ချန်ဂင်တို့စခန်း (၁၃၂)

လူ့ပြည်လူ့ရွာက မယ်လမုကလေးဆီကို မာတလိ နဲ့ ဝိသကြုံတို့ ကျေးသားငှက်ငယ်အသွင်နဲ့ သိကြားရေစင် အပို့လွှတ်ရသလိုပါပဲ။ “ရှူရှူမပါတာ လေးငါးရက်ကြာ။ ဒီအရေး တွေးရခက်ကြီးပါ။” ဆိုတဲ့လူနာကို မန္တလေးအရောက်ပို့ရတာဟာလည်း ရင်တမမ ဖင်တကြွကြွ စိတ်ပူရတယ်ဗျ။ အခုလေးတင် ရောက်ပြီဆိုမှ စိတ်ချလက်ချ ဆက်စီစဉ်နိုင်တယ်။ လမ်းမှာတင် ၂ ရက်ကြာသွားပါသော်ကော။ ဆီးကလေးတော့ တိုရေရှားရေ တခါတလေ ထွက်တယ် ဆိုလို့ တော်သေးတာပေါ့။ တစ်ဆင့်တော့ တက်ပြီ။ တစ်တောင်ကျော်ဖို့ပဲ ကျန်တော့တယ်။ ဆေးရုံထဲ ဝင်ကြရအောင်လေ။ “နားထောင်မှာလား အချစ်ရယ်။ ငြင်းပယ်မှာလည်း စိုးရွံ့မိပါတယ်။” ဆိုတဲ့ love scene လေး ထည့်ရိုက်ရဦးမယ်။ ဒါပဲနော်။ ပြန်မချစ်လို့ကတော့ ဖေ့စ်ဘုတ်ပေါ် ရောက်နေမှာ။ ခြိမ်းခြောက်တာ မဟုတ်ပါဘူး။ တောင်းပန်တာပါ။ “နည်းနည်းဖြစ်ဖြစ် ချစ် ချစ် ချစ်ပါ အကို။” လို့။

လူနာတွေ စည်လာတဲ့အခါ အဲ့ဒီလိုမျိုး မနိုင်ရင်ကာ လွှဲစရာ လူနာတွေကလည်း တဖြေးဖြေး များလာမှာပေါ့။ အခုကိုပဲ ဆေးရုံမှာတင်ထားတာ Congestive Cardiac Failure တစ်ယောက်၊ Rheumatic Heart Disease with MS, MI, TI, PH & AF က တစ်ယောက်၊ COPD with Cor Pulmonale က တစ်ယောက်၊ Resistant Hypertension ကို ခုထက်ထိ Control ကောင်းကောင်းမရသေးတဲ့ မဏိစန္ဒာ က တစ်ယောက်။ Medical ward ကြီးကျနေတာပဲ။ Physician ကို တနေကုန် စာပို့လို့ချည့် နေရတယ်။ ဓါတ်ပုံတွေ video file တွေပါရင် ဆေးရုံက ပို့ လို့မထွက်ဘူး။ ရွာထိပ်က ကုက္ကိုပင်အောက် ပြေးရတယ်။ ၃ ခေါက်လောက်။

လူနာရဲ့ရောဂါက အဲ့လောက်သည်းပြီဆိုရင် ကိုယ်တို့ဆီက ဓါတ်ခွဲခန်းလွှတ်ရတဲ့ အလုပ်ကလည်း နေ့တိုင်းနီးပါး ရှိလာတာပါပဲ။ ဆန်းဆန်းပြားပြား ဆေးတွေ လှမ်းလှမ်းမှာရတာကလည်း မကြာခဏ။ ကိုယ်ကျင်လည်ရာ နယ်ပယ်မဟုတ်တော့ စိတ်ဖိစီးမှုက ပိုတာပေါ့။ အဝိုင်းလေး လည်နေတာ စောင့်နေရတာကိုက စိတ်မရှည်နိုင်စရာ။ ကိုယ့်ဘာသာကိုယ် သွေးကျဆေးသောက်ရတဲ့ရက်တွေ ပိုများလာတာပေါ့လေ။ ခုရက်ပိုင်းမှာ အင်တာနက်လိုင်းမကောင်းလို့ up to date တွေလည်း မသိရတော့ဘူး။

