ချန်ဂင်တို့စခန်း (၁၃၄)

ဒီဇင်ဘာလကြီးပေမယ့် မိုး က ရွာချင်လည်း ရွာတာပါပဲ။ မနက်လင်းတဲ့အချိန် တိတ်သွားလို့ တော်သေးတာပေါ့။ မိုးရွာလိုက်တဲ့အတွက် ခါတိုင်းလို နှင်းတွေမြူတွေ မပိတ်ပဲ ရှင်းရှင်းလင်းလင်း ဖြစ်သွားပြီး ဖုန်တထောင်းထောင်း ထနေကျ လမ်းကလေးတွေလည်း စိုစိုစွတ်စွတ်နဲ့ ဖုန်သိပ်သွားတယ်။ သစ်ပင်သစ်ရွက်ကလေးတွေက ရေချိုးပြီးကာစ လူတစ်ယောက်လို သစ်သစ်လွင်လွင် ဖြစ်သွားတယ်။ အအေးပေါ့သွားသလို ရှိပေမယ့် နေထွက်ချိန်မှာ တိမ်တွေအုပ်လိုက်ဆိုင်းလိုက်နဲ့ဆိုတော့ နွေးတဲ့ဆီ မရောက်တော့ဘူး။ နေရောင်လေးမြင်ရင် အပြင်ထွက်ထွက် လှုံရတာ အမော။ ခါတိုင်းလို ချောင်းထဲမှာ ရေမချိုးနိုင်တော့ဘူး။ မီးစက်နှိုးပြီး ရေနွေးစက်ကလေးနဲ့ ချိုးရတယ်။ ခွဲခန်းထဲမှာ drip သွင်းရင်တောင် ရေနွေးခွက်ကလေးထဲ ဖြတ်ပြီးမှ လူနာကိုယ်ထဲ ပေးဝင်ရတယ်။ နို့မို့ဆို ချမ်းတုန်တက်လာတတ်လို့။ ရေနွေးအိပ်ကလေးတွေလည်း ပြန်ပြင်ရတယ်။ အေးခဲ့ပြီလေ။ လူနာတွေလည်း ချမ်းရှာကြတယ်။ စောင်ခြုံကလေးနဲ့ မီးပုံကလေးနဲ့ နေကြတယ်။ ကိုယ့်တို့ဆီမယ် လူနာ နဲ့ ဆရာဝန်တွေလည်း ကိုယ့်ရှိတာ သူ့ရှိတာ ဝေခွဲမျှတ စားသုံးကြပါတယ်။ ဘာတွေရှိရမှာလဲ။ ခေါပုတ်၊ မုန်ညှင်း၊ ပေါင်းတင်း၊ ပိန်းဥ အဆက်မပြတ်အောင် ပေါများတဲ့ ကာလပါ။ ဒီကလူတွေ ဝမ်းချုပ်တာလည်း မပြောနဲ့။ နေ့တိုင်း ဒါချည့်စား ဆိုလည်း စားနိုင်တယ်။ ကိုယ်တို့တတွေ ဒီအရပ်နဲ့ အသားကျတယ် မကျတယ်။ မုန်ညှင်းချဉ်ကိုလည်း ကိုယ့်ဘာသာတည် စားတတ်ပြီ။ ရေစိမ်တွေ ဆန်စီးတွေလည်း ဆိုင်မှာ ဝယ်မစားတော့ဘူး။ ကိုယ့်ဘာသာပဲ ချက်စားကြတာ။ ခါတိုင်းလို အလုပ်ကလေးများ အားရင်ဖြင့် ကိုယ့်ဘာသာတောင် စိုက်စားချင်သေးတယ်။

