ချန်ဂင်တို့စခန်း (၁၂၈)

လူနာတွေအကြောင်း စိမ်ပြေနပြေ ရေးနေပြီဆိုတော့ စစ်ရေးနိုင်ငံရေး အခြေအနေများ အေးချမ်းသွားလို့လား။ လေယာဉ်တွေ မလာတော့လို့လား။ စဉ်းစားစရာပါပဲ။ အဲ့သလိုတော့ မဟုတ်သေးပါဘူး။ အပစ်အခတ်ရပ်တာ AA နဲ့ပါ။ ကချင်မှာ “မပစ်ဘူး။ ရပ်ရအောင်။” လို့ ဘယ်ဘက်ကမှ မပြောပါဘူး။ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေထဲက အားနည်းရာကို ထိုးဖောက်သိမ်းပိုက်ဖို့ ပျော့ကွက်ရှာနေတာလို့ ထင်ပါတယ်။ ချင်းရွှေဟော်မှာ အင်အားအလုံးအရင်းနဲ့ MNDAA စခန်းကို တက်သိမ်းတာ မရလို့ ပြန်ဆုတ်လာရတယ် မဟုတ်လား။ ဒီပွဲဟာ အဆုံးသတ်တိုက်ပွဲမှန်း သူတို့ကိုယ်တိုင်လည်း သိလို့ မသေမချင်း တိုက်မယ် လို့ ဆုံးဖြတ်ထားပုံရပါတယ်။ နောက်ဆုတ်စရာ မြေမကျန်တော့ဘူး မဟုတ်လား။ ဒီလိုဆိုရင် ကိုယ်တို့ဘက်ကလည်း သူသေကိုယ်သေ ဆက်တိုက်ရုံပဲ ရှိပါတယ်။ မသေပဲကျန်တဲ့သူ အနိုင်ပေါ့။ ဟုတ်လား။ အသက်နဲ့ရင်း လောင်းကြေးထပ်ရတဲ့ ကစားပွဲဆိုတာ ကံကိုချည့် မဟုတ်ဘူး။ ဉာဏ်ကိုလည်း လွှာသုံးနိုင်မှ။ အရေးအကြောင်းဆို မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်မှ အရေးသာမယ် မဟုတ်လား။ သူများတွေက ဖေ့စ်ဘုတ်ပေါ်မယ် “fighting bro” “We stand with you” နဲ့ ပြီးသွားပေမယ့် သေစရာရှိရင် ကိုယ်ပဲသေရမှာလေ။ ပေါ့လို့မဖြစ်ဘူး။ ခုနေ သေကြည့်။ “RIP” တွေ တလှေကြီးနဲ့ ၂ ရက်လောက်နေ မေ့သွားမှာ။ သူများကို blame တာ မဟုတ်ပါဘူး။ လှေကလူးပေမယ့်လို့ ဘုန်းကြီးက မရူးသေးဘူး လို့ သိစေချင်တာ။ ပူးနေတာ ဒိန်းဒလိန်းမို့ ယိမ်းရုံလေးယိမ်းလို့ တမ်ပိုမကိုက်တော့ဘူး။ ဆိုင်းချက်နဲ့ညီအောင် ကဆုန်ကလေးပေါက် က နေရတယ်။ သူများမြှောက်ပေးလို့ ဂွေးတက်နေတာတော့ မဟုတ်။

ဆေးရုံရဲ့ အခြေအနေ ပြန်ကြည့်လိုက်ရင် ခွဲစရာရှိတာ ခွဲပေးထားတဲ့ လူနာတွေကတော့ အေးတယ်။ ဆင်းတဲ့လူလည်း ဆင်းကုန်ပြီ။ မဆင်းသေးတဲ့ လူနာတွေလည်း သက်သာနေတယ်။ မဏိစန္ဒာ အပါအဝင်ပေါ့။ ဆေးရုံမှာ လူနာစိတ်မချလို့ စောင့်အိပ်နေခဲ့တဲ့သူတွေကို ကိုယ်တို့နဲ့အတူ လုံခြုံရာမှာ လိုက်အိပ်ဖို့ ပြန်ခေါ်ထားတယ်။ ညဘက် ဒရုန်းလာလို့ မီးတောင် မထွန်းပဲထားတာ။ “ill case မရှိရင် စောင့်မအိပ်နဲ့တော့။ ညဆေးတွေ ထိုးပြီးရင် သွားကြမယ်။” ပေါ့။

