အဖိတ်နေ့ရောက်ပြီ။ မိုးလည်းကုန်ပြီ။ နှင်းလည်းဝေပြီ။ ပီပီပြင်ပြင် ဆောင်းတွင်းရောက်ခဲ့ပြီ။ ဗွက်လမ်းလေးတွေ ဖုန်တထောင်းထောင်း ထလို့ ခရီးလမ်းပန်း ပွင့်လင်းခဲ့ပြီ။ မျှော်လင့်ထားတဲ့အတိုင်း ဟိုးသံလမ်းရိုးဘက်က လူနာတွေ တဖွဲဖွဲရောက်လာကြလို့ တနေကုန် ဆေးရုံမှာ စည်ကားပြီး တစ်ရက်နှစ်ရက်အတွင်းကို လူနာတွေ ပြည့်လုနီးပါး ပြန်ဖြစ်သွားပါတယ်။ တချို့လူနာတွေကို ချက်ချင်းခွဲဖို့တင်တယ်။ တချို့ကို သေချာပြင်ဆင် ရက်ချိန်းပေးပြီးမှ ပြန်ခေါ်ထားတယ်။ မြို့ကလာတဲ့လူနာတွေများတော့ သူတို့အပြန်မှာ သွေးဖောက်ထားတာလေးတွေ ဓါတ်ခွဲခန်းပို့ပေးပါ လို့ လူကြုံပါးရတယ်။ ဒါဆိုမဆိုးပါဘူး။ ဓါတ်ခွဲခန်းနဲ့ လက်လှမ်းမီတာပေါ့။ requisition form နဲ့တော့ ရေးမပေးနိုင်ပါဘူး။ တော်နေကြာ ရှိသမျှ ဓါတ်ခွဲခန်းတွေ လိုက်ဖမ်းနေမှာစိုးလို့။ ကချင်တွေကို အတိအလင်း စစ်မျက်နှာဖွင့်အပြီးမှာ ဆရာဝန်တွေဘက်ကိုလည်း ထိုးစစ်ဆင်နေပြီ မဟုတ်လား။
အထူးကု ဆရာဝန်တွေရှိတယ်။ ခွဲခန်းလည်းရှိတယ်။ အာထရာဆောင်းတွေ ဓါတ်မှန်တွေလည်း ရှိတယ်။ အဲ့ဒီထဲကမှ အလကားလည်း ကုပေးသေးတယ်။ ဆေးဖိုးဝါးခပါ အခမဲ့။ ဘယ်သူ မလာချင်ပဲ ရှိပါ့မလဲ။ ဒါပေမယ့်လည်း ဒီဘက်ကလျှော့ထားသမျှဈေးကို တခြားတဘက်က သဲ့ယူသွားသလို ကိစ္စမျိုးကလည်း ရှိပါသေးတယ်။ ဆယ်ဇင်းဟိုဘက်က ဗိုက်ကြီးသည်လူနာတစ်ယောက် ဆိုင်ကယ်ကယ်ရီနဲ့ ဆေးရုံကိုလာတာ မဗိုက်တစ်စီး လူနာစောင့်တစ်စီးနဲ့ ကယ်ရီခ တစ်သိန်းခွဲပေးခဲ့ရသတဲ့။ ကိုယ်တို့ကသာ အလကားပေးနိုင်တာ။ သူ့တရပ်တည်းသားချင်းတွေက အလေးမှန် ဈေးမှန်တောင် မထားနိုင်။ ဟိုအရင်ကဆို ပါဂျဲရိုး စင်းလုံးငှါးစီးမှ မိုးညှင်းအထိ ၂ သိန်းပဲ ပေးရတာဆို။ အေးလေ။ ငရုတ်သီး ကြက်သွန်တောင် ၂ ဆ ၃ ဆ တက်နေတဲ့ခေတ်ကြီးမှာ လူ့ကျန်းမာရေးကလည်း ဘယ်ဈေးပေါပါ့မလဲ။ ဒေါ်လာဈေး ဆီဈေးကရော အရင်အတိုင်းပဲ နေလို့လား။ အရာရာ ရေမြင့်သမျှ ကြာမြင့်ရတာ ဓမ္မတာပဲ။ လူနာတွေဘက်ကလည်း တန်လို့လာတာပါ။ လိုက်လာတဲ့ လူနာစောင့် ၂ ယောက်စလုံး ခွဲသွားဦးမှာ။ တစ်ယောက်က hydrocele ။ တစ်ယောက်က gynae operation လုပ်မလို့တဲ့။ မွေးလူနာတောင် သူတို့နောက်မှ မွေးရမယ်။ ရက်မစေ့သေးဘူး။ ကယ်ရီခ ဈေးကြီးတယ် ဆိုပေမယ့် buy one get two နဲ့ လာရတာ မတန်ပဲ မရှိ။
