ချန်ဂင်တို့စခန်း (၁၂၄)

ရာသီဥတုက အအေးပိုလာပြီဆိုတော့ မီးပုံလေးတွေဖိုပြီး မီးလှုံတဲ့အချိန် ရောက်လာပါပြီ။ ကောက်သစ် ပေါ်ဦးစမို့ အိမ်တိုင်းလိုလို ခေါပုတ်ထောင်းကြတယ်။ မီးလှုံရင်း ကောက်ညှင်း ကျည်တောက် လည်း ဖုတ်စားကြပါတယ်။ ဒီမှာ ဆတ်သားခြောက်က တခါတလေမှ ရပေမယ့် အမဲခြောက်တော့ ပေါတယ်ဗျ။ ကြက်သားမှာရင်သာ မြို့က လာတာမို့ ၁၄၀၀၀ ဈေးပေး စားရတာ။ ဝက်သား အမဲသားကျ ရွာမှာတင်ပေါ်လို့ ၁၀၀၀၀ ဈေးပဲ ပေးရတယ်။ အမြဲတမ်းတော့ မပေါ်ဘူး။ ကိုယ့်အဖွဲ့ထဲမှာ သားကြီးငါးကြီး မစားတဲ့သူက တဝက်လောက်ပါတော့ ၁ ပိဿာ ဝယ်ရင် တဝက်ချက်ပြီး တဝက်အခြောက်လှမ်းထားလို့ရတယ်။

ဒီရာသီက ဟင်းသီးဟင်းရွက်လည်း တအားပေါပါတယ်။ မုန်ညင်းတွေ စပေါ်ပြီ။ ချဉ်ရည်ချက်လိုက်၊ ဟင်းပေါင်းချက်လိုက်နဲ့ မတုံးမချင်း အမုန်းစား။ မနေ့ကတော့ တောင်ပေါ်တက်ပြီး ပီလောပီနံဥတွေ တူးကြတာ လက်မောင်းလောက် လက်ဖျံလောက်ကနေ ခြေသလုံးလောက် ပေါင်လောက် အတုတ်ကြီးတွေ ရခဲ့တယ်ဗျ။ ဒီမှာတော့ သူတို့က သင်္ဘောကန်စွန်းဥ လို့ ခေါ်တယ်။ ဆယ်ဇင်းမှာတုန်းက သူဌေးအိမ်မှာ ပီလောပီနံဥနဲ့ ရွှေကြည်ဆနွင်းမကင်း ဖုတ်ကျွေးတာ အရမ်းစားကောင်းတာပဲ။ ကိုယ့်ဘာကိုယ်တော့ မလုပ်တတ်ဘူး။ တောထဲမှာ သပြုသီးတွေလည်း တအားပေါတယ်။ သူတို့ကခေါ်တာ ရခိုင်သီး တဲ့။ သုတ်စားကြတာ။ ရွာထဲကလူတွေကတော့ ဟင်းရွက်ခူး မထွက်အားသေးဘူး။ လယ်ထဲဆင်း စပါးရိတ်နေရတယ်။ ခုချိန်မှာတော့ ဘာကိစ္စရှိရှိ စပါးရိတ်ပြီးမှ လုပ်ပါ့မယ် ဆို ထုံးတို့ထားကြတာ။ ရိတ်ခြွေစက်တွေ လက်မလည်ဘူး။ လူချည့်ပဲ နေ့စားလိုက်ရင်တောင် စားပြီးသောက်ပြီး တစ်နေ့ ၆၀၀၀ ရသတဲ့။ စပါးပေါ်ချိန်ဆိုတော့ ရွာထဲမှာ အထည်ဆိုင်လေးတွေ ပေါ်လာတယ်။ ခုကာလကတော့ အနွေးထည်တွေပေါ့။ ကိုယ်သွားဝယ်ရင် ပိုက်ဆံမယူဘူး။ အလကားပေးလိုက်တာ။

