Elective operations တွေ လျှော့ရတဲ့အကြောင်းရင်းက စစ်မြေပြင် ထိခိုက်ဒဏ်ရာရသူတွေကို အားစိုက်အင်စိုက် ကုသနိုင်အောင်လို့ ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ ဒက်ထိ နဲ့ ကွက်တိ ကို မှန်ပါတယ်။ အခုဆို Gun shot wound တွေကိုလည်း laparotomy လုပ်ပေးနေရတယ်။ Mine injuries တွေကိုလည်း Amputation လုပ်ပေးနေရတယ်။ အဆိပ်လူးငြောင့်စူးတဲ့သူတွေကိုလည်း wound toilet လုပ်ပေးခဲ့ရတယ်။ လာလိုက်ရင်လည်း သွေးထွက်လွန်ပြီး shock ရနေတာချည့်ပဲ။ ချက်ချင်းသွေးရှာ ချက်ချင်းသွေးသွင်းနိုင်မှ ခွဲစိတ်ခံနိုင်ဖို့ အသက်မီတယ်။ အရင်ဦးဆုံးရနိုင်တာကတော့ ကိုယ့်ထဲကိုယ့်ဟာ စခန်းကလူတွေချည့်ပဲ ရှိတယ်လေ။ ကိုယ်တို့ထဲမှာ သွေးမလှူဖူးတဲ့သူ တစ်ယောက်မှ မကျန်ဘူး။ ၂ ခါလောက်တော့ လှူဖူးတဲ့သူတွေချည့်ပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ထိထိရောက်ရောက် အသက်ကယ်နိုင်တဲ့ အလုပ်မို့လို့ နှမျောတွန့်တို မနေကြပါဘူး။ လူသန့်သန့် သွေးသန့်သန့်ကလေးတွေမို့ ပိုတောင် စိတ်ချရသေးတယ်။ သွေးခံအိပ်တွေ မလောက်တော့လို့ နောက်ထပ်တောင် ထပ်မှာယူရသေး။ spinal needles တွေလည်း မကုန်နိုင်မခန်းနိုင်လို့ ထင်ထားတာတွေ ဘာမှမကျန်တော့လို့ ထပ်မှာနေရပြန်ပြီ။
ဒီနှစ်နှစ်ဆန်းက အဖွင့်ကြမ်းသလေ။ ဒီလောက်ကန့်သတ်ထားတဲ့ကြားက ခွဲလူနာ ၃၆ ယောက် ရှိတယ်။ ဒါတောင် minor procedure တွေ မပါသေးဘူး။ ဆေးရုံတင်တဲ့လူနာရော ပြင်ပလူနာရော အမြင့်ဆုံးစံချိန်တင်တဲ့လ။ နောက်ဆို ဒီထက်ပိုများလာရင် မနိုင်မနင်းဖြစ်မှာစိုးလို့ ကိုယ့်ဘက်က အင်အားကိုလည်း တိုးခေါ်ထားရပါတယ်။ အခု တစ်ဒါဇင် မရတော့ဘူး။ ၁၅ ယောက် ဖြစ်သွားပြီ။ ထမင်းစားရင် ဝိုင်းမဆန့်လို့ လူခွဲစားရတာ။ လူနာဆောင်အသစ်ပြီးသွားပြီ။ ကုတင်အသစ်တွေ ရိုက်ပြီးရင် လူနာသစ်တွေ တင်နိုင်တော့မယ်။ ကုတင် ၃၀ ဆန့် ဆေးရုံလေး ဖြစ်လာပြီ။