ဒါပေမယ့်လည်း ရွာကလူတွေက ဆိုးတာတစ်ခုရှိတယ်။ တနေကုန် ဆေးရုံမှာ ရှိနေတုန်းဆို လာမပြဘူး။ ညနေမှောင်ရည်ပျိုးပြီဆိုမှ အလျှိုအလျှိုလာပြတာ။ ခဏခဏ။ ဆူလည်း မရဘူး။ ကိုယ်တို့မှာက ညနေ ၄ နာရီလောက်ဆို ထမင်းချက်တဲ့သူ ချက်၊ ရေချိုးအဝတ်လျှော်တဲ့သူ လျှော်၊ မမှောင်ခင် ထမင်းပြီးအောင် စား၊ ဆေးကြောသိမ်းဆည်းပြီးမှ လူနာတွေကို ညဆေးထိုး၊ ဆေးရုံက ထွက်ကြတာလေ။ လူနာလာပြတာ စောစောလာပြလို့ ရသားပဲ။ ရွာထဲတင် ဥစ္စာ။ မှိုးမှိုးမှောင်မှောင်ကျမှ လူနာကြည့်ရတာရော၊ ဆေးရှာဆေးထိုးရတာရော အဆင်မပြေဘူး။ ကိုယ်တို့လည်း ကသီတယ်။ ပိတ်ရက် ရုံးချိန် မရှိ ကြည့်ပေးနေတာ ဒီအချိန်လေးတော့ နည်းနည်းလျှော့ပေါ့။ ကြည့်တော့ ကြည့်ပေးပါတယ်။ ဒါပေမယ့် မဆူပဲတော့ မနေနိုင်ဘူး။

တခါတလေကျတော့ ကိုယ်တို့ပုန်းအိပ်တဲ့ဆီကို နောက်ကလိုက်လာပြီး ပြတယ်ဗျ။ “စမ်းစရာလည်း ဘာမှမပါဘူး။ ဘာဆေးမှလည်း ယူမလာဘူး။ မနက်ကျမှလာ။” ဆိုလည်း မရ။ “ကြည့်ရုံတော့ကြည့်ပေး” ဆို လူနာကိုပွေ့လာတာ။ ပြီးကျတော့လည်း ဘာမှလည်း မဟုတ်။ ယောက်ကျား ဆူလို့ ငိုယိုတက်ချက်လာတာ။ ဆေးရုံဆိုတာ ၂၄ နာရီ ဝန်ဆောင်မှု ပေးရတာ မှန်ပါတယ်။ ဒါပေမယ့် ခေတ်ကာလ အခြေအနေ နဲ့ ကိုယ့်ဘေးကိုယ်လည်း ကြည့်ရှောင်ရသေးတယ် မဟုတ်လား။ ကိုယ်တိုင်ကျ ဘေးလွတ်ရာ ရှောင်အိပ်ပြီး အငယ်တွေကို ထားခဲ့တာတော့ မလုပ်န်ုင်ဘူး။ လူနာက အရေးကြီးရင်တော့ အကုန်လုံးပြန်တဲ့အခါပြန်တယ်။ စောင့်အိပ်ကျန်တဲ့သူ ကျန်တဲ့အခါ ကျန်ပါတယ်။ ဒီဆရာဝန်လေးတွေက မဏိစန္ဒာ တက်တက်နေကတည်းက ဆေးရုံမှာအိပ်တာ။ ခုမှ သူတို့ အပြင်ထွက်အိပ်ရတာ။

ဒီနေ့ညတော့ ကိုယ်တို့အိပ်နေမှ မဏိစန္ဒာဆီက ဖုန်းလာတယ်။ တောင်ပေါ်က လူနာတစ်ယောက် ရောက်လို့တဲ့။ ဘာဖြစ်တာလဲ မေးတော့ အရက်ဖြတ်ပြီး ဖြစ်သွားတာ။ အစားမစားတာ လေးငါးရက်တဲ့။ ခါတိုင်း သူတို့ဆီက လူနာလာရင် ဖုန်းကြိုဆက်ပြီးမှလာတာ။ ခုဟာက အကြောင်းလည်းမကြားဘူး။ အခြေအနေလည်း မမြင်ရဘူး။ ဆေးရုံနဲ့ အိပ်တဲ့နေရာနဲ့ ကူးချည်သန်းချည် လုပ်ဖို့ကလည်း အဆင်မပြေဘူး။ အိပ်ယာလိပ်တွေ စောင်တွေကလည်း အကုန် ဒီမှာ။ “မနက်ကျမှ လာကြည့်မယ်” ပဲ ပြောလိုက်တယ်။ ဒါပေမယ့် အဲ့ဒီလူနာ သေသွားတယ်။ ကိုယ့်မှာ ပြန်အိပ်လို့ မရတော့ဘူး။

