ဒီနေ့ည မီးစက်ပိတ်ချိန်လောက်မှာ လူနာတစ်ယောက် ပို့လို့ရသေးလား မေးလာလို့ ကိုယ်တို့လည်း ပြင်ဆင်ပြီး စောင့်နေပါတယ်။ တခြားရွာက လာမှာပါ။ ဒါပေမယ့် လူနာက ရောက်လာတဲ့အချိန်မှာ အသက်မပါလာသလောက်ပါပဲ။ ကားပေါ်က ချချချင်း တစ်ချက်နှစ်ချက် မေးထိုးပြီး အသက်ပျောက်သွားတယ်။ မနက်တုန်းက အကောင်းကြီး ဆိုတာကလွဲလို့ ဘာတစ်ခုမှ မေးမရပေမယ့် ကိုယ်ကတော့ သူဘာကြောင့်သေလဲ ချက်ချင်း cause of death ရှာလို့ရသွားပါတယ်။ ပြောပြန်ရင်လည်း အောင်မင်းလွန်ရာကျဦးမယ်။ မနှစ်က ဆယ်ဇင်းမှာကတည်းက ဒါမြင်ရင် ဒီကောင် ဘာကောင် လို့ တန်းပြီး ဟောကိန်းထုတ်နိုင်တာ စာထဲထည့်ရေးဖူးပြီးသားပါ။ ဒါပေသိ ပူပူနွေးနွေး အလောင်းကောင်ကြီး ရှေ့ထားပြီး “ပေါက်တဲ့သူ မှန်မှန်ပြော အီးဘွတ်တရားဟော” မလုပ်နိုင်ပါဘူး။ ဥက္ကဌ လာတော့မှ တိုးတိုးတိတ်တိတ် လက်ကုပ်ပြီး ခေါ်မေးကြည့်တယ်။ “အဲ့လူ ဆေးသုံးတယ် မဟုတ်လား။” လို့။ ဟိုကလည်း တိုးတိုးလေး ပြန်ဖြေတယ်။ “အင်း” တဲ့။ ကိုင်း ကြည့်စမ်း။ ၂ ခါရှိပြီ။ ဗေဒင်မှန်တာ။ အိုင့်ဗိုက်ထဲမှာ ပုဏ္ဏားလေး ရှိလို့ မဟုတ်ပါဘူး။ သေတဲ့လူ ဝတ်ထားတဲ့ တီရှပ်မှာ နာနာတို့အသင်းကြီးရဲ့ တံဆိပ်တွေ့လို့။
မနေ့ကမှ overdose တစ်ယောက် အသည်းအသန်ဆယ်ပြီး ဆေးရုံက ပေးဆင်းလိုက်တာနော်။ ဒီနေ့တစ်ယောက် ရောက်ပြန်ပြီ။ အသက်တောင် မမီလိုက်ဘူး။ ဆယ်ဇင်းကို စကစသိမ်းပြီးကာစမှာ စစ်သား ၅ ယောက် တပြိုင်တည်း overdose ဖြစ်ပြီး သေတယ် ဆိုတာရော မှတ်မိသေးလား။ Burkitt’s Lymphoma ထင်လို့ biopsy ယူမယ့်တစ်ယောက်လည်း တစ်ကိုယ်လုံး အကြောရှာမရမှ IVDU မှန်း သိတယ်။ အကြောင်းရင်းခံ တစ်ခုခုတော့ ရှိနေတာ သေချာတာပေါ့ဗျာ။ ငါလေးလည်း တဖြေးဖြေးနဲ့ Dr House ကြီးနဲ့ တူလာပြီ။ စိတ်ဝင်စားစရာ မကောင်းဘူးလား။ ကိုယ်ကတော့ မနှစ်က ကတည်းက စိတ်ဝင်တစား စပ်စုခဲ့ဖူးတယ်ဗျ။
