ချန်ဂင်တို့စခန်း (၁၁၇)

အခုရက်ပိုင်း လူနာတွေက များသလို အင်တာနက်ကလည်း လိုင်းမကောင်းပါဘူး။ Specialist consultation လိုတဲ့ case တွေကို လိုင်းပေါ်ကနေ ချိတ်ဆက်ပြသရတာ တော်တော်ကို ရွာလည်ပါတယ်။ စာရိုက်တာတောင် အဝိုင်းလေးတလည်လည်နဲ့ နာရီဝက် တစ်နာရီလောက် ပြတ်တောင်းပြတ်တောင်း ပို့နေရတာ။ ဓါတ်ပုံတွေ ဗီဒီယိုတွေဆို စဉ်းစားသာကြည့်။ နောက်ပြီး တစ်ယောက်ပြမပြီးသေးဘူး။ နောက်တစ်ယောက်ပါ ပြစရာ တန်းစီထားနှင့် ရတယ်။ ပြီးရင် ရလာတဲ့ treatment ကို အချိန်မီဝင်အောင် ပေးပြီး၊ ရလာတဲ့ outcome ကိုလည်း ပြန်သတင်းပို့။ ဖုန်းတစ်လုံးနဲ့ လိုင်းမိရာ နေရာ ပြေးပြေးပြီး စာပို့နေရတာပေါ့။ ဆေးတွေကုန်ပြီ လိုပြီ ဆိုရင်လည်း ဒီအတိုင်း၊ မှာထားတဲ့ဆေးတွေ ရောက်ပြီဆိုရင်လည်း ဒီအတိုင်းပေါ့။ ဒီကြားထဲ စာအဆက်အသွယ်တွေ ပြန်ကြားဖြေရှင်းနေရတာလည်း တစ်မျိုး။ ကိုယ်က သူများဆီ လူနာလှမ်းပြသလို ကိုယ့်ဆီ သူများက လူနာလှမ်းပြတာတွေလည်း ကြည့်ရှုဖြေကြား အကြံပေးရပါတယ်။ ဒီလိုနဲ့ တနေကုန် အလုပ်က မအား။ အဲ့ဒါနဲ့တောင်မှ တစ်နေ့တစ်ယောက်လောက် ခွဲရမယ့်လူ မရှိရင် “ငါ ဒီနေ့ ဘာမှလည်း လုပ်စရာမရှိသေးဘူး။” ဆို ခွဲလူနာ မျှော်နေမိသေးတာ။

ဆာဂျင်ဆိုတော့ လူနာမြင် ဓါးတင်ဖို့ချည့် စဉ်းစားနေတယ် လို့ ထင်ကြမှာပါပဲ။ တကယ့်တကယ်တော့ ရဟန်းမစားရသော ဆွမ်းတစ်နပ်လိုပဲ ဆာဂျင်မခွဲပဲ ထိုင်ကြည့်နေရသော surgical case တွေ ဆိုတာလည်း ရှိပါတယ်။ အခုလောလောဆယ်ကိုပဲ acute appendicitis လူနာနှစ်ယောက်ကို မခွဲပဲ ငုတ်တုတ်ထိုင်ကြည့်ပြီး ကုနေရတယ်။ ပထမတစ်ယောက်က ၁၆ နှစ်သား ကလေး။ ဖျားတယ်၊ ဗိုက်အောင့်တယ်၊ အူအတက်ယောင်နေတယ်။ ခွဲမလား မေးတော့ အိမ်မှာ လူကြီးတွေ ဘယ်သူမှ မရှိဘူး။ လယ်ထဲဆင်း ကောက်ရိတ်နေကြတယ်။ ဆေးရုံစောင့်မယ့်သူလည်း မရှိဘူး။ သူငယ်ချင်းတွေ လိုက်စောင့်ပေးရတာ။ စပါးရိတ်ပြီး