သယ်ယူပို့ဆောင်စားရိတ်တွေတင် မကပါဘူး။ ဆေးဖိုးတွေကလည်း အလွန်အမင်း ဈေးကြီးလာတော့ အလေအလွင့် အဖမ်းအဆီးတော့ မရှိအောင် ဂရုစိုက်ရတာပါပဲ။ အပြင်မှာ မသိဖူး မမြင်ဖူးပေမယ့် ယုံယုံကြည်ကြည် လှူတန်းပေးကမ်းသူများကြောင့်သာ အစစအရာရာ ပြည့်စုံနေတာ။ ဆိုရှယ်မီဒီယာရဲ့ အကျိုးကျေးဇူး လို့ ဆိုရမှာပါပဲ။ တချို့ဆို လူကိုယ်တိုင်ရောက်အောင်လာပြီး ငွေကြေးဆေးဝါး လာထောက်ပံ့ကြတာ။ ကိုယ်တို့အတွက် စားစရာတွေလည်း သယ်လာပေးကြသေး။ ကထိန်ကာလဆိုတော့ ပဒေသာပင်တွေ ပေါက်သလိုပေါ့။
ဒီနေ့က ရွာကျောင်းကထိန်လေ။ မနက်လင်းကတည်းက မြီးရှည်တွေ လာပို့ပေးတယ်။ မနက်ပိုင်း ခွဲလူနာပြီးတော့မှ တစ်ဖွဲ့လုံးသွားတီးကြတယ်။ စားပွဲဝိုင်းတစ်ခုလုံး မောက်လျှံ။ အပြန် ပါဆယ်ပါထည့်ပေးလိုက်တယ်။ မင်းနဲ့တို့နှစ်ယောက်အကြောင်းများ ရှင်းနေပြီ။ ရှက်စရာ မဟုတ်ဘူး။ ယူခဲ့ ယူခဲ့။ သူများလှူတာတန်းတာတွေ စားသောက်သယ်ဆောင်ပြီးပြီဆိုတော့ ဒဏ်တွေဘာတွေ မသင့်အောင် ကိုယ်တိုင်လည်း အလှူပါဝင် အနုမောဒနာတရားလေးဘာလေး နာရတာပေါ့။ သီတင်းကျွတ်တုန်းက ကျောင်းတက်ပွဲတွေ လိုက်ကန်တော့သလိုပဲ တန်ဆောင်တိုင်ကျတော့ ဘုန်းကြီးတွေက ကထိန်ပွဲတွေ လှည့်ကြွရတာပေါ့။ တစ်ရွာတစ်ကျောင်း ဒီကိုယ်တော်တွေပဲ ရှိတဲ့ ဥစ္စာ။ ကျောင်းတွေအားလုံး ရှမ်းကျောင်းတွေ ဖြစ်ပေမယ့် ကထိန့်ဒါယကာထဲမှာ ခရစ်ယာန်ဘာသာဝင် ကချင်တွေလည်း ပါပါတယ်။ အလှူပြီးတော့ ကျောင်းအောက်မှာ ကလေးတွေအုံခဲနေတာပဲ။ “ပိုက်ဆံဖြူးပါဗျို့” တဲ့။ ဒီမှာက မကျဲဘူး။ ဖြူးတာ။ ဒီဘက်ရွာတွေက ဘုန်းကြီးကျောင်းတွေဟာ ဦးသိန်းစိန်လက်ထက်မှာကတည်းက ကြံဖွံ့အစိုးရက လှူတန်းပြီး မဘသကျောင်း လုပ်ထားခဲ့ပေမယ့် ကျောင်းနေသံဃာတွေကတော့ အဲ့ဒီအတန်းအစားထဲက မဟုတ်ပါဘူး။ အဲ့ဒီတရားတွေလည်း မဟောဘူး။ သက်သက်မဲ့ ကျောင်းကိုအိုးမည်းသုတ်သွားကြတာပဲ ရှိတယ်။ ရွာတွေမှာ အုပ်ကြီး ရှိပေမယ့် ဒလန်တော့ မလုပ်ကြဘူး။ ပျူစောထီးလည်း ဒီဘက်မှာ မရှိဘူး။ ဘယ်ဓါးနဲ့ နီးသလဲ အသိသာကြီးလေ။
