ချန်ဂင်တို့စခန်း (၁၅၂)

ဒီကိုရောက်ကာစတုန်းက ကိုယ်တို့နေမယ့်အိမ်ကို ရှင်းလင်းပြင်ဆင်ကြတဲ့အခါ မျက်နှာကျက်ပေါ်က သရဲခြောက်သလို တဝုန်းဝုန်း အသံတွေ ပေးတာ ကြားခဲ့ရပါတယ်။ ကြွက်သိုက်ကြီး ရှိတယ်လေ။ ညဘက်ကျရင် အောက်ဆင်းလာပြီး ရှိသမျှအကုန် ကိုက်ဖောက်စားသောက်တယ်။ မီးဆင်ထားတဲ့ ဝါယာကြိုးတွေလည်း ကိုက်ဖြတ်ထားလို့ ခဏခဏတက်ပြင်ရတာပေါ့။ နောက်တော့ တောင်ပေါ်က ဓမ္မဆရာလေးက ကြောင်ပေါက်ကလေးတစ်စုံယူလာပေးတယ်။ ရောက်စကတော့ ငယ်သေးလို့ သူတို့ကိုတောင် ကြွက်ကပြန်မကိုက်သွားအောင် စောင့်ရှောက်နေရတယ်။ နောက်တော့ ကြောင်ရှိရင် ခုတ်ခုတ် မခုတ်ခုတ် ကြွက်က ငြိမ်သွားပါတယ်။ လူနေတာ မနေတာလည်း ကွာတာပေါ့။ လေကြောင်းရန်မအေးလို့ အိမ်မှာမနေပဲ တခြားမှာသွားအိပ်ရတဲ့အခါ ကြွက်တွေ ပြန်ထပါလေရော။ ဘီရိုထဲထည့်သိမ်းထားတဲ့ အနွေးထည်တွေရော၊ ထုပ်ပိုးပြင်ဆင်ထားတဲ့ ကျောပိုးအိပ်တွေရော၊ အကောင်းမကျန်အောင် ကိုက်ပစ်တာ။ အဲ့ဒါနဲ့ အိမ်ကို တံခါးမပိတ်ပဲ ကြောင်တွေ ဝင်နိုင်ထွက်နိုင်အောင် လမ်းပေးရတယ်။ နောက်ထပ် ကြောင် ဝတုတ်လေးတစ်ကောင် ထပ်ရောက်လာတယ်။ လအုန်း လို့ ခေါ်တယ်။ ကောင်းတာပေါ့။ အဖော်တွေရှိတော့ သူတို့လည်းပျော်။ နောက်ထပ် မီးညောင်လေးတွေလည်း ရလာမှာပေါ့။ ဒါပေမယ့် မီးညောင်တွေ မရတာ နောက်တော့ အကြောင်းရင်း ပေါ်လာတယ်။ ကြောင်မလေးက ပုလင်းကွဲရှနေတာကိုး။ ဟိုနှစ်ကောင်က သူတို့ချင်းပဲ ပျော်တယ်။ အစစ်မတွေ ဘေးဖယ် ဘေးဖယ် နဲ့ ဖြစ်နေတာ။ သတ္တလောကကြီးလည်း ခေတ်တွေကို မီလို့။