အမှန်တော့ ကိုယ်က အိပ်ရေးပျက်မှာ ကြောက်တဲ့အထဲ ဘယ်တုန်းကမှ မပါပါဘူး။ ကိုယ့်ဘာသာကိုယ်လည်း စာရေးစာဖတ်နဲ့ အိပ်ချင်မှ အိပ်တာ။ ဒါပေမယ့် လူနာကို referral မပါပဲ ဘုမသိဘမသိ ထကြည့်။ ပြီးရင် အရက်မူးပြီး ထိန်းမရတာ၊ ယောက်ကျားနဲ့ရန်ဖြစ်လာတာမျိုးဆို စိတ်တိုတတ်တယ်။ အခုဟာကလည်း သေနတ်မှန်တယ် ဗုံးမှန်တယ်ဆို စွေ့ကနဲနေအောင် သွားကြည့်ပါတယ်။ အရက်ဖြတ်လို့ ဖြစ်တယ် ဆိုရင်တော့ မနက်ကျမှကြည့်မယ် စိတ်ကူးတာ။ ဟိုတလောက သူတို့ ခြောက်ပေါက်ထိပ်တုံးနဲ့ထားတဲ့သူတောင် ကိုယ်တို့ ညဘက်ကြီးသွားပြန်ကြည့်သေးတာပဲ။ သူ့ကျ သွေးအန်တယ် ဆိုလို့လေ။ ခုကျ ဘာဖြစ်မှန်းလည်းမသိ။ သူတို့ဆေးမှူးကလည်း အကြောင်းမကြား။ သွားမကြည့်မိသူ ကိုယ့်အမှားသာ ဖြစ်တော့သည်လေ။ ဆင်ခြေပေးဖို့ အကြောင်းရှာတာ မဟုတ်ပါဘူး။ နောက်ကို ဘယ်လိုလုပ်ရင် ကောင်းမလဲ အဖြေရှာကြည့်တာပါ။

တကယ်တော့ ညကြီးမင်းကြီး လူနာကြီးသယ်ပြီး ဘယ်သွား ဘာလုပ်ရမှန်း မသိတဲ့ ဒုက္ခကို ကိုယ့်ထက် နာနာကျည်းကျည်း ခံစားခဲ့ဖူးတဲ့သူ ဘယ်ရှိပါ့မလဲလေ။ အဓိက လိုအပ်တာ ဦးနှောက်တစ်ခုတည်း။ အရေးတကြီး လိုအပ်တာလည်း ဦးနှောက်တစ်ခုပါပဲ။ အဲ့ဒီဦးနှောက် ကိုယ့်မှာ မရှိခဲ့ပါဘူး။ အရင်တုန်းကပေါ့။ ကိုယ်စဉ်းစားဉာဏ်နည်းခဲ့လို့ အဖေတစ်ယောက်လုံး ဆုံးခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်လောက်ကပါ။

အဲ့ဒီတုန်းက ကိုယ် ဆယ်တန်းပဲ ရှိသေးတယ်။ တော်တော်လေးကို အူကြောင်ကျားနေတဲ့အရွယ်။ အခုလို တန်ဆောင်မုန်းလကြီးမှာပါပဲ။ အိမ်မှာ ကထိန်သင်္ကန်းကပ်တော့ ဒန်ပေါက်ဆွမ်း ကပ်တယ်။ အဖေရော အဖွားရော သွေးတိုးရှိပေမယ့် ဒန်ပေါက်တော့ ကြိုက်ကြတယ်။ စားပြီးရင် ဆေးသောက်မယ် ဆိုတဲ့အမျိုးတွေ။ ကျောင်းကကောင်တွေက ကြည့်မြင်တိုင် စလင်းကွင်းမှာ ဘောလုံးပွဲရှိတယ်ဆိုပြီး သွားကြတော့ ကိုယ်က ဘောလုံးပွဲမကြိုက်လို့ ရုပ်ရှင်သွားကြည့်တယ်။ ရန်ဖြစ်ပြီး ဘောလုံးပွဲပျက်သွားတယ် လို့ အိမ်ကသိပြီး ကိုယ်ပြန်မရောက်တော့ စိတ်ပူကြတာပေါ့လေ။ ရဲစခန်းတွေ ဆေးရုံတွေတောင် သွားရှာသတဲ့။ ပြန်ရောက်တော့ သိပ်မဆူပါဘူး။ “နောက်ကို မပြောပဲ မသွားနဲ့။” တဲ့။

