ချန်ဂင်တို့စခန်း (၁၃၆)

ဒီမနက် မိုးတွေရွာပြန်ပြီ။ ပိုအေးလာတာပေါ့။ ရာသီဥတုက ကြမ်းတော့ ပန်းနာသမားတွေ ရင်ထထကြပ်ကြတယ်။ ဆေးရုံမှာ မှုတ်စက်ကလေးနဲ့ ရှုလိုက်ရင် ချောင်သွားမှန်း သိနေကြတော့ ဆေးကို မှန်မှန်မသောက်ပဲ ရင်ကြပ်ခါမှ ဆေးရုံပြေးပြေးလာကြတယ်။ ညကြီးသန်းခေါင် ဆေးရုံပြန်ပြီး လူနာကြည့်ရတာ အဆင်မပြေပါဘူး လို့ ဘယ်လောက်ပဲ ပြောပြော လူဆိုတာ ကိုယ့်ကိစ္စပဲ ကိုယ်သိကြတာလေ။ အလကားရတဲ့အရာတွေဆိုတော့ မရှိတော့တဲ့အခါကျမှပဲ တန်ဖိုးနားလည်ကြမယ့်သူတွေ။ သူတို့ရှူချင်တဲ့ လေမှုတ်စက်ကလေးက မီးစက်နှိုးမှ အလုပ်လုပ်တာ။ မီးအားမမှန်ရင် အငွေ့မထွက်ဘူး။ ဒါနဲ့ စက်အသစ်တစ်လုံး ထပ်ဝယ်ထားပြီး မေ့ဆေးဆရာဝန်ဆီ အကူအညီတောင်းတဲ့အခါ ဆရာမေ့က မီးမထွန်းပဲ အငွေ့ထွက်တဲ့ ပပဝတီဆေးငွေ့လွှတ်ဗူးကလေးတွေ ပို့ပေးတာ အဆင်ပြေသွားတယ်။ သို့သော်လည်း ရေရှည်ကျ ဆက်မသုံးနိုင်တော့ပဲ မီးစက်ပြန်နှိုးရတယ်။ သူက အောက်ဆီဂျင်ဆလင်ဒါနဲ့ တွဲသုံးရတာလေ။ ဒီတစ်လနှစ်လအတွင်း အောက်ဆီဂျင် ဆလင်ဒါ ၈ လုံးကုန်သွားလို့ မျက်လုံးပြူးသွားတယ်။ ဒီတိုင်းဆို မီးစက်နှိုးတာကမှ သက်သာဦးမယ်။ ကုန်ဆုံးတတ်သောပစ္စည်းများဆိုတာ လူနာများရင် မထင်မှတ်လောက်အောင် အကုန်မြန်တာပဲ။ မကုန်ခမ်းနိုင်သော စေတနာများကြောင့်သာ သည်ကနေ့ သည်အချိန်အထိ တောင့်ခံပြီး ဆက်ကုနိုင်တာ။ ဆေးတစ်ခါတစ်ခါမှာရင် ဆယ်သိန်းဖိုးလောက် ကုန်ကျတယ်။ တစ်လကို အနည်းဆုံး လေးခေါက်လောက်တော့ မှာရတယ်။ အဲ့ဒါ လည်ပတ်နေတဲ့ မတည်ငွေ မဟုတ်ဘူး။ စီးဆင်းသွားတဲ့ ကုန်ကျစားရိတ်။ ကိုယ်သုံးဖို့ကိုယ် လောက်အောင်မရှာနိုင်တဲ့သူက အခုကျမှပဲ တစ်ဆေးရုံလုံး လည်ပတ်ဖို့ အပတ်တကုတ် လုံးပန်းနေရတယ်။

မဏိစန္ဒာကတော့ တဖြေးဖြေးနဲ့ တော်တော်လေး သက်သာလာပြီ။ မန္တလေးကို လွှတ်လိုက်တဲ့ကလေးလည်း ကျန်းကျန်းမာမာ နဲ့ ပြန်ရောက်လာပြီ။ နှစ်ပါတ်ပြည့်မှ သွေးဖောက်စစ်ဖို့ ပြန်ချိန်းထားတယ်။ အသည်းတွေ နှလုံးတွေ မကောင်းလို့ ရေဖျဉ်းကြီးနဲ့ ဖောဖောယောင်နေတဲ့လူနာတွေလည်း ပြန်ဆင်းသွားပြီ။ လူနာတွေကလည်း လာပြီဆိုရင် တူရာတူရာ အုပ်စုလိုက်ကို လာတာဗျ။ ပြီးခဲ့တဲ့တစ်လလုံးလုံး ဖောသွပ်ဖောယောင် ဆီးမထွက်တဲ့ လူနာတွေချည့်ပဲ လာတယ်။ ဆီးဆေးတွေဝယ်လို့မလောက်၊ မှာလို့ မလောက်အောင် ကုန်တယ်။ မနက်မိုးလင်းတိုင်း ပေါင်ချိန်ပြီး ဆီးချက် ဆီးချင် လုပ်ရတယ်။ ခုထက်ထိလည်း ဝါဒ်ထဲမှာ Chronic Kidney Disease နဲ့ လူနာတစ်ယောက် တင်ထားရတုန်းပဲ။ အမှန်တော့ မန်းလေး မြစ်ကြီးနား သွားပြရမယ့် လူနာတွေပါ။ ဒါပေမယ့် ဒီမှာ ဆရာဝန်ရှိတယ်။ သူက ကုပေးနေတယ် ဆို အကုန် ကိုယ့်ဆီကိုပဲ လာကြတာကိုး။ လာမှတော့ ငြင်းလို့ဘယ်ရမလဲ။

ဒီလမှာကျတော့ ပန်းနာရင်ကြပ်တွေ အလာများလို့ အောက်ဆီဂျင်တွေ အာဖျန်းဆေးတွေ အကုန်မြန်တာပါ။ အေးတာရယ်၊ မီးလှုံလို့ မီးခိုးငွေ့ရှူရတာရယ်၊ စပါးသိမ်းတော့ ရိတ်ခြွေစက်တွေနဲ့ ဖုန်တွေအမှုန်တွေ တသောသောဝင်လို့ရယ်။ ညဘက်ကျရင် အသက်ရှူကြပ်ကုန်ရော။ တစ်နှစ်အောက်ကလေးလေးတွေက ပိုသနားဖို့ ကောင်းတာပါ။ သူတို့မှာ အအေးမိတုပ်ကွေးလေး နည်းနည်းဝင်မိတာနဲ့ နမိုးနီးယား တန်းဝင်တော့တာပဲ။ ဘာကာကွယ်ဆေးမှ မရကြတဲ့ကလေးတွေမို့လား။ ကိုယ့်ဆေးရုံမှာ ကလေးတစ်ယောက် ဆုံးသွားဖူးလို့ အဲ့ဒီအရွယ်ကလေးတွေဆို အတတ်နိုင်ဆုံး ဂရုစိုက်ပါတယ်။ သူတို့အရွယ်လေးတွေလည်း ညညဆို နှာပိတ်ပြီး မအိပ်နိုင်ကြလို့ nebulizer နဲ့ ရေနွေးငွေ့လေးပေးပြီး နှပ်ချေးဖျော်ရတာပါပဲ။ ဂေါက်ရောဂါသမားတွေလည်း ဒီရာသီဆို အဆစ်အမြစ်တွေ ယောင်ရမ်းကိုက်ခဲပြီး ရောက်လာကြတယ်။ ခြေထောက်တစ်ချောင်းလုံး ပြည်တွေတည်မှ ကိုယ့်ဆီရောက်တာ။ ရာသီပြောင်းချိန်ဆို အပြင်ရောအတွင်းရော ဥပါဒ်ဝင်တတ်တယ် ဆိုတာ ဟုတ်မှာပါပဲ။ ကိုယ့်ဘာသာကိုယ်တော့ ကျန်းမာနေသား။ သူများကုနေရတာနဲ့ မအားလို့ ထင်ပါရဲ့။ နှစ်သစ်အတွက်တော့ တိုးချဲ့လူနာဆောင် တစ်ဆောင် ထပ်ဆောက်ဖို့ လုပ်နေပါပြီ။ အမျိုးသမီး လူနာဆောင်သပ်သပ်ခွဲထားလို့ ရတာပေါ့။ နောက်ထပ်လည်း အစီအစဉ်ကောင်းလေးတွေ လာဦးမယ်။