ဒီရပ်ရွာတွေက နဂိုမူလ ရှမ်းရွာတွေပါ။ ရှမ်းကြီးစကား ရှမ်းနီစကားပဲ ပြောတယ်။ လူတွေတင်မကဘူး။ ရွာစောင့်နတ်တွေ ဝင်ပူးရင်တောင် ရှမ်းစကားနဲ့ သံတော်ဆင့်တယ်။ ဘုရားသွားကျောင်းတက် ဓလေ့ထုံးစံတွေလည်း ရှမ်းဓလေ့နဲ့ပဲ။ KIO / KIA ကချင်တွေက ကချင်ပြည်နယ်တစ်ခုလုံးကို အာဏာစိုးမိုးနိုင်ဖို့ ဖြန့်ကျက်ရတဲ့အခါ ကချင်လက်အောက်ကို ရောက်သွားသလို ဖြစ်နေတယ်။ မြန်မာပြည်မြေပုံအရလည်း ကချင်ပြည်နယ်အတွင်းမှာ ပါနေတာကိုး။ စကစ က ရှမ်းနီတွေကို အဲ့ဒါနဲ့ ကိုင်ကိုင်လှုပ်နေတာလေ။ အမှန်မှာတော့ ကချင်တွေ ကိုယ်တိုင်ကိုယ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ တိုက်ပွဲဝင်နေတာ အနှစ် ၆၀ ကျော်နေပြီ။ သူ့တော်လှန်သက်က ကိုယ့်အသက်ထက်တောင် ကြီးသေး။ ဒါကြောင့်မို့လို့ ကိုယ်တို့လည်း သူ့ကို ဆရာတင်ရတာလေ။ ဗမာစစ်တပ်အကြောင်းကို သူတို့က ကိုယ့်ထက် ပိုသိတာပေါ့။
ပြီးခဲ့တဲ့လထဲမှာ စကစ က ကချင်တွေကို ထိပ်ပုတ်ခေါင်းပုတ် လုပ်ထားတာကြောင့် ကချင်ဘက်က စစ်ရေးတုန့်ပြန်မှုတွေ နေရာတော်တော်များများ ရှိခဲ့ပါတယ်။သူတို့ကိုယ်တိုင်က သတင်းတွေကို သိုသိုသိပ်သိပ်ပဲ ထားတာဆိုတော့ ကြားထဲက ဝင်မငံတော့ပါဘူး။ အခြေအနေကို နားလည်အောင်ပြောရရင်တော့ ပြင်စရာရှိတာတွေ ပြင်ဆင်ထားတယ်။ တပ်လှန့်ထားတယ်ဆိုတဲ့ သဘောပါပဲ။ နောက်တစ်ကြီမ် အနန့်ပါလို ကိစ္စမျိုး အဖြစ်ခံမှာ မဟုတ်ဘူး။ ဒါနဲ့တောင် မနေ့က မိုင်ဂျာယန်ကို ၃ ချက်ပစ် သွားသေးသတဲ့။ သူတို့ဘက်က အထိနာပြီဆို ဒီလိုပဲ အရပ်သားပစ်မှတ်တွေကို မဲနေကျ မဟုတ်လား။ အခုဟာက ကျော်တဲ့လှော်တဲ့ ညှော်တဲ့အဆင့် မဟုတ်တော့ဘူး။ ဆော်တဲ့အဆင့်ရောက်လာပြီ။ ဘာမှ သိပ်ပြောမနေနဲ့။ ကချင်မြေကိုလာတော့ တကယ်ဆော်တယ်နော့ လို့သာ မှတ်လိုက်။
