ချန်ဂင်တို့စခန်း (၁၂၁)

မနက်ခင်း နှင်းတွေကျတာ ပိတ်ပိတ်ကိုပိန်းနေတာပံ။ မနှစ်တုန်းက နှင်းဝေတဲ့ဆောင်းမှာ ကြာတာတွေ သိပ်များခဲ့ပေမယ့် ဒီနှစ်မှာတော့မကြာတော့ပါဘူး။ တော်တော် အရှိန်ရလာပြီ။ စာရေးရတာတောင်မှ နေ့စဉ်မှတ်တမ်းဆန်ဆန် ဒီနေ့ဘာဖြစ်ခဲ့သလဲ အကြောင်းအရာကနေ live လွှင့်သလိုမျိုး “အခုဖြစ်နေတာလေ” ဆို အချိန်နဲ့ တပြေးညီ အမီလိုက် ရေးနေရသလိုပဲ။ ညက အိပ်မပျော်ခင် စာတစ်ပုဒ် အဆုံးသတ်ပြီး တင်ပေးလိုက်ရင် မနက်ကျတော့ နောက်တစ်ပုဒ်အတွက် နိဒါန်းပြန်စနေရပါရောလား။ အရင်ဆုံး ရေးပြရတဲ့ အကြောင်းအရာကလည်း”စိတ်မပူပါနဲ့။ ဘေးကင်းပါတယ်။” ဖြစ်လာပြီဗျ။

စာဖတ်သူတိုင်းကတော့ စိတ်တွေပူပြီး ဘေးကင်းပါစေ ဝိုင်းဆုတောင်းပေးကြတာပေါ့လေ။ ကိုယ်ကိုယ်တိုင်လည်း သတိကြီးစွာ ထားပြီးနေပါတယ်။ တိုက်ပွဲက အသံကြားရတဲ့အရပ်ထိ နီးလာပြီဆိုတော့ အရေးကြီးတဲ့ပစ္စည်းတွေကို ထုပ်ပိုးပြီး သယ်ဆောင်ရန် အသင့် ပြင်ဆင် ထားရတယ်။ တကယ်တော့ အသက်ထက် ဘယ်ပစ္စည်းမှ တန်ဖိုးမကြီးပါဘူး။ ကိုယ့်အဖွဲ့သားတွေ အသက်အန္ထရာယ်မရှိဖို့က အဓိကပဲ။ အရေးဆို လူမကျန်ခဲ့ဖို့ အားလုံးဘေးကင်းဖို့ လိုတယ်။ ဒီလိုဆိုရင်လည်း ဘာကိစ္စ အန္တရာယ်ရှိတဲ့အရပ်မှာ ဆက်နေမှာလဲ။ ဘေးလွတ်ရာကို ရှောင်ရတော့မှာ မဟုတ်ဘူးလား။ ဒါကတော့ ကိုယ့်အသက်ထက် တန်ဖိုးထားတဲ့အရာ ရှိနေလို့ပါ။ အသက်အတွက် တော်လှန်ရေးကို စွန့်မလား တော်လှန်ရေးအတွက် အသက်ကို စွန့်မလား ဆိုတာ မေးစရာကို မလိုတာ။ ဒါကြောင့် ဒီအလုပ်ကို ဆက်လုပ်နေတာပေါ့။

