ချန်ဂင်တို့စခန်း (၁၁၅)

လေယာဉ်ပျံတွေက နေ့နေ့ညည လာနေတဲ့အခါ ကိုယ်တို့လည်း လေကြောင်းရန်ကင်းအောင် ဘယ်လိုနေရမလဲ ဘဝပေးအသိနဲ့ သိလာပါပြီ။ ကောင်းကင်ပေါ်က လေယာဉ်အသံကြားရုံနဲ့ “ကျုပ်သားကိုတဲ့ စွန်ချီ၊ ငှက်ပလီ ဘယ်ကိုကြွပါလိမ့်။ ပြန်ချပါအုန်းဟုန်းဟုန်း။” ဆို နောက်က ပြေးလိုက်စရာ မလိုသလို စစ်ခွေးတွေလှောင်နေသလိုမျိုး “မိုးရွာရင် မိုးရေချိုးမယ်။ လင်ဘျံလာရင် ကျင်းထဲပြေးပုန်းမယ်။” ဆိုတဲ့ အစားထဲကလည်း မဟုတ်ပါဘူး။ နှစ်သိန်းလေးသောင်း အထုရှိတဲ့ မဟာပထဝီ မြေကြီးပေါ်မယ် ကိုယ့်ဆီတည့်တည့် မှန်အောင် မပစ်နိုင်မချင်း အသက်နဲ့ အဝေးကြီးပါ။ အသံကြားရင် ဖျားကြတဲ့ ကျားမ ခင်စိန် ဆိုတာ သားဗိုလ်အောင်ဒင် ခေတ်မှာပဲ ရှိမယ်။ လေယာဉ်တက်ရင် တက်တဲ့အကြောင်း ဖုန်းကချက်ချင်းရောက်ပြီးသား။ ရှောင်ချင်သပဆိုရှောင်၊ မရှောင်ချင်လည်း ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေရုံပဲ။ Air strike နဲ့ သေရတာ စစ်ကြောရေးကိုဖြတ်ပြီး ထောင်ထဲဝင်ရသလောက်တော့ မဆိုးဘူး။ အုန်းတစ်ချက်နဲ့ ပွဲသိမ်းတယ်။ သူတို့ပဲ မှန်အောင်ပစ်ပါစေဦး။ ငါတို့ဘက်က အခုသေ အခုချက်ချင်း အာဇာနည်ဖြစ်တယ်။ သူတို့ဘက်လို ခွေးဆွဲဆွဲ ကျီးထိုးထိုး အလောင်းတောင်မကောက်ပဲ ပစ်မထားဘူး။ အလုပ်မလုပ်ပဲ အားနေတဲ့အချိန်ဆိုရင်တော့ သူတို့ရဲ့ ပစ်ကွင်းပစ်မှတ်မှာ မနေဘူးဗျ။ လွတ်ရာကျွတ်ရာ ရှောင်နေတာ။ လေယာဉ်သံကြားတိုင်း ဗုံးခိုကျင်းထဲ ပြေးပြေးမဆင်းနိုင်ဘူး။ သေခြင်းတရားဟာ ရုတ်တရက်ကြီး ကိုယ့်ဆီရောက်လာရင်တောင် ကြောက်စိတ်နဲ့ မသေဘူး။ ရဲစိတ်နဲ့ သေမှာ။

ညရေးညတာ အိပ်ပျော်နေချိန်ကျမှ အမှတ်မထင် မောဟစိတ်နဲ့ သေသွားမှာစိုးလို့ ဒရုန်းနဲ့ လာလာချောင်းနေကျ GPS ထောက်ပြီးသား အိမ်တွေမှာ မအိပ်ဘူး။ ကိုယ်တို့မှ မဟုတ်ဘူး။ လူနာတွေပါ သဘောပေါက်တယ်။ သူတို့လည်း ညအိပ်ညနေကျရင် စတေးရှောင် အိပ်ကြတယ်။ တချို့က daycare center လို မနက်လာတက် ညနေဆေးထိုးပြီးရင် အိမ်ပြန်နေတယ်။ တချို့က အိမ်ကနေ အချိန်မှန်မှန် ဆေးလာထိုးတယ်။ အဲ့ဒါကြောင့် အခုလိုမျိုး အရေးပေါ်အခြေအနေမှာ ကိုယ်တို့လည်း နေ့မြင်ညပျောက် ဆေးရုံကလေးအဖြစ် လိုက်လျောညီထွေဖြစ်အောင် စီစဉ်ပြောင်းလဲယူတယ်။