ချောင်းရေက ကြည်လင်စိမ့်အေးနေတော့ ကိုယ်တို့လည်း အဝီစိတွင်းရေကို မသုံးကြတော့ဘူး။ ချောင်းထဲ ရေစုတ်မော်တာချပြီး ရေစင်တိုင်ကီပေါ် မောင်းသုံးတယ်။ မနက်စောစောဆိုရင်တော့ တွင်းရေက နွေးတယ်။ ချောင်းရေကတော့ တနေကုန် စိမ့်အေးနေတာ။ ငါးလေးတွေ အများကြီးပဲ။ ရေကြည်သွားတော့ မြင်ရပြီလေ။ ရေချိုးချိန်ကို နေ့လည်ရွှေ့ပလိုက်ရတယ်။ ညနေ နေဝင်တာနဲ့ ချမ်းလာလို့။ မနက်ခင်း ညခင်း ဆေးရုံမှာ ဒရစ်ပုလင်းချိတ်ထားတဲ့ လူနာတွေဆို ဆေးပုလင်းလေးတွေက အေးစက်နေလို့ ရေနွေးဝတ်လေးနဲ့ နွေးအောင်ပတ်ထားရတယ်။

မနေ့ကဆို သစ်စက်အလုပ်သမား တစ်ယောက် သွေးအန်လို့လာတာ။ လူကကို အေးစက် ဖြူဆုတ်နေပြီ။ ပုလင်းအေးအေးတွေ အမြန်သွင်းရတော့ တုန်တက်လာရော။ ရေနွေးအိပ်တွေပြင် ပုလင်းတွေ ပိုက်တွေ အနွေးပေးပြီးမှ သွေးလှူရှင် ရှာရတယ်။ ခုတလော နေ့တိုင်းသွေးရှာနေရပါရောလား။ လူနာက လာတုန်းကတော့ သတိအကောင်းပဲ။ ဆေးရုံပေါ် တစ်ရက်လောက်နေတော့ သွေးက အရက်ကိုတောင်းပြီး ကယောင်ကတမ်းဖြစ်လာတယ်။ စကတည်း ကြိုအုပ်မိအောင် ဆေးတွေပေးထားပေမယ့်လည်း ညဉ့်နက်သန်းခေါင် ရွာထဲလျှောက်ပြေးလို့ လိုက်ရှာပြီး ကုတင်မှာ ကြိုးတုပ်ထားရတယ်။ လူနဲ့လည်း ထိန်းမရ။ ဆေးနဲ့လည်း ထိန်းမရ။ မနေ့ကဖြင့် သွေးပေါင်တွေကျလို့ လူက လှုပ်ကို မလှုပ်နိုင်။ ဒီနေ့ လှုပ်နိုင်လာတော့ ငြိမ်အောင် ပြန်လုပ်ရပြန်ရော။ ငြိမ်သွားပြီး ပြန်နိုးမလာမှာလည်း ကြောက်ရသေးတာ။

