့ဖူးတဲ့ တရုတ်ဆရာဝန်မျိုးတွေပါ။ ဆေးကုနေကြပါတယ်။ ခွဲစိတ်နေကြပါတယ်။ သို့သော် တရုတ်ဘာသာနဲ့ လေ့ကျင့်သင်ကြားလာတာမို့ တရုတ်စကားနဲ့ပဲ ဆွေးနွေးတိုင်ပင်လို့ရမယ်။ အင်္ဂလိပ် အခေါ်အဝေါ်တွေ သူတို့ မသိပါဘူး။ တရုတ်နိုင်ငံထုတ်ဆေးဝါးတွေကို ကျင်လည်စွာ သုံးစွဲကုသနေပေမယ့် အင်္ဂလိပ်လို ရေးထားရင် လုံးစေ့ပတ်စေ့ နားမလည်ပါဘူး။ သူတို့ဆီမှာ ဓါတ်မှန်အဖြေရော၊ အာထရာဆောင်း အဖြေရော၊ CT scan အဖြေပါ တရုတ်ဘာသာနဲ့ ပြန်ထွက်လာတာမို့ အဲ့ဒါတွေကို သူတို့ပဲ ဖတ်တတ်ပြီး ကိုယ်တို့ မဖတ်တတ်ပါဘူး။ ဓါတ်ခွဲခန်း အဖြေတွေလည်း အဲ့သလိုပါပဲ။ လောက်ကိုင်မှာတုန်းက ကိုးကန့်ဆေးရုံမှာ အဲ့ဒီ Made in China ဆရာဝန်တွေ ကိုယ်တို့ ဆုံခဲ့ဖူးတာကိုး။ အခု KIA ထဲမှာ တရုတ်ဆေးကျောင်းတက်ပြီး ပြန်လာတဲ့ အဲ့လိုဆရာဝန်တွေ အလုပ်လုပ်နေကြပါတယ်။

လောက်ကိုင် နဲ့ လိုင်ဆာ ဟာ တရုတ်နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် ဌာနချုပ်ချင်း တူပေမယ့် တရုတ်ကြီးက အရင်းအဖျား ခွဲခြားဆက်ဆံထားလို့ မတူတာတွေလည်း တွေ့ရပါတယ်။ လောက်ကိုင်သား ကိုးကန့်တွေဟာ တရုတ်ပြည်ဘက်ဆိုရင် ခွေးမိန် (ကူမင်း) အထိ အတားအဆီးမရှိ ဝင်ထွက်သွားလာနိုင်ပြီး လောက်ကိုင်မှာမွေးတဲ့သူဆိုရင် တရုတ်မှတ်ပုံတင်ရ၊ တရုတ်ကျောင်း အလကားတက်ခွင့်ရ (၈တန်းအထိ)၊ တနည်းပြောရရင် အတိုင်းအတာ တစ်ခုအထိ တရုတ်နိုင်ငံသားအခွင့်အရေး တွေ ရကြပါတယ်။ လောက်ကိုင်သားတွေကလည်း မြန်မာပြည်မြေပုံအတွင်းထဲမှာ အကြုံးဝင်ပေမယ့် သူတို့ကိုယ်သူတို့ တရုတ်နိုင်ငံသားအဖြစ်ပဲ ခံယူပါတယ်။ ကိုးကန့်ခေါင်းဆောင်လုပ်ခဲ့တဲ့ ဦးဖုန်ကျားရှင် ကိုယ်တိုင်က ကူမင်တန်စစ်သားတစ်ယောက်ဖြစ်ပြီး သူအမှုထမ်းခဲ့တဲ့ ကိုးကန့်စော်ဘွားမောင်နှမကလည်း တရုတ်မင်းဆက်က ဆင်းသက်လာတဲ့ အဆက်အနွယ်တွေပါ။ ဒုတိယကမ္ဘာစစ်ပြီးလို့ တရုတ်-မြန်မာ နယ်စပ်မျဉ်းတွေ ပြန်ဆွဲကြတဲ့အခါ မြန်မာပြည်မြေပုံထဲ ပဲ့ပါသွားတဲ့ တရုတ်မြေတွေအဖြစ်နဲ့ သံယောဇဉ်မပြတ်တာလား မသိပါဘူး။ ကိုးကန့်ဆိုတာ သူ့အတွက် ရင်မှဖြစ်သောသားလို သဘောထားတယ်။