အခု လအုန်းကလေး ပျောက်နေတာ ၂ လ ရှိပြီ။ ဘယ်မှာသွား ဘာတွေဖြစ်နေပါလိမ့်။ အစအနတောင်မမြင်။ သူမရှိမှ ဟိုသူငယ်မလည်း ဇီးနဲ့အမန်း ဖြစ်လာတယ်။ ဒါပေမယ့် တစ်ကောင်တည်းမွေးပြီး မရှင်ဘူး။ လအုန်းပြန်မလာတာ တောကောင်နဲ့ တွေ့သွားပြီ ထင်ပါရဲ့။ အခု ကိုယ်တို့မှာ ယုန်ကလေးတစ်မြုံ ခေါ်ထားတော့ သူတို့ဆီ တောကောင်လာမှာ စိတ်ပူရပါသလေ။ ဒါနဲ့ပဲ အိမ်နောက်ဖေးက စိမ့်တောလေးထဲ ဝင်ဝင်သွားကြည့်တယ်။ မိုးတွင်းတုန်းက ရွှံ့တွေညွံတွေက အခု ရေခြောက်သွားလို့ ဝင်လို့ရပြီ။ ဝါးရုံတော၊ ငှက်ပျောတော၊ ကုန်းတွေ ကမူတွေနဲ့ စေတီရာ အုတ်ပုံကလေးလည်း ရှိတယ်လေ။ လျှိုကလေးတစ်ဘက်မှာ လူသံကြားလို့ ခေါင်းကလေးထောင်ကြည့်ပြီး လှစ်ကနဲပြေးသွားတဲ့ မြေခွေးလေး ၂ ကောင်တွေ့လိုက်တယ်။ အမြီးစုတ်ဖွားနဲ့ မီးခိုးရောင်ကလေး။ မျက်ကွင်းကလေးညိုတယ်။ ချစ်စရာလေး။ မဖြစ်သေးပါဘူး။ ယုန်တွေကို အိပ်ခန်းထဲသွင်း အိပ်ရတာပေါ့။ မနက်ကျမှ ခြံထဲပြန်နေတော့။ ဒင်းတို့ကလည်း prison break ရိုက်ချင်နေတာ။ ခြံစည်းရိုးထောင့်မှာ မြေတူးတယ်ဗျ။ အပြင်မှာ ကောင်ကောင်တွေရှိတာ မသိလို့။

အဲလိုဆိုတော့လည်း ကိုယ်တို့မှာ ဘဲရီးဆောရီး တောကြီးမြိုင်လယ်မှာ ရောက်နေသလိုပါပဲနော်။ အကောင်ပလောင်တွေကို စုံလို့။ ကြောက်တော့ မကြောက်ပါဘူး။ စစ်တပ်ကလာလည်း လှစ်ကနဲဝင်ပြေးလိုက်ရင် အစအနတောင် ရှာမရ။ မြို့ထဲမှာလို အိမ်ရှေ့ကပိတ်၊ အိမ်နောက်ကပိတ် ဖမ်းလို့မရဘူး။ တောပုန်းကြီးတွေ ဘာဖြစ်လို့ တောမှာ ပုန်းသလဲ သဘောပေါက်ခဲ့ပြီ။ တောဓလေ့ တောသဘာဝမှာ ဆန်းကြယ်တာတွေအများကြီး၊ လေ့လာသင်ယူစရာတွေ အများကြီး။

ဒီနေရာမှာ ကိုယ်တို့ဆီ စစ်တပ်က လိုက်မလာနိုင်အောင် ကာကွယ်ပေးထားတာက တောချည့်သက်သက်တော့ မဟုတ်ပါဘူး။ ဒီဘက်အရပ်က သွားရေးလာရေးတွေမှာ အထာတွေ အခါတွေလည်း ရှိပါတယ်။ မမေးမမြန်း မစူးမစမ်းပဲ ရမ်းသမ်းဝင်သွားလို့ရှိရင် လူမပြောနဲ့။ ဆင်တောင် ပိုင်ရှင်ရော ဦးစီးရော အတွဲလိုက် ကျပါတယ်။ နင်းမိုင်းတွေ ရှိတာကိုး။ ကာဖျူးချိန်ကြီး စာနဲ့ရေးကပ်ထားတာကို ၁၅ မိနစ်အလိုလောက်မှာ ဝင်လာရင်လည်း မဖြုတ်ရသေးတဲ့ ကြိုးတန်းမိုင်းနဲ့ ညားမှာပဲ။ ထရပ်ကားကြီး နဲ့ စခန်းသိမ်းဖို့ ဝင်လာရင်တော့ ဒီကကောင်တွေက “သိမ်းချင်ရင် လူကိုပါသိမ်း” လို့ မပြောဘူး။ ပဒေသာမိုင်းနဲ့ ဆော်မှာဗျား။ သူတို့နဲ့ကိုယ်နဲ့ကြားမှာ ကားလမ်းလည်း ရှိတာ မဟုတ်ဘူး။ တောင်တွေတောင်တွေ အထပ်ထပ်ကျော်ပြီး တောလမ်းက လာရမှာ။ အဲ့ဒါကြောင့် ခုချိန်ထိ စာရေးနေနိုင် ဆေးကုနေနိုင်တာလေ။ နို့မို့များဖြင့် ကြာကြာလှပေါ့။