အလုပ်ကတော့ မအားပါဘူး။ လူနာနည်းနည်း ပါးသွားပေမယ့် ခွဲခန်းကတော့ မှန်မှန်ဝင်ရတယ်။ ပြုပြင်ထိန်းသိမ်းရေး အလုပ်တွေ လုပ်ကြရတယ်။ အဆုတ်အအေးမိတဲ့ လေးလသား ကလေးလူနာတစ်ယောက် ရောက်လာလို့ အဖိတ်အစင် မရှိအောင် ဂရုစိုက်နေရတယ်။ ဆောင်းရာသီဆိုတာ ငှက်ကလေးတွေတောင် ဖျားတတ်နာတတ်လို့ တောင်ဘက်ပိုင်းကို ဆောင်းခိုရတာ မဟုတ်လား။ အင်းတော်ကြီးထဲမှာ ဆောင်းခိုငှက်တွေ အများကြီး ရှိတယ်။ ကိုယ်တို့ လူတွေလည်းပဲ hibernate မလုပ်ပေမယ့် နွေးထွေးရာရှာရတာ ဆောင်းကာလရဲ့ အရသာတစ်ခုပါပဲ။ လုံလုံခြုံခြုံ အိမ်ကလေးထဲမှာ စောင်ခြုံပြီး ကွေးအိပ်ရတာ အရသာ။ မီးပုံပူပူ နံဘေးမှာ လက်ကလေးဖြန့်ပြီး ကင်ရတာ အရသာ။ ထမင်းစားရင်တောင် ရေအေး မသောက်တော့ဘူး။ ရေပူကလေး တဖူးဖူး မှုတ်သောက်ရတာ အရသာ။ ခြေဖဝါး လက်ဖဝါး အေးစက်စက်ကလေးတွေကို ခြေအိပ်လက်အိပ်ကလေးစွပ်ပြီး ပေါင်ကြားချိုင်းကြား ညှပ်ထားရင်ကို အရသာ ရှိတယ်။ ဆောင်းရာသီဆိုတော့ ခါတိုင်းလို စောစောချက် ခူးခပ်ထား လူစုံမှစား မလုပ်တော့ဘူး။ ပြင်ဆင် လှီးချွတ်ထားပြီး စားကာနီးမှ ဒယ်အိုးထဲမှာကြော်၊ ပန်းကန်ထဲကော်ထည့်ပြီး ပူပူလောင်လောင် အငွေ့တထောင်းထောင်း တရုတ်စားစားကြတဲ့ အကျင့် ပြောင်းလာတယ်။ ဟင်းသီးဟင်းရွက်တွေကလည်း ပေါတယ်လေ။

အခုလို အလွန်အမင်း အေးတဲ့ ရာသီဥတုမျိုးကို ဒီအရပ်ရောက်မှ ကြုံဖူးတာတော့ မဟုတ်ပါဘူး။ လောက်ကိုင်မှာတုန်းကလည်း နေခဲ့ဖူးတယ်။ ဘူတန်မှာတုန်းကလည်း နေခဲ့ဖူးတယိ။ အမ်းမှာလည်း ဒီလိုအချိန်ဆို အရမ်းအေးတာလေ။ အေးတာချင်းတူပေမယ့်လည်း ဒီကအအေးဓါတ်ဟာ စွတ်စိုထိုင်းမှိုင်းပါတယ်။ အင်းတော်ကြီးကန်တစ်ခုလုံးရဲ့ ရေဝေရေလဲ တောတောင်စိမ့်စမ်းတွေ မဟုတ်လား။ ဒီမှာကျတဲ့ နှင်းဟာ ကောင်းကင်က မလာဘူး။ မြေပြင်က အငွေ့ပျံတက်လာတာ။ တိမ်တွေမြူတွေဆိုတာ ကွင်းပြင်ကျယ်တွေမှာ စုဝေးပြီးမှ အပေါ်ကို လွင့်ပျံသွားကြတယ်။ တောင်ပေါ်က တက်ကြည့်ရင်တော့ တိမ်တွေကို အောက်ဘက်မှာ တပြင်လုံး ဖုံးအုပ်ထားသလို မြင်ရလို့ တိမ်ပင်လယ် လို့ ခေါ်ကြတာပေါ့။ တောင်ခြေမှာ မင်မှောင်သိုင်းနေတဲ့ တိမ်ဆိုင်းတွေကို မွန်းတည့်နေကပဲ လင်းအောင်ထိုးဖောက်နိုင်တယ်။ ၁၁ နာရီလောက်မှ နေသာပြီး ၅ နာရီမထိုးခင် နေဝင်သွားတယ်။ ကျန်တဲ့အချိန်က လင်းပေမယ့် မှုန်မှိုင်းမှိုင်းနဲ့ရယ်။ မိုးတိမ်တိုက်တွေလို ကောင်းကင်က အရိပ်ကျပြီး မှောင်စေတာ မဟုတ်။ မြေပြင်က မြူခိုးတွေကို နေရောင်က မဖောက်နိုင်တာ။ မနက်ခင်းစောစောဆို ချောင်းရေပြင်ကလည်း ရေခိုးရေငွေ့လေးတွေ ဝေ့တက်လာရော။ ရှူရှူးလေးပေါက်လိုက်ရင်တောင် ရေနွေးဆူဆူကို လောင်းချလိုက်သလို အငွေ့တထောင်းထောင်း ထ လာတာ။ ရှူရှူးက အငွေ့ပျံတဲ့ မိုးတိမ်တိုက်တွေက နေပူတော်မှာ ပြေးပေါက်ရှာနေတဲ့ ကြင်စိုးနဲ့သားများခေါင်းပေါ်ကို တဖွဲဖွဲရွာချ။ “အဟင်းဟင်း။ ချစ်၍ရွာသောမိုးတွေလေ။” လို့ ဘေဘီနွဲ့ကြီး အသံနဲ့ ရယ်ကြည့်လိုက်။ အဲ့ဒါလည်း အရသာပဲဗျ။

