ချန်ဂင်တို့စခန်း (၁၄၅)

ခုရက်ပိုင်း ကိုယ်တို့တတွေ ညဘက်ကြီး ခွဲခန်းဝင်ရလို့ရှိရင် မီးနင်းပွဲမှာ မီးပုံပေါ် ဖြတ်ပြေးတဲ့ အနဲလေးတွေလိုပဲ။ လှစ်ကနဲ လှစ်ကနဲ ပြေးပြေးလွှားလွှား ဝင်ခွဲရပါတယ်။ လေကြောင်းအန္တရာယ်က စိတ်မှမချရပဲကိုး။ ခွဲခန်းထဲမှာ အချိန်ကြာတာ လူနာအတွက်ရော ကိုယ်တို့တစ်ဖွဲ့လုံးအတွက်ပါ စိတ်မအေးရဘူး။ ခွဲနေတုန်း လေယာဉ်လာရင် ဘယ်သူမှ ကျင်းထဲဆင်းပုန်းမှာမှ မဟုတ်တာ။ ဒါကြောင့် ရွေးစရာမရှိတဲ့အခါမှပဲ ညဘက်ကြီး ခွဲခန်းဝင်ကြတယ်။ ခွဲပြီးရင်လည်း ကလေးတွေကို သိမ်းစရာရှိတာ မနက်ကျမှ ကောက်သိမ်းတော့ လို့ မှာပြီး မြန်မြန် ပြန်ထွက်ရတယ်။ ဒီမှာ အလုပ်လုပ်တဲ့သူတွေအားလုံး ဘေးကင်းလုံခြုံဖို့ ကိုယ့်မှာ တာဝန်ရှိတယ်။ ဟိုဘက်ကကောင်တွေကတော့ ကိုယ်တို့ကို အန္တရာယ်ပြုဖို့ ဝတ္တရား ရှိတယ် မဟုတ်လား။

ပြောမယ့်သာ ပြောတာပါလေ။ ခုရက်ပိုင်း အလုပ်ရှုပ်ချက်ကတော့ အအားကို မနေရပါဘူး။ မခွဲပါဘူး တဖွဖွ ပြောရင်းကနေ ခွဲလို့ကို မပြီးနိုင်။ “ဆရာက ငါတို့သာ ခွဲမပေးပဲ အိမ်ပြန်လွှတ်တာ။ သူ့ကြည့်တော့လည်း ခွဲခန်းထဲကကို မထွက်ဘူး။” လို့ အထင်လွဲချင်စရာကြီး။ တကယ်တော့ ခွဲမယ် မခွဲဘူးဆိုတာ ဘယ်အရာမှ လှေနံဓါးထစ် မရှိပါဘူး။ ခွဲကိုခွဲမှ အကျိုးရှိမယ့်လူနာ၊ မခွဲပဲထားရင် ဘေးဖြစ်မယ့် လူနာဆို ခွဲတယ်။ အဲ့ဒါ လူနာတစ်ယောက်နဲ့တစ်ယောက် မတူဘူး။ အကြိမ်ကြိမ် အခါခါ စဉ်းစားပြီးမှ ကိုယ်တိုင် ဆုံးဖြတ်တယ်။ အားနာပြီးတော့ မခွဲဘူး။ အတင်းခွဲခိုင်းလို့လည်း မခွဲဘူး။ မဖြစ်မနေ သေရေးရှင်ရေးတွေကိုတော့ဖြင့် ဘယ်တော့မှ လက်မရွံ့ဘူး။