ကဲ စနိုးဝှိုက် ဒေါက်တာလေးကတော့ လူပုကလေး ၇ ယောက်ဆီမှာ ရောက်နေပြီနော်။ နေပြည်တော်က စုန်းမကြီးက Facebook ပေါ်တက်ပြီး “Who’s the fairest of us all?” လုပ်ရင် “ချန်ဂင်တို့စခန်းက အပိုင်း ၁၅၀ တောင် ကျော်သွားပါပကောလား။” ဆို ပန်းသီးလာရောင်းနေဦးမယ်။ ကိုယ့်လက်ထဲက ကိုက်ပြီးသား ပန်းသီးအပဲ့လေးတောင် လိုင်းက မမိတစ်ချက် မိတစ်ချက်ရယ်။ ဒီမှာ ဒါတွေကို ဘယ်လိုဖန်တီးနေရတယ် ဆိုတာ ယူတို့ မသိပါဘူး။ တောထဲတောင်ထဲပေမယ့် ဆေးကုတဲ့အခါ ခွဲတဲ့အခါ “Persley, Sage, Rosemary and Thymes” ဆို Magic spell နဲ့ အိုးကြီးထဲ တွေ့ကရာတွေ ကျိုပြီး ကုလို့မရဘူး။ ကိုယ်လိုချင်တဲ့ ဆေးတွေ သွားဝယ်မယ် ဆိုပြီး တံမျက်စည်း ပေါင်ကြားညှပ်စီးလည်း သွားမရဘူး။ အရာအားလုံး ပြည့်စုံစေဖို့ logistics စွမ်းဆောင်ရည်ဆိုတာ နှယ်နှယ်ရရတော့ မမှတ်လေနဲ့ကွယ်။

ဆယ်ဇင်းကို မလာခင်တုန်းက ကိုယ်အတန်တန်မေးခဲ့တယ်။ “ဆေးနဲ့ ဆေးပစ္စည်းတွေ စုံပြီလား။ ဘယ်ကနေ ရမှာလဲ။” ကိုပိုင်က တန်းအာမခံတယ်။ “အကုန် ရယ်ဒီ ဆရာ။ မနက်ဖြန် လူနာ စ ကြည့်တော့မလား။” တဲ့။ သူပြောတဲ့ဆေးတွေ ဂိုထောင်ကြီးနဲ့ တစ်လုံးပဲ။သိန်း ၂၀၀ ဖိုးတောင် ဝယ်လာတာတဲ့။ ဒါပေမယ့် လူနာဆေးကုလို့ မရပါဘူး။ Diclofenac Inj တွေ အလုံးရေ ထောင်နဲ့ချီ ပါလာတယ်။ ခုထက်ထိတောင် မကုန်သေးဘူး။ Solu cortef Inj တွေလည်း ဒီအတိုင်းပဲ။ သုံးမယ့်သူ ဘာတွေလိုမလဲ မေးဝယ်တာ မဟုတ်ဘူးလေ။ ဆေးဆိုင်ကပေးတာ ဈေးဆစ်ငွေချေပြီး ဝယ်လာတာ။ ဗြုတ်စဗျင်းတောင်းတွေ။ အခုလို တောထဲကနေ မြို့ပေါ်ကို ဆေးစာနဲ့ရေးပြီး မှာရင်လား။ “လေးညှင်း၊ ထန်းမြစ်၊ ယမ်းကတိုး၊ ရှိန်းခို၊ တောင်ကြာဥ၊ ဂျူးမြစ်၊ ဆင်ချေးမှို။” လို့ မှာရင် “လေညှင်းရယ်ထန်၊ မြစ်ယံကတိုး၊ ရှိန်ခိုး တောင်ကြားဦးမယ်ဗျာ ကျူးဆင်ချည့် မိုး။” ဆို သီချင်းလုပ်ဆိုကြလိမ့်မယ်။ “နင်လည်း မှာချင်တာမှာ။ ငါလည်း ရှိတာပေးမယ်။” ဆိုတဲ့ သဘောမျိုး။ တေ့တေ့ဆိုင်ဆိုင် ဝယ်တာမျိုး မဟုတ်တော့ ဒီရောက်ပြီးမှ မကြိုက်လို့ ပြန်လဲပေးလည်း မရ။ generic name အတူတူ ကုမ္ပဏီတဟစ်ခုတည်းက ဆေးကိုတောင် “အောက်လမ်းကလာတဲ့ဟာ မသုံးပါနဲ့။” ဆိုတဲ့ခေတ်မှာ ကိုယ်တို့ဆီကျ “ဘာပဲပေးပေး ဆိုင်မှာရှိတာသာ ပေးလိုက်ပါ။” ဆိုတဲ့ အခြေခံနဲ့ ဝယ်ရတယ်။ ဈေးဆိုတာကတော့ တောင်းတဲ့ဈေးပဲ။ ပြောပြီးသားဈေးကို ငွေချေကာမှ “နေဦး နေဦး။ မှားပြောမိတာ။” ဆို ဈေးပြင်ရင်လည်း အထွန့်မတက်ပဲ ဝယ်ရတယ်။ “ဒီမှာ မကြိုက်ရင် တခြားဆိုင် သွားမယ်။” လို့မှ မရတာ။

