ချန်ဂင်တို့စခန်း (၁၄၂)

အလွန်အေးတဲ့ရာသီ အလွန်ချမ်းတဲ့ရာသီ ဆိုတာ အခုရာသီကို ပြောတာပါ။ ညအိပ်တဲ့အခါ ကလီယိုပါထရာ လို တစ်ကိုယ်လုံးကို စောင်ထဲထည့်လိပ်ပြီး အိပ်ပေမယ့် ဟိုဘက်ကနေ သည်ဘက် စောင်းလိုက်ရင် အသားနဲ့ထိမထားတဲ့ စောင်ထည်တွေက နွေးမှမနွေးတာကိုး။ လက်စသတ်တော့ အနွေးဓါတ်ဆိုတာ စောင်ကပေးတာ မဟုတ်ပဲ ကိုယ့်ကိုယ်ငွေ့နဲ့ နွေးနေတဲ့ စောင်လေးက အပူရှိန်အပြင်မထွက်သွားအောင် ထိမ်းပေးထားတာပဲ။ မနက်စောစော အရုဏ်တက်ရင်တော့ ဘယ်လောက်ချမ်းချမ်း စောင်ပုံထဲကထွက်ပြီး ဆေးရုံကိုပြန်ပါတယ်။ နှင်းဝေတဲ့ဆောင်း မနက်ခင်းအလှက ချမ်းရကျိုးနပ်တယ်။ ဆေးရုံရောက်ရင်တော့ မီးဖိုဆောင်မှာ မနက်စာပြင်ဆင်နေတုန်း မီးပုံကလေးဖိုလို့ မီးလှုံပါတယ်။ မီးပုံက မီးမမွှေးရသေးဘူး။ မီးပုံနားမှာ မြန်မြန်လာပါတော့ လို့ စောင့်နေကြတာက ဆိတ်ကလေး ၃ ကောင်နဲ့ ခွေးကလေးတစ်ကောင်ပါ။ သူတို့က ဒီနေရာမှာ လာလာမီးလှုံနေကျဆိုတော့ လူတွေမလာခင်ကတည်းက နေရာဦးထားနှင့်တယ်။ သတ္တဝါကလေးတွေလည်း အနွေးဓါတ်ကြိုက်တာပဲကိုး။ မီးဖိုထဲမှာ လာလာအုချပြီး ဝပ်နေကျ ကြက်မကလေးကတော့ ကြက်ပေါက်ကလေး ၇ ကောင် ပေါက်လာတယ်။ တစ်ကောင်က သူဝပ်ရင်း ပိလို့သေသွားတာ ၆ ကောင်ကျန်တယ်။ ဝပ်တောင်းထဲကနေ အပြင်ကို ချပေးလိုက်တော့ ပိညက် ပိညက် နဲ့ အစာရှာ ကုန်ကြရော။

ချန်ဂင်တို့စခန်းဟာ သတ္တဝါတို့ မွေးဖွားရာ ဇာတိမြေပဲ။ ကိုယ်တို့တတွေ စစ်ရှောင်ရာကို နောက်က တကောက်ကောက် လိုက်လာတတ်တဲ့ ခွေးမလေး မိကျားလည်း ခွေးကလေး ၆ ကောင် ဆေးရုံထဲတင် ပေါက်တယ်။ မီးလာလှုံတဲ့ ဆိတ်သားအမိကလည်း ကိုယ်တို့ မျက်စိအောက်တင် ပေါက်တာ။ ဘောလုံးကန်တဲ့ဆရာမလေးကို လက်ဆောင်လာပေးထားတဲ့ ယုန်ကလေးတစ်စုံကလည်း ယုန်သေးသေးလေး ၅ ကောင် ပေါက်ထားတယ်။ လူတွေဆိုတာကတော့ ပြောမနေနဲ့ပေါ့နော်။ ချန်ဂင်ဆိုတာ မျိုးဆက်အသစ်တို့ မွေးဖွားရာ နယ်မြေပါ။ ဆရာတို့ရှိတုန်း ကျွန်မ ကလေးတစ်ယောက်လောက် မွေးလိုက်ချင်သေးတယ် ဆိုတဲ့ ထမင်းဆိုင်က နှမချေလည်း သူလိုချင်တဲ့အတိုင်း သမီးမိန်းကလေးတစ်ယောက် ကျန်းကျန်းမာမာ ဖွားမြင်ခဲ့ပြီ။