သူတို့ရွာကလေးက အိမ်ခြေ ၂၀၀ မပြည့်ဘူး။ လူဦးရေကလည်း ၇၅၀ လောက်ပဲ ရှိတာ။ အကုန်လုံး လယ်စိုက်ကြတယ်။ ဘေးပတ်ပတ်လည် တောတွေတောင်တွေ ရှိတဲ့ စမ်းချောင်းကလေး နံဘေးမှာ အရှည်လိုက်ကလေး ရွာတည်ထားကြတာ။ ခုလိုအချိန်ကျမှ ကူးသန်းသွားလာလို့ရတယ်။ တစ်မိုးတွင်းလုံး သီးခြားကမ္ဘာလေးထဲမှာ နေတာ။ တောထဲတောင်ထဲရောက်နေတော့ ဘာပဲလိုလို ဓါးမတိုတစ်ချောင်း ပါရင်ဖြစ်တယ်။ ခြံစည်းရိုးခတ်ချင်လည်း ကြိုက်တဲ့ဝါးရုံရွေးခုတ်။ ကြိမ်လိုချင် ကြိမ် ကိုယ့်ဘာသာခုတ်။ ထင်းလိုချင်လည်း ထင်း၊ အိမ်မိုးဖို့ သက်ငယ်တို့ ရုန်းတို့ လိုလည်း ကိုယ့်ဘာသာ ခုတ်ယူ။ အိမ်ဆောက်ရင် ဘိလပ်မြေနဲ့ သံတွေ သွပ်တွေ ဝယ်ရင်ရပြီ။ သဲနဲ့ကျောက်စရစ်က ချောင်းထဲက တူးယူရုံပဲ။ အုတ်ဖုတ်တာ ရွာဦးကျောင်းက ဖုတ်တယ်။ သစ်လိုရင် ဟိုဘက်ရွာ ဘုန်းကြီးကျောင်းမှာ သစ်ခွဲစက် ရှိတယ်။ ပိုက်ဆံရယ်လို့ သိပ်သုံးစရာ မရှိပါဘူး။ အိမ်ဝိုင်းတစ်ဝိုင်း သူတို့ဝယ်တုန်းက ၂၀၀၀၀ ဆိုတာ မျက်နှာစာ ပေ ၁၀၀ လောက် အကျယ်ယူပြီး နောက်ဘက်ကို လိုချင်သလောက် အရှည်ထားပြီး စည်းရိုးခတ်လိုက်တာ။ ဘာလုပ်မလဲ မြေအရှည်ကြီးယူပြီး။ အိမ်သာသွားချင်တိုင်း တမျှော်တခေါ် လမ်းလျှောက်နေရမယ်။ မနက်လင်းလာရင် အိုးတွေခွက်တွေ ဆိုင်းထမ်းကြီးနဲ့ ထမ်းထမ်းလာကြလို့။ ဘာသည်တွေပါလိမ့်။ မုန့်ဟင်းခါးလား ခေါက်ဆွဲလားပေါ့။ ဘယ်ဟုတ်မလဲ။ မနေ့က ချက်ပြုတ်စားသောက် ထားတဲ့ အိုးခွက်ပန်းကန်တွေ ချောင်းထဲသွားဆေးဖို့။ ချောင်းရိုးက ရွာဘေးတင် ကွေ့ကာဝိုက်ကာ အရှည်ကြီးဆိုတော့ အဝတ်လျှော် ရေချိုးလည်း အကုန်ချောင်းထဲဆင်းကြတာ။

ဗုဒ္ဓဘာသာ ကိုးကွယ်ပေမယ့် နတ်အစွဲက ပိုကြီးတယ်။ ဘာဖြစ်ဖြစ် နတ်ကိုင်တယ်ပဲ။ ဆရာဝန်စကားထက် နတ်ဆရာစကားကို မြေဝယ်မကျ နားထောင်တဲ့သူတွေ။ တခါတခါတော့လည်း သူတို့ရဲ့လိုအပ်ချက်က ဆရာဝန် မဟုတ်ဘူး။ နတ်ဆရာနဲ့တင် လုံလောက်တယ်။ ချိုင်းကြားမှ အကြိတ်အကြီးကြီးနဲ့ လူနာတစ်ယောက်လာပြတယိ။ တန်ခူးလတုန်းက အဆုတ်ထဲရေဝင်လို့ နန့်မွန်းဆေးရုံမှာ ပိုက်ထည့်ထားရတယ်တဲ့။ အခုလည်း အဆုတ်တခြမ်းက ရေတွေနဲ့ပါပဲ။ ဒီလောက်ဆိုရင်တော့ ကိုယ့်ဘာသာ ခန့်မှန်းလို့ရပြီ။ သူ ဘာဖြစ်သလဲ။ ဒါပေမယ့် ဆရာဝန်ဆိုတာ သက်သေပြရတယ်။ အရည်စုပ်၊ အလုံးထုတ်ပြီး ဓါတ်ခွဲခန်းပို့ရတာပေါ့။ အဖြေပြန်လာတာ metastatic squamous cell carcinoma တဲ့။ ဘာဆက်လုပ်မလဲ။ ဘာမှ ဆက်မလုပ်တော့ဘူးလေ။ ဆရာ့ဘာသာ သိချင်တယ်ဆိုလို့ အလုံးထုတ်စစ်တာပဲဟာ။ အခု ဆရာ သိရင်ပြီးရောပေါ့။ ဆရာ လက်လျှော့တယ်ဆိုရင်တော့ နတ်ဆရာနဲ့ ပြန်ပြရုံ ရှိတော့တာပဲ။ စကတည်းက သူနဲ့ဆက်ပြနေရင် ခွဲစရာ မလို၊ စစ်စရာ မကုန်၊ စိတ်တောင်ချမ်းသာရဦးမှာ။ လွန်ရောကျွံရောမှ ကန်တော့ပွဲတစ်ပွဲ၊ ကြက်ဖိုကြက်မတစ်စုံဆို အငြိမ်း။ “နင်တို့က ဆရာဝန် ဆရာဝန်ဆိုပြီး အားကိုးရှိတော့ ငါ့ကို ကန်တယ်လေ။ ကိုင်း အခုတော့ ငါ့ဆီပဲ ပြန်လာရတယ် မဟုတ်လား။ ခလုတ်ထိမှ အမိတ သလားဟေ့။” နဲ့ နတ်ကတော်မျက်စောင်းနဲ့ တွေ့တော့မှာပဲ။ အမိုက်အမဲလေးတွေ ခွင့်လွှတ်ပါ အမေ။ ကိုးပြစ်ရှိလည်းကျေပါ။ ဆယ်ပြစ်ရှိလည်း ကျေပါ။ နောက် ကင်ဆာထင်တာနဲ့ အမေ့ဆီတန်းလွှဲပါ့မယ်။ အမေကမှ “ပျောက်စေဟဲ့” လို့ တစ်ခွန်းမိန့်ရင် စိတ်ကိုချမ်းသာရော။ ဆရာဝန်တွေ ဒါမျိုးမတတ်ပါဘူး။