နေ့ဘက်မှာ ပွဲကထားရင် ညဘက်ကျတော့ သတိနဲ့သာ အိပ်။ လေယာဉ်လာတော့မယ်။ လေယာဉ်မလာခင် ဒရုံးနဲ့ပျံပြီး အခြေအနေ လာကြည့်တတ်တယ်။ ဒီလိုဆိုရင် ကိုယ်တို့လည်း နေဝင်မီးငြိမ်း စခန်းသိမ်းပြီး ဘေးလွတ်ရာကို ရှောင်အိပ်တာ။ ဒါပေမယ့် မနေ့က အခြေအနေမှာ ရှောင်လို့မရတာက မွေးလူနာ နှစ်ယောက်က မထွက်သေးဘူး။ စောစောစီးစီး ဓါးတင်ပလိုက်ရအောင်လည်း အကြောင်းပြချက်က မခိုင်လုံဘူး။ ခနနေမွေးတော့မှာဆို မနက်စာတောင် အစောကြီးစားထားတာ ညစာစားပြီးတဲ့အထိ ကလေးထွက်မလာသေးဘူး။ ညဘက်ကြီးကျမှ မီးစက်နှိုးပြီး ခွဲခန်းဝင်ရင် တစ်လုံးကျရုံနဲ့ အကုန်လုံးပါအောင် လူစုပေးထားသလိုဖြစ်နေမယ်။ မမအိုဂျီကတော့ သူ ဆေးရုံမှာ စောင့်အိပ်ခဲ့မယ်။ ကျန်တဲ့သူတွေ ရှောင်လိုက်တော့ လို့ ပြောပေမယ့် အရေးအကြောင်းဆို ဘယ်ဘက်ကမှ စိတ်ချလက်ချ ပြေးနိုင်မှာ မဟုတ်ဘူး။ လူစုကွဲသွားလို့ မဖြစ်ဘူး လို့ တွက်တယ်။ လူနာကလည်း မွေးတော့မှာ။ Os full နေပြီ။ နောက်ဆုံးတော့ တဝက်က ပစ္စည်းသယ် အိပ်ယာပြင်ထားနှင့်ပြီး ကျန်တဝက်က မွေးပြီးမှ လိုက်လာခဲ့ ဆို လူခွဲလိုက်တယ်။ ည ၈ နာရီလောက်မှာ သားဦးယောက်ကျားလေးတစ််ယောက်မွေးသဗျ။ နောက်တစ်ဗိုက်ကတော့ မနာသေးဘူး ဆိုလို့ မနက်ကျမှ ဆက်စမ်းမယ်ဆို ထားခဲ့ရတယ်။ မနက်အစောကြီး ၅ နာရီ မမအိုဂျီ ဆေးရုံကိုပြန်လာတော့ ကလေးက ခေါင်းထွက်နေပြီ။ အချိန်ကိုက်ကလေးပဲ။ မိန်းကလေးမွေးတယ်။ တော်ပါသေးတယ်။ ညကလည်း ဒီဘက်ကို လေယာဉ်မလာပါဘူး။

မဏိစန္ဒာတို့ကတော့ အထာနပ်နေပြီ။ ညဆို သူတို့လည်း စစ်ဘေးရှောင်တယ်။ ဆေးရုံမှာ မအိပ်ဘူး။ သွေးအဖြေတွေရတော့ သူကလည်း ဆိုးဆိုးဝါးဝါးကို သွေးအားနည်းနေလို့ မနက်မိုးလင်းတာနဲ့ အကြောရှာ သွေးဖောက်ပြီး သွေးလှူရှင် လိုက်ရှာရတယ်။ အနီးဆုံးလူ အရင်လှူနှင့်တာကတော့ ကိုယ်တို့အဖွဲ့ထဲက ဘွဲ့လွန်ကျောင်းသား ဆရာဝန်ကလေးပါပဲ။ ဒီနေ့ရောက်လာမယ့် ခွဲလူနာကိုတော့ မလာနဲ့ဦး လို့ ပြန်တားရတယ်။ လာလို့ မရတော့ဘူး။ လမ်းမှာ တိုက်ပွဲတွေ ဖြစ်နေပြီလေ။ ဟင်းစိမ်းသည်တွေတောင် ဒီနေ့ မလာကြတော့ဘူး။ မနေ့က လက်ကျန်နဲ့ ချက်စားကြတာ။ လေယာဉ်လာတဲ့အသံတွေကြားလည်း ကျင်းထဲခနရှောင်ရုံပေါ့။ ကောင်းကင်ပေါ်လည်း မော့မကြည့်အား။ ခလုတ်တိုက်မိမှာစိုး။ လူသူတွေက အသုတ်အသုတ်နဲ့ လုပ်ငန်းခွင်ထဲဝင်။ အရေးထဲ သီချင်းကလည်း ဆိုမိပြန်ပြီနော်။

