“ထင်လည်းထင်ထားတယ်၊ ပြင်လည်းပြင်ထားတယ်။” ဆိုတဲ့ကိစ္စတွေဟာ တကယ်တမ်းဖြစ်လာတော့လည်း တော်တော်ပင်ပန်းတာပဲ။ လမ်းတွေပွင့်ရင် လူနာတွေ လာမှာပေါ့။ လာပစေ။ လာရင်ကုနိုင်အောင် စီစဉ်ထားတယ် ဆိုပေမယ့် တကယ်တမ်း လာကြတဲ့အခါ တနေကုန်ကို မနားရပါဘူး။ မနေ့ကဆို ကားနှစ်စီးတိုက် တပြိုင်တည်း ရောက်လာကြတယ်။ ဗိုက်လူနာချည့်ပဲ သုံးလေးယောက်ပါတယ်။ လာရတာ စားရိတ်ထောင်းတဲ့အတူတူ package tour နဲ့ ကားတစ်စီးစာပြည့်အောင် စုလာတော့ သက်သာတယ် မဟုတ်လား။ သူတို့ သက်သာရင် ကိုယ်တွေ မသက်သာဘူးသာ မှတ်ပါလေ။
လူနာကျတဲ့အချိန် မွေးလူနာက ဗိုက်နာ။ ကလေးလည်းထွက်ပြီးရော သားအိမ်ကောင်းကောင်း မကျုံ့လို့ သွေးတွေကသွန်။ မွေးခန်းထဲမှာ တစ်သုတ်။ ဆေးထည့်ခန်းထဲမှာ လက် ဓါးရှတဲ့လူနာကို ချုပ်နေတာက တစ်သုတ်။ ကိုယ်နဲ့အတူတူ သွေးလှူရှင်ရှာပြီး Donor screening လုပ်၊ သွေးထုတ်ဖို့ ပြင်နေတာ တစ်သုတ်။ မီးစက်က အသံမမှန်လို့ သွားကြည့်နေရတာက တစ်သုတ်။ အကုန်လုံးက အလုပ်ရှုပ်နေရတဲ့အထဲ ညနေစာ ထမင်းချက်ရင်းတန်းလန်း၊ ဆီပုလင်းနဲ့ အချဉ်ရည်ပုလင်းကို မှားထည့်မိလို့ ဟင်းတွေချဉ်တူးသွားပြီး ညကျဗိုက်နာတာလည်း အမှတ်တရပါပဲ။
နောက်တစ်နေ့လည်း ဒီအတိုင်းပဲ လည်ပတ်ရတယ်။ ဆိုင်ကယ်မှောက်တဲ့အဒေါ်ကြီးကို ခြေထောက် ကျောက်ပတ်တီးစည်းနေတုန်း မွေးလူနာတစ်ယောက် ထပ်ရောက်လာ။ နီးတော့နီးပြီ။ လိုသေးတယ်။ ထမင်း မြန်မြန်စားလိုက်ရအောင် ဆို စားရင်းတန်းလန်း ကလေးထွက်လာလို့ ထမင်းဝိုင်းကြီး ထားခဲ့ပြီး ပြေးမွေး။ အရိုးကျိုးတဲ့လူနာတွေ လာရင် ဓါတ်မှန်ရိုက်ပြီး အရိုးဆရာဆီ ဓါတ်ပုံပို့ ပြရတယ်။ သူပြန်ပို့ပေးတဲ့ ဗီဒီယိုဖိုင်ထဲကအတိုင်း ပတ်တီးစည်းရတယ်။ လိုင်းမကောင်းလို့ အဝိုင်းလည်နေရင် လူနာကို ခနစောင့်ခိုင်းပြီး လိုင်းမိတဲ့ဆီ ထွက်ဒေါင်း။ frozen shoulder နဲ့ ဘကြီးကို ရေပုံးတွေ စက်သီးကြိုးတွေ ပုဆိုးပုဝါတွေသုံးပြီး ပုခုံးလေ့ကျင့်ခန်း သင်ပေး။