အခုလာမယ့် နှစ်သစ်အတွက် ပို၍ကောင်းသော အထူးအစီအစဉ် ကတော့ မေ့ဆေးစက်တစ်လုံး ရောက်လာတာပါပဲ။ လိုချင်တာ ကြာပြီ။ စောင့်ရတာလည်းကြာပြီ။ အားခဲလာတာလည်း ကြာပြီ။ ခက်ခဲတဲ့ကိစ္စတစ်ခု အဆင်ပြေချောမောသွားခဲ့ပြီလေ။ သူလာမှ ခွဲလို့ရမယ့် လူနာတွေ ကိုယ့်ဆီမှာ တန်းစီစောင့်နေတယ်။ သည်းခြေလမ်းကြောင်း ကျောက်တည်တာက တစ်ယောက်၊ လည်ပင်းကြီး ရောဂါသည်က နှစ်ယောက်။ ခါတိုင်း major operations တွေဆို နှစ်နာရီ ကျော်လို့ မဖြစ်ဘူး ဆိုတဲ့စိတ်နဲ့ အသည်းအသန် တက်သုတ်ရိုက်ပြီး ခွဲရတဲ့ ဒုက္ခက လွတ်ပြီ။ သို့သော် အသက်ရှုစက်ကြီးသုံးပြီး ပတ်ကားမေ့ဆေးပေးရတဲ့ နောက်ထပ် အဆင့်မြင့်သိုင်းကွက်ကြီးကို ကျွမ်းကျင်အောင် ကြိုးစားရဦးမယ်။ နှစ်ဦးမှာ စိန်ခေါ်မှု အသစ်အဆန်း တစ်ခုပေါ့။ မေ့ဆေးဆရာဝန် တစ်ယောက်လောက်ရရင် ဘယ်လောက် ကောင်းလိုက်မလဲကွာ။ သာသာယာယာ အေးအေးဆေးဆေး ပစ္စည်းကိရိယာ စုံစုံလင်လင်နဲ့ တောထဲတောင်ထဲက အခမဲ့ဆေးရုံကလေးမှာ အပူအပင်ကင်းကင်း ဆေးထိုင်ကုနေကြတဲ့သူတွေ ရှိတယ်ဆိုတာ ပြောလို့တောင် ယုံမှာ မဟုတ်ဘူး။ “တောမြိုင်ယံအတွင်း သင်းပျံ့လို့ရယ် နတ်တွေဖန်ဆင်းတယ်။” ဆိုတာမျိုးပဲ။ ဆေးတွေဝါးတွေဆိုတာ ဥုံဖွ နဲ့ လိုတရနေတယ် ဆိုတော့ လူသားစင်စစ်တွေမှ ဟုတ်ရဲ့လား။ “ဝိဇ္ဇာဇော်ဂျီ ပေါသည့်မြိုင်လယ် ထူးဆန်းအံ့ဩဖွယ်။” လို့ ထင်ကြမှာပေါ့။ မေမေရှင့်အသံလေးတောင် ကြားယောင်လာပြီ။

နတ်တွေသိကြားတွေဆိုတာ မြင်တော့ မမြင်ရဘူးပေါ့။ ဒါပေသိ မြင်အပ် မမြင်အပ် နှစ်ရပ် များစွာ သတ္တဝါတွေ ရှိတယ်လို့ ဆိုကြတယ် မဟုတ်လား။ အခုလိုမျိုး ကြံစည်တိုင်း စိတ်ကူးတိုင်း အောင်မြင်၊ လိုချင်တိုင်း တောင့်တတိုင်း ပြည့်စုံ၊ ဆောင်ရွက်သမျှ လုပ်ငန်းဆောင်တာတိုင်း ပြီးမြောက်ဖို့ရာ ငါတော်လို့ ငါတတ်လို့ ဆိုတာတော့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မြင်အပ်ရော မမြင်အပ်ရော စောင့်ရှောက်ကြလို့။ ကြောက်တတ်ရော မကြောက်တတ်ရော ကူညီဖေးမကြလို့။ ရှည် တို အလတ် သုံးရပ်ခန္ဓာ သတ္တဝါတွေ ကိုယ့်အပေါ် မေတ္တာမပျက်လို့ပေါ့။ ဦးဖိုးစိန်သီချင်းထဲကလို ဆိုရရင် “ချစ်တာကို လှစ်ကာထုတ်ပြန်တော့ မေတ္တာသုတ်အရောင်ကြောင့် နုသားတော်လေးက ထိန်ကြည် ထိန်ကြည် ထိန်ကြည်။” တဲ့။ နေ့စဉ်နဲ့အမျှ ဆုတောင်းပေးနေကြတဲ့ မေတ္တာစာတွေ ဖတ်လို့တောင် မကုန်။ ဝိုင်းဝန်းတဲ့သူတွေများလို့ ဒီဆေးခန်းကလေး ဒီကနေ့ဒီအခြေအနေအထိ တိုးတက်ပွါးများလာတာ မဟုတ်လား။ လူတွေကလည်း စွမ်းပါတယ်။ နတ်တွေကလည်း မ ပါတယ်။