အဲ့ဒီညမှာ အဖေ့မျက်နှာကြီး ရွဲ့သွားတော့ ကိုယ်တို့က စပါးကြီး သည်းခြေတွေခွံ့၊ ဆေးမြစ်စုံတွေ သွေးလိမ်းနဲ့ အိမ်နီးနားချင်းတွေပါမကျန်ဘူး။ ဝိုင်းပြုစုတာ။ လာပြောသမျှဆေးနည်း အကုန်လုပ်တယ်။ ဆရာဝန်ခေါ်မပြတာ တစ်ခုပဲ။ ကိုယ်တို့အိမ်ရဲ့အစွဲက လေဖြတ်တာ အင်္ဂလိပ်ဆရာဝန်တွေ မနိုင်ဘူး။ တိုင်းရင်းဆေးကမှ ပျောက်အောင်ကုနိုင်တာတဲ့။ တစ်အိမ်လုံးလည်း ဘာဖြစ်ဖြစ် တိုင်းရင်းဆေးပဲ။ ဆေးထိုးခံချင်တယ်ဆိုမှ ဆရာဝန်ပြတာ။ ဦးနေဝင်းရဲ့သမီးတောင် လေဖြတ်နေတာ တိုင်းရင်းဆေးဆရာကြီးကုပေးမှ ကောင်းသွားလို့ ၄၇ လမ်းထဲမှာ နေ့ချင်းညချင်း သုံးထပ်တိုက်ကြီးတစ်လုံးဆောက်ပေးထားတယ်လေ။ လူမမာ ဆိုက်ကားနဲ့တင်ပြီး အဲ့ဒီဆေးခန်းပြေးတာပေါ့။ ဆရာကတော်ကြီးက ဆေးနှစ်ခွက်စာပေးလိုက်တယ်။ “အဲ့ဒါ တိုက်ထား။ မနက်ကျမှလာ။” အိမ်ပြန်ရောက်တော့ မသက်သာဘူး။ အသိတစ်ယောက်က ကန်တော်လေးမှာ မြန်မာဆရာကောင်းကောင်း ရှိတယ်တဲ့။ “လေဖြတ်တာ အကြောနိုင်တဲ့ ဆရာနဲ့နှိပ်မှ။” ဆိုပဲ။ ညကြီးမင်းကြီး ပြေးပင့်ပြီး အိမ်ခေါ်နှိပ်ရပြန်ပါတယ်။ သန်းခေါင်ကျော်မှ ဆရာ့ကို အိမ်ပြန်ပို့ရတာ။ ဒါပေမယ့် မသက်သာပါဘူး။ မကောင်းတော့ဘူးဆိုတဲ့ ခံစားချက်ကြီး ရလာလို့ မအိပ်နိုင်ဘူး။ ခြင်ထောင်ထဲမှာ တရားထိုင်ကြည့်တယ်။ မှတ်လို့မရ။ မနက်လင်းအားကြီးမှာ ဂွတ်တလစ်ဘက်က မြန်မာဆေးဆရာ အလွန်တော်တယ် ကြားပြန်လို့ ကျီးမနိုးပွဲ အတားအဆီးတွေကြားက သွားပင့်လာပါသေးတယ်။ အဲ့ဒီညမှာ တစ်ယောက်ယောက်ကတော့ ဆေးရုံပို့ပါလား လို့ အကြံပေးကောင်း ပေးမယ် ထင်ပါတယ်။ ဒါပေမယ့် ကိုယ်တို့အိမ်က အဲ့ဒီစကားကို မကြားရဲလို့ မကြားလိုလို့ တခြားဟာတွေ အကုန်လိုက်လုပ်နေပြီး နောက်ဆုံးကျမှ မရတော့ဘူး ဆို မနက် ၈ နာရီလောက်မှာ ဆေးရုံပို့တာ။ ဒါတောင် ဆေးရုံကြီးမပို့ဘူးနော်။ အနောက်ပိုင်းဆေးရုံကို ကျော်ပို့တာ။ ဘာဖြစ်လို့ဆိုတော့ ဦးလေးရဲ့သူငယ်ချင်း ဒေါက်တာဦးဝမ်းမောင် က အဲ့ဒီဆေးရုံမှာ ဆေးရုံအုပ် လုပ်နေလို့ သူနဲ့ ချိတ်ဆက်ပြီးမှ သွားရဲတာ။ ကိုယ်တို့အိမ်က အဲ့သလောက်အထိ ဆေးရုံကို ကြောက်ပါတယ်။ ကိုယ်ဆိုတာလည်း အဲ့သလောက်အထိ ဦးနှောက် အသိဉာဏ် မဲ့ပါတယ်။

