ချန်ဂင်တို့စခန်း (၁၅၀)

အရာဝတ္ထုတွေဟာ နေမြဲနေလိုသော သဘောရှိတယ်တဲ့။ အဲ့ဒီလို ရပ်တည်အင်နားရှား ရွေ့လျားအင်နားရှားတွေကြောင့် အပြောင်းအလဲတွေဟာ အစပိုင်းမှာ လေးပင်ဖင့်နွှဲ ခက်ခဲသလောက် အရှိန်ကလေးရလာတဲ့အခါ သွက်လက်မြန်ဆန် လွယ်ကူသွားပါလေရော။ ကိုယ်တို့တော်လှန်ရေးကြီးဟာလည်း အစပိုင်းမှာ အထနှေးသလောက် အခုများတော့ဖြင့် အရှိန်တွေ အဟုန်တွေ ရနေလိုက်တာ မနေ့က နဲ့ သည်နေ့တောင် အခြေအနေတွေ မတူတော့ဘူး။

ကလေးတွေထိုးစစ်ဆင်နေတဲ့ စစ်မျက်နှာမှာဆို တိုက်ပွဲတစ်ရာရှိရင် အောင်ပွဲတစ်ရာ သာတယ်။ စစ်ဗိုလ်ချုပ်ကြီးတွေခမျာ ထိတ်လန့်တကြား နတ်ကန္နားပေးယူရတဲ့အထိတောင်ပဲ။ သံခင်းတမန်ခင်းဘက်မှာဆိုလည်း NUG အစိုးရ ဝန်မင်းများက အီဂျစ်နဲ့ အင်္ဂလန် နိုင်ငံခြားကို မောင်သွားထားလေမလား မှတ်ရတယ်။ ကြင်စိုးခမျာမတော့ အင်အားကြီးနိုင်ငံတွေက ဝိုင်း အနိုင်ကျင့်ကြလို့ ဆိုပြီး ပူတင်ကြီး ခြေသလုံး ဖက်ငိုနေရတာ။ စီးပွါးရေးစစ်မျက်နှာ ကြည့်ဦးမလား။ ကိုတင်ထွန်းနိုင်ကြီးက မြေပုံပေါ် ဆော့ပန်နဲ့ခြစ်ပြီး Real Estate တွေ တဖြောင်းဖြောင်း လက်ခုပ်တီးရောင်းလိုက်ရင် ငါးမိနစ်တောင် မကြာဘူး။ အကုန်လုံး sold out ပဲ။ ဒီကောင်တွေမှာသာ နောက်ဆို ရေနံဆီမီးခွက်တောင် ရောင်းလို့ရဖို့ မမြင်။ အရာအားလုံးဟာ သွက်လက်မြန်ဆန်စွာ ပြောင်းလဲနေလိုက်ကြတာ ခုချိန်မှတော့ “ဟိုးထား။ ရပ်ပါဦး။” လို့ ဘရိတ်အုပ်လို့တောင် မဖြစ်နိုင်။

ကိုယ်တို့ဆေးရုံမှာလည်း အရှိန်တွေရလာတော့ လက်နဲ့မခွဲပဲ စက်နဲ့များ ခွဲနေသလား အောင့်မေ့ရတယ်။ သွေးဆင်းတဲ့လူနာ အခုရောက်ရင် အခုပဲ ultrasound ထောက်ပြီး radiologist ဆီ ပို့တယ်။ ဟိုက deformed sac ကြီးနဲ့ incomplete abortion ပါ လို့ ပြန်လာရင် ခြစ်ဖို့အဆင်သင့်ပဲ။ လူနာရောက်လို့ ကိုယ့်ဘာသာကုလို့ မပြတ်တဲ့သူဆိုရင် ချက်ချင်း ဓါတ်ပုံရိုက်၊ ကိုယ့်ဆီစစ်လို့ရတာ အကုန်စစ်ပြီး လိုင်းကောင်းတဲ့နေရာ၊ ရွာဦးထွက် Specialist ဆီ တန်းပြတာပဲ။ ၁၅ မိနစ်ပဲစောင့်။ အိမ်မပြန်ခင် treatment ရလိမ့်မယ်။ ပြန်လွှတ်ဖို့ စိတ်မချရင်လည်း တစ်ခါတည်း ဆေးရုံတင်ထားလိုက်တယ်။ ရန်ကုန်မှာဆို တိုကင်ယူပြီး စောင့်လိုက်ရတာ ဘာပြောကောင်းမတုန်း။

