အို ဟိုး တရံတခါဆီက ပုဂံရာဇဝင် အချစ်ဇာတ်လမ်းမှာ မှတ်တမ်းတင်တဲ့ မင်းကျန်စစ် နှလုံးသားဝေဒနာကို နားမလည်နိုင်ပေမယ့်လည်း ကိုယ်တို့ဆေးရုံက မဏိစန္ဒာ ရဲ့ ကျောက်ကပ်ဝေဒနာကိုတော့ ဖြစ်တဲ့နည်းနဲ့ နားလည်အောင် ကြိုးစားနေရပါတယ်။ အစတုန်းက နောက် ခေါ်နေတယ် အောင့်မေ့တာ။ သူ့နံမည် အရင်းကိုက မဏိစန္ဒာပါတဲ့။ ပိုးအိစံ ခရေစီတွေက မွေးထားလား မသိပါဘူး။ ကောင်မလေးက ခုမှ အသက် ၂၀ ရှိသေးတာပါ။ အထင်တော့ မသေးနဲ့နော်။ သူက သူ့ကျန်စစ်သားနဲ့တောင် တွေ့ပြီးသွားပြီ။ အိမ်ထောင်နဲ့။ ကောင်လေးက သူ့ကို ဂရုစိုက်ရှာပါတယ်။
မဏိစန္ဒာရဲ့ ဝေဒနာက နှလုံးသားဝေဒနာ မဟုတ်ပါဘူး။ ကျောက်ကပ်ဝေဒနာပါ။ သူ့တကိုယ်လုံးက “လဝန်းလေးနဲ့တူတယ် မေ့ကိုလားကွယ်” ဖြစ်နေရှာတယ်။ ဖောဖောကို ယောင်လို့။ ကိုယ်တို့ဆီကို သူလာပြတာ ဇွန်လကတည်းက။ သွေးပေါင်တွေလည်းတက်၊ ဆီးအနည်တွေလည်း ခဲနေလို့ Nephrotic Syndrome အနေနဲ့ ကုထားတာ။ ထုံးစံအတိုင်း chart ကြီး ၄ charts တင်ကုတာပေါ့။ daily weight chart, intake output chart, BP bd chart, Urine Albumin chart လေ။ သူ့ခမျာ တစ်လလောက် ဆေးရုံမှာနေသွားရတယ်။
ကိုယ့်သဘောနဲ့ကိုယ် မကုပါဘူး။ သမားတော်နဲ့ online consultation ယူပြီး ကုတာပါ။ တဖြေးဖြေး သက်သာလာတယ်။ ပေါ့ပါးသွက်လက်စွာနဲ့ မော်ဒယ်ဂဲလ်ရုပ်ကလေး ပြန်ထွက်လာတယ်။ နောက်ပိုင်းမှာ Nephritis နဲ့ ပိုတူလာလို့ steroid ကိုတောင် အစောကြီးကတည်းက ဖြုတ်ထားတယ်။ ဆယ်ဇင်းမှာ စစ်ဖြစ်လို့ ကိုယ်တို့တတွေ နေ့မြင်ညပျောက် ကုနေတုန်း သူလည်း ရောဂါသက်သာလို့ အိမ်ပြန်သွားရော။ တစ်လတစ်ခါ follow up ချိန်းပြီး ကြည့်နေရင်း နောက်ပိုင်း ပြန်မလာလို့ ပျောက်သွားပြီပဲ မှတ်နေတာ။ ဒီနေ့ကျမှ ရေဘောလုံးကလေးလို ဖောင်းကားပြီး ပြန်ရောက်လာတယ်။ ကိုင်း အစက ပြန်စကြပါစို့ မဏိစန္ဒာရေ။