ကိုယ့်အမေတွေ အဖွားတွေ အပြစ် မဟုတ်ပါဘူး။ သူတို့လည်း ရွာကျောင်းပညာရေးနဲ့ ဘဝဇာတ်ခုံပေါ် တက်ကရတဲ့ မိန်းမသားတွေပဲဟာ။ အဲ့ဒီခေတ် အဲ့ဒီအခါက ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းမပေါ်မှာနေတဲ့ မိသားစုတစ်စုရဲ့ ကျန်းမာရေး အသိပညာက အဲ့လောက်ပဲ ရှိတာပါ။ နော်ရင်မွှေးတို့ ကရင်ပြည်နယ်မှာ နွားလှည်းပေါ် ကလေးမွေးတယ် ဆိုတာက ဘာဟုတ်သေးလဲ။ အမ တဝါးမ မီးဖွားရင်းဆုံးသွားလို့ နော်ရင်မွှေးကို သူနာပြုဆရာမ ဖြစ်စေခဲ့တယ် ဆိုတာ အပြင်မှာ တကယ် ဟုတ်မဟုတ် မသိပါဘူး။ ဒါပေမယ့် ကိုယ့်အဖေဆုံးလို့ ကိုယ်ဆရာဝန်ဖြစ်လာခဲ့ရတယ် ဆိုတာကတော့ တကယ့်လက်ရှိဘဝပါ။ ၁၁ လ ပိုင်းရောက်တဲ့ထိ ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်ချင်မှန်း မသိရာကနေ ၃ လ ပိုင်း ဆယ်တန်းဖြေတဲ့အခါ ဆေးကျောင်းအမှတ်မီချင်လို့ အားကုန်ရုန်းခဲ့ပါတယ်။ ဆေးကျောင်းပြီးတော့ သူငယ်ချင်းတွေက “အလုပ်မဝင်ရအောင် ဟောက်ဆာဂျင်အပြီးထိ မဆင်းဘူး။ လက်မှတ်ထိုးကြရအောင်။” ဆိုလည်း “ဟင့်အင်း။ ငါက အစိုးရအလုပ်ကို ဝင်ကိုဝင်မှာမို့ လက်မှတ်မထိုးဘူး။” လို့ပဲ ပြောပါတယ်။ ဘာဖြစ်လို့ဆိုတော့ ကိုယ်တွေ ဆရာဝန်ဖြစ်တဲ့ခေတ်မှာ ပုဂ္ဂလိကဆေးခန်းတွေ မပြောနဲ့။ ပြည်သူ့ဆေးရုံ ဆိုတာကိုက Luxury ထဲမှာ ပါနေတာပါ။ အသိအကျွမ်း ဆရာဝန်ကျောထောက်နောက်ခံ မရှိရင် ကာလသားများနဲ့ လားလားမှ မထိုက် ဖြစ်နေတာလေ။ အပေါက်စောင့်ကအစ သန့်ရှင်းရေးလုပ်သားအထိ ခခယယ ရော့ အင့် ရော့ အင့် နဲ့ ပေါင်းနိုင်မှ ကိုယ့်လူနာအတွက် နွယ်မြက်သစ်ပင် ဆေးဘက်ဝင်တော့မှာ။ ဆရာဝန်ကြီး ရောင်းလှည့်မယ် ဆိုရင် မော်တောင်မကြည့်ရဲဘူး။ ကိုယ့်ကုတင်ကျော်သွားတယ်ဆို ဖြတ်ဖြတ်လူး ခံစားရတာ လူမမာထက် ဆိုးတော့သည်ပ။ ကိုယ်မှ နားမလည်ပဲကိုး။ သည်လောကကြီးနဲ့ ရင်းနှီးကျွမ်းဝင်ဖို့ရာ သည်လောကထဲမှာ ကျင်လည်ကျက်စားဖို့ တစ်နည်းပဲ ရှိတော့တာ မဟုတ်လား။

