ချန်ဂင်တို့စခန်း (၁၅၁)

ယုန်ကလေးတွေ မေမေက နောက်တစ်သားမွေးတဲ့အခါ နို့ညှာဖြစ်သွားတဲ့ကလေး​တွေကို အိမ်ခေါင်းရင်းမှာ ခြံစည်းရိုးလေးကာပြီး ဆေးရုံမှာခေါ်ထားလိုက်ပါတယ်။ သူတို့လည်း ကျယ်ကျယ်ဝန်းဝန်း ခုန်ပေါက်ပြေးလွှားလို့ရတာပေါ့။ နိုးနေတဲ့တချိန်လုံး ပါးစပ်ကလေး လှုပ်စိလှုပ်စိနဲ့ အစားစားနေတဲ့ကောင်တွေပါ။ အသံကြားလိုက်ရင် နားရွက်ကလေးတွေထောင်ပြီး မတ်တပ်ရပ်ကြည့်တယ်။ မွေးကတည်းက လူတွေလက်ပေါ်ကြီးတော့လည်း လူမကြောက်တော့ဘူးပေါ့။ ဒီလူတွေကပဲ သူတို့ကို အစာလာလာကျွေးတာဆိုတော့ လူမြင်ရင် ကြောင်ကလေးတွေလို အနားလာလာကပ်တာ။ မီးဖိုချောင်ရှိသမျှ အရွက်စိမ်းစိမ်းတွေတော့ တက်တက်ပြောင်အောင် စားနိုင်တယ်။ အကြီး မြန်သားပဲ။ ခြံထဲကနေ အပြင်ကို ခုန်ခုန်ထွက်ရင် ခွေးတွေလိုက်ဆွဲလို့ သေတာနှစ်ကောင်ရှိပြီ။ အခု လေးကောင်ပဲ ကျန်တော့တယ်။ နောက်တစ်မြုံထပ်ပေါက်ထားတဲ့ ၇ ကောင်က ကြွက်ကလေးတွေလောက်ပဲ ရှိသေးလို့ ကြောင်ပါစိတ်ပူရတယ်။ ရွာနီးချုပ်စပ်မှာ လူတွေနဲ့ပဲ ယဉ်ပါးခဲ့ရတော့ အကောင်အကြီးကြီးဖြစ်လာမှ တောထဲမှာ သွားလွှတ်ပေးရင် ဖြစ်သလိုကြုံသလို ရှာဖွေစားသောက်နိုင်ပါ့မလား။ သားရဲတောကောင်တွေ ရန်ကလွတ်အောင် ပြေးတတ်ပုန်းတတ်ပါ့မလား စိုးရိမ်တယ်။ အမှန်တော့လည်း တောသတ္တဝါဆိုတာ လှောင်အိမ်ထဲမှာ ရုံထဲမှာနေတာထက်စာရင် တောမှာ လွတ်လွတ်လပ်လပ်နေတာက သူ့အတွက် ပိုကောင်းတာပေါ့။ လူသားတွေကလည်း သူ့အတွက်တော့ predator ထဲမှာပါတယ်လေ။ “အိမ်ကိုပြန်လျှင် အကျွန်ကျွင်္နုပ် ယုန်တစ်ထုပ်ကို ခွါဆုပ်ရေလှန် ကြပ်ခိုးခံ၍ ပရန္နဝါ ရွက်နုညှာကို ဝါးပြာထည့်ကြို….” ဆိုတဲ့အစားထဲက မဟုတ်လား။ အကောင်တွေပလောင်တွေ လှောင်ထားမွေးထားပြီး ဧည့်မြှူလိုစိတ်လည်း မရှိပါဘူး။ “နှောင်းခါနောင်ရေးတွေးလို့ စိုးရိမ်ဖွယ်” တော့ ဖြစ်နေပြီ။ ကိုဝင်းဦးလို ချိုပြုံးနဲ့ မဆိုရပဲ ယုန်လေးနဲ့ ဆိုနေရတာ။ လောလောဆယ်တော့ မနက်ဈေးသွားတိုင်း ဟင်းရွက်စိမ်းတွေ သူတိုဖို့ပါ ထည့်ထည့်ဝယ်ပါလေသတည်း။