စစ်ရေးအခြေအနေကို update လုပ်ပေးရမယ် ဆိုရင်တော့ အခုည နန့်မွန်းမှာ မီးတွေဖြတ်ပြီး မွှေနေပြန်ပြီ။ ဟိုတနေ့ညက မမိပဲ လွတ်သွားလို့ မကျေနပ်ဘူးနဲ့ တူပါတယ်။ ကောင်းသလား မေးရင် မကောင်းဘူး ပဲ ပြောရမှာပေါ့။ အကုန်လုံး ကျီးလန့်စာစား။ အဆီမဖြစ် အသားမဖြစ် အသက်ရှင်ရတာ။ ကုန်စိမ်းရောင်းတဲ့ ဈေးဆိုင်ကယ်တောင် မလာတစ်ရက် လာတစ်ရက်။ လေယာဉ်ကတော့ ခုရက်ပိုင်း မလာပြန်ဘူး။ လက်နက်ကြီးသံတွေကိုတော့ ဟိုနားတစ်ချက် သည်နားတစ်ချက် ကြားရတယ်။ ဒီဘက်မှာတော့ ဒါ ရိုးနေကြပြီ။ အသွားအလာ မပျက်ဘူး။

ဒီလိုဆိုရင် ကိုယ်တို့လည်း အလုပ်ပျက် အကိုင်ပျက် ဖြစ်စရာ အကြောင်း မရှိပါဘူး။ ကုစရာရှိတာ ဆက်ကု။ ခွဲစရာရှိတာ ဆက်ခွဲတာပေါ့။ မနိုင်လို့ လွှဲစရာရှိလာရင်လည်း ဆက်လွှဲရဦးမှာပါပဲ။ ဒီပေါ်မှာ ဒီစာတွေ ရေးနေတာ အလကားတော့ မဟုတ်။ ဆရာဝန် အချင်းချင်း ဆက်သွယ်ချိတ်ဆက် မိပြီး လူနာတွေအတွက် အကြံဉာဏ် တောင်းနိုင်ဖို့၊ တတ်ကျွမ်းနားလည်သူဆီ တန်းတန်းမတ်မတ် အရောက်ပို့နိုင်ဖို့ ရည်ရွယ်ပါတယ်။ ရည်ရွယ်တဲ့အတိုင်းလည်း အလုပ်ဖြစ်ပါတယ်။ ပို့လိုက်တဲ့ကလေး ဆေးရုံပေါ်ရောက်သွားလို့ စိတ်အေးရပြီ။ ဒီမှာကျန်တဲ့ လူနာတွေကို ဂရုစိုက်ရဦးမယ်။ မဏိစန္ဒာဟာ ရောက်စထက်စာရင် အများကြီး သက်သာလာပြီ။ မနက်မနက် သွေးပေါင်ဆောင့်တက်တဲ့ တခါတလေကလွဲလို့။ အိမ်ပြန်လွှတ်လို့တော့ မရသေးဘူး။ ရွာမှာ မအေးချမ်းလို့။ နောက်ပြီး သူသောက်နေရတာ သွေးကျဆေးချည့်ပဲ လေးမျိုးတောင်ပါတယ်။ ဆီးဆေးတွေလည်း ၂ မျိုးလောက်ပါတယ်။ မနေ့က သွေးပြန်စစ်ကြည့်လိုက်တော့ သွေးအားပြန်နည်းနေပြီ။ သွေးလှူရှင် ရှာနေရတယ်။ အရေးကြီးတာက ပေးပြန်လိုက်ရင် အခုတခါလို တော်တော်ဆိုးမှ ပြန်ရောက်လာမှာလည်း ကြောက်နေရတာ။ သူ့ကိုလည်း စပွန်ဆာရှာပြီး မန္တလေး လွှတ်ရကောင်းမလား စဉ်းစားနေရပြီ။ လောလောဆယ်တော့ အထူးကုဆရာဝန် တွေနဲ့ ဆွေးနွေးနှီးနှောသော အကြံဉာဏ်များဖြင့် ကုသနေတယ်။ ကိုယ့်ဆီမှာ စာလာဖတ်တဲ့ထဲ ဆရာဝန်ပေါင်းများစွာပါတယ် မဟုတ်လား။