ဒီလိုနဲ့ ဆေးကျောင်းက ၁၀ နှစ် တက်ခဲ့ရတယ်။ ကျောင်းပြီးတာနဲ့ အလုပ်ထဲဝင်ခဲ့တယ်။ အလုပ်ထဲမှာ ဘယ်လို ဆရာဝန်မျိုး ဖြစ်ခဲ့သလဲ က ကိုယ်နဲ့ ဆုံဖူးတဲ့သူတွေ အသိဆုံးပါပဲ။ ဟောက်ဆာဂျင်ဘဝမှာကတည်းက ill case ရှိရင် စိတ်ချလက်ချ အိပ်မရတဲ့ အစားထဲ ပါခဲ့တယ်။ လူနာကို ဘာအကြောင်းနဲ့မှ ခွဲခြားမဆက်ဆံမိအောင် အမြဲ ဂရုစိုက်တယ်။ ဘုကျကြိမ်းမောင်းတတ်တဲ့ ဆရာဝန်ထဲမှာ မပါပေမယ့် ပြောစရာရှိရင် ဒဲ့ပဲပြောတယ်။ ဈေးတင်ထားပြီး ဆစ်သလောက် လျှော့ပေးမယ့်အစား မဟုတ်ပဲ ပစ္စည်းမှန် ဈေးမှန် တစ်ခွန်းဆိုင် ဆိုတဲ့ အနေအထားမှာနေတယ်။ ပိုက်ဆံကို ဆိုလိုတာ မဟုတ်ဘူး။ ဆက်ဆံရေးကို ဆိုလိုတာ။ လူနာရဲ့ ဒီဇိုင်းကာလာ ဘာညာ အနေအထားကြည့်ပြီး လုပ်ချို မချိုတတ်တာ သေချာတယ်။ ဒီဆရာဝန်လေး သဘောကောင်းတယ် လို့ အပြောခံရတာများပေမယ့် အခါခပ်သိမ်း သဘောကောင်းနေတာတော့ မဟုတ်ဘူး။ ရန်ဖြစ်သင့်တယ် ထင်ရင် ဘယ်သူနဲ့ဖြစ်ဖြစ် ဖြစ်တယ်။

နယ်တွေကို အခါခါ သွားဖူးပေမယ့်လည်း ရန်ကုန်ဆေးရုံကြီးမှာ အလုပ်လုပ်တဲ့ကာလတင် စုစုပေါင်း ဆယ်နှစ်ကျော်လောက် ရှိတယ်။ အဲ့ဒီအတွက် ဒီဆေးရုံကြီးရဲ့ ဌာနအသီးသီးကို မရောက်ဖူး မသွားဖူးတာ မရှိ။ အကုန်လုံးနဲ့ ဆက်သွယ် လုပ်ကိုင်ဖူးတယ်။ ဒါကြောင့် အရေးအကြောင်းဆို ဘယ်ကိုသွား၊ ဘယ်သူနဲ့ပြ၊ ဘယ်လိုလုပ်ရတယ်ဆိုတာကို မသေမချင်း အလုပ်လုပ်နေတဲ့ ဆေးရုံအလုပ်သမားတွေလိုပဲ ဂဃနဏ သိတယ်။ ညွှန်စရာရှိ ညွှန်တယ်။ ပြစရာရှိ လိုက်ပြပေးတယ်။ ကိုယ့်လက်ထက်မှာတော့ ဆေးရုံကို မကြောက်တော့ဘူး။ ဆေးရုံဟာ အိမ်ပဲ။ ကိုဗစ်ဖြစ်တော့ အိမ်မပြန်ပဲ ၆ လလောက် ဆေးရုံက ကိုယ့်ရုံးခန်းကလေးမှာ နေခဲ့တယ်။ အာဏာသိမ်းတော့ တစ်ဆေးရုံလုံး လူသူကင်းမဲ့နေတဲ့ ဆေးရုံအလွတ်ကြီးထဲမှာ ကိုယ်တစ်ယောက်တည်း တစ္ဆေတစ်ကောင်လို နေခဲ့တယ်။ သေချာပါတယ်။ ကိုယ်သာ တစုံတရာ ဖြစ်ခဲ့လို့ကတော့ ဟုတ်ဟုတ် မဟုတ်ဟုတ် “ဆရာစိုးမင်းအခန်းက သရဲခြောက်တယ်။” ဆိုပြီး ပုံပြင်လေးတွေ အစဉ်အဆက် ပြောရစ်ကြလိမ့်မယ်။ မကြောက်ပါနဲ့။ ကိုယ်က အလုပ်လုပ်တဲ့ ဆရာဝန်လေးတွေဆို မနှောက်ယှက်ပါဘူး။ လူနာပစ်ထားပြီး complaint လာရင် နှိုးမရအောင် အိပ်တဲ့ ဆျာဝင်မလေးတွေသာ လိုက်ဆိတ်ရင်ဆိတ်မှာ။ လက်မောင်းကို။