အခုလောလောဆယ်တော့ အုန်းသီးအသစ်ရထားတဲ့ မျောက်ကလေးတွေပေါ့လေ။ ဒီအရေးတွေမြင်လို့ ကိုယ့်ဆီက ဆရာဝန်လေးနှစ်ယောက်ကိုလည်း online ပေါ်က မေ့ဆေးသင်တန်း တက်ခိုင်းထားတာ ကြာပေါ့။ local တွေ spinal တွေ သူတို့ဘာသူတို့ ထိုးနေတာ များလှပြီ။ ဒီတစ်ခါတော့ GA ပေးတတ်အောင် သင်ရတော့မယ်။ ကိုယ်လည်း အဆင့်တက်၊ သူတို့တတွေလည်း အဆင့်တက်။ နောင်ကျရင် ဒီကထွက်သွားတဲ့ ဆရာဝန်ဆိုတာ ဘယ်လိုဆရာဝန်မျိုးလဲ နမူနာပြစရာ ရတော့မှာ။

နဂိုတည်းကိုက မြန်မာပြည်မှာ မေ့ဆေးဆရာဝန် လုံလုံလောက်လောက် ရှိတာ မဟုတ်ဘူး။ ကိုဗစ် ကပ်ရောဂါဖြစ်တော့ ဆေးရုံတွေနဲ့ ကိုဗစ်စင််တာတွေမှာ အပတ်လည်အောင် အလုပ်လုပ်ဖို့တောင် မေ့ဆေးအင်အား အလုံအလောက် မရှိလို့ နယ်မှာ တာဝန်ကျနေတဲ့ မေ့ဆေးဆရာဝန်တွေကို ရန်ကုန်၊ မန္တလေး ပြန်ခေါ်ထားရတယ်။ အဲ့ဒါတောင်မှ P ဖြစ်လို့ Q ရရင် အလုပ်လုပ်စရာ လူကို မရှိတော့ဘူး။ ဒီအခြေအနေတွေကြောင့် သူတို့ကိုကူဖို့ ဧရာဝတီစင်တာမှာ လုပ်အားသွားပေးခဲ့ရတာလေ။ CDM လုပ်တဲ့သူတွေ၊ အလုပ်ထွက်တဲ့သူတွေ၊ နိုင်ငံခြားထွက်သွားတဲ့သူတွေ နဲ့ မေ့ဆေးဆရာဝန် လိုအပ်ချက်ကို နောက်ဆယ်နှစ်လောက်နေလည်း ပြန်ဖြည့်နိုင်မှာ မဟုတ်ဘူး။ အဲ့ဒါကြောင့်မို့လို့ ခက်ခဲတဲ့ အခြေအနေတွေမှာ လုပ်နိုင်ကိုင်နိုင်ရှိအောင် မေ့ဆေးပညာကလည်း မဖြစ်မနေ သင်ယူထားရမယ့် သဘောရှိတာပေါ့။ မေ့ဆေးမခေါ်ပဲ အပြင်ဆေးခန်းမှာ ကိုယ်တစ်ယောက်တည်း ခွဲစားဖို့အတွက်မှ မဟုတ်တာ။ ဘယ်လူနာဆီကမှ ဆာဂျင်ဖိုး မေ့ဆေးဖိုး တောင်းနေတာ မဟုတ်ဘူး။ ဆေးဖိုးတောင် ကိုယ်က စိုက်ပေးနေတဲ့ဥစ္စာ။ နေရာတကာ အကုန်သိတယ် အကုန်တတ်တယ်။ တမိုးလုံး ဖျောက်ဆိပ် လုပ်ချင်တာ မဟုတ်ပါဘူး။ လုပ်ပေးနိုင်သမျှအားလုံး အကောင်းဆုံးဖြစ်အောင် လုပ်ပေးချင်တဲ့ စိတ်ပဲ ရှိတယ်။ ဒီကလူတွေက ခွဲခန်းထဲ ဝင်သွားရင် ဘယ်သူက ဘာအလုပ်လုပ်တယ် ဆိုတာတောင် သိချင်မှ သိမယ်။

