ချန်ဂင်တို့စခန်း (၁၂၉)

ဒီဇင်ဘာရောက်လို့မှ ဆောင်းမဟုတ်ရင် ဘယ်အရာကို ဆောင်း လို့ ခေါ်ရမလဲ။ အေးလိုက်တာမှ ချမ်းတုန်နေရော။ နှင်းစက်တွေက တပေါက်ပေါက်နဲ့ တံစက်မြိတ် အောက်မှာဆို မိုးရွာထားသလား အောင့်မေ့ရတယ်။ လှမ်းထားတဲ့အဝတ်တွေ ညဘက်ပြန်မရုတ်ရင် မနက်ကျတော့ ရွှဲနစ်နေရောပဲ။ စမ်းချောင်းထဲကရေကတော့ ရေခဲရေတမျှပေါ့။ ဒါပေမယ့်လည်း ကြည်လင်နေတာများ ကြမ်းပြင်ထိ တိုးလျှိုမြင်ရတယ်။ ငါးကလေးတွေ မပုန်းနိုင်တော့ဘူးလေ။ အများကြီးပါလား လို့ သိလိုက်ရတယ်။ ဒီကြားထဲကမှ ရေမျက်နှာပြင် ပေါ်ကို ဖြတ်ကနဲ ဖြတ်ကနဲ ကျွမ်းပြန်တက်ကြတော့ ချောင်းစပ်မှာ ငှက်ကလေးတွေ ငုတ်တုတ်လာလာချောင်းကြတာပေါ့။ လူတွေကလည်း ပိုက်တန်းတွေချရတာ နေရာတကာ။ စားလို့သောက်လို့ကို မကုန်နိုင်အောင် ပေါပါပေတယ်။ ချောင်းတဘက်တချက်က မုန်ညင်းခင်းတွေ အပင်ပေါက်နေပြီ။ ဒီရာသီ မုန်ညင်း နဲ့ ခေါပုတ်ကတော့ နေ့တိုင်းကို စားရတာပါလား။ ဒါလည်း တစ်ရွာလုံး မတုံးမချင်း မမုန်းမချင်း စားကြတာ။ နှစ်ခုစလုံးစားမှ ကျန်းမာလိမ့်မယ်။ ခေါပုတ်ချည့်စားပြီး မုန်ညင်းမကြိုက်တတ်ရင် တုတ်ခနောင်းနဲ့ ကလော်ထုတ်နေရမှာ။ ရွာမှာတော့ တော်တော်များများက စပါးသိမ်းပြီးကုန်ပြီ။ ရွာထဲတင် ကိုယ့်အိမ်ကိုယ် စပါးကြိတ်တဲ့သူတွေလည်း ရှိတယ်။ စပါးအတိုင်း ကတ္တားနဲ့ချိန်ပြီး ရောင်းတဲ့သူလည်း ရောင်းတယ်။ မနက်မနက်ဆို လှည်းတွေကို စည်လို့။ သုံးလေးရက် တစ်ခါလောက် စပါးကားတွေ လာလာဝယ်ကြတယ်။

ဒါပေမယ့် ဒီရက်ပိုင်း ဂိတ်တွေက မတရားကို ကြပ်တာ။ လူစေ့အောင် မှတ်ပုံတင် ပြရတယ်။ ဆိုင်ကယ်လိုင်စင် ကားလိုင်စင်တွေလည်း စစ်တယ်။ အပြီးသတ်ကျတော့ ပိုက်ဆံလည်း တောင်းတာပါပဲ။ ပါသမျှပစ္စည်း လှန်လှောကြည့်ရှုနေလို့ underwear မပါရင် ဟိုနားသည်နားတောင် မသွားရဲအောင်ပဲ။ ဆေးတွေ ဆေးပစ္စည်းတွေဆို ဘယ်သူမှ မသယ်ချင်ကြဘူး။ တော်သေးတာပေါ့။ ကိုယ်မှာထားတဲ့ဟာတွေ ချောချောမောမော ရောက်လာလို့။ ကာကွယ်ဆေးတွေ မရသေးပေမယ့် ရေခဲသေတ္တာကြီးက အရမ်းအေးနေလို့ ကိုယ်တို့တွေ ချမ်းချမ်းစီးစီး ရေခဲထုပ်တွေ လုပ်စားကြတယ်။ အထင်တော့ မသေးနဲ့နော်။ မြတ်ကေသီအောင်တောင် မင်းသမီးမဖြစ်ခင်က ရေခဲထုပ်လုပ်ရောင်းတာ ပိုက်ဆံတွေ ခြင်ထောင်ကြီးထဲ ပက်လက်လှန်ထည့်ရတယ်တဲ့။ ခြင်ထောင်ကို ပက်လက်လှန်ထောင်ပြီး ထည့်တာလို့ ပြောတာနေမှာပါ။ တို့ မမအိုဂျီကတော့ တစ်ကွက်သာသွားတယ်။ ရေခဲမုန့်ပါ လုပ်ကျွေးတာ။ Blender မရှိလို့ သူ့ခမျာ လက်နဲ့ချည့် စိတ်ရှည်လက်ရှည် မွှေထားတယ်။ လုပ်ရတာ ကြာသလောက် စားလိုက်တော့လည်း တထိုင်တည်းရယ်။ ကော်ပြန့်အရွက်တွေ ပါလာလို့ ကော်ပြန့်စိမ်းလုပ်စားမယ် ကြံသော်လည်းပဲ ဟင်းစိမ်းသည်တွေ မလာဘူးလေ။ ဒီနေရာ ဒီဒေသ ဘယ်သူက ဆိုင်ကယ်ကို လိုင်စင်နဲ့ အခွန်ဆောင် စီးမှာမို့လို့လဲ။ စစ်သားတွေ ကြောက်ချေးပါရင် ဒီလိုပဲ အရပ်ကို ညှင်းပန်းနေကျ။ အဆန်းတကြယ်တော့ မဟုတ်။

