အများပြည်သူ ပို့သအပ်သောမေတ္တာ၊ ထားရှိအပ်သော စေတနာတို့ကြောင့် ကိုယ်တို့တဖွဲ့လုံး လုံခြုံနွေးထွေးစွာ အိပ်စက်ရပါတယ်။ အရင်ကထက်တောင် ဇိမ်ကျသေး။ ဘေးရန်လည်း ကင်းတယ်ဗျ။ မနက်လင်းမှ အေးအေးဆေးဆေး ဆေးရုံပြန်ဝင်တယ်။ လူနာမှ မရှိတာ။ မဏိစန္ဒာတစ်ယောက်ပဲ ကျန်တယ်လေ။ သွေးလှူရှင်ရှာပြီး သွေးထပ်သွင်းရတယ်။ ချိန်တာတွေ ချက်တာတွေ တိုင်းတာတွေ မှတ်တာတွေ လုပ်၊ သမားတော်ဆီ စာပို့နေတုန်းကျမှ ပြင်ပလူနာတွေ တဖွဲဖွဲ ရောက်လာကြတာ။ ဒီမနက် လမ်းတွေပြန်ဖွင့်ပြီတဲ့။ ဈေးဆိုင်ကယ်တွေ ဝင်လာကြပြီ။ ဝေခါလမ်းဘက်တော့ ပိတ်ထားတုန်းပဲ။ မနေ့ကလာတဲ့ ရဟတ်ယာဉ်ဟာ ဆယ်ဇင်းတဘက် စစ်ကိုင်းတိုင်း ပန်ခြယ်ဘုရားနားက စစ်ကောင်စီစခန်းဟောင်းမှာ လာထိုင်ထားတဲ့ SNA စစ်တပ်ကို ရိက္ခာလာပို့တာ လို့ ပြောတယ်။ ဆယ်ဇင်းထဲမှာ စစ်ကောင်စီ ထိုင်ထားတုန်းပဲ။ အရင်တုန်းက ဆယ်ဇင်း-ရွှေပြည်မြင့် တံတားထိပ်မှာ တပ်ထားတဲ့ ကချင်ပြည်နယ်မှ ကြိုဆိုပါ၏။ စစ်ကိုင်းတိုင်းမှ နှုတ်ခွန်းဆက်ပါ၏။ အပြန်အလှန် ဆိုင်းဘုတ် နှစ်ချပ်ကို ဟိုးဘက် ဆယ်ဇင်းရွာအထွက်က ချမ်းသာအေး အစပ်မှာ ရွှေ့စိုက်ထားတယ်။ သဘောကတော့ ဆယ်ဇင်းရွာဟာ ကချင်ပြည်နယ်အောက်မှာ မဟုတ်တော့ဘူး။ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်အောက်ကို ရောက်သွားပြီ။ KIA လက်အောက်ခံ မဟုတ်တော့။ SNA လက်အောက်ခံ ဖြစ်သွားပြီလို့ နယ်စပ်မျဉ်းကို ရွှေ့ပစ်လိုက်တာ။ ရွာကိုမီးတိုက်ပြီးတော့မှ မီးလောင်ပြင်ပေါ် သူပိုင်တယ် ငါပိုင်တယ် အလံစိုက်နေလိုက်တာ။ ဘယ်သူက ပြန်လာမယ် ပြောလို့တုန်း။ ရွာကပျက်သွားပြီးမှဟာ။ နာလန်တောင် ပြန်ထူနိုင်ဖို့ မရှိ။ သူများသားပျိုသမီးပျိုကိို မုဒိန်းကျင့်ပြီးခါမှ “သားလေးမွေးရင် ကိုယ့်နံမည်လေး ပေးပါ။” လာလုပ်နေသေး။
ဆယ်ဇင်းမှာ ရွာမရှိတော့တဲ့အတွက် အရင်က ဒီလိုအချိန်မှာ ဆယ်ဇင်းကို ဥဒဟိုဝင်ထွက်ပြေးဆွဲနေတဲ့ လိုင်းကားတွေ သွားစရာအကြောင်း မရှိတော့ဘူး။ ကုန်ပစ္စည်းမှန်သမျှ ဒီလမ်းက ဝင်တာလေ။ ကြက်ဝက်သားငါး၊ ကုန်စိမ်းကုန်ခြောက်၊ ဘုရားပန်းပါမကျန် နေ့စဉ်မပြတ် ပို့ကုန်တွေ ပို့စရာ ရွာမရှိတော့ဘူး။ ကူးသန်းသွားလာမယ့် လူလည်း မရှိတော့ဘူး။ ဒါကြောင့် လိုင်းကားတွေလည်း မပြေးတော့ဘူး။ အဲ့ဒါကြောင့်မို့ ဆိုင်ကယ်ခတွေ ကယ်ရီခတွေ ကြောက်ခမန်းလိလိ တက်သွားတာလေ။ အောက်စီဂျင် တစ်အိုးသယ်ရင် အပြန်တစ်ကြောင်းတင် ၅၀၀၀၀ ပေးသယ်ရတယ်ဆိုတော့ “ရှူမနေပါနဲ့တော့။ သေသာသေလိုက်ပါတော့” လို့ ချော့မော့နားချရမလိုပါပဲ။ ကြေးကြီးဈေးကြီး ပေးသယ်ထားရတဲ့ ရှိစုမဲ့စုလေးကို ကိုဗစ်လူနာတွေ ပေးမရှူနိုင်တော့ဘူး။ ခွဲလူနာတွေ မေ့ဆေးပေးဖို့ ထားလိုက်ကြပါစို့။ လို့ ဦးစားပေး အစီအစဉ် ပြန်ပြောင်းရတော့မှာလား။ ဟိုဟာတွေက အများကြီးရှူ၊ ရက်ရှည်ရှူပြီး အပြီးသတ်ကျ ရှင်မှာသေချာတာလည်း မဟုတ်။ ကဲ ကားဆရာကြီးအယောက် ၁၀၀ ရဲ့ အဖြေက ဘာပြောလဲ။ မေးကြည့်ဦးမှပါလေ။
မနှစ်ကတော့ လိုင်းကားတွေက လမ်းကြုံတင်သွားပေးတော့ ကိုယ်လည်း တစ်ပြားမှ မပေးရဘူး။ သူတို့လည်း အပန်းမကြီးဘူး။ ဒီနှစ်ကျ ဒီအိုးတွေ ပို့ဖို့သက်သက် ကားနဲ့ဝင်လာရမှာ။ အပြန် လူရောကုန်ရော ရဖို့မရှိ။ ဆီဈေးတွေက ခေါင်ခိုက်။ ဘယ်သူက အလကားတင်နိုင်မှာလဲ။ တစ်အိုး ၅၀၀၀၀ ဆိုတာ တောင်းကြေး မဟုတ်ဘူး။ တန်ကြေး။ နောက်ဆုံးတော့ ခွေးအိုကြီး ခုံလုလို့ ခွက်မှောက်တဲ့အထဲမှာ ဒါလည်းပါသွားတယ် လို့ပဲ မှတ်လိုက်ရမှာပေါ့။ အကြောင်းရှိလို့ အကျိုးဖြစ်တာ။ ခုနေခါ လူတွေမပြောနဲ့ ကျိုက်ထီးရိုးဘုရားကြီးတောင် ဘုရားဖူးနည်းသွားလို့ ထမင်းဆိုင်က မွန်မလေးတွေလို လမ်းပေါ်ထွက် လက်ဆွဲခေါ်ရမတတ် မားကက်တင်းဆင်းနေရတဲ့အချိန်မှာ တရားနဲ့သာ ဖြေရမှာပ။
ဒီကနေ့ တနေ့တာအတွက်တော့ နောက်ထပ် တိုက်ပွဲမရှိဘူး။ လေယာဉ်လည်း မလာဘူး။ ခဏ ပြန်အေးသွားတဲ့ သဘောရှိတယ်။ ဒီဘက်မှာလည်း လေကြောင်းရန်ကာကွယ်ရေးအတွက် လုပ်စရာရှိတာတွေ လုပ်ကြတယ်။ ရွာကလူတွေကတော့ စပါးရိတ်စရာကျန်သေးလို့ လုပ်စရာရှိတာ တက်သုတ်ရိုက်ပြီး လုပ်နေကြလေရဲ့။ ဒီနှစ်စပါးဈေးက မကြုံဖူးအောင် ကောင်းတယ်တဲ့။ ကုန်ဈေးနှုန်းတက်ပြီး ငွေကြေးဖောင်းပွတာလို့ သူတို့ မသိကြဘူး။ မနှစ်ကဈေးထက်စာရင် အများကြီး ပိုရတယ် လို့ပဲ သိကြတယ်။ ရွှေမျောလုပ်တဲ့သူတွေ အလုပ်အကိုင်ရပ်ပြီး မံမံတူတူပုန်းတဲ့အချိန်မှာ ဓါးမဦးချ စိုက်ပျိုးလုပ်ကိုင်စားတဲ့ တောင်သူတွေမှာတော့ ပေါ်ချိန်သီးချိန်မို့ ငွေစကြေးစရွှင်ကြတယ်။ အရောင်းအဝယ်သမားတွေကသာ ရောင်းရင်းဝယ်ရင်း အရင်းပြုတ်ခါနီးနေတာ။ စစ်ပွဲတွေပတ်ပတ်လည်ကြားမှာ တောင်သူတွေ စပါးဈေးကောင်းနေတယ်ဆိုတာ အမှန်တော့ မီးလောင်ပြင်မှာ ကြာပန်းပွင့်နေသလိုပါပဲ။ ဘယ်အချိန် လောင်မြိုက်ညှိုးနွမ်းသွားမလဲ ရင်တထိတ်ထိတ်နဲ့။ ရွာသားတွေ ဆေးလာကုပေးရတာ ဝမ်းသာမိပေမယ့်လည်း ကိုယ့်ဆေးရုံရှိလို့ သူတို့ရွာကို စစ်ကြောင်းထိုးပြီး လာချေမှုန်းမှာကိုလည်း စိုးရိမ်အားနာနေရသေးတာ။ သူတို့ကတောင် ကိုယ်တို့ကို ပြန်အားပေးနေတာပါ။ “ဆရာတို့ မကြောက်ကြနဲ့။ ဒီကို မလာပါဘူး။ ဒီလိုပဲ အပေါ်က ဖြတ်ပျံသွားတာ။” တဲ့။
တနိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ဘောင်ကျယ်လာတဲ့အချိန်မှာ ဆေးရုံအလုပ်တွေကို ရပ်ပစ်လို့ မဖြစ်ပါဘူး။ ကူသူကယ်သူမဲ့တဲ့ လူနာတွေ ဘယ်မှသွားမရတာ မျက်စိအောက်တင် မြင်နေရသားပဲ။ ဘယ်နေရာမှာ ဘယ်သူရှိပြီး ဘာတွေလုပ်ပေးလို့ရတယ် ဆိုတာ ကိုယ်တို့အချင်းချင်းတော့ သိထားမှ ဖြစ်မယ် ထင်ပါတယ်။ အဲ့ဒါကြောင့် အန္တရာယ်ရှိမှန်း သိပေမယ့်လည်း လူနာရှိရင် ဒီကိုပို့လို့ရပါတယ် လို့ လူသိအောင် ကြော်ငြာနေရတာ။ နယ်စပ်မှာ ဖြစ်တဲ့လူတွေက တဘက်နိုင်ငံ သွားပြလို့ရတယ်။ အတွင်းပိုင်းကလူတွေမှာ ဘယ်မှ သွားစရာ မရှိဘူး။
ဟိုးတလောတုန်းက သေနတ်မှန်တဲ့လူနာတစ်ယောက် ကိုယ့်ဆီကို လှမ်းပြတယ်။ တောင်ပိုင်းမှာဆိုတော့ ကိုယ်လည်း ဘာမှ လုပ်ပေးလို့မရဘူး။ ခွဲပေးနိုင်မယ့် အနီးဆုံးဆာဂျင် ဘယ်နေရာမှာ ရှိမယ်ဆိုတာတောင် ကိုယ်မသိဘူး။ ကျည်ဆန်က ဖင်ကြားကဝင်ပြီး ချက်ကဖောက်ထွက်သွားလို့ သေချာပေါက် ဗိုက်ဖွင့်ရမယ့်လူနာ။ ကိုယ့်အနေနဲ့ ဗိုက်ဖွင့်ပြီး ဘာကိုရှာပါ။ ဘာလုပ်ပါ။ အကြံပေးလို့ရပေမယ့် တကယ်တမ်း ဗိုက်ဖွင့်မယ့် ဆရာဝန်ဟာ ကိုယ်မှာသလို လုပ်နိုင်တဲ့ ခွဲစိတ်ဆရာဝန် ဟုတ်ပါ့မလား ဆိုတာ အရမ်း စိုးရိမ်မိတယ်။ လူချင်းမှ မသိတာလေ။ အဲ့ဒါကြောင့် ကိုယ်သိတဲ့အထဲက CDM ဆာဂျင်တွေ ဘယ်သူ ဘယ်မှာ လုပ်နေကြပါလိမ့်ဆိုတာ သိပ်သိချင်တာပဲ။ လျှို့ဝှက်အပ်တာတော့ မှန်ပါတယ်။ ဒါပေသိ အဲ့ဒီ top secret ကြီးကို bottom ကလေး ခဏလှပ်ပေးပါဦး။ လူနာပို့ချင်လို့ပါ။ ပုန်းနေတာကို လူသိအောင် လုပ်မလို့ မဟုတ်ပါဘူး။