စစ်ရေးအခြေအနေ တင်းမာမှု၊ ကျေးလက်ရပ်ရွာ မလုံခြုံမှုတွေကြောင့် ပြီးခဲ့တဲ့လအတွင်းမှာ လူနာအရေအတွက် လျော့သွားပါတယ်။ သို့သော်လည်း ကိုယ်တို့ဆေးရုံမှာ အစထုတ်စက်ကလေး ရှိနေတယ်လို့ သူတို့ချင်းချင်း သတင်းပေးတာကြောင့် နှစ်ရှည်လများ အတွင်းထဲမှာ ကျန်နေတဲ့ လက်နက်ကြီး အစအနတွေကို ဓါတ်မှန်နဲ့ရှာကြည့်ပြီး ခွဲထုတ်ဖို့လာတဲ့သူတွေ များပါတယ်။ ခုလေးတင်ပဲ တစ်ယောက်ထုတ်ခဲ့သေးတာ။ လူနာလာ၊ ဓါတ်မှန်ကြည့်၊ ခွဲခန်းဝင်၊ ထုံဆေးထိုး၊ အစထုတ်၊ ပြန်ချုပ်။ ဘာတစ်ခုမှ မစောင့်ရဘူး။ ချက်ချင်းဆို ချက်ချင်း။ ပြန်တဲ့အခါမှသာ အနာကျက်မှ ပြန်ချင်တယ် ဆိုလို့ ဆက်နေခိုင်းထားတာ။ ဒါပေသိ သူတို့လည်း ညကျ မအိပ်ရဲဘူး။ ရွာထဲပြန်အိပ်ပြီး မနက်ကျမှ ပြန်လာတယ်။ ဗုံးမှန်ဖူးတဲ့ စာသူငယ် မဟုတ်လား။

ဒီလမှာ လူနာအရေအတွက် လျော့တာက စစ်ရေးကြောင့်သက်သက်တင် မဟုတ်ဘူး။ တဆေးရုံလုံး ကိုဗစ်တွေ ကူးကုန်တာ ကိုယ်ပါနဲ့မှ နှစ်ယောက်ပဲ မကူးတာကျန်တယ်။ ဆေးရုံကို ၁၀ ရက် lock down ချပြီး အရေးပေါ်မဟုတ်ရင် လူနာလာမပြနဲ့ လို့ အုပ်ကြီးနဲ့ မှာထားရတယ်။ ကူးပြီးသားလူတွေ Q ပြီး မကူးရသေးတဲ့လူတွေနဲ့ လူနာကြည့်တယ်။ level 2 PPE ဝတ်တယ်။ OT ကို ၁၀ ရက် နားထားတယ်။ Working hours နည်းသွားလို့ လူနာနည်းသွားတာ။ ဒီလအတွင်းမှာ စုစုပေါင်း ၁၉ ယောက် p တယ်။ ရွာထဲမှာ COVID suspect နဲ့ သက်ကြီးရွယ်အိုတချို့ အဖိတ်အစင် ရှိတယ်။ တစ်ရွာလုံး ကလေးလူကြီးမရွေး ကူးကြတယ်။ ဝေဒနာပြင်းထန်တဲ့သူတွေ ဆေးရုံလာကုကြတယ်။ မလာနိုင်တဲ့အထဲက အသေအပျောက် ရှိတာ။ Post COVID သာခွေယိုင်တွေ ပုလင်းလာလာချိတ်ကြလို့ ဒရစ်တွေ ဟောတစ်ပုံး ဟောတစ်ပုံး ကုန်ရော။ သွင်းမပေးလို့မရဘူး။ လာကတည်းက “အမလေး မူးလိုက်တာ။” ဆို ကုတင်ပေါ် ခွေခွေလေး လှဲပလိုက်တာ။ ဆေးသွင်းဖို့ လိုက်မပို့ရင် မြေးတွေကို စိတ်ကောက်သတဲ့။ လေယာဉ်ကို မကြောက်သလိုပါပဲ။ ဖြစ်မှသာဖြစ်ရော ကိုဗစ်ကိုလည်း ဘယ်သူမှ မကြောက်တော့ဘူး။