ကြင်စိုးတို့အဖွဲ့တွေ ဒီဘက်ကို ခြေဦးမလှည့်ရဲသေးတာက TNLA နဲ့လည်း နှာခေါင်းကျည်ပွေ့ တွေ့ထားလို့ပါလေ။ ဓါတ်ပုံအဟောင်းကြီးနဲ့ မရှက်မကြောက် ဗြောင်လိမ်တာလည်း အလိမ်တွေပေါ်ကုန်လို့ အကုန်လုံး ဝိုင်းဟားနေကြတယ်။ “ကုန်ပလားဟေ့ ကြင်စိုးရေ့။” သွားအော်ရင်တောင် “မကုန်သေးဘူး ရည်မွန်ရေ့။” ပြန်အော်ပေးမယ့်သူ မကျန်တော့ဘူး။ စစ်ဆင်ရေးသွားခိုင်းတာ မသွားလို့ အာဏာဖီဆန်မှုနဲ့ ကိုယ့်လူကိုယ် ပြန်ဖမ်းနေရတဲ့ ဘဝ။ အုပ်ကြီးတွေ အကုန်လစ်သွားလို့ ဖွတ်တွေကိုယ်တိုင် အုပ်ကြီးဝင်လုပ်ခိုင်းနေရတယ်။ ခင်ရီတို့ မောင်မြင့်တို့ လှဆွေတို့လည်း ကိုယ့်လည်ပင်းကိုယ် ကြိုးတန်းလန်းလေးနဲ့ တည်ကြက်လုပ်ပြီး PDF ကလေးတွေ လာသတ်မလား လို့ မျှားခေါ်နေလေရဲ့။

လတ်တလော နိုင်ငံရေး အခြေအနေများအရ ကိုယ်တို့ဆီမှာ အခိုက်အတံ့တော့ အေးဆေးငြိမ်သက် နေဦးမယ့် သဘောရှိပါတယ်။ အဲ့သလိုဆိုရင်လည်း ကိုယ်တို့တတွေမှာ ကိုယ်လုပ်စရာရှိတဲ့အလုပ်ကလေးတွေကို ခပ်သုတ်သုတ်ကလေး တွန်းလုပ်ထားရုံပဲ ရှိပါတယ်။ အရှိန်တွေက မြန်ပြီး အချိန်တွေက မကျန်တော့တဲ့အခါ ကိုယ်တို့တတွေလည်း တွေဝေငေးမောနေလို့ မရဘူး။ အတွေးတွေ အပြောတွေ ပြီးခဲ့ပြီ။ အလုပ်နဲ့ သက်သေပြမယ်။ ရလပ်ကို မြင်ရစေ့မယ်။ ချန်ဂင်တို့စခန်းရဲ့ နှစ်ပါတ်လည် အထူးအစီအစဉ်မှာ ကျေနပ်အားရဖွယ် အရွေ့တစ်ခု မှတ်မှတ်ရရ ဖြစ်စေဖို့ ကြိုးစားနေပါတယ်။

ဒီလိုနဲ့ပဲ စာထဲဖတ်ရတာတွေတောင် ပျင်းစရာကောင်းလာပြီ မဟုတ်လား။ တောတောင်ရေမြေ နေရာဒေသအကြောင်းလေးတွေ ရေးမယ်။ အစားအသောက်ကလေးတွေ သူများစားချင်စဖွယ်ဖြစ်အောင် ရေးမယ်။ ပြီးရင် စစ်တပ်မကောင်းကြောင်း သောင်းပြောင်းထွေလာတွေ ပုတ်ခတ်ရေးသားပြီး တော်လှန်ရေးကြီး ကနေ့နက်ဖြန် အောင်မယ့်အကြောင်း false hopes တွေ ဝေဝေဆာဆာ နဲ့ နိဂုံးချုပ်မယ်။ ဒါပဲမဟုတ်လား။ မဲပြာပုဆိုးတွေ။