ကချင်ပြည်နယ်မှာ လာနေပြီး လေယာဉ်လာမှာ မကြောက်တဲ့သူက မကြောက်ပေမယ့် ရှိသမျှ လက်နက်ကိုင်တပ်တွေ သူ့ကိုကာကွယ်ဖို့ သုံးထားပြီး ရထားလာရင် ကြောက်သေးဖြန်းဖြန်းပါနေတဲ့သူကလည်း ရှိသေးတယ်ဗျ။ ဘယ်သူက ရှုံး၊ ဘယ်သူက နိုင်မှာလဲ။ စဉ်းစားသာကြည့်။ နိုင်ငံရေးအရ အဖြေမရှာနိုင်၊ ထွက်ပေါက်လွတ်လမ်းမရှိတဲ့ စကစတပ်တွေဟာ စစ်ရေးအရလည်း တစတစ အရေးနိမ့်လာတဲ့အတွက် လေတပ်အင်အားကို သုံးပြီး အရပ်သားတွေကို ဗုံးကျဲတိုက်ခိုက်ရတယ်။ ဒီလုပ်ရပ်က စစ်ပွဲရဲ့ အနိုင်အရှုံးကို အဆုံးအဖြတ်မပေးပဲ ပြည်သူလူထုအကြားမှာ အကြောက်တရားကို ပျံ့နှံစေချင်တာပါ။
ဒါပေမယ့်လည်း တကယ်တမ်းလက်တွေ့မှာတော့ ကြောက်စိတ်ထက် နာကျည်းမုန်းတီးစိတ်တွေက ပိုသွားပြီး သေချင်သေပစေ၊ အသက်စွန့်တိုက်မယ် ဆိုတဲ့ သတ္တိတွေ ဇွဲတွေ ရအောင် လေ့ကျင့်ပေးလိုက်သလိုပါပဲ။ လေယာဉ်ဆိုတာ လာတုန်း ခဏရှောင်တတ်ရင် အိမ်သာတောင် အတက်မပျက်ဘူး။ တကယ်တမ်း ကြောက်သွားတာက သူတို့ဘက်က စစ်ဗိုလ်စစ်သားတွေပဲ ဖြစ်ကုန်ရော။ လက်နက်ချတဲ့ အရှင်မိတဲ့ ကောင်တွေကို ကြည့်လေ။ ကိုယ်လုပ်ထားတဲ့အလုပ် ကိုယ်ပြန်ခံရမှာကို သေမလောက်ကို ကြောက်တာ။
မတော်လို့များ ဝဋ်ဆိုတာ လည်ခဲ့ရင် စိတ်ကူးထဲ အိပ်မက်ထဲမှာတောင် ခံနိုင်ရည် မရှိတော့ဘူး။ နေရင်းထိုင်ရင်း စမြင်းလေးနှစ်တုံးလောက် တစ်မိရင်ကို ပျိုခင်ကညာ စအိုကင်ဆာ ဖြစ်ပါပြီဆိုပြီး ထိုင်းဆေးရုံ ဖင်လှန်ပြေးတော့တာပဲ။ မုသားအတိပြီးတဲ့ နှုတ်ထွက်စကားတွေကို သူ့ပါးစပ်ကထွက်ပြီး သူကိုယ်တိုင်ပြန်ကြောက်နေရပြီလေ။ ဖင် နဲ့ ပါးစပ် နဲ့ မှားနေမှန်း ကိုယ့်ဘာသာ အသိဆုံးမို့ ကင်ဆာရယ်လို့ မသင်္ကာရင်တောင် ပါးစောင်ခံတွင်းကင်ဆာ အရင်မစစ်နိုင်တဲ့ဘဝ။
အခြေအနေ အရပ်ရပ်ဟာ သူတို့ဘက်က အရေးနိမ့်လာပြီ ဆိုတာ တနေ့တခြား ထင်ရှားလာပါတယ်။ သူတို့ကိုယ်တိုင်လည်း ရိပ်စားမိလာတယ်။ ငါတို့ရှုံးရင် ဘာလုပ်မလဲ။ ပြေးပေါက်ရှာနေပြီ။ ဖွတ်ထဲမှာတင် အစိပ်စိပ် ကွဲတယ်။ ခင်ရီ၊ သန်းဌေး၊ မောင်မြင့်၊ ဘူးလက်၊ ခွပ်လိုက်ကြစို့ သူငယ်ချင်း လုပ်ကုန်တာ ဦးရွှေမန်းကြီးမှာ အူတွေကို နာလို့။ အေး အေး။ မင်းတို့သတ်ကြ။ ငါ ပါတီဖျက်ပြီး ကြည့်နေမယ်တဲ့။ ပါတီထဲမှာ ပတ်တုပ်လို့မရတဲ့အတွက် စစ်တပ်ထဲက ရာထူးအကြီး ၃-၄ ကောင်လောက် ဖဲ့ပေးလိုက်ရပြန်ရော။ မုန့်ဆီကြော်က ဘယ်မှာနေမှန်းကို မသိတာ။ တပ်ထဲကတော့ အခုထွက်လိုက်ရပြီ။ ပြီးရင် ကိုယ်တွေက နေရာတော်ခင်းသက်သက်ရယ်။ သမ္မတနေရာပေါ်တော့ ဟိုစောင်ရူးကြီးပဲ လာတက်ထိုင်မှာ။
