ရန်ကုန်မှာ မီးတွေ အရမ်းပြတ်နေတယ် လို့ ပြောကြတယ်။ ကိုယ်တို့ဆီမှာတော့ မီးစက်မနှိုးပဲကို မီးတွေအလိုလို လာနေတာ ဘာကြောင့်မှန်းလဲ မသိပါဘူး။ မိန်းခလုတ်တွေ ချထားပေမယ့်လည်း လာချင်တဲ့အချိန်လာနေတယ်။ ဆိုလာ နဲ့ အင်ဗာတာက ရေခဲသေတ္တာနဲ့ပဲ ဆက်ထားတာ။ အိမ်မီးတွေနဲ့ မဆက်ဘူး။ အစပိုင်းတော့ တခါတလေ လာတာ။ ဒီနေ့တော့ တနေကုန်လာနေလို့ မလိုချင်တဲ့မီးတွေ ခလုပ်ပိတ်ထားရတယ်။ ညဘက်ကို ကိုယ်တို့ မီးမထွန်းဘူး။ ခွဲခန်းရှိမှ ရေတင်မှ မီးစက် နှိုးတာ။ သို့သော်လည်း မီးစက်မနှိုးပဲ မီးလာလာနေတော့ ဒီဇယ်ကုန် သက်သာတာပေါ့လေ။ မနက်ခင်း ကိုယ်တို့ ဆေးရုံကိုပြန်ဝင်တဲ့အချိန်ဆို မီးတွေလင်းနေပြီ။ အစပိုင်း တစ်နာရီ နှစ်နာရီလောက်။ ဒီနေ့တော့ ညနေစောင်းတဲ့ထိ လာနေတာ။ လူနာတွေတောင် ဖုန်းအားသွင်းလို့ ရနေတယ်။ ဘာ့ကြောင့်လာလာ လာရင်ကောင်းတာပေါ့။ ဆီဖိုးလည်း မကုန်။ မီတာခလည်း မပေးရ။
မီးတွေမှ အလကားလင်းနေတာ မဟုတ်ပါဘူး။ ကြက်မလေးတစ်ကောင်ကလည်း မီးဖိုချောင်က စတိုခန်းထဲ ဝင်အုတာ အလုံး ၂၀ တောင် ပြည့်တော့မယ်။ အုရုံပဲအုပြီး မဝပ်လို့ ဟင်းစားလာလာပေးသလား အောင့်မေ့ရတယ်။ ချောင်းထဲကငါးတွေကလည်း ကိုယ်တို့မဖမ်းပေမယ့် ရွာထဲကလူတွေဖမ်းပြီးလာလာပေးကြတယ်။ တောင်ပေါ်မှာ ပုဇွန်ရှိမှန်း အစကမသိဘူး။ ပုဇွတ်ဆိတ် သေးသေးလေးတွေ သူတို့လာလာပေးမှ စားရတယ်။ အင်းထဲမှာ ပိုပေါတယ်။ သူတို့ကတော့ ဖမ်းလို့မိတဲ့ ငါးသေးသေး ပုဇွန်သေးသေးလေးတွေကို ရောရာသောင်းပြောင်း ဟင်းပေါင်း လုပ်စားကြတယ်။ အင်းတော်ကြီး ငါးချဉ်က ကိုယ့်ငါးချဉ် မဟုတ်ပေမယ့် တော်တော်စားကောင်းတာ။ ရောင်းတမ်းမဟုတ်ပဲ ကိုယ့်ဘာသာ အချဉ်တည်စားကြတာမျိုး။ ဒီမှာတော့ မျှစ်ချဉ်၊ ဗူးချဉ်၊ ဇောင်ခြမ်းချဉ်၊ မုန်လာချဉ်၊ မုန်ညှင်းချဉ်၊ အကုန် ကိုယ့်ဘာသာ လုပ်စားကြတာချည့်ပဲ။ အခု မုန်ညှင်းတွေ ပေါ်ပြီ။ ဝယ်စရာမလိုဘူး။ ချောင်းနံဘေး ခူးချင်တဲ့အခင်း ဝင်ခူး။ စားကာနီးမှ ဆင်းခူးလိုက်ရုံပဲ။ မုန်ညင်းဆိုတာ တစ်မျိုးတည်းမှ မဟုတ်တာ။ ရှမ်းမုန်ညှင်း၊ တရုတ်မုန်ညှင်း၊ ထိုင်ဝမ်မုန်ညှင်း၊ မုန်ညှင်းဖြူ၊ မုန်ညှင်းခါး၊ အစားစားပဲ။ မုန်ညှင််းသီး၊ မုန်ညှင်းဖူးလေးတွေလည်း ထောင်းစားကြတယ်။ ဆီကြိတ်တဲ့မုန်ညှင်းက သပ်သပ်ရှိတယ်။ ဒီမှာ မုန်ညှင်းဆီပဲ စားကြတယ်။ ပဲဆီ နှမ်းဆီထက် ဈေးကြီးတယ်။
ဆောင်းတွင်းဆိုတော့ ဟင်းသီးဟင်းရွက်တွေလည်း တအားပေါတယ်။ အိမ်တိုင်း ကိုယ့်ဘာသာ စိုက်စားကြတာ။ ကိုယ်တို့လည်း အစက စိုက်မလို့ စိတ်ကူးပေမယ့် အလုပ်မအားလို့ မစိုက်နိုင်တော့ဘူး။ သူများလာပေးတာတွေပဲ ထိုင်စားကြတယ်။ ဒီနှစ် သူတို့ရွာ စပါးအထွက်ကောင်းပြီး ဈေးကောင်းရကြတယ်။ ဓါးမဦးချ ကိုယ်စိုက်ကိုယ်စားက သူဌေးတော့ မဖြစ်ဘူးပေါ့။ ဒါပေမယ့် ချောင်လည်ပါတယ်။ သူဌေးဖြစ်ချင်ဇောနဲ့ ဆယ်ဇင်း၊ ဖားကန့်တက်၊ ရွှေကျင်၊ ကျောက်တူး လုပ်တဲ့သူတွေကသာ ဖောင်းလိုက်ပိန်လိုက်နဲ့ မရေရာတာ။ ဒီကလူတွေ အ ပုံမျိုးနဲ့ ထောင်ထဲချည့်ပဲ ဝင်ကြရကိန်း။ ဘိန်းသယ်တဲ့လူက “ဒီအထုပ်ကလေး လူကြုံသယ်သွားပေးစမ်းပါ။” ဆိုလည်း သယ်လာတာပဲ။ သယ်ခိုင်းတဲ့သူကို ရဲကဖမ်းပြီဆိုမှ သူ့အမှုပတ်မှာစိုးလို့ “ရော့ နင့်အထုပ် နင်ပြန်ယူ။” ဆိုပြီး သွားပြန်ပေးတာ။ လာဖမ်းတဲ့ ရဲတွေရှေ့မှာလေ။ အိမ်ခြေလေးမှ တစ်ရာနှစ်ရာဟာကို ဒီရွာမှာ ဘယ်သူ ဘိန်းရောင်းဖူးတယ်။ ဘယ်သူက ၅ ထောင်စားလုပ်တယ်။ ဘယ်သူက ဘယ်တုန်းက ဘာတွေ ဘတ်သွားတယ်။ ကလေးကစ အကုန်သိ။ အဲ့ဒီကလေးတွေ အိုတဲ့မင်းတဲ့ထိ ပြောစမှတ် တွင်သွားမှာ။
ရိုးတာ နဲ့ အ တာနဲ့က ဒွန့်တွဲနေတော့ ရိုးဂုဏ်လေးကိုပဲ ကြံဖန်ချီးကျူးရမှာပဲ။ ရွာရောက်စကတည်းက ကြက်၊ ဝက်၊ အမဲ သူတို့ဘာသာပေါ်ရင် ဘာယူယူ တစ်သောင်းဈေး။ ဒေါ်လာဈေးတက်တက် ဆီဈေးတက်တက် ခုထက်ထိ ဒီဈေး။ ဆယ်ဇင်းမှာတောင် နှစ်သောင်းဈေးနဲ့ ရောင်းနေတာ။ ဒီက ဈေးသည်တွေက ရန်ကုန်က စူပါမားကက်တွေလို လေဘယ်ပေါ် လေဘယ်ကပ်ပြီး နာရီနဲ့အမျှ ဈေးတက် မရောင်းဘူး။ ဝယ်ရင်းဈေးမှာ တင်ထားတဲ့အမြတ်အတိုင်း ရောင်းတယ်။ ပြန်ဝယ်လို့ ဈေးတက်ရင် နောက်ပစ္စည်းကျမှ တက်ဈေးနဲ့ ရောင်းတယ်။ သူတို့လည်း သိပါတယ်။ ရောင်းရလေ ရှုံးလေတဲ့။ မဏိစန္ဒာအတွက် သွေးကျဆေးတွေ ကုန်သွားလို့ အရေးပေါ် လူကြုံနဲ့ မိုးညှင်းက ဆေးဆိုင်မှာ လွှတ်အဝယ်ခိုင်းတဲ့အခါ တစ်ဗူး ၂ သောင်းပေးရမယ်တဲ့။ ဖုန်းပြန်ဆက်တယ်။ ဒါဆိုလည်း ၃ ဗူးလောက် ဝယ်ခဲ့ပါ လည်းဆိုရော ဆိုင်က ချက်ချင်း ဈေးပြင်ပြီး ၂ သောင်းခွဲရမှ ရောင်းမယ် ဖြစ်သွားရော။ လူနာ အရေးကြီးမှန်းသိလို့ ဈေးကိုင်တာလေ။ ရန်ကုန်က မှာတာရောက်လာတော့ သောင်းရှစ်ထောင်ပဲ ပေးရတယ်။ မြို့ကြီးတွေမှာ ဘာအရောင်းအဝယ်မဆို ဝယ်ချင်ဝယ် မဝယ်ချင်နေ။ ပါးစပ်ထဲရှိတဲ့ ဈေးခေါ်ရောင်းတာ။ ဒီမှာတော့ ဒါမျိုးမလုပ်ကြဘူး။
ဒီနေရာကို ရောက်လာတာ ဥတု ၃ မျိုးစလုံး တစ်ပါတ်လည်ခဲ့ပြီမို့ ရင်းနှီးကျွမ်းဝင်လာခဲ့ပြီ လို့ပဲ ပြောရမှာပဲ။ မင်္ဂလာဆောင်သွားခဲ့တဲ့ သတို့သမီးလေးတွေ ဆေးရုံမှာ ကလေးလာမွေးကုန်ပြီ။ အရာအားလုံးဟာ ကိုယ့်အတွက် စိမ်းမနေတော့သလိုပဲ သူတို့အတွက်လည်း ကိုယ်ဟာ သူစိမ်းတစ်ယောက် မဟုတ်တော့ပါဘူး။ စိတ်နေစိတ်ထား အမူအကျင့်ကစလို့ အတွင်းသဘော၊ အပြင်သဘော စောကြောမိလောက်ပါပြီ။ ဒီဆရာဝန်မှာ လျှို့ဝှက်အပ်သော လူသိမခံနိုင်စရာ ကျော်မကောင်းကျားမကောင်း ကိစ္စရှိရင် ဟိုးလေးတကျော် မဖြစ်ရင်သာ နေရမယ်။ ရပ်သိရွာသိကတော့ သိပြီးသား ဖြစ်လောက်ပါပြီ။