ချန်ဂင်စခန်းကို ရောက်လာခဲ့တဲ့ ကိုယ်တို့အားလုံးဟာလည်း ဒီဆေးရုံကလေးနဲ့အတူ သည်အရပ်မှာ ဘဝသစ်ကို စခဲ့ကြတာပါ။ တစ်နှစ်တာကာလအတွင်း ဖွံ့ဖြိုးကြီးထွားသင့်သမျှ လျှင်လျှင်မြန်မြန်ပဲ ဝေဆာသီးပွင့်လာခဲ့ပြီးတဲ့နောက် အခုဆိုရင်တော့ အရှိန်အဟုန်နဲ့ကို တိုးတက်ပြောင်းလဲလာခဲ့ပြီ။ အလုပ်တွေ မရပ်မနား လုပ်နိုင်နေပါပြီ။ နှစ်ဆန်းတာ ၂ ပါတ်ပဲ ရှိသေးတယ်။ ခါတိုင်း တစ်လစာ workload တွေ လုပ်လို့ ပြီးနေပါရောလား။ လူအင်အားဖြည့်ဖို့အတွက် ဆရာဝန်လေးတစ်ယောက်လည်း ထပ်ရောက်လာပြီမို့ အဖွဲ့သားအင်အား ၁၄ ယောက် တပျော်တပါးကြီး အလုပ်လုပ်နေကြပြီပေါ့။ အငယ်တွေကို အလုပ်ချည့်ပဲ မခိုင်းပါဘူး။ သင်ကြားရေးတွေလည်း အဆက်မပြတ်အောင် စီစဉ်ပေးပါတယ်။ မေ့ဆေးသင်တန်း တက်ခိုင်းသလိုပဲ လက်တွေ့အသုံးချ ECG သင်တန်းကိုလည်း လိုင်းပေါ်ကနေ တက်နိုင်အောင် စီစဉ်ပေးရတယ်။ Physician မဟုတ်ပေမယ့်လည်း စာသင်လို့ကောင်းတဲ့ ရောဂါဝေဒနာလေးတွေကို တတ်သလောက်မှတ်သလောက် ခွဲခြမ်းစိတ်ဖြာပြီး သင်ပေးရပါတယ်။ case တွေက တော်တော်ကို စုံပါတယ်။ ဒီကာလတစ်ခုမှာ ဆရာဝန်ကောင်းကလေးတွေ၊ အားကိုးလောက်တဲ့ သူနာပြုဆရာမကောင်းတွေ၊ မှန်မှန်ကန်ကန် ကျန်းမာရေး ဗဟုသုတရှိပြီး စိတ်ချလက်ချ တာဝန်ပေးလို့ရတဲ့ စေတနာရှင် ကျန်းမာရေးလုပ်သားလေးတွေ မွေးထုတ်နိုင်ဖို့လည်း ရည်ရွယ်ပါတယ်။ တတ်နိုင်သလောက်လည်း ကြိုးစားနေပါတယ်။

တခါတလေမှာ ရှေ့မှာ ဘာဆက်ဖြစ်မလဲ မရေရာခြင်းကလည်း မလျှော့သောဇွဲနဲ့ ကြံ့ကြံ့ခံရင်ဆိုင်နိုင်ခြင်းကို ရစေတယ်။ အစကတည်းက ကိုယ့်ကို ဘာမှမရှိတဲ့ တောစပ်တောင်ခြေမှာ ဆေးရုံတစ်ခု ဖြစ်အောင်သွားဆောက်ပြီး နှစ်နှစ်လောက်ကြာအောင် သွားနေချေလို့ ခိုင်းရင် အခုလို မလုပ်နိုင်တာ သေချာပါတယ်။ ၂ နှစ်တိတိ လခမရ၊ အလုပ်မရှိပဲ ငုတ်တုတ်ထိုင် စားရမယ်မှန်း သိရင်လည်း ဘယ်သူမှ CDM မလုပ်ကြပါဘူး။ တော်လှန်ရေးဟာ နှစ်နှစ်တောင်ကြာမယ် လို့ ကြိုသိကြရင်လည်း ပတ်စ်ပို့လေးလုပ်ပြီး နိုင်ငံခြားမှာ အလုပ်သွားလုပ်လိုက်ဦးမယ် ဆိုတဲ့သူတွေက များမှာပါ။ အချိန်တွေ ကြာလာတဲ့အခါ ခြေကုန်လက်ပန်းကျပြီး ဒီအထိအောင် ပါမလာနိုင်တဲ့သူတွေကို နားလည်နိုင်ပါတယ်။ ကိုယ့်အကြောင်းနဲ့ကိုယ်ပေါ့။ သို့သော် အဲ့လိုလူတွေချည့်ပဲ ဆိုရင်တော့ “သမ္မတကြီး မင်းအောင်လှိုင် ကျန်းမာပါစေ။” လို့ အသံချဲ့စက်ကြီးနဲ့ လှည့်ဆုတောင်းပေးနေတဲ့ အသံတွေကို ရင်နာနာနဲ့ နေ့တိုင်းနားထောင်နေရမှာပေါ့။ ဒီခရီး ဒီလမ်းကို ဒီစခန်းထိပေါက်အောင် ဆက်လျှောက်နိုင်သူတွေ များလို့သာ တနိုင်ငံလုံး မီးပတ်ရှို့ပြီး ဘွဲ့ထူးတစ်ထောင် ကုန်အောင်သမုတ်လည်း သူ့နံမည်က ထာဝရ မအိမ်လုံး က မတက်တာ။ မွေးမေကျေးဇူးဆပ်လွန်းသော သားမိုက်ကြီးပါ။

ဒီလူတွေကို ဘယ်အရာကများ ဒီလောက် ကာလကြာအောင် အပင်ပန်း အဆင်းရဲခံပြီး တော်လှန်ရေး ခရီးကို ဆက်လျှောက်နိုင်သလဲ ဆိုရင်တော့ “အစက အဲ့လောက်ကြာမယ်မှန်းမှ မသိတာကို။” လို့ ပြောမယ့်သူ မပါပါဘူး။ “နောက်ထပ် အနှစ် ၂၀ ကြာချင် ကြာသွားပလေ့စေ။ ဒီလမ်းအတိုင်းပဲ ဆက်လျှောက်မှာ။” ဆိုတဲ့ ပြတ်သားသော ရပ်တည်ချက် ရှိကြပါတယ်။ သူတို့က “ကြာလှချည် လား။ တော်လှန်ရေးကြီးကလည်း ပြီးပဲ မပြီးနိုင်တော့ဘူး။” ဆိုပြီး နဂိုနေမြဲတိုင်း ပြန်နေမယ့် အချိန်ကာလကြောင့် စိတ်ပျက်အားလျှော့သူတွေ မဟုတ်ဘူး။ “ဒီလောက်အချိန်တွေကြာမှတော့ စားဝတ်နေရေးအတွက် သီချင်းလေးဘာလေးဆို၊ spa သွား ၊ club တက်။ coffee ဆိုင်လေးမှာ chill ချင်တာပေါ့နော်။” ဆိုပြီး တော်လှန်ရေးကို အာသာပြေရုံ ဝင်လုပ်မယ့်သူတွေလည်း မဟုတ်ဘူး။