ငယ်တုန်းအခါမှာတော့ ခွဲစိတ်ဆရာဝန်ဆိုတာ လက်ရဲဇက်ရဲ သွေးရဲသံရဲတွေ တုံးတိုက်တိုက် ကျားကိုက်ကိုက် မှ လို့ ထင်ခဲ့တယ်။ အခု အသက်အရွယ်နဲ့ အတွေ့အကြုံရလာတဲ့အခါမှာတော့ “Do”s and “Don’t”s ကို ဆင်ဆင်ခြင်ခြင် ဆုံးဖြတ်နိုင်တဲ့ သတိတရားကသာ ဆရာ ကျတာ လို့ သဘောပေါက် လာခဲ့ပြီ။ ဟိုဟာမလုပ်ရဲ သည်ဟာမလုပ်ရဲ နဲ့ အကုန်လုံးတွေးကြောက်ပြီး ဘာမှ မလုပ်ပဲ ထိုင်နေတာကို ပြောတာ မဟုတ်ပါဘူး။ မရပ်မနား လုပ်နေတဲ့ကြားက လုပ်သမျှဟာတွေ အကုန်ကောင်းနေဖို့ဆိုတာ အစကတည်းက မကောင်းမယ့်ဟာဆို လက်လွန်ကြက်သွန် မဖြစ်ဖို့ အကင်းပါးရမယ်လေ။

ဒါဆိုလည်း ကောင်းမှာလေးတွေပဲ ရွေးရွေးလုပ်။ မကောင်းတာ သူများဆီလွှဲပို့ပြီး လူလည်ကြီးဆာဂျင် လုပ်ရမယ် လို့ မဆိုလိုပါဘူး။ လူနာရဲ့အသက်နဲ့ရင်းပြီး ကိုယ်ထမ်းရမယ့်ဝန်ကို မနိုင်ရင်ကာ မတန်တဆ မလုပ်ဖို့ ချင့်ချိန်ရတာပါ။ ဘာ့ကြောင့်ဘာ့အတွက်ပဲ ခွဲရခွဲရ၊ အကျိုးကျေးဇူးခံစားရတဲ့အထဲမှာ လူနာမပါလို့ ဖြစ်ကိုမဖြစ်ဘူး မဟုတ်လား။ ဒါကြောင့်မို့ ဒီအသက်အရွယ်ရောက်လာတဲ့အခါမှာ ခွဲမယ် မခွဲဘူး ဆုံးဖြတ်ရတာက ဘယ်လောက် ပညာပါသလဲ နားလည်ခဲ့ပြီ လို့ ပြောတာပါ။

ခွဲတာတော့ ခွဲသလား မမေးနဲ့။ နေ့တိုင်းနီးပါး ကို ခွဲနေတယ်။ အခုလေးတင် ကိုယ့်ရဲ့ စတုတ္ထမြောက် မေ့ဆေးပေးခွဲတဲ့ လူနာကို လူနာဆောင်ထဲ ကျန်းကျန်းမာမာ ပြန်ပို့ခဲ့ပါတယ်။ “ဝါသည်၊ နာသည်၊ ကြာပြီ။” ဆိုတဲ့ အဲ့ဒီအမျိုးသမီးကြီးက နယ်စပ်ကနေ အိန္ဒိယထိတောင် သွားကုပြီးပြီ။ ပျောက်ကိုမပျောက်တာ နှစ်နဲ့ချီပေါ့တဲ့။ ပထမဆုံး ultrasound နဲ့ ထောက်ရင်းတွေ့တာက ကျောက်တွေကျောက်တွေများ အလုံးလိုက်အခဲလိုက်။ သည်းခြေလမ်းကြောင်းတလျှောက် အသည်းထဲထိအောင် ပိတ်နေတယ်။ အမှန်အတိုင်း ပြောရရင် မခွဲရဲပါဘူး။ အသည်းမကောင်းတဲ့လူနာကို မေ့ဆေးလည်း မပေးဝံ့ပါဘူး။ ဆေးသွင်းရင်း သွေးဖောက်ရင်း တဖြေးဖြေးသက်သာလာတဲ့အခါ လွှဲတာပေါ့။ အကြောင်းမျိုးစုံ ရှင်းပြပြီးကို လွှဲတယ်။ ဘယ်လိုမှ မသွားနိုင်ဘူး။ နောက်ဆုံးတော့ မင်းလည်းစွန့်စား ငါလည်း စွန့်စား ဆို အရဲစွန့်ပြီး ခွဲရတာ။ သွေးခဲတဲ့ဓါတ်တွေနည်းနေလို့ မနက်အစောကြီးကတည်းက သွေးစသွင်းထားပြီး တစ်လုံးအကုန် နောက်တစ်လုံးနဲ့ ခွဲခန်းထဲ ဝင်တယ်။ ကပ်နေတဲ့ သည်းခြေအိပ်ကို ထုတ်ဖို့က တစ်နာရီလောက်ကြာမယ်။ သည်းခြေပြွန်ထဲက ကျောက်တွေကို နှိုက်ဖို့ ဆေးဖို့၊ သည်းခြေပြွန်ကို အူသိမ်ဦးနဲ့ ပြန်ဆက်ဖို့ နောက်ထပ် တစ်နာရီလောက်တော့ ကြာမှာပဲ။ မေ့ဆေးစက်သာမရှိရင် ခွဲလို့မရနိုင်တဲ့လူနာ။ ဒီတစ်လအတွင်းမှာ လေးခါမြောက် ကိုယ့်ဘာသာမေ့ဆေးပေးရင်း ခွဲရတဲ့ major operation မို့လို့ စိတ်ဖိစီးမှုလည်း အင်မတန်များတဲ့ စိန်ခေါ်မှုအကြီးစား နောက်တစ်ခုပေါ့ဗျာ။ မင်္ဂလာရှိသော နေ့သစ်နောက်တစ်ရက် တိုးခဲ့ပါတယ်။