ကလေးလေးတွေ ထိပ်ပိတ်လို့ ခွဲခန်းထဲမှာ ရှင်ပြုပေးလိုက်ရင် နောက်တစ်နေ့ကျ အထိမခံနိုင်လို့ ဘောင်းဘီမဝတ်ပဲ ဆေးရုံရှေ့မှာ ဖင်တုံးလုံးနဲ့ လျှောက်ပြေးနေရော။ တစ်ယောက်လုပ်ထားတာမြင်ရင် နောက်ကလေးတွေလည်း ရောက်လာတယ်။ ချစ်သည်းလေးကမြင်တော့ ရယ်တယ်။ “ကျနော် ငယ်ငယ်က အဲ့လိုလုပ်တုန်းကလည်း နာလို့အော်ငိုတယ်။ အဲ့ဒါဆို ကျနော့အဖေတွေအမေတွေက အရုပ်ဝယ်ပေးပြီး ကျနော့ကိုချော့ရော။” တဲ့။ သူ့ကြည့်ရတာ နို့ညှာဖြစ်သွားလို့ အချော့ခံရတဲ့အချိန်တွေကို လွမ်းနေပုံပဲ။ “မင်းညီမလေးရော နေကောင်းလား။” လို့ မေးတော့ “ဆရာဝန်ကြီး။ ကျနော့်ညီမလေးက အီအီးသိပ်မပါဘူး။ လေးငါးရက်လောက်နေမှ ပါတယ်။” လို့ ပြောတယ်။ ဟုတ်သားပဲ။ မနှင်းဆီ တစ်ခါလာပြသေးတယ်။ ကလေး ဝမ်းချုပ်လို့တဲ့။ စမ်းကြည့်တာတော့ ကောင်းပါတယ်။ ကွမ်းရိုးလေး ဆီသုတ်ပြီး ဝမ်းချူပေး လို့ သင်ပေးလိုက်တယ်။ မလုပ်ဘူးလား မသိ။ ကွမ်းရိုးမရှိလို့များလား။ “မင်းအမေကို ပြောလိုက်။ ကွမ်းရိုးမရရင် အဲ့ဒီအရွယ် ဖရုံညွန့်တောင့်တောင့်လေးတွေ ဆီသုတ်ပြီး တစ်ရက်ခြားတစ်ခါ ဝမ်းချူပေး လို့။ ဆရာဝန်ကြီးက မှာလိုက်တယ်လို့။ မှတ်မိလား။” ပြန်ရောပြောတတ်ပါ့မလား။ သူတို့အမေကရော လိုက်လုပ်ပါ့မလား။ မပြောတတ်ပါဘူး။