ကိုယ် ဟောက်ဆာဂျင် ဆင်းနေတုန်းမှာ အဖွား ဆုံးတယ်။ ဆေးရုံပို့ဖို့ မမီပါဘူး။ ကိုယ့်လက်ပေါ်မှာတင် “အသက်ရှူလို့ မရတော့ဘူး။” လို့ ပြောပြီး လက်အုပ်ကလေးချီ၊ ဘုရား ဘုရား တ ရင်း ဆုံးသွားတယ်။ အဲ့ဒီနောက်မှာတော့ အမျိုးထဲက အသည်းအသန် နာဖျားမကျန်း ကိစ္စမှန်သမျှ ကိုယ် လိုက်စီစဉ်ရတယ်။ ဆရာသမားတွေနဲ့ လိုက်ပြပေး၊ စီနီယာ အကိုအမတွေနဲ့ လိုက်ပြပေး၊ အခုတော့ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေဆီ လိုက်အပ်ပေးပေါ့။ အကုန်လုံးက ကိုယ်ကုနိုင်တာ မဟုတ်ဘူးလေ။ ဒါပေမယ့် ကိုယ်ကုနိုင်တဲ့ လူနာမှန်သမျှကိုလည်း ဆွေလိုမျိုးလို သဘောထားပြီး ကုပါတယ်။ ကိုဗစ်ဖြစ်တော့လည်း ဒီအတိုင်း၊ တောထဲရောက်တော့လည်း ဒီအတိုင်းပါပဲ။ ရှင်သန်နေထိုင်ခဲ့တဲ့ သက်တမ်းရဲ့ ထက်ဝက်ကျော် အချိန်ကာလတွေကို အခုလို ဆရာဝန်မျိုး အဖြစ်နဲ့ပဲ ဖြတ်သန်းကြီးပြင်း အိုမင်းလာခဲ့ပါတယ်။ ဒီ့ထက် ဘာကိုမှ ပိုမလိုချင် ဘာကိုမှလည်း လျော့မလိုချင်ပါဘူး။ ကိုယ်ချင်းစာတတ်သော ဆရာဝန်တစ်ဦး မျှသာပါ။ အဲ့လောက်ဆိုရင် ကွယ်လွန်သွားလေပြီဖြစ်တဲ့ ကိုယ့်အဖေ ကိုယ့်အဖွားတွေ ကျေနပ်နိုင်ကြမယ် ထင်ပါတယ်။ ကိုယ်ကိုယ်တိုင်တော့ ဒီလောက်ဆို ကျေနပ်ပြီ လို့ ယူဆပါတယ်။ နောက်ကို ညဘက် လူနာလာတယ်လို့ လိုက်ခေါ်ရင်တော့ ဘာပဲဖြစ်ဖြစ် ပြန်ကြည့်လိုက်မယ် လို့ စိတ်ကူးပါတယ်။ ပြီးကျမှ မဟုတ်က ဟုတ်ကဆို စိတ်ဆိုးပြီး ဆူချင်ဆူမှာပေါ့နော့။