နယူးဒေလီမှာ အသည်းအစားထိုးခွဲတာတွေ သွားကြည့်တုန်းက သူတို့ဆီက မေ့ဆေးဟာ မနက် ၇ နာရီလောက် လူနာကို tube ထည့်၊ မေ့ဆေးပေးထားပြီးရင် တစ်နေကုန် ပုတီးလေးစိပ်လိုက်၊ သီချင်းလေး နားထောင်လိုက်၊ သူ့အချိန်နဲ့သူ ဆေးလာထိုးပြီး တနေကုန် စိတ်အေးလက်အေး ဇိမ်လေးနဲ့ နှပ်နေတာ သိပ်သဘောကျတာပဲ။ ဒီဘက်က လူနာ အသည်းတဝက်ဖြတ်ထုတ်ပြီးမှ အလှူရှင်ဘက်က အသည်းထုတ်လာတာလေး အကြောတွေဖော်ပြီး စိန်ပြေနပြေ အသည်းချင်းပြန်ဆက်ယူတာ။မနက်ကခွဲရင် ညကြီးမိုးချုပ်တဲ့အထိ အဲ့ဒီလူနာတစ်ယောက်တည်းကို မေ့ဆေးပေးထားတာလေ။ ခွဲရင်းစိတ်ရင်း ထမင်းစားချိန် ရောက်လာရင် lunch break လို့ ပြောပြီး ခွဲလက်စ လူနာကြီး အဝတ်ဖြူနဲ့ အုပ်ပြီး ထမင်းထွက်စားကြတာပဲ။ နေ့ခင်းကျရင် tea time က တစ်ခါ နားသေး။ တစ်ပါတ်မှာ ၆ ရက် အဲ့သလိုခွဲတာဗျား။ စနေတောင် မနားဘူး။ CME တွေ Combined Clinic တွေရှိရင် အလှည့်နဲ့ ထွက်တက်ကြတယ်။ သူတို့မှာ ဘာ stress မှ ရှိတာ မမြင်ခဲ့ရဘူး။ အားကျလိုက်တာ။