ဆယ်ဇင်းမှာ ဖိုးခန်းတွေရှိတော့ လိုက်ကြည့်လို့ ရမလား လို့ ဆိုင်ရာပိုင်ရာတွေကို အပူကပ်ကြည့်ပါတယ်။ မရဘူး ဆိုလို့ မသွားခဲ့ပါဘူး။ ဒါပေမယ့် ကိုယ်က စာရေးတဲ့သူမို့လို့ ဖိုးသမားတွေရဲ့ဘဝကို လက်တွေ့ကြည့်ချင်တာကြောင့် သူတို့နဲ့ချိန်းပြီး ဘာတွေကို ဘယ်လိုသုံးကြသလဲ လေ့လာကြည့်ခဲ့ပါတယ်။ ဘိန်းရဲ့အနံ့၊ ရာဘရဲ့အနံ့ကိုတော့ မှတ်မိအောင် ရှူဖူးတာပေါ့။ သူများလုပ်လာရင် သိအောင်လေ။ လောက်ကိုင်မှာ ၂ နှစ်ခွဲလောက် နေလာဖူးသူအတွက် နံပါတ်ဖိုးဆိုတာ အဆန်းတကျယ်တော့ မရှိပါဘူး။ ဟိုမှာလည်း happy water တို့ ခေါင်းယမ်းဆေးတို့ ရှိတာပဲဟာ။ ဇွန်းလေးနဲ့၊ ပလပ်စတစ်ပိုက်ကလေးနဲ့၊ ရေသန့်ဗူးကလေးနဲ့၊ ခဲပတ်စက္ကူကလေးနဲ့ ဘယ်ဟာကို ဘယ်လိုရှူရသလဲ သူတို့ သေသေချာချာ ရှူပြပါတယ်။ အပ်သမားကလည်း အပ်စွမ်းပြတာပေါ့။ ခေါင်းအစ ခြေအဆုံး တကိုယ်လုံးမှာ အပ်ဖျားချစရာ နေရာမကျန်အောင် အကြောတွေပိတ်နေတဲ့ ဝါရင့်ပညာရှင်ကြီးတွေနဲ့ တွေ့ခဲ့ရတယ်။ လက်ညှိုးတို့ လက်သန်းတို့မှာတောင် အကြောရှာထိုးနိုင်တယ်။ ဘယ်မှာမှ ရှာမရရင် နားထင် ဘလိတ်ဒါးနဲ့ခြစ်ပြီး အမှုန့်သိပ် ပလာစတာကပ်ထားလိုက်တာတဲ့။
ဘိန်းစားများဟာ ရင်းမထမချင်း အင်မတန် ခိုင်းလို့စေလို့ ကောင်းတာပါ။ ဆေးလေးသာ မှန်မှန်ပေး။ ဘာပဲလုပ်ရလုပ်ရလေ။ ကျောင်းဘောလုံးကွင်းမှာ တနေကုန် နေပူထဲ မြက်နှုတ်ခိုင်းထားမလား။ အပြုံးမပျက်ပေါင် စိတ်လက်ရှည်ရှည်။ သီချင်းလေး တအေးအေးနဲ့ လုပ်နေမှာ။ လောကကြီးက သူ့ဘာသူ သာယာလို့။ အဲ့ဒါကြောင့် တချို့ မျှောတွေမှာ မျှောသမားက လုပ်ခပိုက်ဆံ မယူပဲ ပေါ်လိန် (မျှောပိုင်) က ဆေးသုံးမှန်မှန်ရှာပေးရင် မသေမချင်းကို လုပ်တော့တာ။ ပေါ်လိန်ကလည်း သူလိုက်ဝယ်စရာ မလိုဘူးလေ။ Delivery service တွေ ရှိတယ်။ အဆင့်တိုင်းအဆင့်တိုင်းမှာ အဆင်ပြေချောမွေ့နေဖို့အတွက် ဝန်ဆောင်ခကလည်း တစ်ဖို့တစ်ဖို့စီ ရကြတယ်။ MLM သမားတွေနဲ့ အတူတူပဲ။ အဲ့ဒီအဆင့်တွေဖြတ်ကျော်ရလို့ နောက်ပိတ်ဆုံး end user ဆီ ရောက်တဲ့အခါ အရောအနှောလည်းမကင်း၊ ဈေးနှုန်းလည်းတက်သွားတယ်။ အဲ့ဒါကြောင့် ဆယ်ဇင်းမှာ ဖိုးသမားတွေသုံးနေတဲ့ ဘိန်းဖြူဟာ လောက်ကိုင်မှာလို အဖြူထည်ကလေး မဟုတ်ဘူး။ ကွေကာအုပ်လို အရောင်ရှိပြီး အဖတ်တွေပါတယ်။ မသန့်ဘူး။ ကိုယ်လိုချင်တဲ့ လစ်မစ်ရောက်အောင် နည်းနည်း ပိုသုံးရတယ်။
မည်သို့ပင်ဆိုစေကာမူပေါ့နော်။ ဖိုးသမားတစ်ယောက်ရဲ့ တစ်နေ့အသုံးစားရိတ်ဟာ ကာရာအိုကေမှာ ဘီယာသောက်သလောက်တော့ မကုန်ဘူးဗျ။ ဟိုဟာက နားလည်းငြီးတယ်။ လူလည်းရှုပ်တယ်။ အများကြီးလည်း သောက်ရတယ်။ မှောက်တာတွေ အန်တာတွေ ရန်ဖြစ်တာတွေ ဇယားကပ်တာတွေနဲ့ မဟန်ပါဘူး။ ဒီဘက်ကကောင်တွေက တစ်တိုင်ရှူပြီး ယူနေလို့ရတယ်။ အငြိမ့် အငြိမ် အငြိမ်း။ လောကကြီးမှာ ဖိုးသမားတွေချည့်သာဆို ရိပ်သာထက်တောင် ဆိတ်ငြိမ်ဦးမှာ။ ရင်းထတဲ့အချိန်ကျရင်တော့ သူတို့လောက် ကြောက်စရာကောင်းတာ မရှိတော့ဘူး။ အကုန်လုံးပြောင်းပြန်။
ဒီဘက် လူ့အဖွဲ့အစည်းမှာ ဖိုးသမားတွေဟာ အတိုင်းအတာတစ်ခုအထိတော့ ပါဝင်နေတယ်။ မှော်ထဲသွားသွား မျှောထဲသွားသွား။ ဖိုးသမားနဲ့ကင်းဖို့ ခပ်ရှားရှား။ အခု တောထဲမှာကျတော့ သစ်ခိုးခုတ်တဲ့သူတွေ၊ တောထဲကသစ်စက်တွေမှာ ဆေးသမားတွေ ပါလာကြတာ မဆန်းဘူး။ သူတို့အသိုင်းအဝိုင်းက ကျဉ်းတော့ ဘယ်သူ ဘာလုပ်တယ်ဆိုတာလည်း ဖုံးထားလို့ မရဘူး။ “တကယ်တော့ ကျောက်တူးသမားများဟာ လော်ပန်လောင်းတွေပါ။” ဆိုတာ ကြားဖူးတယ်မှလား။ ဟုတ်တယ်။ သူတို့ထဲက လော်ပန်ဖြစ်မလာတဲ့သူတွေ ဖိုးသမားဖြစ်ကုန်တာလည်း ထည့်ပြောဦးမှပေါ့။ ဒီလူတွေကို targeted population အဖြစ်ထားလို့ NGO များစွာ ဒီဘက်မှာ လာအလုပ်လုပ်နေကြတာ။ ဒီလူတွေကို မြင်လို့ Naloxone တွေ ကိုယ်လည်း ဆောင်ထားရတာ။ လောက်တောင်မလောက်ဘူး။ ခု ကုန်ခါနီးပြီ။