ခွဲလူနာဆိုရင်တော့ လူနာက မစောင့်ရဘူး။ ကိုယ်တို့က စောင့်နေတာ။ လူနာလာမယ်။ ဗိုက်ပွင့်ပြီး အူတွေထွက်နေတယ် လို့ ဖုန်းရတာနဲ့ ခွဲခန်းက ပြင်ထားပြီးသား။ Ambulance ကားဆိုက်တာနဲ့ အားလုံးဝိုင်းအုံပြီး လေးဘက်လေးတန်က အလုပ်လုပ်ကြတာပဲ။ သွေးပေါင်ချိန်၊ cannula ထိုး၊ သွေးဖောက်၊ အောက်ဆီဂျင်ပေး၊ ဆီးပိုက်ထည့်၊ အဝတ်အစားတွေ ကပ်ကြေးနဲ့ကိုက်ပြီး ခွဲခန်းဝတ်စုံဝတ်ပေး၊ ကိုယ်က မေးမြန်းစမ်းသပ်တဲ့အလုပ်ပဲ လုပ်စရာလိုတယ်။ တဘက်မှာ သွေးလှူရှင်ရှာ၊ grouping matching လုပ်ပြီး သွေးရတာနဲ့ ခွဲခန်းထဲတန်းသွင်းတာ လွန်ရောကျွံရော နာရီဝက်တောင် မကြာဘူး။ အထဲမှာ instrument ပြင်တဲ့သူကပြင် မေ့ဆေးပေးဖို့ ဆေးဖျော်ဆေးစုပ် လုပ်တဲ့သူက လုပ်နှင့်ပြီးသား၊ နောက် ၁၅ မိနစ်လောက်ဆို ဓါးတင်ပြီ။

အရင်တုန်းကဆို အဲ့လို GA ပေးဖို့အရေး တစ်ပါတ်လောက်ကြိုပြီး ဇာတ်တိုက်ထားရတာ မှတ်မိဦးမယ် ထင်ပါရဲ့။ အခုများတော့ Master Chef က ဟင်းတစ်ပွဲချက်စာလောက်တောင် မကြာဘူး။ ဒါတောင် ဒီကောင်က ဒဏ်ရာတွေ များလိုက်တာလေ။ ဗိုက်မှာချည့်ပဲ ဓါးဒဏ်ရာက ၃ ချက်ဗျ။ အူတွေက အခွေလိုက်ပွင့်လို့ ဗိုက်ပေါ်မှာ။ ကြွတ်ကြွတ်အိပ်ကလေးနဲ့ ထုပ်လာတာ တစ်ခွေပါသေးတယ်။ ပြန်ဆက်ချင် ဆက်လို့ရအောင် ထည့်လာတာတဲ့။ ဗိုက်ဖွင့်ပြီး အူတွေဖြတ်တာဆက်တာ စစ်ဆေးတာ တစ်နာရီသာသာပဲကြာတာပါ။ ဗိုက်ကဒဏ်ရာတွေ ပြန်ချုပ်ရတာက နာရီဝက်နီးနီးကြာမယ်။ သူ့အပေါက်သုံးပေါက်နဲ့ ကိုယ်ခွဲထားတာ တစ်ပေါက်၊ လေးပေါက်တောင် ချုပ်ရတာကိုး။ မပြီးသေးဘူး။ လက်ကောက်ဝတ်နှစ်ဘက်မှာ တစ်ဘက် ၃ ချက်စီလောက် ဓါးနဲ့မွှန်းထားသေးတယ်။ လည်ပင်းမှာ လှီးထားတာ ခပ်သေးသေးတစ်ပေါက်။ ရတယ်လေ။ မေ့ဆေးကမနှိုးခင် ကိုယ်တို့အဖွဲ့က ဗိုက်ပိတ်နေတုန်း nurse aid ခလေးမလေးတွေကို တစ်ဘက် နှစ်ယောက်စီ ပေးချုပ်လိုက်တယ်။ ထုံဆေးထိုးစရာမှ မလိုတာ။ သူတို့လည်း အချုပ်အလုပ် ကျင့်သားရတာပေါ့။ tendon cut ပါရင် ကိုယ့်ဆီမှာ 2nd assist လုပ်နေတဲ့ ဆရာဝန်လေးကို ထွက် အချုပ်ခိုင်းလိုက်တယ်။ ၄ နာရီက ခွဲခန်းထဲသွင်းတဲ့လူနာ ၆ နာရီမှာ ခွဲခန်းထဲက ပြန်ထုတ်လာနိုင်တယ်။ စဉ်းစားကြည့်။ ဘယ်လိုတွေ မြန်နေသလဲ။ အဲသလောက်ကို အရှိန်ရနေတာ။ ခွဲလူနာ ၁၀၀ ပြည့်ဖို့ အချိန် ၉ လ ကြာခဲ့တယ်။ ၁၀၀ ကနေ ၂၀၀ ပြည့်ဖို့ကျတော့ ၃ လ တောင် မကြာလိုက်ဘူး။ ကိုင်း အခု ၂၀၀ ကနေ ၃၀၀ ပြည့်ဖို့ ဘယ်လောက်ကြာမလဲ ကြည့်ကြသေးတာပေါ့။