ဒီနေ့မနက်မှာတော့ ကိုယ်တို့လွှတ် လိုက်တဲ့ကလေး လိုအပ်တဲ့ကုသမှုတွေ ရနေပြီ ဆိုလို့ တော်တော်လေး စိတ်အေးသွားပါတယ်။ ကိုယ်ဖြစ် စေချင်တာကလည်း အဲ့ဒါပါပဲ။ အရာအားလုံးကို ငါသိတယ် ငါတတ်တယ် ဆိုပြီး ဘာလာလာ အကုန် ကိုယ့်ဘာသာကုမယ် ဆိုတဲ့ စိတ်က မကောင်းပါဘူး။ ကိုယ်မပိုင်တဲ့ ပညာရပ်နယ်ပယ်မှာ ကိုယ့်ထက် တတ်ကျွမ်းနားလည်သူတွေနဲ့ ကုသဖို့ လူနာမှာ အခွင့်အရေး ရှိတယ် ဆိုရင် အဲ့ဒီအခွင့်အရေးကို မပိတ်ပင် သင့်ဘူးလေ။ ဒါက ကိုယ့်တစ်ဘက်တည်း စဉ်းစားရတဲ့ အဖြေပါ။ ဒါပေမယ့် အခြေအနေ အရပ်ရပ် ကို သုံးသပ်ရင် ဒီလမ်းဒီခရီးကို ဒီကလေးသွားလို့ အဆင်ပြေနိုင်ပါ့မလား ဆိုတာက လူနာဘက်ကို တွေးပေးရတာပါ။ PDF မဟုတ်ပေမယ့် ၁၉-၂၀ ကလေးတွေ ဒီလမ်း သွားလို့ မလုံခြုံပါဘူး။ ကိုယ့်ဆီက လွှဲစာပါတယ်ဆိုရင်ကို မတရားသင်းဆက်သွယ်မှုနဲ့ ဆွဲစိထားမှာ။ အမှန်တော့ သူက လူနာ ကိုယ်က ဆရာဝန်။ doctor-patient relationship ထက် ဘာတစ်ခုမှ မပိုဘူး။ လူနာကို မေးကြည့်ရင် ကိုယ့်ကို ဘယ်သူဘယ်ဝါမှန်းတောင်မသိ။ “ဆရာဝန်လို့တော့ ပြောတာပဲ။” လို့ ဖြေပါလိမ့်မယ်။

ဒီလူနာက သူ့ဆရာဝန်ကို မသိသလိုပါပဲ။ ဟိုဘက်ရောက်ရင် သူ့ကို လက်ခံကြည့်ရှုပေးမယ့်၊ သင့်ရာလွှဲပို့ပေးမယ့် ဆရာဝန်တွေကိုလည်း ကိုယ့်ဘက်က ဘယ်သူဘယ်ဝါတွေမှန်း ကြိုသိ မထားပါဘူး။ ကိုယ့်ဆီကလွှဲမှန်းသိတဲ့အခါ သူတို့ဘက်က ဘယ်လိုတုန့်ပြန်မယ် ဆိုတာလည်း ခန့်မှန်းလို့ မရပါဘူး။ အဲ့ဒါကြောင့် ငြင်းပယ်မှာလည်း စိုးမိတယ် လို့ ပြောတာ။ အခက်အခဲတွေ အားလုံးကို လွတ်ထွက်သွားမှ ဒီကလေး အသက်ရှင်မယ်။ တနေရာရာမှာ တစ်သွားရင် သူ သေမှာ။ ဒီဆုံးဖြတ်ချက်ဟာ အသက်နဲ့လောင်းကြေးထပ်ပြီး စွန့်စားရတဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ အဲ့ဒါတွေအားလုံး လူနာဘက်ကို အသိပေးမထားပါဘူး။ ကိုယ့်ခေါင်းတစ်ခေါင်းတည်းနဲ့ ချင့်ချိန်ပြီး မိုက်မိုက်ကန်းကန်း အရဲစွန့်ရတာပါ။ ဒါကြောင့်မို့လို့လည်း လမ်းမှာကြာနေတဲ့ နှစ်ရက်လုံးလုံး ပူပူပန်ပန် ရှိနေရတာ။ အခုမှပဲ ရင်အေးရတော့တယ်။