နဂိုတုန်းက သူ့ဟာနဲ့သူ MLM ပိရမစ်ကြီးရဲ့ အောက်ဆုံးအလွှာက အမှန်တကယ် စားသုံးသူတွေဆီရောက်တဲ့ ပစ္စည်းပမာဏ နဲ့ အရည်အသွေးဟာ ဆယ်ဇင်းရွာကို မီးရှို့ပလိုက်တဲ့နောက် ရုတ်တရက်ကြီး ပြောင်းလဲသွားပါတယ်။ မီးမလောင်ပဲ ကျန်လေသမျှ ဘယ်အိမ် ဖောက်ယူယူ အလိုရှိတိုင်း တောင့်တတိုင်း ပြည့်စုံသွားတဲ့ ဖိုးသမားတွေဟာ ဆိုင်ကယ်အသစ်စီး အဝတ်သစ်အစားသစ်တွေ ဝတ်လို့ ရွာပတ်လည် ခရေရိပ် တေတေကိုမနိပ်နိုင်တော့တာ လူတိုင်းအမြင်ပါ။ ငွေရှာလွယ်သလို ဆေးရှာရတာကလည်း ကြားခံတွေမရှိတော့ပဲ suppliers ဆီကတိုက်ရိုက်မို့ အရည်အသွေးပိုကောင်းပြီး အရောအနှောကင်းတဲ့ ထွက်ကုန်ကို ရနိုင်ပါလိမ့်မယ်။ တိုက်ပွဲဖြစ်နေတော့ ခါတိုင်းလို လမ်းကြောင်းဆက်ကြေးကလည်း ပေးစရာ မလိုတော့ဘူး။ ဒီလိုနဲ့ပဲ တစ်ကျပ်ဖိုးရှူရင် နှစ်ကျပ်ဖိုးယူလို့ရတဲ့ ခေတ်ကာလမှာ “တစ်နေ့ နှစ်ကျပ်မှ မသုံးရရင် မနေနိုင်ပေါင်။” ဆိုတဲ့လူတွေ overdose နဲ့ ရောက်လာကုန်ကြတာပဲ။ ကောက်ချက်ကတော့ အဲ့သလိုပဲ ဆွဲစရာ ရှိပါတယ်။
“နင့်ဟာနင် ကောက်ချက်ချချင်သလိုချလေ။ နာနာတို့အသင်းကြီးကို ဘာပြုလို့ ပိန္နဲပင် ဆွဲဆွဲထည့်ရတာလဲ။ ရှင်း။ အခု ရှင်း။” ဆိုရင် ရှင်းပါ့မယ်ခမျ။ လူမှန်ရင် အချစ်နဲ့မကင်းသလို Dealer မှန်ရင်လည်း စစ်နဲ့ မကင်းပါဘူးဗျ။ ဘုရားတကာကြီးဦးယွက်ဆစ်ဟာ ရှမ်းတိုင်းရင်းသားတွေရဲ့ခေါင်းဆောင်လည်း မဟုတ်၊ ကိုယ်စားလှယ်လည်း မဟုတ်ပါဘူး။ ဦးခွန်ဆာရဲ့ အလင်းမဝင်ပဲ ကျန်ရှိနေသူ လက်နက်ကိုင်တပ်က ခေါင်းဆောင်ပါ။ သူဘာလုပ်လဲ လူတိုင်း သိပါတယ်။ ဆယ်ဇင်းကို ဝင်လာတဲ့ SNA ခေါင်းဆောင်က ဟုမ္မလင်းမှာ ဘာအလုပ်လုပ်သလဲ လူတိုင်းသိပါတယ်။ ကချင်ထဲမှာ ကာချုပ်ကြီးနဲ့ လည်ပင်းဖက်တဲ့သူတွေ ဘာစီးပွါးရေးလုပ်သလဲ။ အဲ့ဒါလည်း လူတိုင်း သိပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာ စကစဘက်က ဝင်တိုက်ပေးတဲ့သူတိုင်းဟာ အဲ့ဒီစီးပွါးရေးနဲ့မကင်းတာလည်း လူတိုင်းသိသင့်ပါတယ်။ ကိုင်းကြည့်။ အဖြေကြီးက ရှင်းနေတဲ့ဟာကို ဘာ မုန်လာဥလုပ်နေဦးမှာလဲ။ ငုံတာဥ။ အဲ့ဒါ ငုံတာဥ။