တနေကုန် အလုပ်ရှုပ်လို့မှ အားမရ။ ညနေ မှိုးမှိုးမှောင်မှောင် မှာ ရှူရှူးမပေါက်တာ ၂ ရက်ရှိပြီ ဆိုပြီး ကလေးတစ်ယောက် လာပြပြန်တယ်။ “တနေ့တုန်းက လာပြပြီးသား။ ခါးနာလို့ ဆေးထိုးပေးလိုက်တယ်။ အာထွာဆောင်းထောက်ပြီး ကျောက်မတွေ့ဘူး လို့ ပြောလိုက်တယ်လေ။” လို့ သူ့ကိုယ်သူ မိတ်ဆက်တယ်။ ဒါဆို ကျောက်က အောက်ပြုတ်ကျလာတာ ဖြစ်မယ်။ “လာ။ ဒီမှာတွေ့လား။ ရေအိုး။ သောက်။ အဝသောက် ။ ကျောက်ကျလာတော့မှ အဝက ဆွဲထုတ်လိုက်မယ်။” ဆို ထားခဲ့ပြီး ရေချိုး၊ ထမင်းစား၊ အထုပ်ပြင်ပြီးမှ ဆေးရုံကမထွက်ခင် ပေါက်ပြီလား ဝင်ကြည့်တယ်။ မပေါက်သေးဘူး။ ရော် ဒီသူငယ် ရေသောက်ပျင်းလိုက်တာ။ မှန်းစမ်း။ ဆီးအိမ်ထဲ ကျောက်ရှိလား ကြည့်ဦးမယ် ဆို အာထွာဆောင်းပြန်ထောက်။ ဆီးအိမ်ထဲတော့ ကျောက်တွေ့တယ် ထင်တာပဲ။ ဓါတ်မှန်ဆရာဆီ ပုံပို့လိုက်တော့ သူက ပြန်ရိုက်ပေးပါဦးတဲ့။ သူသင်ပေးတဲ့အတိုင်း ပြန်ရိုက်ပြီး ဗီဒီယိုဖိုင်ပါ ပြန်ပို့လိုက်တော့ ဟုတ်တယ်။ ကျောက်ရှိတယ်။ ပျော်သွားတာပေါ့။ မနက်ကျ အသာလေး ကောက်ထုတ်လိုက်ရုံပဲ။ “ဆီးပိုက်ထည့်ပေးထားလိုက်။ မနက်ကျမှ ခွဲမယ်။” ဆို ထားခဲ့ဖို့ လုပ်တော့ ဆီးပိုက်တော့ ဝင်သွားတယ်။ ဆီးက ထွက်မလာဘူး။ ဟုတ်သေးပါဘူး ဆို ကိုယ်တိုင်ပြန်ထည့်။ ဒါလည်း မထွက်ဘူး။ ဒါဆိုတော့ မှားနေပြီ။ “ဒရစ် ၂ လုံးချထား။ ဆီးဆေးတစ်လုံးထိုးထား။ မနက်ကျ ထွက်လိမ့်မယ်။” ဆို ထားခဲ့တော့ ညတော်တော်မှောင်လှပေါ့။
ပြဿနာကတော့ မနက်ရောက်တဲ့ထိ ဆီးလုံးဝ မထွက်သေးတာပါပဲ။
ဒါဆိုရင်တော့ ကျောက်ပြဿနာ မဟုတ်တော့ဘူး။ သောက်ပြဿနာ ဖြစ်ဖို့များပြီ။ သူ ဘာတွေ သောက်ထားမှန်းမသိ။ မြွေမကိုက် ကင်းမကိုက်၊ ဒညင်းသီးလည်းမစား ဆိုတော့ သူသောက်တဲ့ဆေးတွေမှာ ကျောက်ကပ်ထိခိုက်စရာပါလိမ့်မယ်။ “မသိဘူး။ အမေတိုက်တဲ့ဆေးတွေ သောက်လိုက်တယ်။” တဲ့။ သူ့အမေကလည်း “သိဘူးလေ။ အရင် ကျွန်မ နေမကောင်းတုန်းက ပေးထားတဲ့ စပ်ဆေးတွေ တိုက်လိုက်တာပဲ။” တဲ့။ ဒီမှာက အဲ့လိုပဲ။ ဆေးကြုံသောက်တဲ့သူတွေ သိပ်များတာ။ ကဲပါလေ။ ကိုယ် လုပ်နိုင်တာ အရင် စလုပ်တာပေါ့။ မခွဲတော့ဘူး။ သွေးဖောက်၊ ဓါတ်ခွဲခန်းပို့ ခိုင်းပြီးမှ ဒရစ် ၃ လုံး ထပ်သွင်းပြီး ဆီးဆေး ၄ လုံး ထိုးချလိုက်တယ်။ ultrasound နောက်တစ်ခါ ပြန်ထောက်ပြီး radiologist ဆီပို့တယ်။ case summary ကို တစ်ခါ urologist ဆီ ထပ်ပို့တယ်။ အဆက်အသွယ် မရသေးတော့ cardiologist ဆီ အစအဆုံးထပ်ပို့ပြီး တိုင်ပင်ပြန်တယ်။ ပြောတော့ လွယ်လိုက်တာနော်။ ဒီက အင်တာနက်လိုင်းနဲ့ စာတစ်ကြောင်းထွက်ဖို့ အခါ ၂၀ လောက် ပို့ရတာ။ စာလက်ခံတဲ့သူကလည်း အစဉ်သဖြင့် လိုင်းပေါ်ရှိတာ မဟုတ်။ သူတို့မှာလည်း သူတို့ ဒုက္ခနဲ့။ ဒီလိုနဲ့ တနေကုန် ဖုန်းလေးပွတ်လိုက်၊ ဆီးထွက်ပလား သွားကြည့်လိုက်နဲ့နေတာ။ ညနေစောင်းလို့ creatinine result ရတော့ normal ထက် ၈ ဆ တက်နေရော။ ဆီးကမထွက်။ လူနာက ဘယ့်နှယ်မှ မနေဘူး။ ကိုယ့်မှာတော့ ရင်တွေပူပြီ။ မျက်နှာကလေးက အမ်းလာပြီ။ ဆီးမထွက်တာ ဒီနေ့ တနေကုန်နဲ့ဆို ၃ ရက်ရှိပြီ မဟုတ်လား။ physician ဆီကနေ nephrologist ဆီပြဖို့ အချိန်တန်ပါပြီဆိုတော့ မိုးကချုပ်ပြီ။ ဂိတ်တွေ ပိတ်တော့မှာ။ နက်ဖြန်မနက် အစောပိုင်း ထွက်ရင်တောင် မန်းလေးကို ညမှောင်မှရောက်မှာ။ ဒါတောင် လမ်းမပိတ်မှ။ လွှဲစာရယ် မနက်ထိုးဖို့ ဆေးတစ်ချောင်း နေ့လည်ထိုးဖို့ ဆေးတစ်ချောင်း လက်ထဲထည့်ပေးပြီး မန်းလေးက ဆရာဝန်နဲ့ အဆက်အသွယ်ရတော့ ဖုန်းဆက်လိုက်မယ် ဆိုပြီး လက်လှမ်းမီသမျှ အကုန်လိုက်ချိတ်ရတာ။ တနေရာမဟုတ် တနေရာမှာ တစ်ပြီး တပ်လန်လာလို့ရှိရင် ဒီကလေး သေမှာလေ။
ညကြီးမိုးချုပ် အိပ်တဲ့နေရာရောက်မှ urologist ဆီက စာပြန်လာတယ်။ သူ့ဆီကမှ nephrologist ဖုန်းနံပါတ်ရပြီး လိုက် ဆက်သွယ်နိုင်တယ်။ အဲ့ဒီအချိန်ကျမှ လူနာဆီကလည်း ဖုန်းပြန်ဝင်တယ်။ သူ ဆီးသွားပြီတဲ့။ ဘယ်လောက်ရှိလဲ ကျ မှတ်မထားဘူး။ မနည်းမများတဲ့။ သူ သိချင်တာ မသွားရင် ရမလား သိချင်တာ။ သွားနိုင်ရင်တော့ အကောင်းဆုံးပေါ့။ အခုမှ ၁၉ နှစ် ရှိသေးတာ။ ၃ ကြိမ် ၄ ကြိမ်လောက် ကျောက်ကပ်ဆေးလိုက်ရင် ကောင်းသွားမယ့် ကိစ္စ။တကယ်လို့များ လမ်းပိတ်လို့ အခက်အခဲတစ်ခုခုရှိလို့ သွားမရဘူးဆိုရင်တော့ ဒီဆေးရုံကို ရောက်အောင် ပြန်လာခဲ့ လို့ မှာလိုက်တယ်။