ဒီကိုရောက်ပြီးမှ ကိုယ့်မှာပြောင်းလဲသွားတာ တစ်ခု ရှိတယ်။ အရင်ကဆိုရင် လူနာတွေကို ရောဂါနဲ့ ပါတ်သက်သမျှ နားလည်အောင် ရှင်းပြပြီးရင် အဆုံးအဖြတ် ကို ကိုယ် တာဝန်မယူပါဘူး။ လူနာ နဲ့ လူနာရှင်က သူတို့ဘာသာ တိုင်ပင် ဆုံးဖြတ်၊ ဘာလုပ်ရင် ဘာဖြစ်မယ်။ သိအောင်ပြောထားပြီးသား။ ကိုယ့်ဘာသာ ရွေးချယ်။ ဒါပေမယ့် ဒီမှာ ဒါမျိုး လုပ်လို့မရဘူး။ ဆယ်ဇင်းမှာတုန်းက Senior Consultant လုပ်တဲ့ကိုယ်က “အူအတက်ကလေး ယောင်နေတယ်။ သဘောတူရင် အခုခွဲပေးမယ်။ တာမခန်ဆေးရုံကိုလိုက်ခဲ့။ ပိုက်ဆံလည်း တစ်ပြားမှ ပေးစရာ မလိုဘူး။” လို့ ရှင်းပြတာကို ခါးခါးသီးသီး ငြင်းပြီးမှ “ရွာက တိုက်နယ်ဆေးရုံမှာ လက်ထောက်ဆရာဝန်နဲ့ပဲ ခွဲတော့မယ်။ အဲ့ဒီကို လွှဲစာရေးပေး။” ဆို လာတောင်းပါတယ်။ သူတို့အသိဉာဏ် သူတို့ဦးနှောက်နဲ့က ဘယ်လိုပဲ နားလည်အောင် ရှင်းပြပြ၊ ကြားချင်တာ ကွက် ကြားပြီး လုပ်ချင်ရာတွေ လျှောက်လုပ်တာပါ။ ဆုံးဖြတ်နိုင်လောက်တဲ့ အသက်အရွယ်ရောက်သော်ငြား မှန်မှန်ကန်ကန် ရွေးချယ်ဆုံးဖြတ်နိုင်လောက်တဲ့ အသိဉာဏ် မရင့်ကျက်ပါဘူး။ နားထဲဝင်နေတဲ့ ပျားသေကောင်ကြီးကို ဇာဂနာနဲ့ ဆွဲထုတ်ပြီး “ရော့ ဒီမှာ။ ပိုးကောင်ဝင်နေလို့ နားကိုက်တာ။” လို့ လက်ဆုပ်လက်ကိုင်ပြလည်းပဲ သူတို့ကောက်ချက်ချတာက “မနာလိုသူတွေက ကလေးနားထဲ အပင်းသွင်းလိုက်ပြီ။” ဆိုပြီး နတ်ဆရာဆီ ပြေးတာပါပဲ။

သူတို့ရဲ့နတ်ဆရာကိုယ်တိုင်က အနှစ် ၂၀ ကြာ ဘယ်သူခွဲခွဲ ခွဲလို့မပျောက်တဲ့ ဝမ်းဗိုက်တစ်ပြင်လုံး အူကြွံတာကြီးကို ကိုယ့်ဆီမှာ သုံးခါ လာခွဲထားတာ မသိကြဘူး။ အခု ကိုယ့်ဆီ refer လာတဲ့ လူနာတွေဟာ SMO ဆရာဝန်တွေဆီက မလာဘူး။ အဲ့ဒီနတ်ဆရာ ဆီက လာတာ။ End staged heart failure နဲ့ ဗိုက်ကြီးသည်လောက် ရေဖျဉ်းကြီးကို “အဲ့ဆေးရုံက ဆရာဝန် သွားပြလိုက်။ အထဲက ရေတွေ ထုတ်ပေးလိမ့်မယ်။ ရေသန့်ဗူးနဲ့ တစ်လုံးခွဲလောက်တော့ ရမှာ။”လို့ အတတ်ဟော လွှတ်လိုက်တယ်။ ဟုတ်တာပေါ့။ ဒီကလည်း တစ်ခါထုတ် တစ်လုံးခွဲထက်မှ ပိုထုတ်လို့ မရတာ။ ပြီးကျတော့ လူနာက ရေထုတ်ပေးတဲ့ ဆရာဝန်ထက် နတ်လမ်းညွှန်တဲ့ ဗေဒင်ဆရာကို ကျေးဇူးတင်တော့တာ။ တော်လိုက်တဲ့ တို့ဆရာကွာ။ ပညာရှိများ တွေးကြည့်ရင် ပြေးကြည့်သလို ကို မှန်တော့တာ ဆိုပြီး။