အေးလေ။ ဒါဆိုလည်း ဆယ်လီတွေအကြောင်း မဟုတ်ကဟုတ်က ဖွပြီး လူစုနေတဲ့ ထောက်ပြုတ်ခိုင်းဖတ်တွေဆီ သွားဖတ်ပေါ့။ ညှီတာလေးမှ ကြိုက်တယ်ဆိုရင်။ အချိန် ကာလ ၂ နှစ်ပြည့်လုတဲ့ထိ ကိုယ့်အကြောင်းကိုယ် သူများဖတ်ချင် လာအောင် စာအရှည်ကြီးရေးရတာ လွယ်တယ်များ မှတ်နေ။ ကိုရီးယားဇာတ်လမ်းတွဲတွေတောင် အပိုင်းဆက်ကြာလာရင် အီပြီးအိုင်သွားတတ်တာ သဘာဝပဲ။ ချန်ဂင်လည်း ပုဒ်ရေ ၁၀၀ ကျော်လာတော့ ပျင်းစရာကောင်းလာမှာပါ။ ဘာမှ မလုပ်ပဲ ထိုင်ဖတ်နေသူတွေ အတွက်ပေါ့။

ဒါပေမယ့် အဲ့ဒီ ၂ နှစ်တာကာလက ကိုယ်တို့မှာ ရုန်းကန်ဖြတ်သန်းရတာပါ။ သတိ နဲ့ ဉာဏ်ရည် အမြဲသာလို့ ခုထက်ထိ game over မသွားသေးတာ။ ကိုယ့်အသက်အန္တရာယ်ကို အရင်းပြုပြီး ဘယ်သူ့ကိုမှ entertain လုပ်စရာ မလိုဘူး။ အပျင်းပြေ အိမ်သာတက်ရင်း ဖတ်ပြီး ရေဆွဲချလိုက်တဲ့အခါ ကမုတ်ထဲမှာရော ခေါင်းထဲမှာပါ ဘာမှ မကျန်ရစ်မယ့် စာမျိုး ရေးစရာလား။ စကားလုံးအဖွဲ့အနွဲ့ကိုသာ ဖန်တီးမယ်။ ဖြစ်ရပ်ဖြစ်စဉ် ပါဝင်သူ ဇာတ်ကောင်တွေကို ဖန်တီးမထားဘူး။ ဒီစာထဲပါတဲ့သူတွေ အပြင်မှာလည်း တကယ့်အသက်နဲ့။ သေရင်လည်း တကယ်သေလို့ ရှင်ရင်လည်း တကယ်ရှင်လို့။ တမ်ပိုတွေ တင်စရာချစရာ မလို။ ဘယ်သူမဆို လူတစ်ကိုယ် အသက်တစ်ချောင်းသာ။ ကိုယ့်အသက်ထက် ပိုပြီးဘယ်ဟာမှ စိတ်လှုပ်ရှားစရာ မကောင်းဘူး။

တကယ့်လက်တွေ့မှာ ဒီချိန်ထိတိုင်အောင် ရပ်တည်ရှင်သန်ဖို့ဆိုတာ စိတ်ကူးယဉ် ဇာတ်အိမ်ဖွဲ့ရတာလောက် လွယ်ပါ့မလား။ အတွေးအကြံ၊ အပြောအဆို၊ အလုပ်အကိုင်၊ ကံသုံးပါးလုံး အစပ်အဟပ် အဆီအငေါ်တည့်နေလို့သာ အခုရေးထားတဲ့နေရာရောက်အောင် စာဖတ်တဲ့သူ ရှိနေတာ။ စာရေးတဲ့သူလည်း ရှိနေသေးတာ။ အဲ့ဒါ လွယ်သလား ခက်သလား ဘယ်သူ့မှ သွားမမေးနဲ့။ ကိုယ့်ဘာသာ အသိဆုံး။