ဟိုတလောတုန်းက လက်မှာဒဏ်ရာရလို့ ဆေးထည့်ပေးလိုက်တဲ့ မျောက်သူငယ်လေးကတော့ ပြန်သွားပြီ။ သူ့နံမည်က ခင်ဝင့်ဝါ တဲ့။ ကလေးတွေက သူ့ကို ရင်ဘတ်ထဲလွယ်ပြီး ရှေ့တန်းကို ခေါ်သွားတာ။ကိုယ်တို့ဆီလာလည်တုန်းကတော့ နို့ဗူးလေးနဲ့ ပဲနို့တွေတိုက်တာ သောက်တော့သောက်ပါရဲ့။ အင်အင်းတွေ ပါချတာ ပွစလောင်းလန်နေလို့ ရေပါချိုးပေးလိုက်ရတယ်။ သူက ရက်သားလေးပဲ ရှိသေးတော့ ရင်ခွင်ထဲမှာပဲနေတယ်။ ဒီကလေးမလေး ကြီးလာရင်ကော သင်းကွဲမျောက် ဖြစ်နေမှာလား။ လှတပတ အပျိုမလေးမို့ မျောက်ကိုကိုကြီးတွေက “ဒီရင်ဘတ် ဘယ်ဘက်အခြမ်းမှာ နေရာယူ” ဆိုပြီး သိမ်းပိုက်မှာလား မပြောတတ်ပါဘူး။ လူတွေဆီက အမူတွေအချွဲတွေတော့ သူအတုခိုးသွားမှာပေါ့။

ကိုယ်တို့တတွေ တောထဲရောက်သလိုပဲ သူတို့တတွေလည်း ရွာထဲရောက်ကြလို့ တွေ့ကြဆုံကြ ရင်းနှီးရ သံယောဇဉ်တွယ်ရတာပေါ့လေ။ နောက်ဆို မြွေတွေပါ မွေးချင်လာမှ ခက်မယ်။ သက်သတ်လွတ် မစားနိုင်ပေမယ့်လည်း အမဲလိုက်တဲ့ ငှက်ပစ်တဲ့အလုပ်တော့ ကိုယ်တို့လည်း မလုပ်ပါဘူး။ ပုရစ်တူးတာ၊ ဖားရိုက်တာ၊ ငါးဖမ်းတာတောင် မလုပ်။ သူများလာပေးရင်တော့ စားတယ်။ အင်းတော်ကြီးဒေသဆိုတာ ဇီဝရပ်ဝန်းတစ်ခုအနေနဲ့ သစ်တောတွေကိုရော၊ တောရိုင်းတိရစ္ဆာန် နဲ့ ငှက်တွေ ငါးတွေကိုပါ ဘေးမဲ့အနေနဲ့ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့နေရာပါ။ ဒီအရပ်ဒေသမှာ ကိုယ်တွေအတွက် ဘေးရန်ကင်းသလို သတ္တဝါလေးတွေအတွက်လည်း ဘေးကင်းစေချင်တယ်။ အင်းတော်ကြီးကန်ထဲမှာဆို အမျိုးအမည် မခွဲခြားရသေးတဲ့ ငါးမျိုးစိတ်တွေရှိသလို ဒီကိုလာတဲ့ ငှက်ကလေးတွေထဲမှာလည်း တိဘက်ကုန်းမြေမြင့်ကနေ ဩစတေးလျတိုက်အထိ ပျံလာတဲ့ငှက်တွေလည်း ရှိတယ်။ ဇီဝရင်းမြစ်သယံဇာတမို့ အဖိုးတန်မှန်း မသိကြဘူး။ သူတို့သိတာ ရွှေထွက်တယ်၊ ကျောက်စိမ်းထွက်တယ်။ သစ်ထွက်တယ် လို့ပဲ သိတာ။ တကယ်တော့ သက်မဲ့ရတနာတွေထက် အသက်ရှိတဲ့ ရတနာက ပိုအဖိုးတန်တာ မဟုတ်ဘူးလား။