လူနာတစ်ယောက်တည်းနဲ့တောင် အဲ့လောက် တိုင်ပတ်တာနော်။ လောလောဆယ် ဆေးရုံမှာ အဲ့လိုလူနာ ၃ ယောက် မျက်စိဒေါက်ထောက် ကြည့်နေရတာ။ တစ်ရက်ခြားလောက် ဓါတ်ခွဲခန်းကို ဆိုင်ကယ်နဲ့ သွေးစစ်ဖို့ ပို့ပေးရတယ်။ တစ်ပါတ်တစ်ခါလောက် ဆေးတွေမှာမှာယူရတယ်။ ဒီမှာ ရှာမရတဲ့ဆေးတွေ ရန်ကုန်လှမ်းမှာရတယ်။ လိုင်းမကောင်းပဲနဲ့ တနေကုန်ထိုင် စာပို့နေရတာ စာတောင်မရေးအားပါဘူး။ စစ်ပွဲသတင်းတွေတောင် အာရုံမစိုက်နိုင်။ ဒီဘက်က စစ််ပွဲတွေကတော့ အာရုံမစိုက်လည်း အသံတကြားစာ အကွာအဝေးလောက် ရောက်နေပြီ။ ဟိုပင်၊ နန့်မွန်း၊ မက်မုန်ကိုင်၊ လုံးတုံဘက်မှာရော၊ ဆယ်ဇင်း၊ နမ့်ပုတ်ဘက်မှာရော ပွဲတွေ က၊ လမ်းတွေ ပိတ်၊ ဂိတ်တွေ စစ် နေ့စဉ်ရက်ဆက်ပါပဲ။ ကိုယ့်ဆေးရုံနေရာ ကွက်ကွက်ကလေးပဲ အေးနေသေးတယ်။ ဒါပေသိ လူတိုင်းကတော့ ကိုယ့်ကျောပိုးအိပ် ကိုယ် ပြင်ထားပြီးသား။ ကောက်လွယ်မထားတာပဲ ရှိတယ်။ စစ်ပွဲတွေနဲ့ အသားကျလာပြီ ခေါ်ရမှာပေါ့လေ။
Referral system ကြီး ပျက်သွားတဲ့အခါ Tertiary center ကြီးတွေ သူ့သဘောသူဆောင်ကုန်ကြတာပေါ့။ နဂိုတည်းကိုက မနိုင်ဝန် မဟုတ်လား။ သူတို့ အထူးကုဌာနကြီးတွေရဲ့ facility ကို private hospital တွေက ကောင်းကောင်း လက်လှမ်းမမီသေးတာရယ်၊ မီခဲ့ရင်တောင် အဲ့လို အထူးကုဆေးခန်းမျိုးကို မြန်မာပြည်သူတွေက တော်ရုံနဲ့ လက်လှမ်းမမီနိုင်တာရယ်ကြောင့် အသေအပျောက် အထိအခိုက် အရမ်းများရတယ်ဆိုတာ အဲ့ဒီနယ်ပယ်တွေမှာ ကျင်လည်နေကြရတဲ့ အထူးကုဆရာဝန်ကြီးတွေ ကောင်းကောင်း သိပါတယ်။ လူ့ခန္ဓာကိုယ်က ကိုယ်တွင်းအင်္ဂါ ကလီဆာဆိုတာတွေက စက်ပစ္စည်းများလို ပျက်သွားတိုင်း spare parts ဝယ်လဲလို့ လွယ်တာလည်း မဟုတ်။ မပျက်စီးခင် ဆယ်နိုင်သမျှ ဆယ်တာသာ အကောင်းဆုံး မဟုတ်လား။ အပန်းမကြီးတဲ့အရာတွေပေမယ့် အချိန်မီသာ ပြင်ဆင်ခွင့်ရခဲ့ရင် အသက်တစ်ချောင်း ကယ်ကောင်းကယ်နိုင်မယ်လေ။ အဲ့ဒါကြောင့်မို့လို့ လူနာဆီးမပေါက်တာ ဘယ်နှစ်ရက်ကြာသွားပြီ ဆိုတဲ့အသိနဲ့ ကိုယ်လွှဲချင်တဲ့ Specialsit ဆီ မရောက်မချင်း ရတက်မအေးနိုင်တာပါ။ လမ်းခရီးမှာ ညောင်ခါးရှည်လို X’ray ဖြတ်ဖို့ ညအိပ်စောင့်ရတယ် ဆိုတာမျိုးတွေ ဖြစ်လာရင် ပွဲကသိမ်းရော။ ဒီလို မလိုလားအပ်တဲ့ ဘေးရန်အန္တရာယ်တွေနဲ့ ဒုက္ခသုက္ခအပေါင်းတို့ဟာ ဟိုခွေးသူတောင်းစားကြီး အာဏာရူးလို့ ဖြစ်ရတာလား။ လူတိုင်းကိုယ်စီကိုယ်စီရဲ့ ဝဋ်ကြွေးကြောင့် ဖြစ်ရတာလား။ ကိုယ့်ဘာသာကိုယ် စဉ်းစားကြည့်ကြပေါ့ကွယ်။
အခု စာရေးနေတဲ့အချိန်ထိကို လူနာက လမ်းမှာပဲ ရှိသေးတယ်။ မြစ်ကြီးနား – မန္တလေး ခရီးစဉ်က အခု လမ်းမှာ တစ်ညအိပ်ပြီးမှ ရောက်တော့တယ်တဲ့။ လွှတ်လိုက်မိတာ မှားပြီလား မသိ။ ဟိုကျမှ ကျောက်ကပ်ဆေးဖို့ အဆင်မပြေရင် တစ်ခါ ဒုက္ခရောက်ရဦးမယ်။ မလွှတ်ပဲ ဇွတ်အတင်းဆွဲထားပြီး ကိုယ့်ဘာသာကုရင်လည်း မတရားရာကျမယ်လေ။ “ဆီးအိမ်ထဲမှာ ကျောက်တွေ့ပြီကွ။” ဆိုပြီး လူနာကို အလောတကြီး ဓါးမတင်လိုက်တာ ကိုယ့်အတွက် ကံကောင်းသွားတယ် မှတ်။ အမှန်တော့ nephrologist နဲ့ နည်းနည်း စောတွေ့ရင်လည်း သူ့ဆီက အကြံဉာဏ်ယူပြီး ကုရဲသေးတယ်။ လူနာက ဆီးထွက်တာ နည်းနည်းလောက် စောခဲ့ရင်လည်း မျှော်လင့်ချက်ကလေးထားပြီး စောင့်ကြည့်ချင်ကြည့်ဦးမယ်။ အခုဟာကြီးက စိတ်ထဲမှာ တော်တော် မတင်မကျနဲ့။ “အစစ အရာရာ လွယ်ကူ အဆင်ပြေ ချောမွေ့ပါစေ။” လို့ပဲ ဆုတောင်းပေးနိုင်တော့တယ်လေ။ ဒီလိုလူနာမျိုးတွေ ဘယ်နှစ်ယောက်တောင် ရှိနေမှာပါလိမ့်။ ဟုတ်မှာပါလေ။ မြန်မာပြည်မှာ လူလာဖြစ်ရတာကိုက ဝဋ်ကြွေးတစ်ခုပဲ နေပါလိမ့်မယ်။ သို့သော် အတိတ်ကံချည့်ကြောင့်တော့မဟုတ်။ ပစ္စုပ္ပန်ကာလမှာ ဒေါ်စိန်အေးသားတွေရဲ့ စနက် ပယောဂတွေက အဓိကပဲ။ အဲ့ဒီဝဋ်ဒုက္ခကြီးက လွတ်မြောက်ချင်ရင် အဲ့ဒီကောင်တွေကို အမြစ်ပြတ်အောင် တော်လှန်ပစ်မှရမယ်။ အဲ့ဒီအခါမှပဲ တိုင်းပြည်ရဲ့ အနာဂတ် အေးချမ်းလိမ့်မယ်။ မဟုတ်ဘူးလား။ ဟုတ်သလား။ မြန်မာပြည်သူ သန်း ၅၀ ရဲ့ အ ဖြေ … က….။