တစ်လခံပါ့မလား နှစ်လခံပါ့မလား ဆိုတဲ့ ဆေးရုံလေးက တစ်နှစ်ကျော်လာတဲ့အခါ အများကြီး တိုးတက်လာခဲ့တာပဲ။ ခုထက်ထိလည်း အလကားကုပေးနိုင်တုန်းပဲ။ ရှေ့ဆက်ပြီးလည်း ကုပေးနိုင်သေးတယ်။ မနှစ်တုန်းက မက်ခဲ့တဲ့အိပ်မက်ကို ဒီနှစ်အကောင်အထည်ဖော်နိုင်ခဲ့ပြီ။ ဒီ ၂ နှစ်အတွင်းမှာ ဘယ်သူတွေ ဘာလုပ်နေခဲ့သလဲ။ အမှန်အတိုင်း ပြောရရင် သေချာမသိပါဘူး။ ကိုယ်လုပ်ခဲ့တဲ့အလုပ်တွေနဲ့ မလုပ်ခဲ့တဲ့ အလုပ်တွေအတွက်တော့ သေသေချာချာ သိရုံတင် မဟုတ်ဘူး။ အများကြီး ကြေနပ်ခဲ့ပါတယ်။
ဝေဒသုံးပုံ စုံအောင်မတတ်ခဲ့သော်ငြား ကုန်ခဲ့တဲ့ ၂ နှစ်အတွင်းမှာ ကိုယ်တွက်ချက်မှန်းဆခဲ့သမျှ လွဲတယ်မှားတယ်ရယ်လို့ မရှိခဲ့ပါဘူး။ ဒီအတိုင်းပဲ ဆက်တွက်ရမယ် ဆိုရင်တော့ အန္တရာယ်က လက်တကမ်းမှာ ဆိုသလိုပဲ အောင်ပွဲကလည်း လက်တကမ်းမှာ ရောက်နေပါပြီ။ သေချာပေါက် အောင်ကိုအောင်မယ့်ပွဲပါ။ အမေရိကန်ကြီးတွေကတောင် မြန်မာစစ်တပ်အတွက် နောက်တစ်နှစ်ဆိုတာ မရှိနိုင် တော့ဘူး လို့ စကားကုန်ပြောထားမှဟာ။ နည်းနည်းလောက် တောင့်ခံထားလိုက်ရင် အရာအားလုံးငြိမ်းချမ်းသွားမှာပါ။ ခုချိန်ရောက်ကာမှ ဟိုက “Non မှာလား မောင်ရဲ့။ ဖမ်းမယ်ရှင်။” လာလုပ်တာ တောင်းသလောက်ပေးပြီး ခံဝန်ထိုးတယ်ဆိုလို့ နားကိုမလည်နိုင်ဘူး။ ယူတို့က တစ်ကိုးကင်းကြီးနဲ့ ထ ရှိုးလည်း လန့်ပြေးတာပဲနော်။
လတ်တလော အခြေအနေမှာ ဆယ်ဇင်းပတ်ပတ်လည်က ရှမ်းနီစခန်း ၆ ခုကို KIA နဲ့ KPDF တွေက ပြန်သိမ်းထားပါတယ်။ အဲ့ဒါ ဆယ်ဇင်းရဲစခန်းထဲက တပ်ရင်းမှူးကြီးနဲ့ ကာရာအိုကေဆိုချင်လို့ မဟုတ်ပါဘူး။ ဒီဘက်မှာ တိုက်ပွဲတွေ ပြန်စတော့မယ်ဆိုတဲ့ အလားအလာပါ။ မစလို့လည်း မရဘူးလေ။ အပစ်အခတ်ရပ်စဲရေး၊ စစ်တပ်ကပေးတဲ့ ကားပါမစ်နဲ့ စီးပွါးရေး လုပ်ပိုင်ခွင့်တွေယူပြီး ကုမ္ပဏီထောင်ရေးက တော်လှန်ရေးရဲ့ ပန်းတိုင်မှ မဟုတ်တာ။ ဘွာတေးခတ်တာနဲ့ ပန်းပေးတာ မတူမှန်း ကလေးတွေတောင် နားလည်တယ်။ လွတ်လပ်သော ဖက်ဒရယ်ပြည်ထောင်စုကြီးကို လိုချင်ရင် မင်းအောင်လှိုင် နဲ့ အပေးအယူ လုပ်
လို့ တရားမဝင်ဘူး။ ဘယ်သူကမှလည်း အသိအမှတ်မပြုဘူး။