ကိုယ်တို့အတွက်တော့ သတ္တဝါတိုင်းရဲ့ အသက်ဟာ တန်ဖိုးရှိပါတယ်။ ဒီနယ်မြေမှာလာနေတဲ့ အခိုက်အတံ့မှာ ကယ်ဆယ်တဲ့ ကုသတဲ့အလုပ်ကို လုပ်ရတာ ဘယ်လောက် စိတ်ချမ်းသာစရာကောင်းသလဲ။ ဘယ်သူမှ လုပ်ပေးမယ့်သူ မရှိဘူးလေ။ အချိန်ကာလအားဖြင့် ပြောရမယ်ဆိုရင် တောတွင်းသတ္တဝါလေးတွေလိုပဲ လူသားတွေလည်း အန္တရာယ်ရန်စွယ်တွေနဲ့ ကြုံတွေ့ရတဲ့ ခေတ်ကာလ မဟုတ်လား။ “အန္တရာယ်တွေ ကြုံလာရင် မင်းကစောင့်ရှောက်ထား။ အား အား။” ပေါ့။ ကိုယ့်ဆေးရုံရဲ့ အဓိကစွမ်းဆောင်ရည်ကို EM (Emergency Medicine) service ပေးနိုင်ဖို့ ဦးစားပေးထားပါတယ်။ ဒါကြောင့်မို့ elective တွေကိုသာ ပြန်လွှတ်ချင်လွှတ်မယ်။ အရေးပေါ်ဆိုရင်တော့ မဖြစ်ဖြစ်တဲ့နည်းနဲ့ ရအောင်ကုပါတယ်။ ကိုယ့်ဆေးရုံက အငယ်တွေကိုလည်း အဲ့ဒီဘက်မှာ ကျွမ်းကျင်အောင် လေ့ကျင့်ပြင်ဆင်ထားတယ်။

များသောအားဖြင့် ကိုယ့်ဆီကိုရောက်လာတဲ့ လူနာတွေဟာ ထိခိုက်ဒဏ်ရာရပြီး သွေးထွက်လွန်၊ သတိလစ်မှ ရောက်လာကြတာများတယ်။ ကိုယ့်ဆီက လူတွေကတော့ လူနာကို ကားပေါ်ကချကတည်းက ကုသမှုကို စတင်ပါတယ်။ အခုမှ အသစ်ဝင်လာတဲ့ ကလေးတွေတောင် ဘာတွေ ဘယ်လို လုပ်ရမယ် ကျင့်သားရနေပြီ။ လူနာက နေ့တိုင်းလာနေတာကိုး။ ရောက်တာနဲ့ ချက်ချင်း သွေးလှူရှင်ရှာပြီး သွေးသွင်းရတာလည်း များတယ်။ ကိုယ့်လူတွေဆီကချည့် သွေးထုတ်ရတာ တစ်ယောက် နှစ်ခါစီတော့ အသာလေးပဲ။ ရုပ်ရှင်ထဲမှာလို သွေးလှူလိုက်ရလို့ မူးတယ် မော်တယ် အားနည်းတယ်လည်း မရှိပါဘူး။ ကိုယ့်အသက်အရွယ်နဲ့တောင် သွေးထုတ်ပြီးတာနဲ့ တစ်ခါတည်း ခွဲခန်းတန်းဝင်ပြီး ခွဲလို့ရပါသေးတယ်။ တနေ့ကဆိုရင် သွေးထုတ်ဖို့ အဆင်သင့်ဖြစ်ပေမယ့် ထုတ်မယူနိုင်သေးဘူး။ သွေးလှူမယ့်ကလေးက လူနာကို ခွဲခန်းထဲတွန်းပို့၊ အထဲမှာ သူလုပ်စရာရှိတာတွေ အကုန်လုံးလုပ်ပြီးတော့မှ အပြင်ပြန်ထွက်ပြီး သွေးထုတ်ရတာ။ ရုပ်ရှင်ထဲမှာတော့ ဒရာမာချိုးတယ်ပေါ့လေ။ တကယ့်လက်တွေ့မှာတော့ ဘယ်သူ့အတွက်မှ မဟုတ်ပါဘူး။ ကိုယ့်ဘာကိုယ် ကျေနပ်လို့ လုပ်ကြတာပါ။

ကိုယ်တို့က ကိုယ့်သွေးကိုယ် ကိုယ်တိုင်ထုတ်လှူပြမှ နောက်အလုံးတွေအတွက် ရွာထဲက လှမ်းခေါ်လို့ စိတ်ပါလက်ပါ လာလှူကြမှာ။ ဒီတစ်လုံးတည်းနဲ့ မပြီးဘူးဆိုတာ ကိုယ်တိုင်သိနေပြီးသား။ ကိုယ့်ဆီမှာ Gelofusin မရှိဘူး။ Dextran မရှိဘူး။ ကိုယ့်ထဲကသွေးတစ်လုံးလောက် ခဏ ခုထားလိုက်ရင် နောက်လာမယ့် donor တွေနဲ့ဆို အလျဉ်မီသွားတာပေါ့။ ချူဆီလေးတော့ ရင်းရတာပဲ။ ဆိုက်ကားဂိတ်က နိဗ္ဗာန်ဆော်ကြီးလို ကိုယ့်ဆီကမထုတ်ပဲ သူများကိုချည့်ပဲ လှူခိုင်းနေလို့ ဖြစ်မလား။

အရေးအကြောင်းဆို ရပ်ထဲရွာထဲက ပြေးလာရင်လည်း ကိုယ်တို့က အသင့်ရှိရတာပဲလေ။ ရွာထဲက ကလေးတစ်ယောက် ငယ်ပါတပြုံလုံး ထော်လာဂျီထဲ ညပ်ဝင်သွားတယ် ဆိုလည်း ကိုယ်တို့မှာ စားလက်စထမင်းဝိုင်းကြီး တန်းလန်းထားပြီး ခွဲခန်းဝင်ကြတာပဲ။ မြေစာပုံပြိုလို့ မျှောမောင်းတဲ့ လွန်သွားတံကြီး ဖင်ထဲစိုက်မွှေသွားတယ်ဆိုလည်း လူနာကို မှောက်ခုံကြီးထားပြီး ဖင်ခေါင်းတဆုံး နှိုက်ရှာရတာ။ မနေ့ကတော့ နွားသိမ်းရင်း လန့်အပြေးမှာ ခါးချည်ထားတဲ့ကြိုးနဲ့ ဒရွတ်တိုက်ပါသွားလို့ ဘေလုံးကွဲသွားတဲ့လူနာကို ခွဲတာ သွေး ၃ လုံးသွင်းရတယ်။ တစ်လုံးက ကိုယ့်ဆီမလာခင်သွင်းလာတာ။ နောက်ဆုံးတစ်လုံးက ကိုယ်တို့ ခွဲနေတုန်းတန်းလန်း ကလေးတွေက G & M ဖောက်၊ Infection screening လုပ်ထားပြီး မေ့ဆေးပေးနေတဲ့ ဆရာဝန်မလေးက အပြင်ခနထွက် သွေးထုတ်ပြီး ယူလာတာ။ ကိုယ်တို့ဆီက EM service ထဲမှာ blood transfusion facility ရယ် မေ့ဆေး team