ပုန်းနေလို့တော့ အလုပ်မဖြစ်တော့ဘူး ထင်တာပဲ။ အနန့်ပါကလူနာတွေ ကိုယ့်ဆီကို ရောက်မလာပဲ လိုင်ဆာထိသယ်သွားပြီး ဘာမှ လုပ်မရတော့တဲ့အခါ ဒီမှာဆေးရုံရှိတာ သူတို့မသိလို့များလား လို့ တွေးမိတယ်။ အဲ့ဒီကိစ္စပြီးကတည်းက ကိုယ့်ဘက်ကတော့ တတ်နိုင်သမျှ ဆက်သွယ်ချိတ်ဆက်တယ်။ ကိုယ့်ဆီကို လူနာပို့လို့ရတဲ့အကြောင်း မောင်းတီးရတယ်။ ဈေးဗန်းခင်းတယ်ပဲ ဆိုချင်ဆို။ ဖားကန့်မှာ အင်တာနက်ဖြတ်ထားတာ တစ်နှစ်ခွဲတောင် ရှိမှပဲဟာ။ အဲ့ဒီက ကလေးတွေ လှထုံကိုရော ချန်ဂင်ကိုရော ဘယ်ကြားဖူးမလဲ။ သူတို့လည်း ရှေ့တန်းချည့် သွားနေရတာကို။ ဖာသိဖာသာ ကိုယ့်အလုပ်ကလေး ကိုယ်လုပ်နေရုံနဲ့တော့ မထိရောက်သေးဘူး။ PR skill လေးတွေလည်း ထုတ်သုံးဦးမှ ဖြစ်တော့မှာကိုး။
လူနာမှန်သမျှ ကိုယ့်ဆီပို့မှ ဖြစ်မယ် လို့တော့ မဆိုလိုပါဘူး။ ဒီကို မလာနိုင်လည်း နီးစပ်ရာ ဘယ်မှာ ဘယ်သူရှိတယ် သိထားမှ လူနာကို ဘယ်ကိုပို့ရမယ် သိမှာပေါ့။ အဲ့လိုပို့ဖို့ရာကလည်း လက်ခံမယ့် ဆရာဝန်နဲ့ ရေရေရာရာ ချိတ်ဆက်ပြောဆိုထားမှ ရမှာပေါ့။ အရေးကြီးတာက ကိုယ်တို့အချင်းချင်း ယုံကြည်မှုတည်ဆောက်ထားမှ ရမယ်လေ။ ရန်သူကဝင်ပြီး အသွင်ယူသွားရင် နှစ်ဘက်လုံး နားကားမှာ။
PR ပြီးရင်တော့ HR skill တွေလည်း ထုတ်သုံးရပါဦးမယ်။ မြန်မာပြည် ဆေးကောင်စီက ဆမသိမ်းပြီး အလုပ်ထုတ်ထားတဲ့ အထူးကုဆရာဝန်တွေ အများကြီးရှိရာမှာ ဒီဘက်ကဆေးရုံတွေမှာ ကလေးတွေကိုဆေးကုတဲ့အထဲ မပါသေးတာ အများကြီးပဲဗျ။ ရှောင်လင်သိုင်းတော့ တဘက်ကမ်းခတ်နေပါပြီ။ ဂူအောင်းနေတဲ့ တစ်နှစ်တာအတွင်း ရေခဲတောင်ပန်းကြာပွင့်ကြီးတွေစားလို့ အတွင်းအားတွေလည်း ပြည့်ဝနေလောက်ပါပြီ။ သိုင်းလောကထဲ ပြန်ဝင်ပြီး မိစ္ဆာဂိုဏ်းက အစိမ်းရောင်သိုင်းသမားတွေကို နှိမ်နှင်းဖို့ ပညာစွမ်းလေးတွေ ဝင်ပြပေးကြပါဦးလို့။
