ချန်ဂင်တို့စခန်း (၁၃၀)

ဒီနေ့ တနေ့လုံး ဆေးရုံမှာ အလုပ်တွေ ရှုပ်နေတယ် ဆိုပေမယ့် စစ်ရေးအခြေအနေ​တွေကို မျက်ခြေပြတ်လို့တော့ မရပါဘူး။ အချိန်မရွေး ကိုယ့်ဆီကို ရောက်လာနိုင်မှန်း သိထားလို့ပါ။ နန့်မွန်းမှာ မိုင်းနောင်မှာ အင်အားအလုံးအရင်းနဲ့ တပ်စွဲထားသတဲ့။ မြို့ထဲရွာထဲ ပတ်မွှေနေရင်းကနေ ဒီဘက်ကို စစ်ကြောင်းထိုးလာရင် အလွယ်လေးရယ်။ ပွင့်လင်းရာသီဆိုတော့ လမ်းပေါက်သွားမှပဲဟာ။ လာချင်ရင် အနီးလေးဖြစ်သွားပြီ။ ခုနေခုခါ ကိုယ်တို့ဆီကလူတွေသာ ဘေးမသန်း အေးချမ်း နေလို့ရတာ။ ဟိုပင် မိုးညှင်းမြို့ပေါ်ကလူတွေ မထင်ရင် မထင်သလို စစ်ဆေး ဖမ်းဆီးခံနေရတယ်။ ဖားကန့်မြို့ပေါ်မှာတောင် ကျီးလန့်စာစားရယ်။ အနန့်ပါ ပြီးကတည်းက ဂိတ်ပေါင်းများစွာနဲ့ ပိတ်ဆို့တားဆီးထားတာ။ လုံးခင်း၊ မှော်ဆီဆာဘက်မှာ တိုက်ပွဲတွေဆိုတာလည်း တချိန်းချိန်း။ သူတို့ဘက်က စစ်သားတွေ ရဲတွေ အတုံးအရုံးသေတယ်။ ဒီဘက်မှာတော့ အရပ်သားတွေ အထိအခိုက် အဖမ်းအဆီး များတယ်။ လေယာဉ်ကတော့ နေ့တိုင်းလာတာမို့ ကချင်ပြည်နယ်တစ်ခုလုံး လေကြောင်းရန် ကာကွယ်ရေး ရက်သတ္တပါတ်ကနေ ဆောင်းမကုန်မချင်း ကျင်းထဲကို ဒိုင်ဗင်ပစ်အောင်းဖို့ လေ့ကျင့်ထားကြတယ်။

မနေ့ညကတော့ တမြို့လုံး မီးတွေဖြတ်ပြီး သူတိူ့ချည့်ပဲ ယောက်ယက်တွေခတ်နေတာ မြင်ရတဲ့အတွက် သံချောင်းခေါက်ပြီး stand by အိပ်ကြတယ်။ တနေရာရာတော့ စစ်ကြောင်းထိုးတော့မှာ။ ကိုယ့်နေရာ မဟုတ်ဘူး ဘယ်ပြောနိုင်မလဲ။ မနေ့က ဖားကန့်မှာ စစ်ခွေး ၅၀ လောက် ဂိန်သွားတဲ့အကြောင်း သတင်းထဲမှာ ပါလာပြီလေ။ အမြဲတစေ အန္တရာယ်က လက်တစ်ကမ်းမှာ ဆိုတဲ့ အသိနဲ့ နေတယ်။ သို့သော်လည်း ကိုယ်လုပ်စရာရှိတဲ့အလုပ်တွေကိုတော့ ဆက်လုပ်နေတုန်းပါပဲ။

ဒီနေ့မနက် ခွဲခန်းမဝင်ခင် သူတို့တပ်တွေ လှုပ်ရှားတဲ့သတင်းကို သေချာမေးမြန်းပြီးမှ မီးစက်နှိုးတယ်။ ခွဲလူနာ ၂ ယောက်ရှိတယ်။ ဝင်မိရင် နေ့တဝက်ကျိုးသွားမှာ။ မမအိုဂျီရဲ့ Vaginal Hysterectomy လူနာက သွေးပေါင် အတက်အကျ စိတ်မချရလို့ immediate post-op မှာ monitor နဲ့ စောင့်ကြည့်ရတယ်။ 2nd case က RPG ထိလို့ တစ်ရက်ခြားတစ်ခါ spinal ထိုးပြီး ဆေးထည့်နေရတဲ့ လူနာ။ အဲ့ဒါနဲ့ပဲ တနေကုန်တယ်လေ။ မိုင်းထိလို့ အစထုတ်ချင်တဲ့ လူနာ ၂ ယောက် ထပ်ရောက်လာတယ်။ ရေမွှာပေါက်တဲ့ မွေးလူနာတစ်ယောက်လည်း ရှိတယ်။ အလုပ်လည်းပြီး မိုးလည်းချုပ် စစ်ရှောင်ချိန် ကို ပြန်ရောက်လာရော။ ကုန်ပြန်ပေါ့ တစ်နေ့။