မအလ ရဲ့ နောက်ဆုံးကျည်ဆန် ဟာ တိုက်လေယာဉ်တွေပဲ။ မနေ့ကလည်း ဝေခါဘက်မှာ လေကြောင်းပစ်ကူနဲ့ လာတာ။ ဘယ်မှာပဲ တိုက်ပွဲဖြစ်ဖြစ် လေကြောင်းပစ်ကူခေါ်နေကျ။ အခု စာရေးနေတဲ့အချိန်မှာတောင် မင်္ဂလာဒုံကနေ တိုက်လေယာဉ် ၆ စင်း တက်သွားပြီ။ မြန်မာတပြည်လုံးက စစ်မြေပြင်တွေမှာ ရုရှားလုပ် တိုက်လေယာဉ်တွေ အားကိုးနဲ့ အပြီးသပ် ချေမှုန်းပစ်မယ် လို့ ကြိမ်းဝါးနေကြတယ်။ ပိုက်ဆံတွေ ဘယ်ကရသလဲ မသိဘူးနော်။ စစ်တပ်ဘက်ကို ရောက်တဲ့ပိုက်ဆံတွေဟာ ဒီလိုနေရာတွေမှာ အကြီးအကျယ် လူသတ်ဖို့ဖြစ်တယ် ဆိုတာ မြင်ပြီ မဟုတ်လား။ လူအမြောက်အများသတ်ပြီး ဘယ်သူ့ကိုကာကွယ်နေတာလဲ ဆိုတာရော နားလည်ပြီလား။ လေတပ်ကကောင်တွေဟာ “ဒီကောင်တွေမှာ လေယာဉ်ပစ်လက်နက် မရှိဘူးကွ။ ငါ သွားဆော်ပြမယ်။ ဒီမှာကြည့်။ ဟိုင်းယား။” ဆိုပြီး နောက်ကျွမ်းပစ်နေတာ အကင်ခံရတော့မယ်မှန်း မသိသေးလို့ ဖြစ်ပါလိမ့်မယ်။ ကင်တာတော့ကင်တော့မယ်။ လေပေါ်မှာကင်မလား၊ နေဝင်အိပ်တန်းတက်မှာ ကင်မလား၊ ချက်ကောင်းစောင့်နေတုန်း။ ပျံလေသည့်ငှက်ခါးတွေ။

ဒီနေ့မှာတော့ ငှက်ခါးတင်မကပါဘူး။ ပုစဉ်းတွေလည်း ကူးလိုက်သန်းလိုက် ဝဲပျံနေတာပဲ။ စစ်ခွေးတွေဟာ သူ့ဘက်ကလူတွေ စိတ်ဓါတ်ကျမှာစိုးလို့ အသေအပျောက် စာရင်း မကောက်တော့သလို လက်နက်ချတဲ့ သုံ့ပန်းတွေကိုလည်း လိုက်ကယ်ဖို့ နေနေသာသာ ဘာခံစားခွင့်မှမပေးပဲ တပ်မှ ထုတ်ပယ်တယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ အတိအလင်း ကြေငြာထားတယ်။ စာရင်းမပြောနဲ့ အလောင်းတောင် ကောက် မသင်္ဂြိုလ်တော့ဘူး။ ဒါနဲ့တောင် ပခုက္ကူက ဗိုလ်မှူးကတော် ကို ရဟတ်ယာဉ်ကြီးနဲ့ လိုက်ကယ်တာပါလို့ ပူစီမဇာတ်လမ်းကလည်း ရိုက်ပြချင်သေး။ အခုပျံနေတဲ့ ရဟတ်ယာဉ်ကတော့ မိုးညှင်းမှာရှိတဲ့ မဆရကို စစ်သားလူနာ ပို့တဲ့ဟာပဲ ဖြစ်ပါလိမ့်မယ်။ ဆယ်ဇင်းမှာတုန်းကလည်း တစ်နေ့ လေးခေါက်လောက် ပျံတယ်။ သူတို့တပ်ထဲမှာ အင်အားဘယ်လောက်ရှိလို့ ဘယ်လောက်ပဲ ကျန်သလဲ သူတို့ဘာသူတို့တောင် မှန်မှန်ကန်ကန် သိနိုင်ပါ့မလား။ အထက် နဲ့ အောက်နဲ့ အပြန်အလှန် လိမ်နေကြတာကို။ ဒီနေ့တင် ဗန်းမော်မှာ နမ့်ခမ်းမှာ လားရှိုးမှာ အပီအပြင် ကျွေးထားတာ အသံတောင် မထွက်ဘူး။ မဲစာရင်းမှားတယ်ဆိုပြီး အာဏာကောက်သိမ်းထားတဲ့သူတွေဟာ ကိုယ့်တပ်ကစစ်သည်စာရင်းရော မှန်မှန်ကန်ကန် ကောက်ရဲတဲ့သတ္တိ ရှိပါ့မလား၊ ကောက်နိုင်တဲ့ အရည်အချင်း ရှိပါ့မလား၊ သိချင်လိုက်တာ။