စစ်ရေးအခြေအနေအရဆို သူတို့လည်း ထောက်ပို့လမ်းကြောင်းတွေ အပိတ်ခံထားရတာပါပဲ။ ဗန်းမော်၊ ကသာ၊ ရွှေကူ၊ ဗန်းမောက်၊ အင်းတော် တက်ချင်တဲ့ဘက်ကတက်လာ တောက်ချပစ်လိုက်တာ အတုန်းအရုန်း အကြိမ်ကြိမ်အခါခါ။ နောက်ပိုင်း အထာနပ်လာတော့ ညဘက်ညဘက် လေယာဉ်လာရင် ကိုယ်တို့မှာ မကြောက်တဲ့အပြင် ဝမ်းကိုသာလို့။ လေယာဉ်လာတယ်ဆိုတာ တကယ်တော့ မိအေးအော်တဲ့သဘောပဲ။ အောက်မှာ ဂဏန်းညှပ် ထားတာ မရှုမလှမို့ အော်နေတာ။ နေ့ဘက်မှာ ပွဲကောင်းကောင်း ကထားရင် ညကျ သတိနဲ့အိပ်ကြရတာ ထုံးစံပဲ။ အဲ့လိုနဲ့ လေယာဉ်တွေ မလာတာ ကြာရင်တောင် “ဟဲ့ စစ်ပွဲတွေများ အေးနေပလား။” ဆို စိတ်တောင်ပူရသေး။ သူများနေရာတွေမှာဖြင့် ကြံတိုင်းတွေအောင် ဆောင်တိုင်းတွေမြောက်နေပေါ့။ ရဲစခန်းတွေ အသိမ်းခံရတာ ရေစကြို၊ ညောင်ဦး အထိတောင် ရောက်နေပြီ။ သိမ်းထားတဲ့အာဏာသူ့တပ်ထဲမှာတောင် မစိုးမိုးတော့လို့ အောက်လက်ငယ်သားတွေ လုယက်ခိုးဆိုးသမျှ ခွင့်ပြုကြည်ဖြူထားရတယ်။ ဘယ်သူ့ကိုမှ ဘာမှလုပ်မရတဲ့အဆုံး ဖမ်းမိထားတဲ့ သူ့လက်ခုပ်ထဲက ကျောင်းသားလေးတွေ သေဒဏ်ပေးပြီး သူ့စိတ်သူ ဆောက်တည်ရာရအောင် အားတင်းနေရတယ်။

မြန်မာပြည်မှာ စစ်သားတွေ မသေတဲ့နေ့ဆိုတာ ရှိကိုမရှိတော့ဘူး မဟုတ်လား။ တရားဝင်အမည်ပေါက် သေစာရင်းကိုက၂၅၀၀၀ ကျော်သွားပြီတဲ့။ ဝင်လာမစဲ တသဲသဲမို့ လာဘ်ခေါ်ကြောင်ရုပ်ကလေးတောင် ထားပေးရတယ်။ စစ်ဆေးရုံတိုင်း ရုံပြည့်ရုံလျှံ အားပေးနေကြတာ။ တပ်ထဲ ရဲထဲက CDM လုပ်လာလို့ NUG က ပြည်သူ့ရင်ခွင် ခိုလှုံကြသူများဆိုပြီး ထောက်ပံ့ကြေးပေးထားရတာတင် လူတစ်သောင်းကျော် ရှိတယ်။ စေတနာရှိလွန်းလို့ မဟုတ်ပေမယ့် ကျည်ဆန်ဖိုး မော်တာဖိုးထက်စာရင် အကုန်အကျ သက်သာတယ်လေ။ ကိုယ့်ဘက်က လူရင်းစရာ မလိုဘူး။ လောလောဆယ်တော့ ခြေလျင်မှာ တိုက်စရာ လူမရှိလို့ လူမြင်ကောင်းအောင် လေယာဉ်ပျံကြီး တဝီဝီ ကောင်းကင်ထက်မှာမြည် လုပ်ပြနေတယ်။ ဒါနဲ့တင် ရှိသမျှ ဘတ်ဂျက်တွေ သောက်သောက်လဲ ကုန်နေရော။