ဒီစခန်းကို ရောက်ကတည်းက ကိုယ်တို့ဟာ တစ်နေ့ချင်း တစ်နေ့ချင်း ရှင်သန်နေထိုင်ကြတယ်။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ။ အတိတ်ကို ပြန်တမ်းတငေးငိုင် မနေဘူး။ အနာဂတ်ကိုလည်း အများကြီး ကြိုတွေးမထားဘူး။ နေ့စဉ်ဘဝမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု အခက်အခဲတွေကိုပဲ ကျော်လွှားဖြတ်သန်းတယ်။ တက်လာတဲ့ လူနာတွေကို အာရုံစိုက်တယ်။ ဆင်းသွားတဲ့ လူနာတွေကို မေ့ပစ်လိုက်တယ်။ ပြောင်းလဲလာတဲ့ စစ်ရေးနိုင်ငံရေး အခြေအနေတွေမှာ ရှင်သန်ကျန်ရစ်အောင် ရုန်းကန်တယ်။ အချိန်ကာလဆိုတာ ကိုယ်ကရေတွက်မထားလည်း သူ့ဘာသာသူ ဆက်သွားနေမှာပဲ ဥစ္စာ။ အလကားနေ တသသ တိုင်းထွာနေစရာ မလိုပါဘူး။ အားမှ မအားတာ။ အခု ကိုယ့်ဆီလာပြီး “နှစ်နှစ်ပြည့် မှာခြွေစကားလေးများ ပြောကြားပေးစမ်းပါ။” ဆိုတော့မှပဲ “ဟင် ဟုတ်လား။ နှစ်နှစ်တောင် ပြည့်တော့မှာလား။ ဒီမအိမ်လုံးကြီးကလည်း သေခဲလိုက်တာနော်။” လို့ Anniversary curse ကို ထ ရေရွတ် မိတော့တယ်။ ဟုတ်တယ်။ အဲ့ဒါ တစ်ခွန်းပဲ ပြောစရာရှိတယ်။ အလုပ်ရှုပ်ရတဲ့အထဲ။ အလကား။ အာရုံတွေ။

ဒါပေမယ့်လည်း ဒီကောင်ကြီးအတွက် နောက်ထပ်တစ်နှစ်ဆိုတာ မရှိတော့ဘူး လို့ သေချာပေါက် ဟောကိန်းထုတ်နိုင်ပါတယ်။ မယုံရင် မြန်မာတပြည်လုံးက ကြိုက်တဲ့စစ်မြေပြင်ကို ကြည့်လိုက်။ သူတို့ဘက်က စစ်ဆင်ရေးနဲ့ စစ်ကြောင်းထိုးတိုက်ခိုက်တယ်ဆိုတာ မရှိတော့ဘူး။ သူများတိုက်ဖို့နေနေသာသာ ကိုယ့်တပ်ရင်းကိုယ် မကျအောင် အသေအလဲ ကာကွယ်နေရတယ်။ ဘုန်းကြီးကျောင်းတောင် စစ်တပ်ထဲလောက် ပရိတ်သံ ပဌာန်းသံ မကြားရ။ ဘဝကူးကောင်းဖို့ အာရုံပြုနေကြရတာလေ။ သေရင် သပိတ်သွပ်ပေးဖို့ ဘယ်သူမှ မသေချာပဲကိုး။ ကျင်းတူးပြီး ပစ်ချခဲ့တယ်။ ကိုယ့်ဘာသာ ယက်ပြီး ဆင်းကြ။ တပ်ရင်းလိုက်ကြီး ဆွဲကြိုးချကုန်မှာ ကြောက်လို့ “လက်နက်တွေ မိပါပြီ။ ဒရုန်းတွေ မိပါပြီ။ ဒီမှာကျန်း ဒီမှာကျန်း။” ဆို ဇာတ်လမ်းတွေ ရိုက်ရိုက်ပြရတယ်။ ဆေးမမီတော့ပါဘူး။