မြန်မာပြည်သူတွေကို နေရာအနှံ့ ဗုံးကျဲတိုက်ခိုက်နိုင်ဖို့ ရုရှားကနေ တိုက်လေယာဉ်တွေ လက်နက်တွေဝယ်ပြီး ရုရှားလုပ်ငန်းရှင်တွေကို “မြန်မာပြည်မှာ စီးပွါးလာရှာလှည့်ပါ။ အခွန်အတုပ် မယူပါဘူး” လို့ လေးဘက်ကုန်းပေးရတဲ့သူကိုမှ ပြည်ပအားကိုး ပုဆိန်ရိုး မခေါ်ရင် ဘယ်သူ့ကို ခေါ်ရမှာတုန်း။ သူများကို မတရားစွပ်စွဲထားသမျှ ပုဒ်မတွေကို သူကိုယ်တိုင်ပဲ ကျူးလွန်နေတာ မဟုတ်လား။ သမိုင်းတင်တော့ အဲ့ဒါတွေကပဲ အတင်ခံရမှာ။ သူ့ကိုယ်သူ လင်းသိုက်ညွန့်လုပ်ထားတဲ့ မဟုတ်ကဟုတ်က ဘွဲ့တွေကို ဘယ်သူကမှ အစစ်စာရင်း မသွင်းဘူး။ စစ်တပ်က နိုင်ငံတော်ကို သစ္စာဖောက်တာ တစ်ကမ္ဘာလုံးက မျက်ဝါးထင်ထင် မြင်နေရသားပဲ။ လိမ်လို့ညာလို့ မရ။ ဒီစစ်တပ် ချုပ်ငြိမ်းသွားမှ ဒီတိုင်းပြည် အေးချမ်းမယ်ဆိုတာလည်း တတိုင်းပြည်လုံးက သဘောပေါက်တယ်။ လှည့်စားသိမ်းသွင်းလို့ မရ။ “မင်းအောင်လှိုင်၏ နောက်ဆုံးနေ့များ” ဆိုပြီး အခန်းဆက်ဆောင်းပါးရေးနေတဲ့သူတောင် ၂ ယောက် ၃ ယောက် မကတော့ဘူး။ နောက်ထပ် လာဦးမှာတွေ မနည်းလှ။ တလောကလုံးကို မြဝတီရုပ်သံပဲ ကြည့်လိမ့်မယ်လို့ ထင်တာ သူ့ဦးနှောက်ပေါ့။

ဒီလိုနဲ့ပဲ နောက်တစ်နေ့ ကူးပြန်တဲ့အခါ ခွဲခန်းဝင်နေတုန်း “လေယာဉ်ပျံတက်လာပြီ” လို့ ဖုန်းတွေဆက်ကြပြန်ပါတယ်။ လူနာကလည်း ဗုံးမှန်လို့ ဓါတ်မှန်ထဲကြည့်ပြီး အစထုတ်ပေးတာ ပြန်တောင်ချုပ်ပြီးပြီ။ မီးစက်ပိတ်ပြီး အပြင်ထွက်ဖို့လုပ်တော့ မရွှေချောက “အမယ်လေး မူးလိုက်တာ။” ဆိုလို့ မထွက်နိုင်တော့ပဲ မော်နီတာတပ်၊ ဒရစ်တွေချိတ် လုပ်ရတယ်။ ကြားရတဲ့သတင်းအရတော့ ဖားကန့်ဘက်မှာ ပွဲတွေသိပ်ကောင်း နေပြန်ပြီတဲ့။ မရဏမောင်းလော အောင်စည်လော တော့ မသိ။ ကြားတာတော့ ကြားနေရပြီ။ ကရင်မှာလည်း ပွဲကောင်း၊ တနင်္သာရီမှာလည်း ပွဲကောင်း။ ရှမ်းမြောက်မှာလည်း ပွဲကောင်း။ ဒီအတိုင်းသာဆို အောင်စေပိုင်စေ နိုင်ခြေပွဲပေါင်း ဥဒါန်းဆောင်းဖို့ ရက်ပေါင်းဘယ်လောက်မှ မလိုတော့ဘူး။ သူတို့ဘက်က အကျအဆုံး ၁၀၀ ထက်နည်းတဲ့နေ့ တစ်နေ့မှကို မရှိတာ။