လူအင်အားကလည်း တိုးလာပြီလေ။ အခုဆို ၁၇ ယောက်ရှိတယ်။ အလုပ်လုပ်နေတာ။ မြို့မှာ ပိုက်ဆံပေးပြီး nurse aide သင်တန်းတက်ထားတဲ့ ကလေးမလေးတွေလည်း လက်တွေ့ကျတော့ ဘာမှ မလုပ်တတ်လို့ပါ ဆိုပြီး ကိုယ်တို့ဆေးရုံမှာ အလုပ်သင် လာဆင်းကြတယ်။ ဆေးတပ်သားလုပ်မယ့် ရဲမေလေးတွေလည်း လာသင်ကြတယ်။ လူအုပ်တောင့်တော့ လုပ်စရာရှိတာကို ထောင့်စေ့အောင် လူခွဲပြီး ခိုင်းထားလိုက်တာပေါ့လေ။ ပျံကျဈေးသည် စည်ပင်ရဲဖမ်းသလို အလုပ်မလုပ်ခိုင်းဘူး။ ယိမ်းသမလေးတွေလို အဝင်အထွက် ခလုတ်မတိုက်မိအောင် ညက်ညက်ညောညော အလုပ်လုပ်ခိုင်းထားတာ။ ဒီမှာအလုပ်လုပ်နေတဲ့သူတွေကိုမြင်ရင် လူနာဖြစ်ချင်လွန်းလို့ ထိုင်ငိုကုန်ကြလိမ့်မယ်။ တစ်ယောက်မှ မအားလို့ ဗီဒီယိုရိုက်မထားနိုင်တာ။ နောက် အားတော့မှ ရိုက်ပြဦးမယ် သိလား။

ဆေးရုံကို လာပြတဲ့ လူနာတွေထဲမှာ ကိုယ်ဘာမှ လုပ်ပေးလို့မရတဲ့ လူနာတွေလည်း အများကြီး ပါတယ် လို့ ပြောခဲ့ပြီးပါပြီ။ အဲ့ဒီအတွက်တော့ စိတ်မကောင်းပါဘူး။ ကိုယ်လုပ်ပေးနိုင်တဲ့ လူနာတွေလည်း တော်တော်များများပါသားပဲ။ အဲ့ဒီလူတွေအတွက်တော့ အတတ်နိုင်ဆုံး အားသွန်ခွန်စိုက် လုပ်ပေးခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ် တော်လှချည့် တတ်လှချည့်လို့ မဆိုလိုပါဘူး။ ကိုယ့်တတ်သမျှ မှတ်သမျှထဲက အိပ်သွန်ဖာမှောက် ပညာကုန်သုံးခဲ့တာတော့ အမှန်ပါ။ ဘာလို့ဆိုတော့ ဒါသည်ပင် ကိုယ်တိုက်ပွဲဝင်နေတဲ့ စစ်မျက်နှာလေ။ နိုင်ကိုနိုင်မှ ဖြစ်မှာ မဟုတ်လား။

ဒေါက်တာဆီးဂရေ့ကြီးဟာ နမ့်ခမ်းဆေးရုံကို မြစ်ထဲက ကျောက်တုံးလေးတွေသယ်ပြီး ဆောက်ခဲ့တယ်တဲ့။ ဒီနေ့ထိ သွားကြည့်လို့ ရနိုင်သေးတယ်။ ကိုယ့်ဆေးရုံကလေးက ကိုယ်အိမ်ပြန်ရင် ကျန်ခဲ့မှာ မဟုတ်ပါဘူး။ အခိုင်အခန့်ဆောက်ထားတာမှ မဟုတ်တာ။ ဒါပေမယ့်လည်း ကိုယ့်အတွက်တော့ လူနာတွေ တစ်ယောက်ပြီးတစ်ယောက် မရရအောင်ကယ်ထားတဲ့ milestone လေးတွေနဲ့ ဆောက်ထားတာပါလေ။ ဟိုလူနာက ဟိုလိုကလေး ခွဲလိုက်တာ။ သည်လူနာက သည်လိုကလေး ခွဲလိုက်တာ။ ဘယ်သူဘယ်ဝါ မမှတ်မိပေမယ့်လည်း လူနာတွေကတော့ ကိုယ့်ကို မှတ်မိနေပါလိမ့်မယ်။ အပြင်မှာ လည်စရာပတ်စရာ ဆေးရုံကလေးမကျန်ရစ်ပေမယ့် သူတို့မှတ်ဉာဏ်၊ ကိုယ့်မှတ်ဉာဏ် ထဲမှာ ဒီဆေးရုံကလေး ကျန်ရစ်မယ်။ မဆိုးပါဘူး။ တော်ရောပေါ့။