တခါတခါတော့လည်း စဉ်းစားမိတယ်။ “မသိန်းရှင်ဆီ ပို့ပေးပါ” ဆိုတဲ့ ဆရာနိုင်ဝင်းဆွေ ဟာ ခေတ်စံနစ်ရဲ့ သရုပ်မှန်ကို ထုတ်ဖော်ရေးသားရင်းကနေ သူကိုယ်တိုင် တော်လှန်ရေးတပ်သား ဖြစ်သွားသလိုမျိုး။ ကိုယ်လည်းပဲ သူ့စာတွေ လေးလေးစားစား ဖတ်ရင်းကနေ သူလျှောက်ခဲ့တဲ့လမ်းပေါ်များ ရောက်နေပြီလား လို့။ သူ့လိုတော့ တောထဲမှာ အိမ်ထောင်မကျပါဘူး။ ကျရင်လည်း ဒီအတိုင်း ဘယ်နေပါ့မလဲ။ တလောကလုံး သိပြီးလောက်ရောပေါ့။ “သူများတွေလည်းး ပြောကြတယ်။ ကိုယ့်ဘာသာလည်း ပြောတယ်လေ။” ဆိုတဲ့ အစားမျိုး မဟုတ်လား။ မတူတာကတော့ ကိုယ်တို့တော်လှန်ရေးက အောင်ကိုအောင်မှာ။ မကြာတော့ဘူး ဆိုတော့ ကိုယ်ရေးတဲ့စာအုပ်က အိမ်ပြန်ရောက်မှ ထုတ်ဖြစ်မှာ။ ကိုယ့်မှာ သူ့လို တနိုင်ငံလုံး အုတ်အုတ်သည်းသည်း အားပေးဖတ်ရှုကြတဲ့ စာဖတ်ပရိသတ် မရှိပါဘူး။ သို့သော်လည်း ကိုယ့်ဆရာ အိုင်ဒေါကြီးတောင် ပုညခင်လောက် အရောင်းမသွက်တဲ့ခေတ်ကြီးမှာ အရေအတွက်တွေက ဘာလုပ်ရမှာလဲနော့။ အစောကြီးကတည်းက စာအုပ်ရောင်းချင်လို့ စာရေးနေတာ မဟုတ်ဘူး လို့ ပြောပြီးသားဥစ္စာ။
ခေတ်ကာလချင်းက မတူတဲ့အခါ ကိုယ်က တောထဲမှာ အင်မတန် စုတ်တီးစုတ်ပြတ်နိုင်တဲ့ အင်တာနက်နဲ့တောင်မှပဲ စာဖတ်တဲ့သူတွေနဲ့ အဆက်ပြတ်မသွားပဲ ဘယ်မှာ ဘာတွေလုပ်နေသလဲဆိုတာကို စီစီတီဗီတပ်ထားသလို လူတကာက တွေ့မြင်နိုင်နေတာပေါ့လေ။ ဒါတောင် live လွှင့်ပြီး စကားပြောတတ်တဲ့သူ မဟုတ်လို့။ live မလွှင့်လည်းပဲ ကိုယ်ရေးတဲ့စာတွေကနေ ကိုယ့်နှလုံးသားထဲအထိ တုတ်ထိုးအိုးပေါက် မြင်ရပါတယ်ကွယ်။ ဘာတွေမှ ဖုံးကွယ်သိုဝှက်ထားတာမှ မရှိပဲ။ မကောင်းတာရှိလည်း မကောင်းတဲ့အတိုင်း တွေ့ရမှာ။ ဘယ်တုန်းကမှ ကိုယ့်ကိုယ်ကိုယ် အရာအားလုံး ကောင်းတယ် လို့ မယုံကြည်ပါဘူး။ အတတ်နိုင်ဆုံး ကြိုးစားနေတာပဲ ရှိပါတယ်။
လူဆိုတာ ငါ့စကားနွားရ ကိုယ့်ဘက်ကိုယ်ယက်ပြီး ရေးတတ်ပြောတတ်စမြဲမို့ ကိုယ်ရေးတဲ့စာဖတ်ရင် ကိုယ့်ရဲ့သရုပ်မှန် မြင်ရမယ် လို့ မထင်ပါနဲ့။ ကိုယ့်အတွေး ကိုယ့်အမြင် ကိုပဲ တွေ့ရမှာပါ။ မီဒူးဆားဘီလူးမရဲ့ ဦးခေါင်းကို ကြေးမုံပြင်က ကြည့်ရသလိုပဲ။ ကိုယ့်ရဲ့သရုပ်မှန်ကို