လူနာတွေလာပြကြတယ်။ သူတို့အနေနဲ့ ကိုယ့်ကို ဆရာဝန်တစ်ယောက် အနေနဲ့ပဲ သိလိမ့်မယ်။ ဘာဆရာဝန် ဘာအထူးကုမှန်း သိကြတာ မဟုတ်ဘူး။ ကိုယ့်ဘက်ကလည်း လူနာအနေနဲ့ပဲ ကြည့်လိုက်တာ။ medical case လား။ surgical case လား။ OG case လား။ ခွဲခြားနေတာ မရှိပါဘူး။ သူ့ရောဂါဝေဒနာက ဘာလဲ။ ကိုယ် ဘာလုပ်ပေးလို့ရသလဲ။ ဒါပဲ ကြည့်တာ။ ကိုယ် မတတ်နိုင်ရင် တတ်နိုင်တဲ့လူဆီ အကူအညီတောင်းပေးတယ်။ လွှဲစရာလိုရင် သင့်တော်တဲ့ဆီကို မေးမြန်းချိတ်ဆက်ပြီး တည့်တည့်မတ်မတ် ရောက်အောင် ညွှန်တယ်။ သူ့အလုပ်သူလုပ် ကိုယ့်အလုပ်ကိုယ်လုပ်တာ ကောင်းတယ် ဆိုပေမယ့် ကိုယ့်ချည့်ပဲ ရှိတဲ့အရပ်မှာ ကိုယ့်ဘာသာ အကုန် လုပ်ရတာပေါ့။ ဒါကြောင့်မို့လို့ ဆရာဝန်တစ်ယောက် လုပ်တဲ့အလုပ်တွေ မှန်သမျှ လုပ်တတ်အောင် လုပ်နိုင်အောင် ကြိုးစားတယ်။ ဘယ်သူ့အတွက်မှ မဟုတ်ဘူး။ လူနာအတွက်။

“တော်လိုက်တဲ့ ဆရာဝန်လေးကွာ။ သူ့အကြောင်းသူရေးတာ သူ့လောက် ကောင်းတာ ဘယ်သူမှ မရှိသလောက် ပါပဲလား။” လို့ မေတ္တာပို့ကြတော့မယ် ထင်ပါတယ်။ “တောင်တောရယ်သာ” လို့ ဆိုရင်တောင် “မြောက်တော က မသာဘူး ပြောချင်တာလား။” ဆို အလိုလိုနေရင်း မျက်မုန်းကျိုးမယ့်သူတွေ အများကြီး။ ကိုယ့်စိတ် ကိုယ့်တော ကိုယ့်သဘောပါကွယ်။ သူတို့လည်း သူတို့စိတ် သူတို့သဘောထဲ သူတို့တောက သာတယ်ထင်လို့ သူတို့ဘာသာနေတာ။ မနာလိုစရာလည်း မရှိဘူး။ ဝမ်းနည်းစရာလည်း မရှိဘူး။ အပြစ်လည်း မပြောပါဘူး။ ကိုယ့်အထုပ်ကိုယ်ထမ်း ကိုယ့်လမ်းကိုယ် လျှောက်စမြဲ။ အဲ့ဒါကြောင့် ကိုယ့်အကြောင်းပဲ ကိုယ်ရေးတယ်။ သူများအကြောင်းတွေ သိပေမယ့် မှတ်မိပေမယ့် မရေးပါဘူး။ အလကားနေရင်း မနောပျက်တယ်။ ကိုယ့်အတွက် အထောက်အကူ မဖြစ်တဲ့အရာတွေကို စိတ်ထဲမှာ သယ်ဆောင် မလာဘူး။ လွှတ်ချထားခဲ့တယ်။