ရယ် ကောင်းကောင်း အလုပ်လုပ်နေပြီဆိုတာ သိသာပါတယ်လေ။ တစ်ပါတ်ကို တစ်ယောက်လောက် emergency operations တွေ controlled GA နဲ့ ခွဲနေရပြီဆိုတော့ မေ့ဆေးစက်ဝယ်ထားရတာ တန်တယ် လို့ ပြောရမှာပေါ့။ အခု ခွဲထားတဲ့ operations တွေဟာ စက်မပါရင် ဘယ်လိုမှ ခွဲလို့ အဆင်မပြေနိုင်ဘူး။

ဒီလိုနဲ့ပဲ ကိုယ်တို့မှာ လူနာတွေပြန်ပြည့်လာတာပေါ့နော်။ OPD ကြည့်လိုက်၊ ward ထဲကလူနာတွေ ကုလိုက်၊ ခွဲခန်းဝင်လိုက်၊ လေယာဉ်လာရင် ခနရှောင်နေလိုက် နဲ့ နေသားကျနေပါပြီ။ ကလေးတွေကိုလည်း သင်ပေးပြပေးလျက်ပါပဲ။ ကိုယ်ကိုယ်တိုင်လည်း လေ့လာသင်ယူလျက်ပါပဲ။ ဒီရောက်ပြီးကာမှ အရင်က မသိသေး မတတ်သေးတဲ့ အရာတွေ အများကြီး အလေ့အကျင့် ရခဲ့ပြီ။ အရင်ကထက် ပို၍ ကျစ်လစ်ခိုင်မာသော၊ အကြမ်းခံ ရေစိမ်ခံ ဘဝကိုလည်း ရရှိခဲ့ပြီ။ ရန်ကုန်မှာတုန်းကလို ကတ္တီပါဖိနပ် နုနုလေးစီးတဲ့ ဖွေးဖွေးအုနေသော ခြေဖမိုးလေးတွေ မရှိတော့ဘူး။ ခြေဖဝါးတွေ ကြမ်းထော်လာရုံမကဘူး။ ခြေသည်းတွေပါ ကျွတ်ထွက်ကုန်ပြီ။ အားမငယ်ပါနဲ့။ ဒီရွာမှာ ဘယ်သူ့ခြေထောက်ကြည့်ကြည့် အားလုံး ဒီပုံစံချည့်ပါပဲ။ ဘာနဲ့စားရ စားရ။ စားတတ်တယ်။ ဘယ်လောက်လျှောက်ရ လျှောက်ရ။ လျှောက်နိုင်တယ်။ တောထဲရောက်ကာစတုန်းကလို ဒီကလူတွေ ဝတ်သလို အတုခိုးပြီး လိုက်ဝတ်စရာ မလိုတော့ဘူး။ ဒီမှာ ရှိတာတွေပဲ မစုတ်မချင်း လှည့်ပတ်ဝတ်နေတော့ ဒီကလူတွေနဲ့ တသားတည်းကို တူနေပြီ။ ဆံပင်တောင် ရွာကလူတွေပဲ ညှပ်ပေးလို့ ရွာကေ။ ဒေါင်ကျကျဆိုလည်း ဒေါင်ဒေါင်မြည်လို့။ ပြားကျကျဆိုလည်း ပြားပြားဝပ်လို့။

ကိုယ်တို့မွေးထားတဲ့ ယုန်ကလေးတွေကို တောထဲမှာ ပြန်သွားလွှတ်ရင် တောစရိုက် တောသဘာဝနဲ့ အသားကျအောင် နေထိုင်စားသောက်နိုင်ပါ့မလား။ ဘေးကြည့်ရန်ရှောင်မှ တတ်ပါ့မလား။ ပူမယ့်သာ ပူနေတာ ကိုယ်ကိုယ်တ်ုင်ကျ တောထဲတောင်ထဲမှာ အသားကျနေတာများ ရုပ်ကိုက