မေ့ဆေးဆရာဝန်တစ်ယောက်ရဲ့ stress ဆိုတာ ခွဲစိတ်ဆရာဝန်တစ်ယောက်ထက်တော့ မနည်းပါဘူး။ အလုပ်သမားဆေးရုံမှာ ဆုံဖူးတဲ့ မေ့ဆေးမမကြီး ပြောသလိုဆိုရင် “သူတို့တွေ ခွဲနေတုန်း နင့်အသက်လေး ငြိမ်ငြိမ်နေအောင် ငါကိုင်ထားပေးရတာ။” တဲ့။ ဟုတ်တယ်လေ။ သူ ငြိမ်ငြိမ်ကိုင်ထားလို့ ကိုယ် ကောင်းကောင်း ခွဲလို့ရတာ။ အခုတော့ ကိုင်ထားပေးမယ့်သူ မရှိလို့ ကိုယ့်ဘာသာ ဗိုင်းကောင်းကျောက်ဖိ ဖြစ်အောင် စီရင်ပြီး ကလေးတွေ လက်ထဲအပ်လို့ အောက်ဆင်း ခွဲရပြန်သေးတာ။ အဲ့သလိုကြောင့်မို့လို့ ဘုရားတပြီးသာ ခွဲရရိုးမှန်ရင် မေ့ဆေးအန္တရာယ်မဖြစ်ဖို့က ယေရှုဘုရားသခင်ကို တ၊ လူနာရဲ့ အသက်ဘေးအတွက်က အလ္လာအရှင်မြတ်ကို တ။ ကိုယ်လုပ်တဲ့ခွဲစိတ်မှုလေး လွယ်ကူအဆင်ပြေ ချောမွေ့ဖို့အတွက်က ဂေါတမဘုရားရှင်ကို တ။ အဲ့သလိုများ လုပ်ရကောင်းနိုးပေါ့နော်။ ခွဲနေတုန်း လေယာဉ်ပျံမလာအောင်တော့ ဂင်္ဂါဝါဠု သဲစုမက နဲ့ မှ ရတော့မယ်။

အဲ့သလောက် လူရောစိတ်ရော မအားရတဲ့အထဲမှာကွယ်။ အင်တာဗျူးလေး လုပ်ချင်လို့ပါ။ သတင်းဆောင်းပါးလေး ရေးချင်လို့ပါ။ ဇွန်းမီတင်လေး ဖိတ်ချင်လို့ပါ။ အစရှိသဖြင့် ထင်ပေါ်အောင် စင်ပေါ် တွန်းပို့ပေးမယ့် စေတနာရှင်တွေကလည်း အများကြီးပါပဲ။ အားလုံးကို ငြင်းပါတယ်။ ချေတာမိုးတာ မဟုတ်ရပါဘူး။ အင်တာနက်လိုင်းကလည်း ပိုးစိုးပက်စက်ကို မကောင်းတာကြောင့်ပါ။ မီးအစိမ်းလေးကတော့ လင်းချင်တဲ့အချိန် လင်းနေမှာပေါ့လေ။ အရေးပေါ်ကာလဆိုတော့ဖုန်းပိတ်ထားလို့မှ မရတာ။ သို့သော်လည်း တတိန်တိန် နိုတီတက်တိုင်း ထကြည့်နေရင် တညလုံး ငုတ်တုတ်မိုးလင်းမှာမို့ အသံပိတ်အိပ်ရတာပါ။ အဲ့သလို အတန်တန်ငြင်းပါလျက် တာဝန် ပေးလာတဲ့အခါမှာတော့ မငြင်းသာပါဘူး။ လုပ်ပေးရတာပေါ့။ လုပ်ချင်လျက်သားနဲ့ အိုက်တင်ခံပြီး အခေါ်စောင့်နေတာတော့ မဟုတ်။ လိုအပ်လို့ မဖြစ်မနေ အကူအညီတောင်းလာရင် မနေနိုင်လို့ပါ။ လုပ်မယ့်လုပ်တော့လည်း တော်ရိရော်ရိတော့ မလုပ်ချင်ဘူး မဟုတ်လား။