မီးပုံးပျံဆိုတာ မှိုင်းဝမှ ပျံနိုင်တယ်။ မိုင်းကုန်ရင် ပြန်မကျပဲ မနေဘူး။ တိုက်လေယာဉ်တွေဟာလည်း ပိုက်ဆံများများရှိမှ ပျံလို့ရတယ်။ များများပျံ မြန်မြန်ကုန်၊ မြန်မြန်ကိစ္စပြတ်၊ အေးတာပဲ။ သေစရာရှိလည်း သေပလိုက်မယ်။ အနိုင်နဲ့ပွဲသိမ်းဖို့သာ လိုရင်း။ ဘယ်သူတွေ ပါတာမပါတာ ကူတာမကူတာ ခေါင်းထဲမှာတောင် မရှိ။ ကလေးတွေရော ကိုယ်တို့ရော အဲ့ဒီလို တစိတ်တဝမ်းတည်း ဖြစ်ကုန်ပြီ။ သွေးကွဲတယ်ဆိုတာ လိုင်းပေါ်မှာပဲ ရှိတယ်။ မြေပြင်မှာ လာကြည့်။ အကုန်လုံး သေအတူ ရှင်မကွာ။ အောင်ပွဲရတဲ့အချိန် ဘယ်သူတက်အုပ်ချုပ်အုပ်ချုပ် အရေးကို မလုပ်တော့ဘူး။ လောလောဆယ် ဒီကောင်တွေကို မပြုတ်မချင်းတိုက်မှာ။ အဲ့သလို ဖြစ်ကုန်ရော။

အခုမှပဲ ၈၈ နဲ့ ၂၂ ဘာတွေ ဘယ်လိုကွာသွားလဲ ရှင်းရှင်းလင်းလင်း သဘောပေါက်တော့တယ်။ ဆန္ဒပြတုန်းက အရမ်းတွေ တက်ကြွနေပြီး အာဏာလည်းသိမ်းရော လွတ်မြောက်နယ်မြေကို ရောက်လာတာအထိတော့ တူတယ်။ မတူတာက တောထဲကနေ စစ်ကောင်စီကို ပြန်တိုက်တဲ့နေရာမှာ ၂၂ ကလေးတွေလို ပါဝါရိန်းဂျား ဖြစ်မလာဘူး။ ပါပီမနဲ့ အိမ်ပြန်ခေါ်တာကို အဟုတ်မှတ်ပြီး အလင်းဝင်တဲ့လူက ဝင်တယ်။ ခိုလှုံခွင့်ယူပြီး တတိယနိုင်ငံ လှမ်းတဲ့သူက လှမ်းတယ်။ အခု ကလေးတွေက အဲ့သလိုလုပ်တဲ့သူ နည်းတယ်။ လုပ်ဖြစ်ရင်လည်း တော်လှန်ရေးကို စွန့်ခွါမသွားဘူး။ fund raiser အနေနဲ့ ထောက်ပို့အလုပ်တွေ ဆက်လုပ်ကြတယ်။ အရင်ခေတ်လူတွေကို ပါတီထောင်ခိုင်းပြီး တတိယအင်အားစုအနေနဲ့ ဘွားတော်နဲ့ မပေါင်းနိုင်အောင် တစ်စင်ထောင် လက်သပ်မွေးခံရတယ်။ ခုကလေးတွေက သပ်လျှိုသွေးခွဲလို့ မရဘူး။ အရင်ခေတ်တုန်းက တတိယနိုင်ငံမှာ ပညာဆက်သင်ပေးထားတဲ့ ပြည်ပကလူတွေကို ကျောသပ်ရင်သပ် ၁၃ ကျပ် နဲ့ ပြန်ခေါ်၊ အကြံပေးခန့်ပြီး တော်လှန်ရေးမျိုးဆက်သစ်တွေ နှိမ်နှင်းဖို့ ငြိမ်းချမ်းရေးပွဲစားအဖြစ် ပုဆိန်ရိုးတပ်ခံရတယ်။ အခုကလေးတွေမှာ စစ်အုပ်စုနဲ့ ပြန်ပူးပေါင်းသွားတာ မရှိဘူး။ ၈၈ မျိုးဆက်ဆိုတာ ရှေ့ကအရင်သွားနှင့်ပြီး မရောက်သေးပဲ လမ်းချော်နေတဲ့သူတွေလို့ ပြောရင် ဆွေ့ဆွေ့ကို ခုန်နေမှာပဲ။ ကိုပေါ်တို့ ကိုဂျင်မီတို့ ကိုမြအေးတို့ ဘယ်နားသွားထားမတုန်း လို့ အပြောခံရမယ်။ ဒါပေမယ့် သူတို့က မဖောက်ပြန်တာပဲ ရှိတာ။ သူတို့ကိုယ်သူတို့ လွတ်မြောက်အောင်တောင် မနည်းရုန်းနေရတယ်။ သူတို့ထဲက ဖောက်ပြန်သွားတဲ့သူတွေ အမွှေစိန်လုပ်နေတာ ဘယ်လောက် ရွံဖို့ကောင်းသလဲ။ မိုးဟိန်းကြီးကို ကြည့်ပါလား။ ကျန်တဲ့သူတွေ နံမည်တပ် မပြောတော့ပါဘူး။ အများကြီး မှ အများကြီး။ သူတို့က ကိုယ့်တော်လှန်ရေးကိုယ် အောင်မြင်အောင် မလုပ်နိုင်ရုံ မကဘူး။ ကလေးတွေလက်ထက်ကျမှ တော်လှန်ရေးကြီးအောင်မြင်သွားမှာစိုးလို့ စစ်တပ်ဘက်က ဝင်နှိမ်နှင်းပေးနေတာ။ သူတို့လောက်ကတော့ ခေတ်ဆွေးအဆိုတော်ကြီး ဘဘစိုင်းနဲ့တင် တောက်ချပစ်လို့ရတယ်။ “မင်းက ဘာကို မက်မောတာလဲ။ မင်းက ဘာကို အထင်ကြီးတာလဲ။” ပြော။