သိချင် ကိုယ်နဲ့ဆက်စပ်ပါတ်သက်တဲ့သူတွေ၊ ကိုယ့်လူနာတွေ၊ ကိုယ့်လုပ်ဖော်ကိုင်ဘက်တွေကနေ ကြည့်လို့ ရပါတယ်။ ဓါတ်ပုံလေးတွေ ကြည့်ချင်တော့ စိတ်ကူးပေါက်တိုင်း ရိုက်တင်ထားတာ ဒီအသက်ဒီအရွယ်မှာ ဘယ်သူမှ မလုပ်ရဲတဲ့ အလုပ် လို့ ပြောရမယ်။ အခုနောက်ပိုင်း သိပ်မရိုက်ဖြစ်တာ ကိုယ့်ဘာသာ အိုစာလာမှန်း သိလာလို့။ “Dans la terre ou dans les cieux, les anges n’aiment pas devenir vieux.” တဲ့။ ဒီကမ္ဘာမြေပြင်ပေါ်မှာပဲဖြစ်ဖြစ်၊ ဟိုးကောင်းကင်ဘုံတွေမှာဖြစ်ဖြစ်၊ နတ်သား နတ်သမီးတွေက ဇရာကို မနှစ်မြို့ပါဘူးတဲ့။ ဒါပေမယ့်လည်း ဇရာရောက်လာတဲ့သူဆိုတာ နုပျိုမှုတွေအားလုံး အားရပါးရ ခံစားခဲ့ပြီးသားပါလေ။ ကိုယ့်အချိန်နဲ့ကိုယ် မဟုတ်လား။ အသက်ကြီးတဲ့သူရဲ့ တင့်တယ်မှု ကျက်သရေဆိုတာ ရှုကြည့်တဲ့သူရဲ့ ချစ်သောမျက်စိပေါ်မှာ အခြေခံတယ်။ စိန်စီရွှေကွပ်ပြီး Gucci တွေ LV တွေနဲ့ camouflage လုပ်လို့မရဘူး။ မေမေ နဲ့ ခေါစိန် ဟာ မင်းကတော် နဲ့ အိမ်ဖော်လောက် ဘုန်းကျက်သရေကွာတာ မြင်တယ်မှလား။ ဒါကြောင့်မို့လို့ အသက်ကြီးမှ ရုပ်ထွက်ကောင်းချင်ရင် ဓါတ်ပုံထဲမှာ နေတတ်ထိုင်တတ်ဖို့ထက် အပြင်မှာ အနေအထိုင်တတ်ဖို့ အရေးပိုကြီးတယ်။ အမယ် ဆက်ရေးရင် glow nation ထဲ ရောက်ကုန်တော့မယ်။ အပျိုကြီးနယ်ပယ် ကျူးကျော်လို့ မဖြစ်။
လောလောဆယ်မှာတော့ ကိုယ့်ရဲ့အလှအပဟာ ကိုယ့်လူနာတွေဆီမှာပါလေ။ “လူနာများ၏ အရေးကို မိမိ၏အရေးကဲ့သို့ မှတ်ယူကုသပါအံ့။” ဆိုတဲ့ ကျမ်းသစ္စာဟာ ဘယ်လောက်ပင်ပန်းသလဲ ကောင်းကောင်းကြီး သိနေပါပြီ။ မဏိစန္ဒာကို သင့်ရာအပ်ပိို့နိုင်ဖို့ အထောက်အပံ့ အဆက်အသွယ် ရှာနေပါတယ်။ သူတို့ကတော့ မသွားချင်ဘူး ငြင်းနေလို့ ချော့ပြောနေရတုန်း။ “မချစ်လို့တော့ မဟုတ်ပါ ချစ်သော မဏိစန္ဒာ။” ပေါ့။ ကလေးမလေးတောင် ကြည့်ရင်းကြည့်ရင်း ပိုးအိစံ နဲ့ တူလာပြီ။ ဒေါ်လာ မြန်မြန်ရှာပေးဦးမှပါ။