တကယ်တော့ သူတို့လင်မယားက ပြောရဆိုရခက်တဲ့သူတွေ မဟုတ်ပါဘူး။ စကားနားထောင်ပါတယ်။ ကောင်လေးက ဗလကောင်းကောင်းနဲ့ဆိုတော့ ဆေးရုံမှာ အားကောင်းမောင်းသန် လူလိုရင် သူပဲကူနေကျပါ။ “မင်းကွာ။ ဒီလောက်ဖြစ်အောင်နေတယ်။ ဘာလို့လာမပြတာလဲ။” ဆိုမှ “လာချင်တယ် ဆရာ။ ပိုက်ဆံမရှိလို့။” တဲ့။ ဟောဗျာ။ ဖြစ်ရလေတယ်။ “တို့ဆီကုတာ ပိုက်ဆံမပေးရပါဘူးကွာ။” လို့ ဆူတော့ “အလုပ်မလုပ်ရတော့ ဆိုင်ကယ်ဆီဖိုးကို မရှိတာ ဆရာ။” တဲ့။ အေးပါ။ နားလည်ပါပြီ။ ဆီဖိုးဆိုတဲ့ပြဿနာကလည်း အနည်းအကျဉ်းမှ မဟုတ်တာ။ ကိုယ်တို့ဆီ အောက်ဆီဂျင်အိုးတွေကုန်လို့ပြန်ဖြည့်တာ ဖြည့်ခက ပိုက်ဆံမပေးရဘူး။ အပြန်သယ်ခက တစ်လုံးကို ငါးသောင်းပေးရမယ်ဆိုလို့ ရင်ခံနေတာ။ မနှစ်တုန်းက အလကားသယ်နေတဲ့ အိုးတွေကိုနော်။ ဘယ်တတ်နိုင်မလဲ။ မနက်ကျ ဆီးတွေသွေးတွေ ဖောက်ပြီး ဓါတ်ခွဲခန်းပို့ဖို့အတွက် စစ်ခရော ဆီဖိုးပါ ပေးလွှတ်ရတော့မယ်။ ထမင်းရော ဘာနဲ့စားသလဲ။ အစားဝင်ရဲ့လား မေးတော့ “ညနေကပဲ စားတယ်။ ပဲငပိ နဲ့။” တဲ့။ ရွဲ့လိုက်တာလား စန္ဒာရယ်။
ကိုယ့်အပြစ်ပါ။ အရင်တစ်ခါ ဆေးရုံက ဆင်းကတည်းက တစ်ခါတည်း ပျောက်အောင် ကုရမှာ။ မကုနိုင်ဘူး။ ဆယ်ဇင်းမှာတုန်းကလည်း Nephrotic Syndrome နဲ့ ကလေးတစ်ယောက်ကို ၂ လ ၃ လလောက် မနက်တိုင်း ပေါင်ချိန် ဆီးချက်ပြီး ဒီဘက်ကို မပြောင်းမချင်း ကုဖူးတယ်။ မျက်စိအောက်ထားတုန်းတော့ သက်သာတာပေါ့။ ကိုယ်တို့မရှိတော့ နဂိုအတိုင်း ပြန်ဖောလာပြီး နေပြည်တော်ဆင်းကုတယ် လို့ ကြားတယ်။ သူလည်း အသက် ၂၀ ကျော် ရှိသေးတာ။ ယောက်ကျားလေး။ အခုတော့ အဆက်အသွယ် မရဘူး။ နေမှကောင်းသေးရဲ့လား မသိ။ သူတို့အိမ်လေးတော့ မီးထဲပါသွားရှာပြီ။ ရှူရှူးရောဂါဆိုရင် အထဲက ကျောက်ထုတ်တာလောက်ပဲ ပျောက်အောင်ကုနိုင်တာ။ သူတို့လိုမျိုး ကျောက်ကပ်အတွင်းသားရောဂါတွေကိုတော့ ဆေးရုံတစ်ဆင်း ထိပဲ ကုလို့နိုင်တယ်။ အကင်းသေအောင် မကုနိုင်သေးပါလား လို့ စိတ်မကောင်း ဖြစ်ရတယ်။