မအလခိုင်းသမျှ အကွက်ရွှေ့နေရတဲ့ အကောင်တွေမှာရော ဦးလည်မသုံ ထမ်းရွက်ရမယ့် သစ္စာတရားဆိုတာ နောက်ဘုရားပွင့်တောင် ရှိပါ့မလား။ ချည်နှောင်ထားတဲ့ ကိုယ်ကျိုးစီးပွါး မရေရာတာနဲ့ ဝါးအစည်းပြေတာကမှ နှေးဦးမယ်။ ဒီလိုဆိုရင် အဲ့ဒီ ကုလားထိုင်နောက်နားဆီက စစ်ဗိုလ်ချုပ်တွေရဲ့ ရပ်တည်ရှင်သန်ရေးဟာ မင်းအောင်လှိုင်ကို ထိုးကျွေးဖို့ တစ်ကွက်ပဲကျန်တော့တယ်ဆိုတာ မတွေးမိပဲ မနေပါဘူး။ မအလ ကိုယ်တိုင် တွေးမိလို့ ကြောက်ချေးပါနေတာပေါ့။ ဘယ်သူက လက်ဦးမလဲ။ စောင့်ကြည့်ရတော့မယ်။ ပရိတ်သတ်ကြီးတို့ စောင့်မျှော်နေကြတဲ့ ဒိုမီနိုအက်ဖက် စ ပါတော့မယ်ဗျား။ အရသာရှိရှိ ကြည့်လိုက်ကြရအောင်။
တကယ်တမ်းတော့ သူတို့တွေးထားတာ အဲ့ဒီပလန်လည်း အဆုံးထိသွားပြီးပါပြီ။ လည်ပင်း ကြိုးကွင်းက ပူးချည်ထားပြီးပြီ။ တစ်ယောက်သေ အကုန်ပါတယ်။ မလွတ်ဘူး။ သူများတွေလည်း အစုလိုက်အပြုံလိုက် သတ်ထားတာပဲဟာ။ တပ်ထဲကအဖိုးကြီးတွေ တစ်ယောက်နားထင် တစ်ယောက်တေ့ပြီး အစုလိုက်အပြုံလိုက် သေကုန်ရင် အံ့ဩစရာမရှိ။ ဝမ်းနည်းစရာလည်း မရှိပါဘူး။ မချိတင်ကဲ ခံစားရသူတွေပဲ ရှိမှာ။ ငါလည်း ဘာမှ မလုပ်လိုက်ရဘူး ဆိုပြီး။
ကိုယ်တို့ကတော့ မအလကြီး ခါးရိုးရောဂါဖြစ်လို့ ဦးဇော်ဝေစိုးကြီး ခွဲပေးထားရဖူးတယ် လို့ သတင်းကြားလည်း အဖိုးကြီးအို ခါးကုန်းကုန်း မသေပါနဲ့ဦး လို့ပဲ ဆုတောင်းပေးပါတယ်။ တကယ်ပြောတာ။ မှန်တာပြော သစ္စာ။ အဲ့လောက်လွယ်လွယ်လေးနဲ့တော့ မသေစေချင်တာအမှန်။ အရမ်းကြီးတော့ မြန်လို့မဖြစ်ဘူးလေ။ ဖြေးဖြေးလေးသေ။ စိမ်ပြေနပြေသေ။ အကြာကြီးခံစားပြီးမှ သေ။ နောက်နှစ်ခါ တန်ဆောင်မုန်း ပွဲကြည့်ပါဦးဆို။ ကြည့်ဦးမှာ အားရပါးရ။ ပျော်ကြမှာ လှည်းနေလှေအောင်း။ ဦးရွှေရိုး နဲ့ ဒေါ်မိုး က ပလိုက်မယ်ကွာ။
“အိုးလေးလေ့ အောင်မယ်။ ရိုးပေတယ် ရိုးပေတယ်။ ဦးရွှေရိုးကြီးရယ်။