သူတို့ဟာသူတို့ ဘယ်လိုသေသေပါလေ။ ကိုယ့်အလုပ်မှ မဟုတ်ပဲနဲ့။ အာရုံမထားနိုင်ပါဘူး။ ဒီရက်ပိုင်း ကိုယ့်မှာ မအိပ်နိုင် မစားနိုင်ကို စိတ်ဖိစီးမှုများတယ်။ ဆေးတွေက အကုန်မြန်လိုက်တာ မှာလို့ကို မလောက်နိုင်ဘူး။ လူနာတွေများလိုက်တာကလည်း ထမင်းစားရင်းလည်း လိုက်ခေါ်။ ညဘက်တွေလည်း ခွဲခန်းဝင်ရ၊ လူနာလာလာကြည့်ရ၊ ကလေးစောင့်မွေးရ။ OT ကလည်း နေ့တိုင်းလိုလို ရှိတော့တာ။ ကျန်တဲ့ဟာတွေ ထည့်မပြောနဲ့။ လက်ဆေးတဲ့ ဆပ်ပြာရည်တောင် ဂါလံပုံးလိုက် ဝယ်တာမလောက်လို့ ကိုယ့်ဆေးရုံက ကောင်လေးက ကုန်ကြမ်းဝယ်ပြီး ကိုယ်တိုင်ချက်ပေးတယ်။ အရောင်ရော အနံ့ရော စိတ်ကြိုက်သာရွေး။ အမြှုတ်တွေကို တဖွေးဖွေး ထ လို့။Chlorhexidine ရောလိုက်ရင် ခွဲခန်းသုံးဆပ်ပြာ ရပြီလေ။ ရောဂါဝေဒနာသည်ကလည်း အမျိုးကိုစုံနေအောင်လာတယ်ဗျ။ ကိုယ့်ဆေးရုံမှာ သမားတော် မရှိပေမယ့်လည်း မနက်လင်းတိုင်း သမားတော်ဆီကို လူနာဓါတ်ပုံတွေ၊ ECG တွေ၊ lab results တွေကို daily progress နဲ့ တကွ လှမ်းလှမ်းပို့ပေးရတယ်။ ဓါတ်ခွဲခန်းမရှိပေမယ့် ၂ ရက်ခြားတစ်ခါလောက် သွေးဖောက်ပြီး လူကြုံနဲ့ ပို့ရတယ်။ Ultrasound တွေကိုတော့ ဗီဒီယိုရိုက်ပြီး radiologist ဆီ ပို့တယ်။ အဲ့လိုနဲ့ တနေကုန် သစ်ပင်ပေါ်တက်ပြီး ဖုန်းလိုင်းဖမ်းရမလို ဖြစ်နေရော။

မေ့ဆေးစက်ရောက်လာတဲ့အခါ ကိုယ်တို့အားလုံး မျောက်အုပ်ထဲ အုန်းသီးအခိုင်လိုက်ရသလို ကိုယ်စီကိုယ်စီ အလုပ်ရှုပ်ကုန်ကြပါတယ်။ ဒုတိယမြောက်လူနာကိုလည်း ချောချောမောမော မေ့ဆေးပေးနိုင်တဲ့အတွက် စက်နဲ့လူနဲ့ ကျင့်သားရသွားပါပြီ။ ဒါကြီးနဲ့ အခွဲခံချင်လို့ တန်းစီစောင့်နေကြတဲ့ လူနာတွေကလည်း တော်တော်အများသားရယ်။ လည်ပင်းကြီးလူနာချည့်ပဲ ငါးယောက်လောက် ပါတဲ့အခါ သွေးတွေဖောက်စစ်ပြီး သိုင်းရွိုက်အဆိပ်သင့်နေတဲ့ လူနာတွေကို ဒါကတော့ ခွဲလို့ မဖြစ်သေးဘူးဆိုပြီး propranolol တွေ carbemazole တွေ မှာပြီး တိုက်နေရတာ နှစ်တောင်ပေါက်လုပြီ။ ဒါဖြင့်ရင် အဆိပ်မရှိတဲ့ goiter တွေတော့ ခွဲမယ်ပေါ့ ဆို အုထားတာ မေ့ဆေးစက် ရရင်တော့ ခွဲနိုင်လောက်မယ် လို့ ထင်တာကိုး။ လိုအပ်တဲ့ပစ္စည်းတွေတောင် ရအောင်မှာပြီး စုထားသေးတယ်။ အဲ့ဒီအထဲက ရှောက်သီးလုံးလောက် ရှိတဲ့အဒေါ်ကြီးကတော့ စက်ရောက်ပြီ သတင်းကြားကတည်းက ရွာထဲလာနေပြီး ခွဲတော့မလား ခွဲတော့မလား နဲ့ မနက်တိုင်း လာလာမေးတယ်။ စက်ရောက်ပေမယ့် ကိုယ်တို့တွေက အပျံသင်စလေ။ မေ့ဆေးမပေးခင် အပီအပြင် ဇာတ်တိုက်ထားရတယ်။ လူနာကို ခြေဆုံးခေါင်းဆုံး သူတို့ဆီပြထားပြီးသား။ မေ့ဆေးပေးနေရင် မေ့ဆေးဆရာဝန်တစ်ယောက်ယောက်ကို ဖုန်းခေါ်ထားပြီး စပိကာဖွင့် စကားပြောနေတာ။ ကိုယ့်ရဲ့ အတိုင်ပင်ခံ မေ့ဆေးဆရာမကြီး နှစ်ယောက်ကတော့ back up မရှိပဲ risk ယူပြီး မခွဲသင့်ဘူး လို့ အကြံပေးတယ်။ toxic ကျတော့လည်း အန္တရာယ်များလွန်းလို့ မခွဲရ။ non toxic ကျတော့လည်း ဒီအတိုင်းထားရင် ရလျက်သားနဲ့ မေ့ဆေးဆရာဝန်မပါပဲ risk ယူပြီး မခွဲသင့်ဘူး လို့ဆိုတော့ ဘာကိုသွားခွဲရမှာလဲ လို့ စိတ်ထဲမှာတော့ အထွန့်တက်မိတာပေါ့လေ။ ဒီလိုသာဆို နာဂဦးသိန်းလှိုင်ကြီး ဘယ့်နှယ်လုပ်မလဲ။ သူဆို သစ်ပင်အောက်မှာ ထုံဆေးထိုးပြီး ခွဲတာဆို။ ကိုယ်လည်းပဲ ကြိုးကြာတောင်ပံလေးဘာလေး ခတ်ကြည့်ချင်တာပေါ့။ သူများတကာတွေ လိပ်ပြာတောင်ပံဖြတ်နေကြတာ အုတ်အော်သောင်းနင်းဟာကို။

ဒါပေမယ့် ဘယ်အရာမဆို ထောင့်စေ့အောင် စဉ်းစားပြီးမှ လုပ်တတ်တဲ့ အကျင့်အတိုင်း ကိုယ့်ရဲ့ ဆရာသမားတွေနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်ပါတယ်။ သူတို့ကလည်း အားမပေးပါဘူး။ မခွဲခင်မှာ ဘာမှမဖြစ်သေးတဲ့ လူနာတစ်ယောက်ကို ခွဲလိုက်စိတ်လိုက်တဲ့အခါကျမှ တစုံတရာ အန္တရာယ် ဖြစ်ခဲ့သည်ရှိသော် ကိုယ့်ဘက်က ဘာလုပ်ပေးနိုင်မှာလဲ ဆိုတာ ကြိုတင်စဉ်းစားထားရမယ့် အကြောင်းအရာပဲ မဟုတ်လား။ ကိုယ် ဒီမှာ အလုပ်လုပ်ရခြင်းရဲ့အဓိကရည်ရွယ်ချက်က အန္တရာယ်ရှိတဲ့ လူနာတွေကို အသက်ကယ်ဖို့။ ကိုယ် တခုခု