ကိုယ့်အိပ်ထဲက ပေးရတာလည်း မဟုတ်ပဲနဲ့။ သူများလှူတဲ့ပိုက်ဆံကို တစ်ပြား နှစ်ပြားခွါချင်နေတယ် ပြောလည်း ခံရမှာပါပဲ။ အဲ့လိုမျိုး အလှူရှင်နဲ့ အရောင်းကိုယ်စားလှယ် တေ့တေ့ဆိုင်ဆိုင်တွေ့သွားရင် ကိုယ်က ပွဲခမရမှာ ကြောက်လို့ မဟုတ်ဘူးဗျ။ ဖဲကြိုးဖြတ်ပြီး ပြန်သိမ်းထားရတဲ့ ပစ္စည်းတွေ ကိုယ့်ဆီမှာ ပုံလာမှာ။

ခွဲခန်းထောင်တော့ ဟောသည်တောထဲမှာ ခွဲခုံ၊ မွေးခုံ၊ မီးစလောင်းကြီးတွေ ကိုယ့်ဘာသာ မဖန်တီးနိုင်လို့ NUG ကို အကူအညီတောင်းတယ်။ ဆရာသမားများက ကုမ္ပဏီနဲ့ ချိတ်ပေးပြီး ပစ္စည်းကိုယ့်ဘာသာသယ်ရတယ်။ “ရော့ ပတ္တမြား ရော့ နဂါး” နဲ့ ရောင်းကြဝယ်ကြတော့ installation ရော after sale service ပါ မပါဘူးဗျ။ ပစ္စည်းတွေ ကိုယ့်ဆီရောက်မှ တစစီဆင်ရတယ်။ အဆင်မပြေတော့လည်း ကိုယ်ညံ့လို့လို့ အောင့်မေ့နေတာ။ ကိုယ်က ဆာဂျင်ဆိုတော့ ခွဲခုံကြီးတော့ ဟုတ်မဟုတ် စစ်ပြီး လိုတဲ့ဟာ ပြန်ပြောနိုင်တယ်။ မွေးခုံကျတော့ ကိုယ်လည်း ဇ​ဝေဇဝါရယ်။ ခြေထောက်မြောက်တင်တဲ့ငုတ်တံလေးတွေ တပ်စရာ မပါဘူး။ frame မှာကိုက မပါလာတာ။ normal labor မွေးရင် ပေါင်တစ်ဘက်စီ ဘယ်ညာကိုင်မပေးပြီး မွေးရတယ်။ ပြန်လဲလို့လည်းမရ။ လာပြင်ပေးမှာလည်း မဟုတ်။ ဒီတိုင်းပဲမွေးလာတာ တစ်နှစ်တောင်ရှိပေါ့။ တန်ဖိုးကြီးပစ္စည်းတွေ လှူကြတန်းကြတဲ့အခါ တကယ်သုံးမယ့်သူက ခဏလောက်တော့ ကြည့်ပါရစေဦး ပြောတာ ပွဲခလိုချင်လို့ ကော်မရှင်မစားရမှာစိုးလို့ မဟုတ်ပါဘူး။ “ပေးကားပေး၏ မရ။” ဖြစ်မှာ စိုးလို့ပါ။