ဒီလိုနဲ့ပဲ သူတို့လိုချင်တဲ့ ဗီဒီယိုဖိုင်တစ်ခု ဖြစ်အောင်လုပ်ကြတာ ဖန်တီးတဲ့အချိန်က တစ်ရက်ပဲကြာတယ်။ သူတို့ဆီပို့ရတာ ၂ နေ့ နဲ့ ၂ ည ကြာတယ်။ zipped file နဲ့ 5 Mb ရှိတဲ့ file ၇၀ ကို ၃ ရက်တိုင်တိုင်ပို့တာတောင် မရောက်။ အခုတော့ ရပြီ။ စိတ်နာလို့ ကိုယ့် wall ပေါ်တောင် ကိုယ် မ share ပါဘူး။ သူတို့ဘာသူတို့ လိုတဲ့နေရာ သုံးပလေ့စေ။ ကိုယ့်အတွက်တော့ နံမည်လည်း မကြီးချင်၊ လူသိလည်း မများချင်။ ဘယ်သူ့အသိအမှတ်ပြုမှုမှ မလိုချင်။ သိစေချင်တဲ့သူဆီ ရောက်စေချင်တဲ့စကား ပါးပြီးရင် တော်ပြီ။ ကိုယ့်စိတ်ထဲမှာ ဒီကောင်တွေ ကိုယ့်ဆေးရုံကလေးကို အနှေး နဲ့ အမြန် ရန်ရှာတော့မယ် လို့ သိနေတယ်။ ဖြစ်လာတော့မှ မပြောလိုက်ရ မမှာလိုက်ရ မရှိလေအောင် စကားကုန်အောင် မှာထားခဲ့တယ်။ ဆိုရေးရှိက ဆိုအပ်လှ တဲ့။

တနေ့တနေ့ သူများ မကောင်းကြောင်း၊ ကိုယ့်ကောင်းကြောင်းတွေချည့်ပဲ လှည့်ကာပတ်ကာ ရေးသားနေတဲ့အကောင် လို့ ထင်ရင်လည်း မတတ်နိုင်ပါဘူး။ ကောင်းသတင်းဆိုတာ ပါးစပ်ပြောကလေးနဲ့ ခေါင်းမွှေးဖြူတဲ့အောင် ကြံဖန်ဂုဏ်တင်ရေးတိုင်းရလို့လား။ လူဆိုတာ ဘယ်သူ့ကို ဘယ်လောက်ပဲ အထင်တွေကြီးကြီး “ငါ့လောက်နီးနီး” ထက်တော့ မပိုဘူး မဟုတ်လား။ လူအထင်ကြီးအောင် အံ့မခန်းတွေ လုပ်ပြဖို့ ဘယ်တုန်းကမှ စိတ်မဝင်စားပါဘူး။ သူတို့လည်း သူတို့အာရုံနဲ့ သူတို့။ ကိုယ်လည်း ကိုယ့်အာရုံနဲ့ကိုယ်။ ခုလိုအချိန်မှာ အာရုံတွေများလို့ မဖြစ်ဘူး။ ဟိုးအစမှာ ရေးခဲ့တဲ့အပိုင်းတွေလို တောအကြောင်း တောင်အကြောင်း လေအကြောင်း မိုးအကြောင်းလေးတောင် ထည့်မရေးနိုင်တော့ပဲ လူနာမှလူနာအကြောင်းချည့်ပဲ ရေးနေရတာကြည့်ရင် ကိုယ့်ဆီမှာ လူနာတွေများနေသားပဲ လို့တော့ သတိထားမိမယ် ထင်ပါတယ်။ နောက်လည်း သည့်ထက်များလာဖို့ပဲ ရှိပါတယ်။ ကူညီပံ့ပိုးနေသူတွေ ရှိသလို နှောက်ယှက်ဖျက်စီးလိုသူများလည်း ရှိတာပေါ့။ ကြုံလာသမျှ အခက်အခဲတိုင်းကို ရင်ဆိုင်ဖြတ်သန်းနိုင်ခဲ့လို့ ဒီအထိတောင် ရောက်လာခဲ့တာ ၂ နှစ်ကြာမှ သာမာန်အခြေအနေ မဟုတ်မှန်း သိတဲ့သူတွေကို မနိုင်စရာလား။ တ ချင် တ။ မတ ချင်နေ။ ဘယ်ဘုရားသခင်မဆို အမှန်တရားဘက်မှာချည့်ပဲ ရပ်တည်တယ်ဆိုတာ မိစ္ဆာစစ်ခွေးတွေ ကောင်းကောင်းကြီး သိရတော့မှာပါလေ။