အေးဆေးကျမှ ခွဲရင်ခွဲ။ ခုလောလောဆယ်။ မခွဲနဲ့ဦး။ မအားသေးဘူး တဲ့။ ဒါဆိုလည်း ပြီးတာပဲလေ။ ရေကူးညှာတင် စကားပြောနည်းထဲကလို “ ၇ ရက် အိပ်နိုင်ပါမည်လော။” လို့ မေးပြီး ဆေးရုံတင် ဆေးသွင်းပြီး ကုထားတာ ဒီနေ့ ဆို ၅ ရက်မြောက်။ “မနာတော့ဘူး။” ဆို ဆေးရုံက ဆင်းသွားပြီ။ မပေါက်လို့ တော်သေးတာပေါ့။ ပေါက်များပေါက်ရင် သေနတ်နဲ့ချိန်ပြီး “မခွဲဘူးလား ခွဲမလား။ ပြော။” ဆို ခွဲခန်းထဲ ဆွဲသွင်းရမှာ။

နောက်တစ်ယောက်ကတော့ ဖျားတာ ၅ ရက်လောက်ရှိပြီ။ ခုမနက်ကျ ဗိုက်ကလည်း မခံနိုင်အောင် အောင့်တယ် ဆို ရောက်လာတာ။ စမ်းကြည့်တော့ အူအတက်ယောင်တယ်။ “ခွဲမလား။” ကို လူနာကို မေးလို့မဖြစ်သေးဘူး။ ဆာဂျင်ကို အရင် ကိုယ့်ဘာသာ မေးနေရတာ။ ဖွေးဆုတ်ဖြူဖျော့နေတာပဲ။ ဗိုက်ကြီးပူလာလို့ မန်းလေးဆင်း ဆေးကုဖူးတယ်ဆို။ “ဆေးမှတ်တမ်းတွေ၊ သောက်လက်စဆေးတွေ အကုန်ပြန်ယူလာခဲ့။” လို့ မှာလိုက်တယ်။ အလိုလေး ကိုရီးယားမင်းသားတွေ ဖြစ်တဲ့ရောဂါမျိုးပါလား။ မြန်မာပြည်မှာဆို လွန်းထားထားဝတ္ထုထဲမှာ အဖြစ်များတယ်။ လူကီးမီးယားရောဂါလေ။ “ပြောပြောက ဘာလို့မစောတာတုန်း။” ဆို ရောဂါနောက်ကြောင်း ဇစ်မြစ်ကို အကုန်ပြန်လိုက်ရတယ်။ ၂၀၁၈ ကတည်းက ဆေးရုံမှာ တစ်လခွဲလောက် တက်ခဲ့ပြီးသား။ Chronic Myeloid Leukemia ထွက်ထားတာ။ Follow up လည်း ပြန်မပြဘူး။ ဆေးကုန်ရင် နဂိုဆေးလေးပဲ ပြန်ဝယ်သောက်တယ်တဲ့။ “ပြစမ်းပါဦး” ဆို တောင်းကြည့်တော့ Imatinib တွေ သောက်နေတာ။ ၅ နှစ်ရှိပြီတဲ့။ နောက်ဝယ်သောက်ဖို့တောင် မလွယ်တော့ဘူး။ တစ်လစာ တစ်ခါဝယ်ရင် တစ်သိန်းရှစ်သောင်း ဖြစ်နေပြီတဲ့။ အဲ့ဒါကြောင့်ပြောတာလေ။ ခွဲမလား မခွဲဘူးလား က ဆာဂျင် စဉ်းစားရမယ့် ကိစ္စပါ လို့။