ဆရာဝန်အလုပ်ဆိုတာ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေထဲမှာ ရိုက်ပြထားသလို လေပြေညှင်းကလေးတွေ ပန်းဝတ်မှုံကလေးတွေနဲ့ ညင်သာငြိမ့်ငြောင်း မနေပါဘူး။ စိန်ခေါ်မှုတွေ အခက်အခဲတွေနဲ့ အမြဲရုန်းကန် ရင်ဆိုင်နေရတာပါ။ လူနာတွေအမြင်မှာ သက်တောင့်သက်သာ လိပ်ပြာကလေးပျံဝဲနေသလို ညက်ညောမျောလွင့်နေပေမယ့် တကယ်တမ်းတော့ သူ့ ရင်ထဲမှာ မုန်တိုင်း နဲ့ လှိုင်းကြမ်းကို ကျော်ဖြတ်နေရတာလည်း ဖြစ်ချင်ဖြစ်မယ်။ တဘက်မှာ သူ ရင်ဆိုင်နေရတာက သေခြင်းတရား၊ နာခြင်းတရားတွေလေ။ သူ့အလုပ်အတွက် စိတ်ချမ်းသာမှု ပီတိသုခကို ရယူခံစားနိုင်တယ် ဆိုရင်တောင် အဲ့ဒီပီတိသုခဟာ လူနာတွေရဲ့ ဒုက္ခဆင်းရဲကနေ အခြေခံပြီး ဖြစ်ပေါ်လာရတာပါ။ နေမကောင်းတဲ့သူကို နေကောင်းအောင် ကုပေးလိုက်မှ ကျန်းမာခြင်းရဲ့ အရသာကို လူနာက ခံစားရတာ။ နဂိုကတည်းက ကျန်းမာနေတဲ့သူအတွက် ဆရာဝန်မလိုဘူး။ အဲ့ဒါကြောင့်မို့လို့ တွယ်တာတို့၊ မြတ်နိုးတို့၊ သံစဉ်တို့က သူတို့အလုပ်မသွားခင် “ညကျရင် မုန့်ဖိုးများရီးပေးမယ့် ချစ်ကိုရီးတွေ လာပါစေ။” ဆို အမွှေးတိုင် ဖယောင်းတိုင်ထွန်းပြီး ဆုတောင်းတာ ကောင်းတဲ့အလုပ်ပေမယ့် ဆရာဝန်တွေ ဆေးခန်းအဝထိုင်ပြီး လာဘ်ခေါ်ကြောင်ရုပ်ကလေးနဲ့ ဝင်လာမစဲ တသဲသဲ လုပ်တာက သိပ်တော့ အဆင်မပြေဘူး။။ လူ့သဘာဝအရ သူနာ သူသေဆိုတာ ဘယ်သူမှ ရှောင်လွှဲလို့ မရဘူးဆိုတော့ ဆရာဝန်တွေ သုံးစားလို့ရတဲ့ ကာလကလည်း အဲ့ဒီမှာပဲ ရှိနေတယ်။ ဝေဒနာတွေကို ပျောက်ကင်းသက်သာသွားအောင် ကူညီနိုင်တယ်။ လတ်တလော အသက်အန္တရာယ်ကနေ လွတ်မြောက်အောင် ကယ်တင်နိုင်တယ်။ သို့သော်လည်း တချိန်မှာ ဆရာဝန်က ရှုံးကိုရှုံးတယ်။ အဆုံးသတ်မှာ ဆရာဝန်ကိုယ်တိုင်လည်း သေရတာပဲလေ။ အဲ့ဒါကြောင့် ဆရာဝန်တစ်ယောက်ရဲ့ လုပ်ငန်းခွင်ဆိုတာ မြူးကြွတဲ့တေးသံ ပျံ့လွင့်လို့နေမယ် မထင်နဲ့။ ရှိတဲ့ပညာတွေ အိပ်သွန်ဖာမှောက် ချသုံးနိုင်စွမ်းမရှိရင် တေးသံ မချို၊ ပန်းတွေ ငို၊ နွေမက ပူတယ်။ အင်မတန် စိတ်ပင်ပန်းရတဲ့ အလုပ်ပါလေ။

အဲ့ဒီလုပ်ငန်းခွင်ထဲမှာ ကိုယ်ကျင်လည်နေခဲ့ရတာ ၂၇ နှစ် ရှိပြီ။ လက်ရှိသက်တမ်း ထက်ဝက်လောက်က ဆရာဝန် လုပ်နေတာ။ မပင်ပန်းပဲ ဘယ်နေမလဲ။ ပင်ပန်းတာပေါ့။ စိန်ခေါ်မှုတွေ တစ်ခုပြီးတစ်ခု တိုက်ပွဲဝင်နေခဲ့တဲ့ အခုတစ်နှစ် အပင်ပန်းဆုံးပဲ။ “Making love out of nothing at all” လေ။ ကိုယ့်စိတ်ကိုယ့်သဘောနဲ့ ကိုယ့်ဘာသာ လုပ်နေရတဲ့အလုပ်မို့သာပဲ။ သူများခိုင်းလို့ လုပ်ရတာသာဆို ဘယ်လိုမှ မလုပ်နိုင်လောက်ဘူး။ အလုပ်ရဲ့ စိတ်ဖိစီးမှုတွေ၊ tension တွေ လျော့သွားဖို့ တခြား ဝါသနာပါရာ တစ်ခုခု လုပ်နေသင့်တယ် ထင်တာပဲ။ ဟိုးအရင်တုန်းက အလုပ်သမားဆေးရုံမှာ လူနာခွဲရင်းနဲ့ သီချင်းဆိုလေ့ရှိတယ်။ ပေါ့တီးပေါ့ဆ လုပ်တဲ့သဘော မဟုတ်ပါဘူး။ အပျံသင်စဆိုတော့ ခွဲစိတ်မှုရဲ့ဖိအားကို တတ်တဲ့နည်းနဲ့ လျှော့ချပစ်တာပါ။ သီချင်းလေးတအေးအေးနဲ့ အလုပ်လုပ်နေတယ် လို့ပဲ မြင်စေချင်တာ။ တခြားလူတွေရှိရင်တော့ ကိုယ့်ကြောင့် စိတ်အနှောက်အယှက် ဖြစ်မှာစိုးလို့ မဆိုပါဘူး။ ကိုယ့်ဆရာတစ်ယောက်ကပြောဖူးတယ်။ ခွဲခန်းထဲမှာ ရယ်မောပျော်ရွှင်ပြီး စကားတပြောပြောနဲ့ သီချင်းသံလေးတွေ ကြားနေရတယ် ဆိုရင် အထဲက ငါတို့လူနာကို ဂရုမှ စိုက်ကြပါ့မလား လို့ စိတ်မပူပါနဲ့တဲ့။ ခွဲခန်းထဲမှာ အပ်ကျသံတောင်မကြားရအောင် တိတ်ဆိတ်နေပြီး ဆရာမတွေ အလုပ်သမားတွေ ခြေဟန်လက်ဟန်ပြ ဆက်သွယ်၊ သုတ်သီးသုတ်ပြာ အလုပ်လုပ်နေပြီဆိုရင် အဲ့ဒါကမှ လူနာအတွက် စိတ်ပူရတဲ့ အခြေအနေပါတဲ့။

အခု ကိုယ့်အခြေအနေဟာ စိတ်ပူရတဲ့ အခြေအနေလား မပြောတတ်ပါဘူး။ သီချင်းမဆိုနိုင်တာ အတော် ကြာပြီ။ နားလည်း မထောင်ဖြစ်။သူများဖွင့်ထားလို့ ကြားရင်တောင် ပျော်ရွှင်နှစ်ခြိုက် မသွားဘူး။ ဘယ်လိုများ ဖြစ်ရပါလိမ့်။ အရင်ကဆို ဥပုသ်စောင့်ရင်းတောင် သီချင်းမဆိုမိအောင် ထိန်းလို့မရ။ နာရေးကာလတောင် ယောင်ယောင်ပြီး သီချင်းဆိုမိ။ တေးမြုံငှက်ကလေးများ ဖြစ်သွားပြီလား လို့ ရေးခဲ့သေးတယ်။ ဒါပေသိ သိပ်တော့ မဆိုးသေးပါဘူး။ တခါတခါ အိပ်မက်ထဲမှာ သီချင်းတွေ ဆိုနေသေးတယ်။ unplugged လေးနဲ့ ဆိုတဲ့အခါဆို။ ကီးဘုတ်လေးနဲ့ ဆိုတဲ့အခါဆို။ သံစဉ်တွေလည်း ပျောက်မသွားသေးဘူး။ စာသားတွေလည်း မေ့မသွားသေးဘူး။ အိပ်ယာကနိုးတဲ့အခါ “ကြည့်စမ်း။ ဒီသီချင်းလေးက ဆိုလို့အကောင်းသားပဲ။ နောက်တစ်ခါကြုံရင် အဲ့ဒါဆိုမယ်။” လို့ တေးမှတ်ထားလိုက်တယ်။ ဟုတ်တယ်။ ပြန်ဆိုဦးမယ်။ သီချင်းလေးတွေကို။ အိမ်ပြန်ရောက်တဲ့အခါ။