ပြောရင်းဆိုရင်း သံခြေကျင်းခတ်နဲ့လူနာက ထွက်ပြေးလို့ လိုက်ဖမ်းရပြန်ပြီ။ တနေကုန်လည်း ပြောလို့ဆိုလို့ မနိုင်ဘူး။ အိပ်ဆေးတွေ အဲ့လောက်ပေးထားတာလည်း မဖြုံဘူး။ စိတ်ဆရာဝန်ဆီ ဖုန်းဆက်ရပြန်ပြီ။ သူ့အစောင့်တွေကတော့ လွယ်လွယ်ကူကူ ခြောက်ပေါက်ထိပ်တုံးထဲ ထည့်ခတ်ထားကြတယ်။ အဲ့လိုလုပ်လို့တော့ မရဘူးလေ။ သူက လူနာပဲဟာကို။ ခက်တာက ကိုယ်တို့လည်း ညကျ ဆေးရုံမှာ အိပ်တာ မဟုတ်။ မတော် ဆေးရုံမီးနဲ့ရှို့သွားတော့ ဘယ်လိုလုပ်မတုန်း။ နောက်ဆုံးတော့ မနက် ၆ ည ၆ ကိုယ်တို့ဆီပို့၊ ည ၆ မနက် ၆ သူတို့ပြန်ခေါ်သွား ဆို ညှိလိုက်ရတယ်။ ကြုံကြုံဖူးပေါင်။

နေ့ဘက်ကတော့ ဆေးရုံမှာ မျက်စိအောက်ထားမှ ဖြစ်ပါမယ်။ သွေးထပ်မထွက်တော့ပေမယ့် မနေ့ကတစ်လုံး သည်နေ့တစ်လုံး သွေးသွင်းနေရသေးတယ်။ Encephalopathy ဝင်မသွားအောင် ဆေးတွေလည်း အချိန်မှန်သွင်းပေးနေရတယ်။ ဟိုဘက်က မဏိစန္ဒာအတွက်ကလည်း တစ်နေ့တစ်လုံး သွေးလှူရှင် ရှာနေရတုန်း။ လေယာဉ်လာတယ်ကြားလို့တောင် အရေးမလုပ်နိုင်တော့ဘူး။ ဟုတ်သားပဲ။ ဒီနေ့ လေယာဉ်လာတာ နှစ်ခါ။ ထွက်တောင်မကြည့်အားလို့ ဘာလေယာဉ်မှန်း မသိ။ ဘယ်ဘက်သွားမှန်း မသိ။ ရွှေပြည်မြင့်နားက စုံတွဲမှာတော့ မိုင်းနင်းမိလို့ ရွာသားနှစ်ယောက် ပွဲချင်းပြီးသေတယ်တဲ့။ ဒဏ်ရာပြင်းတဲ့ တစ်ယောက်တော့ ဟုမ္မလင်း ပို့တယ် ကြားတယ်။ SNA နယ်ထဲမှာကိုး။ ဒီဘက်ကို သယ်လာလို့ မရ။