တော်လှန်ရေးရဲ့ပန်းတိုင်ဆိုတာ အစိုးရအဖွဲ့ထဲ ကိုယ်တိုင်ပါဝင်ရေးမှ မဟုတ်တာ။ ဘယ်သူတက်တက် ဘယ်သူဆင်းဆင်း အာဏာရှင်စံနစ် ချုပ်ငြိမ်းပြီး အများဆန္ဒကို အလေးထားတဲ့ ဒီမိုကရေစီအစိုးရပဲ လိုချင်တယ်။ NLD အစိုးရလို့တောင် နံမည်တပ်ပြီး မတဘူး။ သူလည်း အများဆန္ဒအတိုင်းပဲ ဖြစ်ရမှာ။ မင်းအောင်လှိုင်က သမ္မတဖြစ်ချင်ရင် ဝင်အရွေးခံလေ။ စစ်တပ်ကလည်း ဒုသမ္မတတစ်ယောက် တင်ခွင့်ရှိတာပဲ။ သုံးခွက်တစ်ခွက်မှ တင်အောင် ယှဉ်နိုင်တဲ့ အရည်အချင်း သူ့မှာ မရှိဘူးလား။ အနှစ် ၂၀ ကျော်ကြာအောင် စိတ်တိုင်းကျ တဘက်သတ် အသာစီးယူ ဆွဲထားတဲ့ ၂၀၀၈ ခြေ/ဥ နဲ့တောင် ဝင်မပြိုင်ရဲလို့ ပွဲဖျက်ပစ်တဲ့ကောင်။ ဒီလိုအကောင်မျိုးတွေ အာဏာရူးရင် တတိုင်းပြည်လုံး မီးဟုန်းဟုန်းတောက်ကုန်တာ လက်တွေ့ကြုံနေရလို့ ဒီဇာတ်လမ်းကို အရင်သိမ်းနေတာ။

ကိုယ် ဒီမှာ ဆေးရုံဖွင့်စက စစ်တပ်ဘက်ကကောင်တွေ လာလာရိတယ်။ “လုပ်မနေနဲ့။ အဝေးရောက်အစိုးရ အာဏာရပြီး မြို့ပေါ်ပြန်လာ အုပ်ချုပ်တာ မြန်မာပြည်မှာ ထုံးစံ မရှိဘူး။” တဲ့။ လာမန့်တဲ့သူ အသက်ရှင်လျက် ရှိသေးလား၊ မြင်နိုင်ဖတ်နိုင်ဦးမလားတော့ မပြောတတ်ပါဘူး။ ကိုယ်ကတော့ အရှင်လတ်လတ်ကြီး စာတွေဆက်ရေးနေဆဲပဲ။ ဆေးရုံမှာလည်း ရေမီးအစုံနဲ့ လေထီးခုန်လျက်ပဲ။ ဘယ်ကိုမှ ထွက်မပြေးပါဘူး။ အိမ်ပြန်ဖို့တောင် လပိုင်းလောက်ပဲ လိုတော့တယ် ထင်ပါ့။ ကြည့်ကြသေးတာပေါ့နော့။ “ပြည်သူကို ညှင်းဆဲသတ်ဖြတ်ပြီး သမ္မတတက်လုပ်လို့ရတဲ့ ထုံးစံလည်း အခုကစလို့ မြန်မာပြည်မှာ ဘယ်တော့မှ မရှိစေရဘူး။ ကြားလား။ သေချာလေးလည်း မှတ်သွားဦး။