ကိုယ်က အမှန်တကယ် အသုံးပြုမယ့်သူလေ။ ပစ္စည်းဝယ်ရင် ကိုယ်သုံးလို့ဖြစ်မဖြစ် စစ်ဆေးပြီးမှ ဝယ်ချင်တယ်။ ချုပ်ကြိုးမှာရင်တောင် နံပါတ်တူ အမျိုးအစားတူ ကုမ္ပဏီတူပေမယ့် အပ်ထိပ်မှာ အလုံးအပြား မတူရင် အသုံးမတည့်ဘူး။ ခွဲခန်းထဲမှာ သုံးတဲ့ပစ္စည်းကိရိယာတွေ မှာတဲ့အခါ ကုမ္ပဏီကို ကက်တလောက်ပြခိုင်းပြီး ဒါလေးက ဘယ်လောက်လဲ မေးပြီး ဝယ်လို့ မရ။ ကိုယ်တိုင်စစ်ဆေးကြည့်ရှုပြီး ကြိုက်မှဝယ်တာ ကောင်းပါတယ်။ တောထဲကနေ အဲ့လိုမျိုးဝယ်ဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီလိုကျတော့ ဆက်သွယ်ချိတ်ဆက်လို့ရနိုင်တဲ့ လူခံကို အားကိုးရတာပါပဲ။ orthopedic instruments တွေ လိုချင်ရင် ortho surgeon ကိုယ်တိုင် ဝယ်ပေးခိုင်းရတယ်။ ဦးခေါင်းခွံမှာ Burr hole ဖောက်ဖို့ ပစ္စည်းလိုရင်လည်း Neurosurgeon ဆီ အပူကပ်ရတယ်။ မျက်နှာပေါ် အမာရွတ်မကျန်အောင် ခွဲချင်စိတ်ချင်လည်း maxilla facial surgeon ဆီက fine instruments လေးတွေ အလှူခံရတာပါပဲ။ ဒါမျိုးက သုံးနေကျလူ သေချာရွေးဝယ်တာကမှ လုပ်ရကိုင်ရ အဆင်ပြေတာ။ ကုန်စိမ်းတန်းမှာ သခွါးသီးဝယ်သလို “ဘယ်အရွယ်ဖြစ်ဖြစ် ရတယ်။ ငါတို့က စားဖို့ဝယ်တာ။” ဆိုလို့ ဖြစ်မလား။ အဲ့သလောက်ဆိုရင် ဆရာစိုးလေး တောခိုနိုင်ဖို့ရာ နောက်ကွယ်မှာ ကူညီပံ့ပိုးပေးတဲ့သူတွေ အများကြီးမှန်း သဘောပေါက်လောက်ပါပြီ။