ကောင်းပါတယ်။ ဒီလိုပဲ စာရင်းမရှိ အင်းမရှိ၊ ဖုတ်ကျဉ်းသင်္ဂြိုလ်မယ့်သူ မရှိ၊ အရေးအရာ လုပ်မယ့်သူ မရှိ၊ အရပ် ၈ မျက်နှာက ၇ ရက်သားသမီးအပေါင်းတို့ရဲ့ အမုန်းတွေ ကျိန်စာတွေနဲ့ သေကြ။ အေးတာပဲ။ ဘာလုပ်မလဲ။ လူသိရှင်ကြား။ ဘာ့ကြောင့်သေသေ စစ်သားဆိုတာနဲ့ ကြားရသူအပေါင်း ဝမ်းသာအယ်လဲ ပြုံးပျော်ကြမယ့်ဥစ္စာ။ အရင်တုန်းကလို အပွင့်အခက်နဲ့နွယ်မှ စီးပွါးရှာဖွေ လုပ်ကိုင်စားသောက်လို့ ရတဲ့ခေတ်က ကုန်သွားပြီ။ ဘာစီးပွါးရေးလုပ်လုပ် စောင်ဆွေစောင်မျိုးက စစ်သားမကင်းဘူးလို့ လူသိရှင်ကြားဖြစ်သွားရင် လာဘ်တိတ်တော့တာပဲ။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဇာတ်လမ်းတွဲဝင်ရိုက်လည်း ခေတ်ဒွေးတူမလေ လို့ ဖွလိုက်တာနဲ့ တန်းဂွမ်းရော။ ခေတ်ကပြောင်းသွားပြီ။ လူတွေရဲ့ အတွေးအမြင်ကိုက ပြောင်းလာပြီ။ အကြောင်းတရားတွေ ပေါင်းဆုံပြီး အကျိုးတရားတွေ အကောင်အထည်ပေါ်လာခဲ့ပြီ။

သီတင်းကျွတ်မှာပြောခဲ့တဲ့ မြိုင်မြိုင်ဆိုင်ဆိုင် တန်ဆောင်တိုင်ဆိုတာ ခုတော့ အမှန်အကန်ကြီးကို ဖြစ်လာပြီ မဟုတ်လား။ ရှိသမျှတိုင်းရင်းသားပေါင်းစုံနဲ့ရော မြို့တကာနယ်တကာ ပြည်ရွာအနှံ့မှာပါ စစ်ပွဲတွေ ခြိမ့်ခြိမ့်သဲ ဆင်နွှဲနေကြပြီ။ သိပ်ပြောစရာမလိုပဲ နောက်ရက်တွေမှာ စစ်ပွဲရလပ်တွေ မြင်ရတော့မှာပါ။ ခုချိန်ထိအောင် မပျက်မကွက် နေ့စဉ်မှတ်တမ်းတွေ ရေးတင်နေသေးတယ်ဆိုတော့ ဘေးကင်းရန်ကွာ ကျန်းမာစွာ စွမ်းဆောင်နိုင်ဆဲဖြစ်ကြောင်း သိစေအပ်ပါတယ်။ ကောင်းသောညပါဗျ။