မဏိစန္ဒာကို ဆေးကုတာ သူ့ရောဂါအခြေအနေ ဇစ်မြစ်အပြင် ဘာကို သိမြင်လာရသလဲဆိုတော့ ကိုယ်တို့တတွေ ကိုယ်ထူကိုယ်ထ ပြန်လည်တည်ဆောက်နေတဲ့ health system reform က ဘယ်အခြေအနေ ရောက်လာပြီလဲ ဆိုတာပါ။ အရင်ကလို ဒဏ်ရာရလာရင် ဘယ်သူ့ဆီပို့ရမှန်း ဘာလုပ်ပေးရမှန်း မသိတဲ့ အဆင့် မဟုတ်တော့ဘူး။ ဆေးတပ်ဖွဲ့တွေ၊ ဆေးစခန်းတွေ၊ ဆေးရုံတွေ ရှိလာပြီ။ ခွဲခန်းတွေလည်း ရှိလာပြီ။ အနာကတခြား၊ ဆေးကတခြား၊ ဆေးရုံကတခြား၊ ဆရာဝန်ကတခြားမို့လို့ ကိုဗစ်လို pandemic ကပ်ရောဂါမျိုးကိုတောင် ဆေးရုံတင်ကုသလို့ မရနိုင်တဲ့ အခြေအနေကနေ ရပ်ရွာအခြေပြု ကိုဗစ်စင်တာကလေးတွေနဲ့ အလုပ်လုပ်နိုင်ခဲ့တယ်။ အခုဆို အနာရောဂါ တော်တော်များများကို tertiary center လွှဲစရာ မလိုပဲ ကိုယ့်ဆေးရုံကိုယ် Specilist တစ်ယောက်နှစ်ယောက်ထားပြီး run လို့ ရနေပြီ။ အချင်းချင်းလည်း online consultation နဲ့ တိုင်ပင်လို့ ရနေတာကိုး။ ကိုယ်တို့ refer လုပ်ဖို့ မဖြစ်မနေ လွှဲစရာ ရှာရတဲ့ လူနာအမျိုးအစားဟာ CT / MRI ရိုက်ဖို့၊ RT ယူဖို့၊ Dialysis လုပ်ဖို့၊ အစရှိတဲ့ Super specialities တွေအတွက်ပဲ ရှိတော့တယ်။ အဲ့ဒီယူနစ်တွေဟာ နောင်အခါ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်လာလို့ရှိရင် ကိုယ့်ပြည်နယ် ကိုယ့်တိုင်းမှာ ကိုယ်ပိုင်သီးခြားတစ်ခုစီ ရှိဖို့လိုလိမ့်မယ်။ Structure ရော၊ Equipment ရော၊ Trained person ရော ရှိရမှာ လို့ သိသာလာတာပေါ့။ နို့မို့ ဘာပဲလိုလို ရန်ကုန်လမ်းညွှန်၊ မန္တလေးလမ်းညွှန်ချည့်ပဲ ပေးဖတ်လို့ မဖြစ်သေးဘူးလေ။ ကိုင်း အခုကြည့်။ မြစ်ကြီးနားကလူနာကို RT ယူဖို့ ရန်ကုန်မှာ စာအုပ်ထပ်တာ “အိမ်မှာပြန်စောင့်။ နောက် ၃ လ နေရင် ဖုန်းဆက်လိုက်မယ်။” ဆိုတော့ မဟုတ်သေးဘူးလေ။ တစ်ခေါက်စာတောင် ချေးငှါးလာရတာ မဟုတ်လား။ နောက်ဆုံးတော့ “နှလုံးရောဂါ မရသေးခင် ရွှေတိဂုံစေတီ အရင်ဝင်ဖူးဦးမှ။” ဆို အညာကိုပြန်ချင်တယ် လုပ်လာရတယ်။