ဒီမှာ မောင်စံဖားကလေး မေ့ဆေးမရှိ၊ အော်သိုမရှိနဲ့ တစ်ယောက်တည်း ချာလပတ်ယမ်းနေတာ မကူညီချင်ဘူးလား။ ဒါမှမဟုတ်လည်း နီးစပ်ရာ မျက်စိအောက်က အဖြူရောင်သိုင်းသမားလေးတွေကို တတ်ကျွမ်းရာ လက်နက်ဆန်းများနဲ့ စောင့်ရှောက်ပေးကြပါလား။ ဒါ ဇာတ်သိမ်းပိုင်း ရောက်နေပြီဗျ။ နို့မို့ ကိုယ့်အခန်းမပါပဲ နိဂုံးချုပ်သွားဦးမယ်။ အကယ်ဒမီပေးတော့မှ “လုပ်ကွက်မှ မရတာကို။” မပြောကြေးနော်။ ကိုယ့်ဇာတ်ကွက် ကိုယ့်ဘာသာ ဇာတ်ညွှန်းရေးပြီး ဝင်သာ က။ ဒီကတော့ ဇာတ်ပို့ပေးဖို့ အဆင်သင့်ပဲ။
အခုချိန်ဟာ ရှောင်လွှဲလို့မရတဲ့ စစ်ကို အဆုံးသတ်ရမှမို့လို့ လူအသေအပျောက် အများဆုံး၊ ထိခိုက်ဒဏ်ရာ အပေါဆုံးကာလဖြစ်မှာ သေချာပါတယ်။ ဒါဆိုရင် ဆရာဝန်တွေကို အလိုအပ်ဆုံး အချိန် ဖြစ်တယ် ဆိုတာလည်း သဘောပေါက်မယ် ထင်ပါတယ်။ ကိုယ်တတ်ထားတဲ့ ပညာတွေဟာ ဒီအချိန်မှာ အဖိုးအတန်ဆုံးပါ။ အကျိုးအရှိဆုံးပါ။ ထုတ်သုံးလိုက်ပါ။ တော်လှန်ရေးကြီးက ဆရာတို့ ဆရာမတို့ရဲ့ ပညာတွေကို မရှိမဖြစ်ကို လိုအပ်နေပါတယ်။ သနားငဲ့ညှာပေးကြပါဗျ။ ပညာတတ်တွေပီပီ ကိုယ့်ကို မထိခိုက်စေပဲ အသက်ပေါင်းများစွာ ချမ်းသာရာရစေမယ့် နည်းနာနိဿယများလည်း ကျင်လည်ပြီး ဖြစ်ပါလိမ့်မယ်။ ကတတ်လျက်သားနဲ့ လက်ခုပ်ထိုင်မတီးပါနဲ့နော်။
ဒီလို ဆေးဝင်ကုပေးတယ်ဆိုတာ အသက်အန္တရာယ်နဲ့ နီးမှန်း သိပါတယ်။ မေ့ဆေးစက်ဝယ်ပေးတဲ့ ဆရာဝန်တွေ သူနာပြုဆရာမလေးတွေ စစ်ကြောရေးမှာတင် မညှာမတာ နှိပ်စက်သတ်ဖြတ်မှန်းလည်း လူတိုင်း သိပါတယ်။ ဒါပေမယ့် ဒီလိုရက်စက်ပြလို့ ဦးကျိုးသွားရင် နောင်မျိုးဆက်ပေါင်းများစွာ ဘယ်လိုအခြေအနေမျိုးမှာ နေရမလဲဆိုတာ ဆရာဝန်ဖြစ်တဲ့ ဦးနှောက်နဲ့ မသိမမြင်စရာ အကြောင်း မရှိပါဘူး။ ခေတ်စံနစ်ရဲ့ လိုအပ်ချက်အရ ဆေးလောကသားတွေရဲ့ စွန့်လွှတ်မှု စွန့်စားမှုတွေကို တောင်းဆိုလာတဲ့အခါ ကမ္ဘာတလွှား ထင်ရှားကျော်ကြားခဲ့ဖူးသော သမားဟူးရားကြီးများ၏ တပည့်သားမြေး မျိုးဆက်ဖြစ်သည်နှင့်အညီ မျက်နှာလွှဲသွားမှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ လိုရင်းကို တည့်တည့်ပဲ ပြောပါ့မယ်။ စစ်သားတွေ ပစ်သတ်သွားလို့ မသေပဲကျန်တဲ့ အရပ်သားပြည်သူတွေကို မိမိတတ်ကျွမ်းတဲ့ ဆေးပညာနဲ့ ကူညီကယ်တင်ပေးကြပါဗျာ။ ကိုင်း ဒီ့ထက် ရှင်းတာ မရှိတော့ဘူး။