တိုက်ပွဲတွေ ပတ်လည်ဝိုင်းနေပေမယ့်လည်း ကိုယ်တို့နားလေးကွက်ကွက်တော့ ရောက်မလာသေးတာ ပထဝီအနေအထားအရ တသီးတသန့် ခေါင်နေလို့ ဖြစ်မယ် ထင်ပါတယ်။ ရွှေမထွက် ကျောက်မထွက်၊ စပါးပဲ စိုက်စားရတဲ့နေရာမို့လို့။ ဒီလိုပဲ တောထဲတောင်ထဲ ဖာသိဖာသာနေ။ ရာသီအလိုက် တောစာတောင်စာလေးတွေ ရှာဖွေစားသောက်၊ နေဝင်မိုးချုပ် အလုပ်နဲ့လက်နဲ့ မပြတ်တဲ့ အမျိုးတွေ မဟုတ်လား။ မိုးလင်းရင် အိမ်ပေါက်စေ့ ဆွမ်းချိုင့်လေးတွေကိုယ်စီ ဘုရားပန်းလေး လက်တစ်ဆုပ်နဲ့ ဘုန်းကြီးကျောင်းသွား သီလယူတယ်။ ဆွမ်းချိုင့်လေးရှေ့ချ ဘုရားပန်းလေးတွေ ငှက်ပျောဖက်ကတော့လေးနဲ့ လက်ကြားညှပ်ပြီး ရိုးရိုးရှင်းရှင်း ငါးပါးသီလယူတာပါပဲ။ သို့သော် သူတို့ ဩကာသ ကန်တော့ကြိုးက အပိုဆာဒါးတွေ အရှည်ကြီးပါတယ်။ နေ့တိုင်းရှိခိုးတာဆိုတော့ ဘယ်သူမှ မမေ့ဘူး။ ကိုယ်တွေသာ နားစောင့်လေးနဲ့ နောက်က အသာမှေးလိုက်ရတယ်။ အမယ်ကြီးတွေအားလုံး အတက်အဆင်းတောင် အကူအတွဲ မလိုပါဘူး။ တောင်ဝှေးလေးပါလာရင် လူကိုထူဖို့ထောက်ဖို့ မဟုတ်။ ဆွမ်းချိုင့်လေးကို ပုခုံးပေါ်တင်ထမ်းဖို့။

ဆေးရုံက ကလေးတွေကို မေးကြည့်တယ်။ “မင်းတို့ရွာမှာ အဖွားတွေ အများကြီးပဲ။ သူငယ်ပြန်တာတို့၊ သတိမေ့လျော့ပြီး ကိုယ့်အိမ်ကလူကိုယ် မမှတ်မိတာတို့၊ မေးတုန်တုန် ခေါင်းတုန်တုန် ခြေထောက် တုန့်ဆွဲတုန့်ဆွဲ သွားတာတို့ မရှိဘူးလား။ အဲ့ဒါမျိုး မြင်ဖူးသလား လို့ မေးကြည့်မိတယ်။ “မရှိဘူး ဆရာ။ ရွာမှာ အဲ့ဒါမျိုး တစ်ခါမှ မမြင်ဖူးဘူး။” တဲ့။ အေးလေ။ တစ်ရွာလုံးပေါင်းမှ လူ ၇၅၀ လောက်ဆိုတော့ မေးရတဲ့ sample size က သိပ်သေးလွန်းနေတော့ အဆန်းတကြယ်မှတ်မနေပါဘူး။ အသက်တွေ ရှည်ကြတာတော့ လက်ခံပါတယ်။ ၈၀ တန်း ၉၀ တန်းတွေ လမ်းမပေါ် သွားသွားလာလာ မြင်ရတုန်း။ နန့်မွန်းကိုသွားလည်တုန်းက အိမ်ရှင်အဖွားဟာ အသက် ၉၀ ကျော်ပြီ။ ကိုရီးယားကားတွေ မပြတ်အောင်ကြည့်တုန်း။ မျက်စိလည်းကောင်း ၊ နားလည်းကောင်း။ လည်ပင်းမှာ ရှောက်သီးလောက်ကြီးတဲ့ goiter ကြီးနဲ့တောင် ဒေါင်ဒေါင်ကိုမြည်လို့။ “အဖွား ခွဲချင်လား။ ခွဲပေးမယ်။” ဆိုတော့ “နေပါစေ။ လှဖို့မှ မလိုတော့တာ။” တဲ့။ အခုတော့ မရှိတော့ဘူး။ ဆုံးရှာပြီ။ အသက်ရှည်လို့ အရွယ်သာအိုချင်အိုမယ်။ အသိတွေ သတိတွေ မချို့ယွင်းဘူး။ ကျန်းမာရေးလည်း ချူချူချာချာ မရှိဘူး။ ဝဋ်ကြွေးကင်းပေတာကိုးလို့။