ကချင်တွေကိုကျတော့ သူ့တိုင်းပြည်ထဲမှာလည်း ကချင်တိုင်းရင်းသား မျိုးနွယ်စုတွေ တွေ့ရပေမယ့် ကိုးကန့်တွေလောက် မျက်နှာသာ မပေးပါဘူး။ ကျောက်စိမ်း နဲ့ သစ်ကို မက်လွန်းလို့သာ အလိုလိုက်ဆက်ဆံနေတာ။ ပညာရေး၊ ကျန်းမာရေးတွေမှာ တရုတ်ဆီက အလကားရတာ ဘာမှ မရှိပါဘူး။ ကိုယ့်ပိုက်ဆံကိုယ်ပေးတက်ရပါတယ်။ လိုင်ဆာက ကလေးတွေက တရုတ်လိုတတ်ပေမယ့်လည်း လူတိုင်း တရုတ်ကျောင်း မတက်နိုင်ပါဘူး။ ဈေးကြီးသတဲ့။ စောစောကပြောတဲ့ မိတ်အင်ချိုင်းနား ဆရာဝန်တွေဖြစ်ဖို့ တရုတ်ပြည်မှာ ဆေးကျောင်း သွားတက်ရတာလည်း အင်မတန်ကုန်ကျစားရိတ်များပြီး KIA က ကျခံရတာတဲ့။ ဒါတောင် တစ်နှစ်တစ်နှစ်ကို လူ ၄-၅၀ လွှတ်ပြီး ကျောင်းထားနေတာပါတဲ့။ ဟိုက တန်းခွဲတစ်ခုစာ လူပြည့်တော့မှ စကားပြန်တစ်ယောက်ထားပေးပြီး တရုတ်လို သင်တာ လို့ ပြောပါတယ်။ ကျောင်းပြီးရင် တရုတ်လိုတတ်တဲ့ဆရာဝန်အဖြစ် ဆေးကုနိုင်ပေမယ့်လည်း အင်္ဂလိပ် အသုံးအနှုန်းတွေကို သူတို့ နားမလည်ပါဘူး။ အဲ့ဒါကြောင့် အခုကလေးတွေကို အခြေခံဆေးပညာသင်ပေးတဲ့အခါ တတ်တတ် မတတ်တတ်၊ သူတို့နားယဉ်သွားအောင် Medical terminology တွေကို အင်္ဂလိပ်လို ဒီအတိုင်းပဲမှတ်ခိုင်းပါတယ်။ ဘာသာမပြန်ခိုင်းပါဘူး။ပြောရင်းပြောရင်း နောက် နားရည်ဝသွားတော့ မှတ်မိလာလိမ့်မယ်။ ကလေးမွေးတဲ့အခါ တရုတ်လိုညှစ်ညှစ်၊ ကချင်လိုညှစ်ညှစ်၊ နောက်ဆုံးတော့ ဒီအပေါက်ကပဲ ကလေးထွက်တာ မဟုတ်လား။ ကိုယ်တို့ဆေးကျောင်းတုန်းက အဲ့သလိုမျိုး ရွှတ်ရှက်ဒွတ်ဒက် စကားလုံးအတိုင်း မှတ်မိအောင်သင်နိုင်တဲ့ ဆရာမကြီးကို သူ့ပါးစပ်ကထွက်တဲ့နံမည်အတိုင်း “ဆူဆူဂမူရှီ” လို့ နံမည်ပေးထားဖူးတော့ ဒီကလေးတွေလည်း ကိုယ့်ကို ဘယ်လိုနံမည်ဆန်းတွေနဲ့ မှတ်မိနေမယ် မပြောတတ်ပါဘူး။ မင်းလေး သတိရတော့ ဒီနံမည်လေးပဲ ပြန်ခေါ်ပေါ့။ သိပ်ချစ်ဖူးခဲ့တဲ့ အန်ကယ်ကြီးတစ်ယောက်ကို မမေ့နဲ့နော်။