အရင်ဆုံးလုပ်တာက သွေးဖောက်ပြီး ဓါတ်ခွဲခန်း ပို့ရတဲ့ အလုပ်ပါ။ အရင်တုန်းကလို စက်ဖတ်အဖြေ တစ်ခုတည်းနဲ့ မရဘူး။ pathologist/ hematologist ဖတ်မှ ရမယ်။ Blood film ပါ မန်းလေးပို့ပေး ဖို့ မှာရပါတယ်။ စက်ဖတ်အဖြေကို နေ့ချင်းယူတဲ့အခါ ဓါးနဲ့ခွဲဖို့ နေနေသာသာ အပ်နဲ့ထိုးရင်တောင် သွေးကတိတ်မှာ မဟုတ်ဘူး။ သွေးထဲမှာ ရေချည့်သက်သက်ရယ်။ ရှာပေဦးတော့။ သွေးလှူရှင် လေးငါးယောက်လောက်။ အရင်ဆုံးရတာ အရင်ဆုံးယူတော့ ကိုယ်တို့ထဲက အင်ဂျင်နီယာ ကိုမြတ် က မဟာဒုတ်မဲပေါက်ပါတယ်။ သူ့လောက် အပ်ကြောက်တာလည်း သူပဲ ရှိတယ်။ Donor screening လုပ်ကတည်းက ရင်တထိတ်ထိတ်။ သွေးဖောက်မယ့်အပ်ကြီးကလည်း ဒီ့ထက်တုတ်တာ မရှိတော့ဘူး။ ကိုယ်တို့စခန်းမှာရှိတဲ့သူ အားလုံးလိုလို သွေးထုတ်သွေးလှူဖူးကြတယ်။ မမအိုဂျီတို့ဆို နောက်တစ်ကျော့ ပြန်လှူလို့တောင် ရနေပြီ။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ထပ်သွေးလှူရှင် ၃ ယောက်လောက်တော့ ထပ်ရှာရတာပါပဲ။ ကိုယ်တို့ဆေးရုံက transfusion facility ရှိအောင်လုပ်ထားလို့ တော်သေးတာပေါ့။ သူ့ရောဂါ ကုထုံးအတွက် သက်ဆိုင်တဲ့ ပါရဂူနဲ့ ပြဖို့က နောက်ကိစ္စတစ်ခုပေါ့။ အဲ့ဒါပြီးမှ လိုအပ်တဲ့ဆေးဝါး ရှာဖို့မှာဖို့ ကိစ္စ တစ်ကဏ္ဍလာမယ်။ ကိုယ်နဲ့ဆိုင်တဲ့ appendicitis ပြဿနာကတော့ ခွဲစရာမလိုပဲ ဆေးနဲ့သက်သာအောင်ကုလို့လည်း တတ်ပါတယ်။ လူနာကတော့ ဗိုက်နာပျောက်သွားတာနဲ့တင် ကျေနပ်နေပြီ။ တခါတခါမှာ သိပ်အရှည်အကြာကြီးတွေ တွေးမနေပဲ လတ်တလောပြဿနာ အရင်အဖြေရှာပြီး တစ်ဆင့်ပြီးမှ တစ်ဆင့်တက်တာ ပိုစိတ်သက်သာပါတယ်။

ကိုယ့်ဆီလာပြတဲ့ လည်ပင်းအကျိတ်အကြီးကြီးနဲ့လူနာတစ်ယောက်ဆို မြင်တာနဲ့ကို Burkitt’s Lymphoma ဖြစ်လိမ့်မယ် လို့ အသိသာကြီးပါ။ သူကလည်း ရွာထဲတင် နေလျက်သားနဲ့ ခွဲမှာကြောက်လို့ လာမပြ။ အခုမှ လာပြတော့ ကြီးလွန်းတော့ မခွဲနိုင်။ အသားစကလေး အပ်နဲ့ထွင်းယူတော့လည်း မထိတထိမို့ အဖြေမပေါ်ဘူးတဲ့။ နောက်တစ်ခါ ယူရအောင် ခေါ်တော့ ပေါ်မလာတော့ဘူး။ လယ်ထဲဆင်းသွားပြီတဲ့။ ကင်ဆာဆိုတာ အထင် နဲ့ အမြင် နဲ့ ကုရတာ မဟုတ်ဘူးလေ။ ဘယ်လောက်ပဲ သေချာသေချာ။ သက်သေမပါရင် ကုလို့မဖြစ်။ နေစမ်းပါဦး။ သက်သေရပါပြီတဲ့။ ဘယ်သူက ကုပေးမှာမို့လို့တုန်း။ စောန ကလေးလေးလို တစ်လတစ်သိန်းခွဲနဲ့ ငါးနှစ်ပြည့်အောင် ဆက်သောက်နိုင်ဖို့ လွယ်တယ်များ မှတ်လား။ ခုလောလောဆယ် စပါးတွေ မှည့်နေပြီ။ ရိပ်မယ့်သူ မရှိဘူးလေ။ အဲ့ကိစ္စလေး ပြီးအောင် ရှင်းပြီးမှ ကျန်တဲ့ကိစ္စ ဆက်စဉ်းစားကြတာပေါ့။ ဟုတ်ပြီလား။

ဒီအရပ်ကလူတွေရဲ့ နေ့စဉ်ဘဝက ရိုးရှင်းပါတယ်။ အခု စပါးပေါ်ချိန်။ အိမ်တိုင်းအိမ်တိုင်း ကောက်ရိတ်သွားကြတယ်။ ရိတ်ခြွေငှါးနိုင်တဲ့သူက ရိတ်ခြွေစက်နဲ့၊ သူရင်းငှါး ငှါးနိုင်တဲ့သူက သူရင်းငှါးနဲ့၊ ဘာမှ မငှါးနိုင်တဲ့သူက ကိုယ့်ခြေကိုယ့်လက်နဲ့။ တစ်နှစ်လုံးစိုက်ပျိုးထားသမျှကို ရိတ်ကြသိမ်းကြတယ်။ တချိန်တည်းမှာပဲ ချောင်းစပ် တဘက်တချက် စည်းရိုးကာ မြေတွေတူးဆွပြီး ပဲသီးတို့ မုန်ညှင်းတို့ ကြဲချထားတယ်။ ပဲသီးက စားလို့ရပြီ။ နံမည်ကိုက တန်ဆောင်မုန်းပဲ တဲ့။ မုန်ညှင်းက မထွက်သေးဘူး။ အဲ့ဒါ သူတို့အတွက် တစ်ရာသီစာ၊ တစ်နှစ်စာ ဝင်ငွေပဲ။ ဒီလိုပဲ တစ်နှစ်ပြီးတစ်နှစ်၊ စိုက်မယ်ပျိုးမယ်။ ရိတ်မယ်သိမ်းမယ်။ ပိုက်ဆံတွေရတော့ လိုချင်တာဝယ်မယ်။ သေရင်ကိုယ့်နောက်ပါအောင် အလှူလေးလာလေး လုပ်ချင်လုပ်မယ်။ မသေခင် ဆေးကုဖို့တော့ ဘယ်သူမှ ခေါင်းထဲထည့်မထားဘူးဗျ။ ဖြစ်လာတော့လည်း ရောက်လျားပေါ့ နော့။

မနှင်းဆီကလေးလေးတွေဆို မနက်လင်းတိုင်း ရွာထဲကို ဟင်းရွက်သွားရောင်းတယ်။ သူ့အမတွေ မရှိတော့ဘူးလေ။ သူတို့ပဲ ရောင်းရမှာ။ ကလေးခြေလှမ်းနဲ့ဆို နာရီဝက် တစ်နာရီတော့ လျှောက်ရတာပဲ။ သူများကလေးတွေ ကျောင်းတက်နေကြပြီ။ သူတို့ညီအကိုတွေ ကျောင်းတက်တာလည်း မတွေ့။ သူ့အမေ ကလေးတပြွတ်ပြွတ်မွေးနေတာနဲ့ ဒီကလေးတွေ စာမှ တတ်ပါ့မလား တွေးမိတယ်။ တစ်ဝမ်းတစ်ခါးအတွက် အားစိုက်ရတာများနေရင် စာဆိုတာလည်း ဇိမ်ခံပစ္စည်းထဲ ရောက်သွားမလား မသိပါဘူး။ မတတ်လည်း နေပါစေလေ။ စာလေးမတောက်တခေါက်တတ်တော့ လူရာဝင်ချင်လာမယ်။ လူရည်လည်လာတော့ လူပေါ်လူဇော် လုပ်ချင်လာမယ်။ အဲ့ခါကျတော့ ဒေါ်စိန်အေးကျောင်းသွား၊ ရုရှားလောက်ထွက်ဖို့ပြင်၊ မြင်မြင်သမျှ ဘောပြေးမ၊ ဖေ့စ်ဘုတ်ပေါ် ပဋီးပဋားရေးတဲ့ ဆိုက်ဝါးငနဲတစ်ကောင် ဖြစ်လာဦးမယ်။ အဲ့ဒီအစားတော့ မွေးကတည်းက စာမတတ်ပေမတတ် တောထဲနေတာပဲ ကောင်းပါတယ်ကွာ။ ကိုင်း တွေ့လား။ အများကြီးလျှောက်တွေးရင် ဘာမှ မလုပ်ဖြစ်တော့ဘူး။

ရေရှည်သွားရမယ့် ပန်းတိုင်ကိုတော့ ဦးတည်ထားတာပေါ့။ ဒါပေမယ့် နေ့စဉ်လျှောက်နေတဲ့ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းကို မြဲမြဲမြံမြံနဲ့ ခရီးပေါက်အောင် အာရုံစိုက် လျှောက်နေပါတယ်။ ခလုပ်လည်း မတိုက်စေရဘူး။ လမ်းလည်း မပျောက်စေရဘူး။ ဒါမျိုးဆိုတာ စစ်တပ်က ဖမ်းမှာကြောက်လို့ ကချင်တွေဆီ ထွက်ပြေးနေရတယ် လို့ပြောတဲ့ စစ်ခွေးဘောမတွေ နားလည်နိုင်စွမ်းမရှိပါဘူး။ စကတည်းက လွတ်မြောက်ရာဆိုပြီး ကိုယ်လွတ်ရုန်းခဲ့တာ မဟုတ်ဘူး။ ခိုလှုံရာဆိုပြီး အားကိုးရှာခဲ့တာလည်း မဟုတ်ဘူး။ တုန့်ပြန်တွန်းလှန်နိုင်ဖို့ ခြေကုပ်ယူခဲ့တာသာ ဖြစ်တယ်။ ကချင်မြေကို ရောက်ကတည်းက “ကျွန်တော့ကို ကယ်ပါဦး။ စစ်သားတွေ လိုက်ဖမ်းနေပြီ။” နဲ့ လာတာမှတ်လို့လား။ “ကျွန်တော် ဆေးကုတတ်တယ်။ ဆေးရုံတစ်လုံးဖြစ်အောင်တည်မယ်။ လူနာလာရင် ဒီကိုပို့ပေး။” ဆိုပြီးလာတာ။ “အလှူငွေလေးများ ထည့်ကြပါဦး။” နဲ့ ဆေးလာကုတာ မဟုတ်ဘူး။ ကိုယ့်ဘာသာ အလှူရှင်ရှာပြီး ဆေးလာကုတာ။ လက်ချည့်ပဲ လာပေမယ့် လေထဲကနေ တိုက်အိမ်ဖြစ်အောင် ဆောက်ပြထားတယ်။ နံမည်အရင်း အကောင့်အစစ်တစ်ခုတောင် မသုံးနိုင်ပဲ လာပွါးမနေနဲ့။