မဏိစန္ဒာ အရင်တစ်ခါ ဆေးရုံတက်တုန်းက ကိုယ်တို့တတွေ ညဘက်ပုန်းအိပ်နေရတယ်။ ဆေးရုံမှာ ညဆို သူတို့ချည့်ပဲ ကျန်ခဲ့တာ။ အဲ့ဒီတုန်းက သူရယ်၊ ဗိုက်ကို သေနတ်မှန်ထားတဲ့ ကလေးတစ်ယောက်ရယ် ကျန်တာ။ ကုတင်ဘေးမှာ မီးလောင်ရင် လူနာသယ်ပြေးဖို့ ဝှီးချဲရော ထရော်လီရော အဆင်သင့်ထားပေးရတယ်။ အခု သူပြန်ရောက်လာတော့ ရောက်ရောက်ချင်းပဲ ညကြီးသန်းခေါင် လေယာဉ်နှစ်စီးလာပြီး ဗုံးနှစ်လုံး ကျဲသွားပါလေရော။ လေယာဉ်သံကြားလို့ နားစွင့်နေတုန်း အုန်းကနဲ တစ်ချက်ကြားလိုက်တယ်။ သူ့အသံဝေးသွားပြီး နောက်တစ်သံနီးလာတော့ ကိုယ်တို့ ကျင်းထဲမှာ ထိုင်နေပြီ။ ဒီတစ်ခါအသံကတော့ ပိုကျယ်တယ်။ ကိုယ်တို့ဝန်းကျင် အထိအခိုက်တော့ မရှိဘူး။ မနက်ကျမှ သိရမှာပဲ။ ကိုယ့်လူတွေထဲမှာ နှစ်ယောက်ကတော့ သွေးထွက်သံယို ရှိတယ်။ ခြေထောက် ကျွတ်တွယ်လို့။ နောက်တစ်ခေါက် ပြန်လာနိုင်သေးလို့ မအိပ်သေးပဲ စာထိုင်ရေးနေတာလေ။ လိုင်းကလည်း မမိ။ နို့မို့ “ကြင်စိုးလေးကို မကြောက်လို့ လန်ဒန်မြေပဲယို” ဆို live တင်ပစ်မှာ။ သေတာချင်းတူရင်တောင် ငါတို့က နတ်ပြည်တက်မှာ နင်က ငရဲလားမှာ။ ဘာကြောက်စရာ ရှိလဲ။
မနက်ကျတော့ ရွာကလူတွေကလည်း ကိုယ်တို့ကို စိတ်မချလို့ လာကြည့်။ ဆယ်ဇင်းဘက်ကလူတွေကလည်း ဖုန်းတွေဆက်ကြပေါ့။ အထိအခိုက်ရှိတယ်လို့တော့ ဘယ်ကမှ သတင်းမကြားပါဘူး။ ပစ်ကားပစ်၏။ မထိ။ မနေ့က ဝေခါလမ်းမှာ လိုင်းကားနဲ့ ခိုးသယ်လာတဲ့ သူတို့ဘက်ကလက်နက်ကြီးတွေ ဖမ်းမိသွားလို့ ဒီဘက်ကို လာကြမ်းတာနေမယ်။ ဒရုန်းတွေညတိုင်း လာနေတာ မြင်သားပဲ။ သတိလက်လွတ်တော့ မနေပါဘူး။ လေယာဉ်ပစ်လက်နက်ဆိုတာ ဆန်စင်ရာ ကျည်ပွေ့လိုက်လို့မှ မရတာ။ တနေရာစီ ခွဲထွက်ဖြန့်ကျက်ပြီး ကိုယ်ရောင်ဖျောက်နေလိုက်ရင် ပြီးရောပေါ့။ စစ်မြေစစ်တလင်းမှာ ဗုံးဆံ အမြောက်ဆံဆိုတာ အဆန်းတကြယ် မဟုတ်တော့ပါဘူး။ မူကြိုက ကလေးလေးတွေတောင် လေယာဉ်လာပြီဆိုရင် ခေါင်းပေါ်လက်တင်ပြီး ဖားကလေးလို ဝပ်ပုန်းတတ်နေပြီ။ ဒီကောင်တွေ ဒီလိုပဲ ယုတ်မာနေကျဆိုတာလည်း ကိုယ်တို့က နေသားကျနေပြီမို့ ကြောက်လည်းမကြောက်သလို စိတ်တိုတာ ဒေါသထွက်တာတောင် မရှိတော့ဘူး။ ဘယ်သူ ကျည်အရင်ကုန်မလဲ။ အရင်ကုန်တဲ့ကောင် အရှုံးပေါ့နော့။ တကယ့်အဖြစ်အပျက်သာဆိုတယ် ဗီဒီယိုရိုက်နေသလား မှတ်ရ။ ကိုယ့်အဖို့ကတော့ လူနာတွေ ခဲရာခဲဆစ် ဆေးကုရသလောက်တောင် ရင်ခုန်စရာ မကောင်းဘူး။
ကိုယ်တွေမှာ ကိုယ့်အသက်ကြီးနဲ့ ရင်းထားရတာတောင် အအိပ်အနေ အစားအသောက် မပျက်ရင် အလိုက်သင့်ပေါင်းပြီး ခွင်ကောင်းတည့်နေတဲ့သူတွေက ဘာပူစရာ ရှိမှာလဲ။ သူတလှည့်ကိုယ်တလှည့် ရုရှားကို လေ့လာရေးသွားပြီး ဒေါက်တာမတင်ဝင်း လုပ်နေရုံပေါ့။ ဗော့ဒကာလေး နဲ့ ကာဗီးယားလေးနဲ့ ဆယ်ဖီလေးဆွဲပြီး ဖရန်းအုန်းလီး တင်ပြီးလောက်ရောပေါ့။ ကိုယ့် အန်ထားလို့သာ မမြင်ရတာ။ “ခေတ်ကြီးက ဆုတ်ကပ်ကြီးပါအေ။ ဆရာကြီးတို့ မမတို့သာ ဘုရား နဲ့ တရားနဲ့ နေလို့ သာသာယာယာ ကိုယ့်အလုပ်ကလေးကိုယ် လုပ်နေရတာ။ ဝဋ်ကြွေးမကင်းတဲ့သူတွေ ကပ်ဆေးတဲ့အထဲ ပါကုန်တာ မနည်းဘူး။ တရားတွေလည်း ရပါတယ်။ သူတို့ကို ကြည့်ရတာ ပူလောင်လိုက်တာ။ မြတ်သျှင်စော ဩကာသ ဩကာသ။” နဲ့ နေမှာပဲ။
ဟုတ်ပါတယ်။ လူတိုင်းက ကိုယ့်အလုပ်ကိုယ်လုပ်နေကြတာလေ။ ကိုယ်တို့လည်း ညတုန်းက ဘာမှ မဖြစ်ခဲ့သလို ကိုယ့်အလုပ်ကိုယ်ပြန်လုပ်နေကြတာပေါ့။ ပို့စရာရှိတာ ပို့။ သယ်စရာရှိတာ သယ်။ လာပြတဲ့လူနာတွေ ဆက်ကြည့်။ ဒီနေ့ မွေးမယ့် လူနာကချည့် ၂ ယောက်။ မနက်ဖြန် ခွဲလူနာတစ်ယောက် လာတက်လိမ့်ဦးမယ်။ ကံဆိုတာ အလုပ်တဲ့။ အလုပ်တွေပြီးမြောက်သွားတဲ့အခါ ကံရဲ့အကျိုးဆက်တွေကလည်း ထင်ရှားလာမှာပဲ။ စိုးရိမ်စရာ မရှိပါဘူး။ အကျိုးကိုလည်း သိတယ်။ အကြောင်းကိုလည်း ဆင်ခြင်သုံးသပ်တတ်တယ်။ စိတ်မပူပါနဲ့။