အိုဇာတာဆိုတာ အိုစာမင်းစာချည့်ပဲ နင်းကန်ရှာနေလို့ ကောင်းတာ မဟုတ်ဘူး။ သားထောက်သမီးခံ ရှိမှ မိအိုဖအိုကို လုပ်ကျွေးပြုစုမယ့်သူ ရှိမှာ ဆိုတာဟာလည်း အခါခပ်သိမ်း မမှန်ဘူး။ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်နဲ့သိတဲ့ လူအိုလူမင်းကြီးတွေ မြင်ယောင်ကြည့်လိုက်လေ။ သူတို့တတွေ အိုဇာတာကောင်းသလား မကောင်းဘူးလား။ ဦးနေဝင်းကြီးကော ဘယ်လို​သေသလဲ။ စာဖတ်နေသူကြီးက ခုထက်ထိဖတ်နိုင်တုန်းပဲလား။ ဦးခင်ညွန့်ကြီးကရော။ ဒီလိုတွေပြောတော့ စစ်ဗိုလ်ချုပ်တွေမှန်သမျှ အိုဇာတာမကောင်းဘူးလို့ မဆိုလိုပါဘူး။ အခုလက်ရှိ စစ်ဗိုလ်ချုပ်တွေ နဲ့ အိုဇာတာကလည်း လားလားမှ သက်ဆိုင်စရာ အကြောင်းလည်း မရှိပါဘူး။ အိုစရာလား။ ဒီလူတွေ နေရလှ နောက်တစ်နှစ် နှစ်နှစ်ထက် မပိုဘူး။ မတ်မတ်ဆောင်းပြောသလိုပဲ အခုမသေလည်း တဖြေးဖြေး တဖြေးဖြေးနဲ့ သေကုန်တော့မှာ မဟုတ်လား။ ကိုင်း အဘတို့။ ဘုရားတရားသာ အောင့်မေ့နော်။ ယခုပင်လျှင် မအိုခင်က ကြိုတင်ကောင်းမှု အာရုံပြုလော့ တဲ့။ အချိန်တွေက သိပ်မ

ကျန်တော့ဘူး။ ကျန်လည်း သိပ်မထူးပါဘူးလေ။ သွားရမယ့် ခရီးက အတူတူပဲဟာကို။ သွား သွား။ စိတ်ဖြောင့်ဖြောင့်နဲ့သာ ချန်ခဲ့။ ဟိုကျရင် အရင်ရောက်နှင့်တဲ့သူက နောက်လာတဲ့သူကို ဂျင်းထည့်လို့ ရတာပေါ့နော့။ “ဟျောင့် မင်း ဘယ်ပတ်စဉ်ကလဲ ပြော။” ဆိုရင် ဆရာကြီးတောင် ဖြစ်ဦးမယ်။ အဟေး အဟေး။ ကောင်းလှောင့်တေး ကောင်းလှောင့်တေး။