စာရေးတဲ့အခါ အဖြစ်အပျက် အကြောင်းအရာ ကို ရေးတဲ့အခါ ရှိမယ်။ အတွေးအမြင် အယူအဆ ကို ဖော်ထုတ်တဲ့အခါ ရှိမယ်။ ရင်ထဲက ခံစားချက်ကို ထုံကူးတဲ့အခါလည်း ရှိမယ်။ “ဒါပြီးရင် ဘာလာဦးမလဲ။ မင်းသမီးနဲ့များ ကွဲဦးမှာလား။” ဆို ဇာတ်ကြောင်းကို ပုံဖော်တာချည့်ပဲ မဟုတ်ဘူး။ ဒါကြောင့်မို့ ချန်ဂင်ဟာ ကိုရီးယားဇာတ်လမ်းတွဲမှာလို tempo တွေကို မကစားပါဘူး။ twist တွေကို မဖြည်ပါဘူး။ အရှိ အရှိအတိုင်းပဲ။ ရင်ထဲရှိသမျှတော့ ဖွင့်အံပြခဲ့ပါတယ်။ ဘယ်သူနဲ့ ညားမှာလဲ သိချင်ရင်တော့ လမင်းမိုမို ဖတ်တာ ပိုစ်ိတ်ဝင်စားဖို့ ကောင်းပါလိမ့်မယ်။

ကိုယ့်အဖို့ကတော့ ကုန်လွန်ခဲ့တဲ့ ၂၀၂၂ သက္ကရာဇ် တစ်နှစ်တာလုံးဟာ ချန်ဂင်တို့စခန်းမှာ လှုပ်ရှားရုန်းကန်ခဲ့တယ်။ ပြုစုပျိုးထောင်ခဲ့တယ်။ ဆေးကုခွဲစိတ်ခဲ့တယ်။ နေ့စဉ်မှတ်တမ်းဆန်ဆန် ၃ ရက်မှာ စာတစ်ပုဒ်နှုန်းလည်း ရေးဖြစ်ခဲ့ပါတယ်။ အဲ့သလို မှတ်မှတ်သားသား ရေးထားတာတောင်မှ ကနဦးက notes တွေ ပြန်ဖတ်မိရင် မှုန်ဝါးဝါး မေ့တေ့တေ့ ဖြစ်နေတာတွေ အများကြီးပဲ။ အချိန်ကာလက တိုက်စားလာရင် မှတ်ဉာဏ်ဆိုတာလည်း မှေးမှိန်ပျောက်ကွယ်တတ်သော သဘောရှိသည်လေ။ “ဘဝတသက်တာမှတ်တမ်း” ရေးနိုင်တဲ့ ဆရာကြီးတွေကို အရမ်းလေးစားမိတာပဲ။ ကိုယ့်အတွက်တော့ သည်တစ်နှစ်တာမှတ်တမ်းက ပင်ပန်းသလား မမေးပါနဲ့။ ဖုန်းစကရင်ပေါ်မှာ လက်ညှိုးကလေး ထောက်ကာထောက်ကာ မျက်မှောင်ကလေးကြုံ့လို့ ရေးလာခဲ့ရတာ။ ရေးရမှာပေါ့လေ။ ဒီလိုစာတွေ အဆက်မပြတ် ရေးတင်နိုင်တာကိုက ကိုယ့်ရဲ့ရှင်သန်ခြင်း၊ ရန်သူတို့ က အနိုင်ယူ ဖမ်းဆီးသတ်ဖြတ်၍ မရခြင်း၊ မိစ္ဆာစစ်ခွေးတို့ကို အညံ့မခံ တော်လှန်ဆန့်ကျင်ခြင်း ဆိုတဲ့ အဓိပ္ပါယ်တွေ ပါတော့ ရေးမြဲဆက်ရေးနေရဦးမှာပါ။ အလုပ်တွေလည်း ဆက်လုပ်နေရဦးမှာပါ။ တစ်ခုပဲ ရှိတယ်။ သီချင်းလေးတွေ မဆိုဖြစ်တာတော့ တော်တော်ကြာသွားခဲ့ပြီလေ။

“မိုးကောင်းကင်

ငွေတိမ်ပွင့်တွေကြား

တေးဆို မပျော်ပါးနိုင်အားပါ။

ကမ္ဘာထောင့်ကြားနေရာတစ်ခုမှာ

လောကကို ငေးမောကြည့်နေသလို

အာခံတွင်းထဲ ငုံကာထားတဲ့

တေးတစ်ပုဒ်တော့ရှိမယ် ထင်ရဲ့။

ပျော်ရွှင်ခြင်းလား ငိုယိုခြင်းလား

ကြင်နာခြင်းလား နာကျဉ်ခြင်းလား

အိုဘယ့် …. အို …. တေးမြုံငှက်။