ကိုယ့်အနေနဲ့ ခံဝန်ထိုး၊ အလုပ်ပြန်ဆင်းပြီး အိမ်မှာပြန်နေရဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့သလို မအလ စစ်တပ် နဲ့ ကချင်တွေအကြားမှာ ပြေလည််အောင် ညှိနှိုင်းကြဖို့ဆိုတာလည်း ဘယ်လိုမှ မဖြစ်နိုင်တဲ့ အခြေအနေ ရောက်သွားပြီ။ သူဦးသူစား ကိုယ်ဦးကိုယ်စားစတမ်းပဲ။ မြေပြင်တိုက်ပွဲတွေမှာ ကချင်ဘက်က အရေးသာသလိုရှိတယ်။ ဒါပေမယ့် စကစ က ဒလန် နဲ့ ထောက်လှမ်းရေး သုံးပြီး KIA အရာရှိတွေ စုစုဝေးဝေးရှိနေမယ့် ချက်ကောင်းကိုစောင့်၊ အလစ်အငိုက် ဝင်ဝင်ဆော်တာ။ ကချင်တွေရဲ့ အားနည်းချက်က ဂီတလို့ ပြောရမလား မသိပါဘူး။ စတိတ်ရှိုးမှာ တစ်ခါ အဆော်ခံရတယ်။ KTV မှာ တစ်ခါ အစိခံရတယ်။ သူတို့ ဘယ်မှာ ရှိနေကြတယ်ဆိုတာ အချိန်နေရာ အတိအကျနဲ့ ဟိုဘက်ကို သတင်းပို့တဲ့သူ ရှိနေတဲ့ပုံပဲ။ အရင်တုန်းက အဲ့လိုသွားလို့ ပွဲတွေလုပ်လို့ ရှော့ခ်မရှိဖူးဘူး။ ဒါပေမယ့် အခုချိန်မှာ မရတော့ဘူး။ ပွဲတွေကြမ်းလာပြီ။ ဒီအတိုင်းတော့ ရပ်မနေဘူး။ အပြင်ကလူတွေ လေနဲ့ထွန်နေတဲ့ ယာကတော့ ဒီတစ်သက် မညက်နိုင်ပါဘူး။ စောင့်မနေနဲ့။ ခွပ်လက်စကြက်တွေသာ သူသေကိုယ်သေ ဆက်ခွပ်ကြတာပေါ့။ အပြောပြောတဲ့သူတွေ ဘာအဖြေမှ ထွက်စရာမရှိ။ အလုပ်လုပ်တဲ့လူတွေသာ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ရင်း အဖြေထွက်လာတော့မယ်။
အခုကစပြီး ဘာမဆို ဖြစ်နိုင်တဲ့ အခြေအနေကို ရောက်လာတာပေါ့လေ။ ဟိုးဘက်ရွာအစွန်ကနေ စက်သေနတ်သံတွေ ကြားနေရပြီ။ တိုက်ပွဲတွေ မပြီးသေးဘူး ဆိုတဲ့သဘော။ ညမှောင်ရင် လေယာဉ်လာဦးမှာ သေချာသလောက်ရှိတယ်။ ကိုယ်တို့လည်း အနီရောင်အဆင့်သတ်မှတ်ပြီး သတိဝီရိယနဲ့ ပြင်ဆင်ထားတယ်။ နားစွင့်နေတယ်။ မနက်ဖြန်ကျရင်လည်း ဒီ့ထက် စိတ်ဝင်စားဖို့ကောင်းတာတွေ ထပ်ရေးရဦးမှာပါလေ။