အမှန်တော့လေ ကိုယ့်ဘက်ကလူတွေ စိတ်အားတက်အောင် မျှော်လင့်ချက် အတုအယောင်တွေပေးပြီး မိုတီတက်အောင်လုပ်နေရတာ အိုင်တို့ဘက်က မဟုတ်ပါဘူး။ အနိုင်အရှုံးက တကမ္ဘာလုံးက မြင်နေပြီးသား။ သည်းခြေပျက်နေတဲ့ကောင်တွေကသာ “မသေမချင်း ကွင်းထဲက မထွက်နိုင်ပါဘူး” လုပ်နေလို့ လုံခြုံရေးတွေ ခေါ် ရှင်းလင်းနေရတဲ့သဘောပဲ။ အရှင်ထွက်မလား အသေထွက်မလားက သူတို့ကိုယ်တိုင် ရွေးချယ်ရမယ့် ကိစ္စ။ မြန်မာစစ်တပ်ဆိုတာ မြန်မာပြည်သူတွေရဲ့ နှလုံးသားမှာ မရှိတော့ဘူး။ သေသွားပြီ။ ဘာနဲ့မှ ပြန်အဖတ်ဆယ်လို့ မရတော့ဘူး။ ဉာဏ်ရည်မီရင်ကို သဘောပေါက် လွယ်ပါတယ်။

သူတို့ဉာဏ်ရည် သူတို့ဦးနှောက် သူတို့အကုသိုလ်အရတော့ ဒီလောက်ပဲ ရမယ်။ ဆုတ်ခွါထွက်ပြေးတဲ့အချိန်မှာ ရက်ရက်စက်စက် သတ်ဖြတ်ဖျက်စီး မြေလှန်မီးရှို့ပစ်ခဲ့ရင် လူတွေက အကြောက်တရားကြောင့် ဘယ်သူမှ လိုက်မလာရဲဘူး။ တန်ဖိုးရှိသမျှ အကုန်သယ်ပြီး မီးလောင်ပြင်ချည့် ချန်ရစ်ခဲ့မယ် လို့ပဲ တွေးနေတာ သေချာပါတယ်။ ဒါပေမယ့် သူတို့ဖန်တီးခဲ့တဲ့ အကြောက်တရားထက် ပြည်သူလူထုရင်ထဲက အမုန်းတရားက အဆမတန် ပြင်းထန်နေတာကြောင့် လွတ်လမ်းမရှိတဲ့ စစ်သားတွေနဲ့ စစ်ဆွေစစ်မျိုး အဆက်အနွယ်တွေအားလုံး တစ်ယောက်မှ အသက်ရှင်ကျန်ရစ်ဖို့ အခွင့်အလမ်း မရှိတော့ဘူးဆိုတာ မမြင်နိုင်ကြဘူး။ အဲ့ဒီလိုမဖြစ်အောင် တားဆီးဖို့လည်း ဘယ်သူကမှ တတ်နိုင်မှာ မဟုတ်ဘူး။ နောက်ဆုံးတော့ ကိုယ်ကိုယ်တိုင်ရှို့တဲ့မီးနဲ့ ကိုယ့်အသိုင်းအဝိုင်းတစ်ခုလုံး လောင်ကျွမ်းပျက်စီးရမယ့် ဝဋ်ကြွေးဆပ်ချိန် ရောက်လာမှာပေါ့လေ။ ခုလောက်ရှိ သူတို့ဆျာဒေါ်ဖျားများတောင် သပိတ်သွပ်ဟောဖို့ ဇာတ်တော်ထဲ ရှာနေလောက်ပြီ။ လွယ်လွယ်ကူကူ ရာဇဝင်ထဲက ယူသုံးလည်း ရပါတယ်။ “ဟဲ့ မိကြူ။ သူ့ကြွေးရှိက ဆပ်ရသည်သာ။” တို့ ဘာတို့လေ။ လူပြောတော့ စကား။ ဘုန်းကြီးဟောတော့ တရားပေါ့။ ခရက်ဒစ်တူ ဦးဗုဒ် ဆို ပြီးတာပဲဟာ။ ဟေး ဟေး။