ဒီနှစ်နှစ်ကာလဟာ ကိုယ့်ရဲ့ဆရာဝန် ဘဝမှာ အတွေ့အကြုံတွေ အများကြီး တိုးလာတယ်။ လူနာအရေအတွက်လည်း အများကြီး ကြည့်ရတယ်။ thinking process နဲ့ decision making skill တွေ အများကြီး တက်လာတယ်။ ဆာဂျင်အနေနဲ့ဆိုရင် လက်တက်လာတယ်။ စာရေးတဲ့သူ တစ်ယောက်အနေနဲ့တော့ ရေးချင်တာကို ရေးချင်တဲ့အချိန် ဘယ်လိုရေးရေး ရေးလို့တတ်သွားတယ်။ ဒီကာလမှာ ကိုယ့်အတွက် အမြတ်ထွက်တဲ့ အရာတွေပေါ့။ ဒါတွေအားလုံးထက်ပိုတာကတော့ ဒီကာလမှာ ကိုယ် အသက်ရှင်အောင်နေတယ်။ အဖမ်းမခံရအောင်နေတယ်။ ဒါကြောင့် ကိုယ်လုပ်ချင်တာတွေကို အောင်မြင်အောင် ဖြစ်မြောက်အောင် လုပ်နိုင်တာ။ ကိုယ်ကျိုးစားသမျှ ကိုယ်စွမ်းဉာဏ်စွမ်းတွေဟာလည်း တော်လှန်ရေးအတွက် အထောက်အကူ ဖြစ်ခဲ့တာ။ တကယ်လို့များ ကိုယ်ဟာ ကိုမင်းအိုကြီးလို အာဏာသိမ်းတဲ့ညတည်းက အဖမ်းခံရတယ် ဆိုပါစို့။ ဘာတွေ ဘယ်လောက်လုပ်နိုင်လုပ်နိုင် အင်းစိန်ထောင်ထဲမှာ စိတ်ကူးနဲ့ရူးနေရုံပဲ ရှိမယ်။ သူ့လိုများ ကျိုးအောင်ပဲ့အောင် အရိုက်ခံရရင် အသက်တောင်ထွက်လောက်ပြီ။ အထဲမှာ တစ်နှစ်ကျော်ကြာပြီးမှ ကိုပိန်ညောင်ကြီးလို လွတ်ငြိမ်းနဲ့ ပြန်ထွက်လာပြီ ဆိုပါစို့။ ဘယ်သူနဲ့မှ စကားမပြောနိုင်ပဲ ဒီပရက်ရှင်တွေဝင်လို့ ရွာသာကြီး ရောက်နေလောက်ပြီ။ ဒီကာလအတွင်း ကိုယ့်အတွက် ရှင်သန်ခြင်း၊ လွတ်မြောက်ခြင်းထက်ကြီးတဲ့ အကျိုးပေးရှိနိုင်ပါဦးမလား။

ကိုယ့်ဆီက စွမ်းအင်တွေက လောင်ကျွမ်းပေါက်ကွဲနိုင်မှ ထွက်လာတာမျိုး မဟုတ်ဘူး။ အမြဲမပြတ် ရွေ့လျားလည်ပတ်နေမှ ထွက်လာတဲ့စွမ်းအင်မျိုး။ အလုပ်မလုပ်ပဲ ရှောင်နေပုန်းနေရုံနဲ့ ဘာအစွမ်းသတ္တိမှ မရှိဘူး။ နေ့တိုင်းနေ့တိုင်း အခက်အခဲတွေ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားနေလို့သာ ဒီလောက်အရှိန်အဟုန်နဲ့ ဆက်ပြီးလည်ပတ်နိုင်တာ။ အခုတော့ ရပ်တည်အင်နားရှား မဟုတ်တော့ဘူး။ ရွေ့လျားအင်နားရှား ဖြစ်သွားပြီ။ အဆက်မပြတ် လည်ပတ်နေဦးမှာ။ ရပ်တန့်လိုတဲ့စိတ် မရှိတော့ဘူး။ ခနနေကျ ဆေးရုံပေါ်သွားကြည့်ပြီး တင်လက်စလူနာဟောင်းတွေ ကြည့်ပြီးရင် နောက်ထပ်ရောက်လာမယ့် လူနာအသစ်တွေအတွက် ပြင်ဆင်နေမိပြီ။ မျှော်နေမိပြီ။ ဒီက စောင့်နေသူပါလေ။