တဖြေးဖြေးနဲ့ သူတို့အကြောသိလာတဲ့အခါ နားမလည်နိုင်မယ့်အတူတူ အရာအားလုံးကို လေကုန်ခံ ရှင်းပြမနေတော့ဘူး။ လူနာရှင်နေရာမှာ ကိုယ်တိုင်ပဲ ဝင်ဝင်စဉ်းစားလိုက်တယ်။ ကိုယ်သာဆို ဘာလုပ်မလဲ။ ကိုယ့်ဆွေမျိုးတွေသာဆို ဘာလုပ်မလဲ။ အဲ့ဒီအတိုင်း လုပ်မှာပေါ့။ တချို့ကိစ္စတွေက လုနာဘက်က သိကိုမသိလိုက်တော့ဘူး။ ကိုယ့်ဘာသာပဲ ဝင်ပူ ကိုယ့်ဘာသာပဲ ဆုံးဖြတ်ပေးလိုက်တယ်။ ကိုယ့်ဆီလာဖို့ ကားခတောင်အနိုင်နိုင် ကင်ဆာလူနာကို ခွဲစရာရှိတာ ခွဲပေးပြီးရင် ဆေးသွင်း၊ ဓါတ်ကင်ဖို့ ရှင်းမပြဖြစ်တော့ဘူး။ ဘာမှမလုပ်နိုင်ပဲ စိတ်ဆင်းရဲနေရင် နောက်ထပ်နေရမယ့်သက်တမ်းမှာ quality of life ကျဆင်းတယ်။ ဆက်ကုကု မကုကု survival ချင်းက ကွာချင်မှလည်း ကွာတာ။ သူ့ဘာသူ ဘုန်းကြီးရေမန်းနဲ့ ဆက်ကုပြီး စိတ်ချမ်းသာနေလည်း ပြီးတာပဲ။ တတ်နိုင်တယ် သွားနိုင်တယ် ဆိုရင်တော့ ရန်ကုန်၊ မန်းလေး လွှတ်ကုတာပေါ့။ အဲ့သလောက်မှ မသွားနိုင်ရင်တော့ ဆေးမှာပြီး ကိုယ်တိုင်သွင်းပေးတာပေါ့။ ဘယ်သူ့ကို ဘယ်လိုကုပေးမလဲကိုတော့ သူတို့အခြေအနေ မေးမြန်းတီးခေါက်ပြီး ကိုယ့်ဘာသာပဲ ဆုံးဖြတ်ပေးလိုက်တယ်။

အဲ့သလိုမျိုး လူနာနေရာက ဝင်ဝင်စဉ်းစားရလို့ ဒီလောက် စိတ်ပင်ပန်းရတာပါ။ တကယ်ဆို “ဒါ ဒီမှာ ကုမရဘူး။ မန်းလေးဆင်း။ မြစ်ကြီးနားတက်။” လမ်းညွှန်လိုက်ရင် စာရွက်တစ်ရွက် ဘောပင်တစ်ချောင်းပဲ ကုန်မှာ။ ခေါင်းလည်း မစားဘူး။ ကျန်တာ ကိုယ့်ကိစ္စမှ မဟုတ်တာ။ ဒါပေမယ့် မရတော့ဘူး။ ဘယ်လူနာဖြစ်ဖြစ် “ဒီလူတွေ ဘာမှသိမှာ မဟုတ်ပါဘူး။ ငါဝင်ဖြတ်ပေးလိုက်တာ အေးပါတယ်။” ဆို လူနာရှင် ဝင်ဝင်လုပ်တာ အကျင့်ပါနေပြီ။ ပြီးရင်တော့ တခါတည်း မေ့ပစ်လိုက်တယ်။ ကိုယ်ခွဲပေးလိုက်တဲ့လူနာ နောက်တစ်ခါ ပြန်လာပြရင် မမှတ်မိတော့ဘူး။ လူနာက ပြောပြရင်တောင် “ဟုတ်လို့လား။ ငါ အဲ့ဒီလိုမျိုး ခွဲဖူးလို့လား။” နဲ့ ဇဝေဇဝါ ဖြစ်နေရော။ အသစ်တွေ ခေါင်းထဲထည့်နေရလို့ လူနာဟောင်းတွေ ခေါင်းထဲမကျန်ဘူးလေ။ “ချန်ဂင် နဲ့ တွေ့လို့ လှထုံ ကို မေ့နေပြီလား။” လို့ စကားနာ ထိုးမလား မသိပါဘူး။ ကိုယ်က သတိမရတာ အရေးမကြီးပါဘူး။ ကိုယ့်ကို သတိရနေမယ့်သူတွေ ကျန်ခဲ့ရင် ပြီးတာပဲ မဟုတ်လား။ သူများဆီက ပိုက်ဆံလိုက်ချေးပြီး ပြန်မဆပ်ပဲထားဦးမှပါ။ မင်းလေး သတိရတော့ ဒီနံမည်လေးပဲ ပြန်ခေါ်ပေါ့။ သိပ်ချေးဖူးခဲ့တဲ့ ကောင်ကလေးတစ်ယောက်ကို မမေ့နဲ့နော်။