ပြောမယ့်သာ ပြောနေတာပါ။ ခုနေခုခါမှာ “ငါတို့ နိုင်မှာပါ။” လို့ စစ်တပ်ကလူတွေ ယုံအောင်ပြောနိုင်တဲ့သူ တစ်ယောက်မှ မကျန်တော့ပါဘူး။ မင်းအောင်လှိုင် ကိုယ်တိုင်တောင် သူ့ကိုယ်သူ နိုင်မယ် မထင်တော့ဘူး။ ဘယ်သူ့ချနင်းပြီး ပြေးပေါက်ရှာရမလဲ စဉ်းစားနေပြီ။ တပ်ထဲမှာ စာရှည်ရှည်ရေးတတ်တဲ့ကောင်တွေ အကုန်ခေါ်ပြီး “မကြာမီ တိုင်းပြည်ကြီးအေးချမ်းလို့ တို့အဘများမှ အသက်ထက်ဆုံး အုပ်ချုပ်စိုးစံသွားလေသတည်း။” ဆိုတဲ့ happy ending ဇာတ်ညွှန်းလေး တစ်မျက်နှာပြည့်အောင် ရေးကြည့်ခိုင်းပါလား။ ဘယ်နည်းနဲ့ ဖြစ်နိုင်ပါ့မလဲ စိတ်ကူးယဉ်လို့ရအောင်။ ဟင်းဟင်း။ လငပုတ်ဖမ်းတာ မနေ့ကတည်းက ပြီးသွားပြီဗျ။ ကိုယ်တို့ဘက်က လဝန်းကြီးက ဖွေးကာဖွေးကာ ထင်ရှားလာသလို ရာဟုအသူရိန် အမှောင်ထုက ဆုတ်ကာဆုတ်ကာ ကွာကျသွားပြီ။ တော်လှန်ရေးရောင်နီက ပိုထင်းထင်းလာတာနဲ့အမျှ စစ်အစိုးရရဲ့ အနာဂတ်က မှေးမှိန်ပျောက်ကွယ်နေပြီ။ ကိုင်း ။ မြင်အောင်ကြည့်စမ်း။ မင်းတို့က နိုင်မှာလား။ ငါတို့က နိုင်မှာလား။

မမြင်လည်း ဆက်ကန်းနေလိုက်တော့ကွာ။ သောက်ပိန်းလေးတွေကို ထိုင်ဟားနေရတာကိုက အရသာတစ်မျိုးပဲ။ ဟီဟိ။ ပတ္တမြားကြီးအောင်။ ဆင်ဖြူတော်ကြီးပေါ်။ ကျောက်တော်ကြီးဘုရား ရေစက်ချ။ လျှပ်စစ် မီးရထားတော်ကြီးနဲ့ ကြွချီ။ တိုင်းပြည်စီးပွါးရေးက တဟုန်ထိုးတက်။ အနုမြူလက်နက်ကြီးပါပိုင်။ အဆွေတော် ရုရှားသမ္မတကြီးက ရိုက်လိုက်ပါဦး ရိုက်လိုက်ပါဦး လုပ်။ ဝမ်ယိပါးပါးက ကုန်းရှိ ကုန်းရှိ ကျင်းစွေ့ ကျင်းစွေ့ နှုတ်ဆက်။ အမေရိကန်သမ္မတကြီးကတောင် သူ့ကိုကြောက်လို့ ထွက်ပြေးသွားတယ်ပေါ့ဗျာ။ အောင်မယ်လေး။ ရယ်လိုက်ရတာ အူကိုနာရော။ နောက်တာ မဟုတ်ဘူးနော်။ မြန်မာ့အလင်း ကြေးမုံထဲမှာ အကုန်ပါပြီးသား သိလား။ ကိုယ်သာ မဖတ်လို့ အသစ်ဖြစ်နေတာ။ တပ်ထဲကကောင်တွေ အလွတ်တောင်ရပေါ့။ ထပ်ရေးစရာတောင် အသစ်မရှိတော့ဘူး။ ဒီကောင်တွေ ဒီဦးနှောက်နဲ့များ ငါ့စာလာဖတ်သတဲ့။ အောင်မယ်လေး။ ငါ … ရယ်… သေ။