၂၀၂၃ ရဲ့ စစ်ရေးရည်မှန်းချက်ဟာ နယ်မြေသိမ်းပိုက်ရေးတွေအတွက်ပဲ ဖြစ်တော့မယ်။ ဒါဆိုရင် တိုက်ပွဲတွေက ဖြစ်ကိုဖြစ်မှ ရတော့မယ်။ တိုက်ပွဲဖြစ်လို့ ဒဏ်ရာရရင် ပရုပ်ဆီလူးလို့ မရဘူး။ ဆေးရုံတွေလည်း ရှိကိုရှိမှ ရလိမ့်မယ်။ ဆေးဝါးနဲ့ စက်ပစ္စည်းကိရိယာတွေလည်း အဆင်သင့် ရှိမှ ရလိမ့်မယ်။ စဉ်းစားကြည့်လေ။ လူနာတစ်ယောက်လာတာ သွေး ၃ ထုပ်သွင်းရတယ်ဆိုရင် လူနာ ၁၀ ယောက်လောက် ရောက်လာကြည့်ပါလား။ “ဒါလေး သွားဝယ်ပေးစမ်းပါနော်။” ဆို စာရွက်လေးနဲ့ ရေးလွှတ်လို့ရတဲ့ နေရာ မဟုတ်ဘူး။ ဆေးရုံအတွက် လိုအပ်ချက်တွေကို တွက်ချက်ပြင်ဆင်ရတဲ့အခါ သာမာန်အခြေအနေနဲ့ တွက်လို့မရပဲ စစ်ပွဲကာလအတွက် မှန်းဆပြင်ဆင်ထားမှ လောက်ငှလည်ပတ်လိမ့်မယ်။ ၂ နှစ်ကြာမှ တစ်ခါကြိုးဆွဲခံရတဲ့ ရုပ်သေးရုပ်ကြီးတောင် တစ်ခွန်းတည်းရွတ်တဲ့ ဇာတ်စာက “သာမာန်အခြေအနေ မဟုတ်ဘူး။” တဲ့။
ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ကိုယ်တို့တွေ ဆေးဆက်ကုနေဆဲပါပဲ။ မပြည့်စုံတာတွေရှိလည်း ပြည့်စုံအောင် ကြိုးစားဖြည့်ဆည်းရင်း၊ အဆင်မပြေတာတွေရှိလည်း ပြေလည်အောင် သည်းခံဖြေရှင်းရင်း၊ လုပ်ပေးနိုင်သမျှထဲက အကောင်းဆုံးတွေ ပေးနိုင်အောင် ကြိုးစားခဲ့ပါတယ်။ ဒီအတောအတွင်းမှာ မြို့ကလာတဲ့ ဆရာဝန်တစ်ယောက်ဆီက သတင်းစကား ကြားရတယ်။ ခုကာလဟာ တချို့ဆရာဝန်တွေအတွက်တော့ အရမ်းကို ပိုက်ဆံရှာလို့ ကောင်းတဲ့အချိန်အခါပါတဲ့။ တိုင်းပြည်ပျက်တုန်း သူဌေးဖြစ်အောင် ကြိုးစားသူတွေထဲမှာ ဆရာဝန်တွေ ပါနေပြီ ထင်ပါရဲ့။ ဆရာဝန်တွေကို အထူးကုဆေးခန်းကြီးတွေပေါ်ကနေ ဖာခန်း ဘိန်းခန်း ဖမ်းသလို တက်ဖမ်းနေကြတာကလည်း ဆရာဝန်တွေ ကိုယ်တိုင် ပါသတဲ့။ ဆရာဝန်ပေါင်းမြောက်များစွာကို ဆေးကုသခွင့်လိုင်စင်တွေ ပိတ်သိမ်းပစ်တာကတော့ သမားဟူးရားကြီးများကိုယ်တိုင်ပါဝင်တဲ့ မြန်မာပြည်ဆေးကောင်စီက ဖြစ်သတဲ့ကွယ်။
အရင်တခါတုန်းက ဆရာဝန်တွေကို သူ့ခြေထောက်အောက်က လေးဘက်ထောက်ပြီး လျှောက်ခိုင်းတဲ့ မိုးကျရွှေကိုယ် ဝန်ကြီးအကြောင်းရေးတဲ့အခါ “ဟုတ်ရော ဟုတ်လို့လား။ တမင် ပိုပိုသာသာ ရေးထားတာလား။” လို့ လာမန့်တဲ့သူ ရှိတယ်။ ကာယကံရှင် သက်ရှိထင်ရှားကြီးနဲ့ နံမည်တပ် မရေးကောင်းလို့သာ အမည်မဖော်လိုသူ လှထုံ လုပ်ထားတာ။ ဒီအဖြစ်အပျက်မျိုးက ဆန်းမှမဆန်းပဲ။ မြေနီကုန်းတံတားအဆင်းမှာ ကားလမ်းမပေါ် ဒူးထောက်ထိုင်ခိုင်းပြီး ခေါင်းကိုသေနတ်နဲ့ချိန်ပစ်ခံရတာလည်း ဆရာဝန်လေး နဲ့ ဆရာမလေးပဲ။ သူ့လက်ထက်မှာ ပါမောက္ခတွေ၊ ဌာနမှူးတွေ၊ ညွှန်ချုပ်တွေ၊ ညွှန်မှူးတွေ အင်းစိန်ထောင်ထဲ ပုံစံထိုင်ရတဲ့ ဘဝကို ရောက်တာလည်း ယုံတမ်းစကား မဟုတ်ဘူး။ ကြက်ခြေနီတံဆိပ်နဲ့ လူနာတင်ယာဉ်လည်း ကျည်ဆန်ရာ ပရပွနဲ့။ ဆေးရုံတစ်ခုလုံး ဗုံးသင့်ရတာလည်း နေရာတကာ။ ဒီအချိန်ဟာ ဆရာဝန်တွေ ပိုက်ဆံရှာလို့ ကောင်းတဲ့အချိန် လို့ ယူဆရင်လည်း ကိုယ့်အယူအဆ နဲ့ ကိုယ်ပေါ့။ မင်းအောင်လှိုင်က သရေစည်သူ ပေးတဲ့အခါ ဂုဏ်ယူဝမ်းမြောက်စွာ တက်ယူနိုင်သလို မယ်မယ်ဖျား အရေးသာရင်လည်း နန်းဦးကကြိုကြဦးမှာ။ “မောင်ရင်တို့က ဝဋ်ရှိလို့ ခံရတာ။ ကိုယ်တို့က ဘုန်းနဲ့ကံနဲ့” ဆိုတဲ့ အဖြူရောင် ဆေးပညာရှင်ကြီးတွေ များမှများ။
ဒီလူကြီးတွေအကြောင်း ခေါင်းထဲရောက်လာတာ အာရုံနောက်လိုက်တာ။ ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေးပဲ နေပါရစီတော့။ နောက်ထပ်ခွဲစရာလူနာတွေ၊ လုပ်ရမယ့်အလုပ်တွေ အများကြီး ရှိသေးတယ်။ ကိုယ့်ဘဝ ကိုယ့်အကြောင်းကိုတောင် ဥပေက္ခာပြုလို့ ထွက်လာနိုင်တဲ့နောက်တော့ သူများဘဝ သူများအကြောင်းဆိုတာ ကိုယ့်အတွက် ဘာတစ်ခုမှ အရေးမပါပါဘူး။ တာဝေးအပြေးသမား တစ်ယောက်လို ခြေလှမ်းမှန်မှန် နဲ့ ခရီးပေါက်အောင် နှင်လာခဲ့ပြီးတဲ့နောက် အခုချိန်ကတော့ ပန်းဝင်ဖို့ အရှိန်တင်ပြီး ခြေကုန်သုတ်ဖို့ပဲ ကျန်တော့တယ်။ စိတ်ဓါတ်ကို စုစည်းပြီး အားကုန်သုံးရတော့မယ်။ ရှေ့မှာတောက်လျှောက် မဆုတ်မနစ် အားထုတ်လာခဲ့သမျှ အကျိုးဆက်တွေလည်း အရာထင်လာခဲ့ပြီ။ ကိုယ်တို့ရဲ့ခြေလှမ်းက အောင်လံကိုထူပြီး အောင်မြေကိုနင်းမှာမို့လို့ ရဲရဲရင့်ရင့် ပိုင်ပိုင်နိုင်နိုင် အားမာန်အပြည့်နဲ့ပဲ ဖြစ်ရမှာပေါ့။ ပုဆိုးမနိုင် ပုဝါမနိုင် အလောင်းမကောက်နိုင်၊ အသက်လုပြေးရတဲ့ အိုးနင်းခွက်နင်း ခြေလှမ်းတွေနဲ့ ဘယ်လိုတောင် ဘယ်လောက်တောင် ကွာသလဲ ပြခဲ့မယ်။ သေချာကြည့်ထား။ သိလား။