နဂိုကတည်းကိုက အလုံအလောက် လေ့ကျင့်ပျိုးထောင် မထားရသေးတဲ့ အထူးကုသရေးစင်တာတွေမှာ ကျွမ်းကျွမ်းကျင်ကျင် အလုပ်လုပ်နေတဲ့ Specialsit အရေအတွက်ဟာ လက်ချိုးရေလို့မှ ငါးချောင်း မပြည့်ချင်ပါဘူး။ ၁၄ ယောက်ပြည့်မှ တစ်ပြည်နယ် တစ်ယောက်ပဲ ရမှာ။ “နယ်မသွားချင်လို့ ဒေါက်ထရိတ်တက်တာပေါ့။” ဆိုတဲ့သူတွေနဲ့တွေ့ရင် ပြီးပါလေရော။ အဲ့ဒါကလည်း လူတိုင်းလိုလိုပါ။ ပို့ချင်တဲ့ နိုင်ငံခြားပို့ပါ။ အခုလွှတ် အခုသွားပလိုက်မှာ။ ရန်ကုန်ကအပြင် သန်လျှင်လောက်ဆိုရင်ပဲ အင်တင်တင်ဖြစ်လာပြီ။ ပြည်နယ် နဲ့ တိုင်းတွေ လွှတ်မလို့။ ဟုတ်စ။ အေး။ မင့်သားသမီးတွေ ဆရာဝန်ဖြစ်အောင် ကျောင်းထားပြီးတော့ လွှတ်လိုက်လေ။ တို့သားသမီးကတော့ ဒီနိုင်ငံမှာတောင် ကျောင်းမထားဘူး။ ချင်းတောင်က ဂျင်းကောင် ကို ဖတ်စာအုပ်ထဲ ထည့်သင်ပေးထားတာပဲ။ တော်ရောပေါ့။ အမယ်မယ်မယ်။ ဆက်များပြောမိရင် ကိုယ်တောင် ဆနွင်းမကင်း ဂျင်းမကင်း စာရေးသူ ဖြစ်တော့မှာပဲ။ သူတို့ဟာသူတို့ သွားချင်သွား မသွားချင်နေ။ လူနာတွေမှာတော့ ဒီလို ဒုက္ခရောက်ရပါတယ် လို့ သိအောင် ပြောပြတာ။ မပြောလည်း ကိုယ်တိုင် လူနာနေရာက နေရတဲ့အခါ သိလာမှာပေါ့။
ဆရာဝန်အလုပ်ကို ပိုက်ဆံရှာဖို့သက်သက် လုပ်တဲ့သူတွေဟာ အပြင်ဆေးခန်းမှာ ပိုက်ဆံရှာဖို့ထက် ဘာကိုမှ ပိုစိတ်မဝင်စားဘူး။ သူတို့ကုတဲ့လူနာတွေဆိုတာလည်း သူ့အိမ်မှာမွေးထားတဲ့ ခွေးလောက်တောင် ယုယကြင်နာ ဂရုစိုက်စရာ လို့ မမြင်ဘူး။ ဆေးလောကကြီး၊ ဆေးပညာရပ်ဝန်းကြီး၊ တိုင်းပြည်ရဲ့ health system reform ကြီး။ ဟုတ်စ။ အဲ့ဒါ သူ့အပူ တစ်ပြားသားမှ မပါဘူး။ သူ့ပညာ သူ့ဘွဲ့နဲ့ သူ့အလုပ်ချိန်ကို ဒီလခနဲ့ လုပ်ပေးနေရတာတောင် သူ့အတွက် ဘယ်လောက်နစ်နာတယ် မှတ်သလဲ။ လူအထင်ကြီးအောင် အာဝါဒါးတွေများများပြောတဲ့ ဝန်ကြီးတွေပဲ “စားလည်းစားပါ စောင့်လည်းစောင့်ရှောက်ပါ။” ပသလိုက်ရင် “သာဓု သာဓု။ ဘုန်းကြီးပါစေ။ သက်ရှည်ပါစေ။” ဆုပေးလွှတ်ရတာချည့်ပဲ။ စောဖေတို့က နောကျေလို့။ မြို့နေတယ်ဆိုတာ ဘယ်လောက်ဈေးကြီးလဲ မြို့မှာ အမြဲနေရတဲ့သူလောက် သိတဲ့သူ ရှိဦးမလား။ လောကကြီး အလကားဆိုတာ ဘယ်အရာမှ မရပါဘူး။ ကြိုက်တာရမယ် သူ့တန်ရာတန်ကြေး။ ဘရာသာရေ ဇေပါတယ်။ ငွေသာအရင် မစပါ။
မြင်ပြီမှလား။ အမယ်ဘုတ်ကယ့် သူ့ချည်ခင်တွေ။ ကိုယ်ဝင်လည်း ဖြည်မရ ဖြုတ်မရ။ ချည်ပြီးတုပ်ပြီး ငုတ်တုတ်မေ့သွားမှာ။ ကိုယ့်ဘာသာ အေးအေးနေမှပါလေ။ ကုနိုင်လည်း ကုလိုက်။ မကုနိုင်လည်း ကမ္မသကာပေါ့။ ဘယ်တတ်နိုင်ပါ့မလဲ။ အခုရောက်နေတဲ့ရွာကလေးကို ကြည့်စမ်း။ ကရိုင်းမီးယား နဲ့ ခရိုအေးရှား ဘယ်ဟာက ဘာမှန်း မသိကြဘူး။ NDAA နဲ့ MNDAA ကိုလည်း အတူတူပဲ လို့ မှတ်ချင်မှတ်နေမှာ။ “တစ်ခုမှကို မကြားဖူးပါဘူးအေ။” လို့ပဲ ပြောကြမှာ။ သူတို့ကမ္ဘာလေးဟာ ဒီပတ်ဝန်းကျင်မှာပဲ ကွက်ကွက်ကလေးရှိတယ်။ နေမကောင်းလို့ ဆရာဝန်လာပြတယ်နော်။ ဆရာ ကုနိုင်ရင် ကုလိုက်။ ကျေးဇူးတင်တယ်။ မကုနိုင်လည်း ဘာမှ မဖြစ်ပါဘူး။ နတ်ဆရာ နဲ့ ပြမယ်။ ရှမ်းဆေး စားမယ်။ နေရသလောက် နေမှာပေါ့။ မသေရမယ့်သူရယ်လို့ ရှိမှ မရှိပဲဟာ။ သေသွားတဲ့သူ အားလုံးကိုလည်း ဘာ့ကြောင့် ဘာ့အတွက်သေတယ်။ အကုန်လုံးကို သိနေစရာ မလိုပါဘူး။ သူတို့ဆရာကလေးလည်း သူတို့ဆီကို ရောက်တုန်းရောက်ခိုက် သူတို့လိုပဲ နေတာ ကောင်းပါတယ်။ မနိုင်ဝန်တွေ ဘာလို့ လိုက်လိုက် ထမ်းနေမလဲ။ ယေရှုမွေးနေ့နီးပြီ။ ကလေးတွေ သီချင်းလာဆိုကြတယ်။ မဆိုရ မကရတာ ကြာပြီဆို။ ကလေးတွေကို လာခေါ်ခိုင်းလိုက်ရမလား။ ဘယ်တော့လာခေါ်မလဲကွယ်။ အလှတွေပြင်ထားမယ်။ နေပူထဲသွားတော့ အသားလေးမည်းပါမယ်။ ယူတို့က အဝိုင်းတွေ စုကြကွာ။ အိုင်ကတော့ အခိုင်တွေ သိမ်းလိုက်ဦးမယ်။