မလုပ်ပေးရင် သေသွားနိုင်တဲ့လူနာတွေကို စွန့်စွန့်စားစား ခွဲစိတ်ကယ်တင်ရတာ လူနာအတွက်ရော ဆာဂျင်အတွက်ရော တန်တယ်လေ။ လူအကောင်းကြီး ကိုယ်ခွဲမှ ဒုက္ခဖြစ်သွားရင် ကိုယ်တိုင်လည်း ဘယ်လိုမှ စိတ်ကောင်းနိုင်မှာ မဟုတ်။ အချိန် အတိုင်းအတာ တစ်ခုအထိလည်း အလုပ်ဆက်လုပ်နိုင်မှာလည်း မဟုတ်ဘူး။ ဆရာကတော့ ကိုယ့်ဦးတည်ရာ လမ်းကို ပျောက်မသွားအောင် အလင်းပြတာပါ။ ခွဲရတဲ့ ရည်ရွယ်ချက်ကို ကိုယ့်ဘာသာ ပြန်စဉ်းစားမိတယ်။ လူနာကို ကယ်တင်ဖို့ လို့ ပြောရအောင် လူနာက ဘာဖြစ်နေတာမို့လဲ။ “ဒီဆရာဝန်လေးလည်း ဒါမျိုးတွေ ခွဲတတ်တယ်တော့။” ဆိုပြီး လူအထင်ကြီးခံချင်စိတ်များ ကိုယ့် မသိစိတ်မှာ ရှိနေလေမလား။ “ဒီတစ်ခါလည်းပဲ ငါ ရအောင် လုပ်ပြလိုက်နိုင်ပြီကွ။” ဆိုပြီး ကိုယ့်အတ္တကိုယ် တည်ဆောက်ယူချင်တဲ့စိတ် တစိုးတစိမှ မရှိတာ သေချာပြီလား။ ကိုယ့်အတွက်ကတော့ ဆရာဝန်တစ်ယောက်ရဲ့အသက်ဟာ သူလိုက်နာစောင့်ထိန်းအပ်သော “Hippocrates’ Oath” ပါ။ “လူနာ၏အရေးကို မိမိ၏အရေးကဲ့သို့ မှတ်ယူကုသပါအံ့။” တဲ့။ ကိုယ်သာ လူနာဆိုရင် လူနာရှင်ဆိုရင် အခုလိုအခြေအနေမျိုးမှာ high risk elective operations တွေကို တောထဲတောင်ထဲမှာ အခွဲခံနိုင်ပါ့မလား။ အဲ့သလိုတွေ စဉ်းစားမိတဲ့အခါမှာ ဘယ်လိုပင် အားကျအတုယူမိသော်လည်း ထက်မြက်တဲ့ ဓါးသွားပေါ်က ချိုမြမြ ပျားရည်စက်တွေကို မလျက်တော့ပါဘူး။ အရေးပေါ် နဲ့ အသည်းအသန် အခြေအနေတွေမှာ အသုံးချနိုင်ဖို့ ကိုယ့်ရဲ့ပညာတွေ အားအင်တွေကို save လုပ်ရဦးမယ်။ လက်ခုပ်သံကြားချင်မှတော့ ဆိုက်ကားပဲ နင်းစားလည်း ရတဲ့ဟာကို။ လူနာတွေအတွက် ကိုယ်တို့ခွဲခန်းရဲ့ ဦးထိပ်ထားရာကတော့ “safety first” ပါပဲ။ ဗုံးကျလို့တောင် ပစ်မပြေးပါဘူး။ စိတ်ချလိုက်။ အဲ့ဒါနဲ့မှ ခွဲနေတဲ့အချိန် ခွဲခန်းပေါ် တည့်တည့်ကြီး ဗုံးလာချတယ်ဆိုရင်လည်း ဒီစာကို ထွမ်စလိတ်လုပ်ပြီး UN မှာ No Fly Zone ရအောင် တောင်းယူကြပါလို့ မှာခဲ့တယ်။ ကြားလား။