တိုင်းရင်းသားတွေဆီမှာ မူးယစ်ဆေးဝါးပြဿနာဆိုတာ အတွင်းကြိတ်ပြီး လှိုက်စားနေခဲ့တာ ကြာလှပြီ။ အထူးသဖြင့်တော့ နယ်စပ်ဒေသတွေမှာပေါ့။ အစိုးရအဆက်ဆက် ပပျောက်အောင် မလုပ်ခဲ့ဘူးလား။ လုပ်တာပေါ့။ လုပ်တာမှ နားမလည်နိုင်အောင်ကို လုပ်တာ။ မဆလခေတ်တုန်းကဆို မူးယစ်ဆေးဝါးပပျောက်အောင် စာစီစာကုံးပြိုင်ပွဲတွေ လုပ်တယ်။ ပန်းချီပြိုင်ပွဲ၊ ကျဘန်းစကားပြောပွဲ၊ စကားရည်လုပွဲတွေ လုပ်တယ်။ ကိုယ် အကုန်လုံး ပြိုင်ခဲ့ဖူးတာပေါ့။ အိမ်မှာ ဆွဲပြားတွေ အမေ သိမ်းထားတယ်။ ဦးခင်ညွန့်လက်ထက်ရောက်တော့ “ငြိမ်းချမ်းရေးအတွက် ဘိန်းတစ်ခင်း ရှိနေမယ်။” ဆို ဖုန်ကျားရှင်နဲ့ ဓါးတစ်လက်စီကိုင်ပြီး ဘိန်းခင်းထဲဝင်ခုတ်ပြတယ်။ မူးယစ်ဆေးဝါးပြတိုက်ကြီးကို ရန်ကုန်မှာတစ်ခု လောက်ကိုင်မှာတစ်ခု ဆင်တူဆောက်ပြတယ်။ ဦးအောင်မင်းလက်ထက်ရောက်တော့ ဂီတဆည်းဆာ လုပ်တယ်လေ။ “အဖေရယ် ၆ နာရီဆို ပြန်လာပေးပါ။” ဆိုပြီး သူ့သမီးတောင် ပါသွားသေး။ အဲ့ဒါ ကိုယ်ကြုံခဲ့ဖူးသမျှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေလေ။ တို့ ဘယ်လို နားလည်ရမလဲ ပြော။
ဆယ်ဇင်းမှာ ဘိန်းစား အဲ့လောက် ပေါပေမယ့် ဆယ်ဇင်းကကလေးတွေ ဘိန်းစားကြတယ် ထင်သလား။ မရှိဘူး။ ရှားတယ်။ ငယ်ငယ်ကတည်းက ဖိုးသမားတွေရဲ့ဘဝကို ကိုယ်တွေ့မျက်မြင် လက်ပွန်းတတီး ရှိကြသူတွေမို့ ဒါလုပ်ရင် ဘာဖြစ်မလဲ သင်ပေးစရာ မလိုဘူး။ ရောင်းရင်သာ ရောင်းပလိုက်မယ်။ ကိုယ့်ဘာသာတော့ မစားဘူး ဆိုတဲ့အစားတွေ။ ခုခေတ်မှာ ice တွေ Coke တွေလုပ်မှ ခေတ်မီတယ် လို့ထင်ကြတာ ရန်ကုန်က spa သွား၊ club တက်တဲ့ ရေပေါ်ဆီ လူကြီးသားသမီးတွေပဲ ရှိတယ်။ “သင်ပြုသောကံ ပဲ့တင်သံ သင့်ထံပြန်လာမည်။” ဆိုတာ ကြားဖူးတယ်မှလား။ မြေးတော်လေး ဆေးချတော့ မောင်ဝိတ်ကလေး ဂျေးထဲရောက်သွားတာ အမှုတွေ တသီကြီးနဲ့လေ။ ဟိုမင်းသမီးတွေတောင် ရှေ့တစ်ပုံ ဘေးတစ်ပုံ ရဲစစ်ချက်တွေနဲ့ ဖေ့စ်ဘုတ်ပေါ်တက်လာသေးတယ်။ ယူတို့ကလည်း မေ့တတ်ရန်ကော။ ရန်ကုန်မှာ ကလပ်ပြန်တွေရဲ့ ကားနဲ့တိုက်လို့ သေတာ အခါပေါင်းမနည်းဘူး။ ဘယ်သူ့သားသမီးတွေပါလိမ့်။ (တို့က မေ့တတ်တယ်နော် အချစ်)
ကချင်ပြည်နယ်ကို ပထမဆုံးအကြိမ် လာလည်တုန်းက အမျိုးသမီးကြီးတစ်ယောက်က ရင်နာနာနဲ့ ပြောဖူးတယ်။ “ ကျွန်မ သား ၃ ယောက် မွေးထားတယ်။ ၂ ယောက်ပဲ အောင်တယ်။ တစ်ယောက် မအောင်ဘူးတဲ့။ သေသွားတယ် လို့ ပြောတာ မဟုတ်ဘူး။ ဆေးစွဲသွားတယ် လို့ ပြောတာ။ ဆေးစွဲတယ်ဆိုတာ လူတစ်ယောက်ရဲ့ဘဝကို မသေပေမယ့် အလုံးစုံပျက်စီးသွားစေတယ်။ ဘယ်လောက်ပဲ အမျိုးမှန် အဖိုးတန်တဲ့ သားကောင်းရတနာပဲဖြစ်ဖြစ် ဆေးစွဲသွားရင် ဘာတစ်ခုမှ သုံးစားလို့ မရတော့ဘူး။ ဆေးသည်သာ ဘဝ ဆေးသည်သာ အသက် ဖြစ်သွားတယ်။ အဲ့ဒါမျိုးတွေ ကိုယ်တိုင်မြင်ဖူးထားရင်၊ အဲ့ဒီဒဏ်တွေ ကိုယ်တိုင်ခံစားဖူးရင် ကိုယ့်အလှည့်ကျ လုပ်ဖြစ်မှာ မဟုတ်တော့ဘူး။
ဆရာစိုးကရော အဲ့ဒါတွေ လုပ်ကြည့်သလား လုပ်ဖူးသလား ဆိုရင် အခုကိုပဲ အဲ့ဒီဆေးတွေ သုံးနေရပါသော်ကော။ ဆောင်ကိုထားရတာ။ လက်နက်ကြီးမှန်တဲ့လူနာကို ခြေဆုံးခေါင်းဆုံး စာကလေးအမွှေးနှုတ်ရင် မေ့ဆေးတွေ ပေးလို့မလောက်ဘူး။ ထုံဆေးတွေထိုးလို့ မဖြုံဘူး။ Tramadol လေး တစ်လုံးလောက် ထိုး လုပ်မှ ငြိမ်တယ်။ ဗိုက်ခွဲမယ့်လူနာတွေ spinal ထိုးရင်လည်း Fentanyl လေး နည်းနည်းစပ် ထိုးရတာပဲ။ Acute Left Ventricular Failure ဆို Morphine ကမှ ဘုရားဆေး တရားဆေး သံဃာ့ဆေး ဆို ယူပစ်သလိုပျောက်တာ။ ဒါတွေမပါပဲ တခြား ဘာနဲ့မှ အစားထိုးမရ။ ဘုန်းကြီးရဟန်းများတောင် “အရှင်ဘုရား မူးရင် မူးတယ်လို့မှတ်ဖျား။” ဆို ထိုးရမှာ။ ကိုယ့်ကိုယ်ကိုယ်အတွက်ကော သုံးမှာလား ဆိုရင် indication က ပြောပြီးပြီလေ။ အဲ့ထဲပါရင် သုံးမှာပေါ့။ side effects နဲ့ therapeutic