အဲ့ဒါကြောင့် မေ့ဆေးစက်ကြီး ဝယ်ခါစက ကိုယ့်မယ် မအိပ်နိုင်မစားနိုင် စိတ်ဖိစီးတာလေ။ ဈေးကြီးလိုက်တာလည်း ပြောမနေနဲ့။ ဆေးရုံတစ်ရုံလုံး သူ အဖိုးအတန်ဆုံး။ တပ်တာဆင်တာ ပစ္စည်းတွေ ထည့်တာက စာအုပ်ဖတ်ကြည့်ပြီး ကိုယ့်ဘာသာလုပ်ထားတာ။ အမြီးအမောက်မှ တည့်ရဲ့လား မသိ။ ဟုတ်လား မဟုတ်လား စမ်းကြည့်ရအောင်ကလည်း “ဟျောင့် လာဦး။ ဒါလေးရှူကြည့်စမ်း။ ငါ မေ့ဆေးပေးကြည့်မလို့။” ဆို ထွက်ပြေးမှာ။ လူနာအစစ်ကြီးနဲ့ ပေးခါမှ အပေါက်အလမ်းမတည့်ရင်လည်း ဓါးမတင်ပဲ ပျဉ်စပ်နေရမယ်။ ဘယ်သူကမှလည်း ရိုက်အဝယ်မခိုင်းပဲနဲ့ ကိုယ့်ဒုက္ခ ကိုယ်ရှာတာလေ။ မွေးခုံတုန်းကလို တစုံတရာ လိုရင် ဘာမှ လုပ်ရမှာ မဟုတ်။ လမ်းမှာ မိလိုက်ရင်လည်း ကိုယ့်ကူညီတဲ့လူတွေ တသီကြီး ထောင်ထဲဝင်ရမှာ။ ဒါမဝယ်ပဲ ဒူးနှန့်စားရင် ၂ နှစ်လောက် ဗိုက်ရိုက်စားဘို့ရတယ်။ တယ်မိုက်တဲ့ကောင်ကွာ။

ဒါပေသိ ချစ်လူမိုက် ချစ်လို့မိုက်ပါတယ်လေ။ အဲ့ဒါကြီး မရှိရင် အခု ချောချောမောမော ဆင်းသွားတဲ့ လူနာ ၆ ယောက်က သေမှာပဲ။ မရအရ အတင်းခွဲလည်း ဒီလိုမျိုး ရလပ်ကောင်းမှာ မဟုတ်ဘူး။ အဲ့လိုတော့လည်း စိတ်ကိုချမ်းသာလို့။ တန်ပါတယ်။ ပင်ပန်းရကျိုးနပ်ပါတယ်။ ဒီတောထဲ ဒီတောင်ထဲ ဒါကြီးတွေနဲ့ ဒီလိုမျိုး ခွဲဖို့ဆိုတာ magic မဟုတ်ပါဘူး။ miracle ပါ။ သူတို့တွေက destroyers ။ ကိုယ်တို့ကမှ healers ။ ဘယ်လောက် ကျေနပ်စရာကောင်းတုန်း။ တချိန်ကျလို့ သေရာညောင်စောင်း လဲလျောင်းရတဲ့အခါ ကိုယ်ခွဲပေးလိုက်လို့ မသေတဲ့အသက်တွေကို မှတ်သားထားသလိုမျိုး စစ်သားတွေပစ်သတ်လိုက်လို့ သေသွားရတဲ့ အရပ်သားတွေရဲ့မျက်နှာတွေကိုရော မှတ်သားထားရဲတဲ့သတ္တိ ရှိပါ့မလား။ တစ်သက်တာ လုပ်ခဲ့သမျှ လုပ်ရပ်တွေအတွက် မိဘဘိုးဘွားမျက်နှာကို ရံရဲတင်းတင်း ကြည့်ဝံ့ပြီလား။ သားသမီးမြေးမြစ်တို့ ကိုယ့်အမည်နာမနဲ့ ရဲရဲဝံ့ဝံ့ လူတောတိုးနိုင်သလား။ သူများကြားအောင် မဖြေရဲလည်း ကိုယ့်ဘာသာကြားနိုင်ရုံလေးပဲ ဖြေကြည့်စမ်းပါကွယ်။ အဖြေရှိသလား။ အဖြေကို ရင်ဆိုင်ရဲတဲ့သတ္တိ ရှိသလား။ အဖြေမပေးပဲတော့ သေမသွားနဲ့ဦးနော်။ ဟိုမှာ ညီညီမောင်(စမ်းချောင်း) တို့၊ လင်းလင်းတို့၊ မကြီးစန်းတို့က စောင့်နေတယ်။ “မပြီးသေးဘူး။ ငါတို့အလှည့်။” တဲ့။