ရှမ်းကြားထဲရောက်ရင် ရှမ်းရုပ်၊ ကချင်ကြားထဲရောက်ရင် ကချင်ရုပ် ထွက်နေပြီ။ ဒီလိုမှ မပြောင်းလဲရင် အသက်မရှင်နိုင်ဘူး ဆိုတဲ့အချိန်မှာ ကိုယ့်အသက်ကိုယ် ရှင်သန်အောင်မွေးမြူရင်း လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲ ယူရတာပဲ။ ယုန်ကလေးတွေလည်း တောထဲရောက်ရင် လူတွေကျွေးတဲ့အစာကိုမှ စားချင်လို့ မရတော့ဘူး။ ကိုယ့်ကိုစားမယ့် သတ္တဝါလက်က လွတ်အောင် မပြေးနိုင်လို့ မရဘူး။ မပြောင်းလဲနိုင်ရင် အသက်သေဖို့ပဲ ရှိတော့တယ်။

အခုလောလောဆယ်မှာ အဲ့သလိုမျိုး species in danger ဖြစ်နေတဲ့ သတ္တဝါ အစုအဝေး တစ်မျိုးကိုလည်း မြင်လာပါတယ်။ အဝေးကြီး သွားကြည့်စရာ မလိုပါဘူး။ တတိုင်းပြည်လုံးက မေတ္တာစူးနေတဲ့ စစ်တပ်ထဲက သတ္တဝါတွေလေ။ အခု အန္တရာယ်က သူတို့ဘက်မှာပါ။ စုန်းစုန်းမြုတ်မယ့် လှေပေါ်မှာ ကြိမ်နဲ့ရိုက် အလှော်ခိုင်းခံရတဲ့ လှေထိုးသားတွေ။ အခုချိန်မှာ ပြောင်းလဲဖို့အတွက် တွန့်ဆုတ်နေရင် သေရမယ့်သူက ကိုယ့်အလှည့် ဖြစ်နေပါပြီ။ ထိပ်ကလူတွေကတော့ ပြောင်းရင်သေမှာမို့ ပြေးဖို့ပြင်နေပြီလေ။ အဲ့ဒီကောင်ကြီးတွေ ကိုယ့်ကို ထိုးကျွေးတော့မှ သေချင်တယ် ဆိုလည်း သဘော။ မသေခင် စိတ်တွေဘာတွေ နာသွားတော့ ကြည့်ရတာ ပိုအရသာရှိတာပေါ့။ ခုချိန်ကြီးကျခါမှ “ဩဇီကို ပို့ပေးမှာလား။” “အလင်းဝင်ရင် ဘယ်လောက်ပေးမှာလဲ။” အဆက်အသွယ် လိုက်ရှာမနေပါနဲ့။ ခများတို့ပထွေးကြီး ရိတဲ့စကားက ခများတို့အတွက် တကယ်ဖြစ်လာပါပကောလား။ ရွှေလက်နဲ့ ခေါ်နေတုန်းက မလာဘူးလေ။ အခု ဘူးလက်နဲ့ ခေါ်နေတာနော်။ မလာချင်လည်း ရတယ်။ ခုထက်ထိကိုပဲ စောက်မှန်းကမ်းမှန်း မသိသေးရင်တော့ အသက်ရှင်ဖို့ ဉာဏ်ရည်မမီပါဘူး။ သတ္တဝါတွေရဲ့ အသက်ကို ကယ်တင်နေကျ ဆရာဝန်တစ်ယောက် အနေနဲ့ အကြံပေးရရင်တော့ “သေမယ့်နေရာမှာ မနေနဲ့။ လွတ်အောင်ပြေး။ နောက်ကျတဲ့ခြေထောက် သစ္စာဖောက်။” လို့သာပ။