interval သိနေပြီပဲဟာ။ ကိုယ့်ဘာသာ ချင့်ချိန်မှာပေါ့။ ကိုယ့်အတွက်က ဒီဘဝ ဒီတစ်သက်မှာ မှတ်ဉာဏ်ကလေးကို အားကိုးအားထား လုပ်စားရတာ ဖြစ်တဲ့အတွက် ဦးနှောက်မှတ်ဉာဏ်ကို ယိုယွင်းထိခိုက်စေသော အရာများကို အတတ်နိုင်ဆုံး ရှောင်ကျဉ်ရတယ်။ လုပ်မိရင်တောင် ကန့်သတ်ရတယ်။ အပိုမပါဘူး။ ဝယ်ထည့်လို့ မရဘူး။ အဲ့သလိုပဲ အရက်သေစာဆိုသောအရာများကိုလည်း စွဲစွဲလန်းလန်း သောက်သုံးဖို့ မရှိဘူး။ ရောဂါဖြစ််ှာစိုးလို့ မဟုတ်ဘူး။ ရုပ်ဆင်းအင်္ဂါ ပျက်ယွင်းမှာ ကြောက်လို့။ တားဆီးမရလို့ ဇရာက ထောင်းချင် ထောင်းပလေ့စေ။ သူရာကထောင်းလို့ အိုစာတဲ့ထိတော့ မသောက်ဘူး။ ကိုယ့်မှာ အထိခိုက် မခံနိုင်တဲ့၊ ပိုလိုချင်တဲ့အရာတစ်ခုရှိနေရင် တချို့ဟာတွေကို စွန့်လွှတ်ထားခဲ့ဖို့ ဝန်မလေးဘူး။
Morphine ဆိုတာ ဘိန်းပင်က အစေးခြစ်ပြီး ချက်မှ ထွက်တာ မဟုတ်ဘူး။ လူ့ခန္ဓာကိုယ်မှာလည်း ထွက်တယ်။ Endorphins လို့ ခေါ်တယ်။ တရားထိုင်လို့ သမာဓိလေး အထိုက်အလျောက် ရလာရင်လည်း ဝေဒနာတွေ ပျောက်တာပဲဟာ။ အာရုံမှာ ဇောစိတ်သန်နေရင်လည်း တခြားစိတ် စေတသိက်တွေ တပြိုင်နက် မဖြစ်ဘူး။ နောက်တစ်ခုက Euphoria ရပြီး တစ်ယောက်တည်း ကောင်းနေဖို့ဆိုတာ အနုပညာ ဖန်တီးသူတိုင်း ဈာန်ဝင်နေရင် ခံစားဖူးကြတယ်။ သီချင်းတွေဆိုနေရင်းလည်း ရတာပဲ။ ပန်းချီတွေ ဆွဲနေရင်းလည်း ရတာပဲ။ အခုလို စာရေးနေရင်းလည်း ရတယ်။ အိပ်လည်းမငိုက်၊ ဗိုက်လည်း မဆာဘူး။ ဘယ်သူမှ မြှောက်မပေးလည်း ကိုယ့်ဘာသာကိုယ် အလိုလို မြောက်ကြွနေတာ။ ဘာစိတ်ကြွဆေးမှ သုံးဖို့မလိုဘူး။ “စိတ္တေန နိယျတိ လောကော။” တဲ့။ တလောကလုံးကို စိတ်နဲ့ဖန်ဆင်းပစ်လိုက်မယ်။ မအလ က သေ။ မေမေ က လွတ်မြောက်။ တစ်ယောက်မှ မကျန်တဲ့ စစ်တပ်ကြီးကို အသစ်ပြန်ဖွဲ့စည်း။ ပြည်ထောင်စုကြီး ငြိမ်းချမ်း။ လူသန်း ၅၀ ပျော်ရွှင်ကခုန်ကြစေကုန်သတည်း။ ကိုင်း တွေးကြည့်စမ်း။ ပျော်စရာ မကောင်းဘူးလား။