ခုရက်ပိုင်းမှာ ချောင်းရေကြည်ပြီးတိမ်သွားလို့ ငါးတွေအများကြီး မြင်ရတယ်။ ရေချိုးရင်ကို ငြိမ်ငြိမ်ကလေး ရပ်နေလို့ မရဘူး။ အောက်က လာလာတွတ်နေတာ။ ပိုက်တန်းတဲ့လူ တန်း၊ ရှော့တိုက်တဲ့လူ တိုက်၊ ကိုင်းထောင်မျှားတဲ့သူလည်း မျှားတယ်။ အဲ့ဒါကြောင့် ငါးတွေ ပေါပေါစားရတယိ။ ရွာထဲကလည်း ဟင်းစားလာလာပေးကြတယ်။ ငါးသလဲထိုးလေးတွေ၊ ငါးရံ့လေးတွေ အများကြီးပဲ။ ချက်ချင်းကြော်စား အားကြီးချိုတယ်။ ငါးတွေများတော့ ရခိုင်မုန့်တီတို့ မုန့်ဟင်းခါးတို့ ချက်စားချင်တယ်လေ။ ပဒဲကော ရှိပေမယ့် ဒီအရပ်မှာ စပါးလင် မရှိဘူး။ နမူနာပုံပြတော့မှ “ဪ အဲ့ဒါ ကိုင်းမွှေးလေ။ လယ်တောထဲမှာ အများကြီး ရှိတယ်။” တဲ့။

အေးပါ။ ဒါဆိုလည်း လယ်တောထဲ သွားယူတာပေါ့ ဆို ဓါးတစ်ချောင်းနဲ့ လယ်တောဆင်းတယ်လေ။ ချောင်းတဘက်ကမ်းတင်ဆိုတော့ နီးနီးမှတ်တာကိုး။ တကယ်သွားတော့ အသွားအပြန် ၂ နာရီလောက်ကြာတယ်ဗျား။ ကြာတာက အကြောင်းမဟုတ်။ လမ်းမှာ ဗွက်အိုင်တွေ အများကြီးဖြတ်ရလို့ ပုဆိုးခါးတောင်းကျိုက် သွားရတယ်ဗျ။ ဗွက်တွေက တိမ်မလိုနဲ့ နစ်လိုက်ရင် ခြေသလုံးတဝက် ဇွပ်ကနဲ မြုပ်သွားရော။ အောင်မယ်မင်း။ မရင်ရွှေ မြေမြိုတာ ဒီအရပ်မှာများလား မသိ။ တချို့ ကျွဲလူးအိုင်တွေဆို ကျွဲတစ်ကောင်လုံး ချို နဲ့ ခေါင်းပဲပေါ်တယ်။ ကျွဲတွေကလည်း တရုန်းရုန်း ဗျိုင်းတွေကလည်း တဝုန်းဝုန်းနဲ့ပါ။ လယ်ကွင်းထဲမှာ စပါးတွေကတော့ ဝင်းမှည့်နေပြီ။ အနှံတွေကို ငိုက်လို့။ ကန်သင်းပေါ်ရောက်ရင်တော့ လမ်းလျှောက်ရတာ မြန်ပါတယ်။ ဗွက်အိုင် နဲ့ စိမ့်တောတွေမှာပဲ နစ်လိုက်နှုပ်လိုက်မို့ ကြာနေတာ။ ဒါပေသိ ဘယ်နေရာမှာမှ ရပ်နေဖို့စိတ်မကူးနဲ့။ ခေါင်းတထောင်ထောင်နဲ့ ကျွတ်တွေ ပြေးလာတာ။ သတိရလို့ တစ်ခါ သပ်ချလိုက်ရင် နှစ်ကောင်သုံးကောင်လောက်တော့ ခြေထောက်ပေါ်တက်လာပြီ။ ဖြုတ်တွေကလည်း ပေါလိုက်တာမှ။ အလိုလေး။ နောက်ဆို စပါးရော စပါးလင်ရော မလိုချင်တော့ပါဘူး။ လာလက်စနဲ့တော့ အပြန်ကျ ငှက်ပျောအူပါ ခုတ်ယူလာတယ်။ စိတ်နာနာနဲ့ မုန့်ဟင်းခါးရော၊ ရခိုင်မုန့်တီရော နှစ်မျိုးလုံး တထိုင်တည်း ချက်စားပစ်လိုက်တယ်။ စားလို့ကတော့ ကောင်းသလား မမေးနဲ့။

သွားရင်းနဲ့ စဉ်းစားမိတာက ငါတို့ဆီ စစ်ကြောင်းထိုးလာလို့ ဒီထဲဝင်ပြေးရင်လည်း လိုက်ရှာလို့ လွယ်မှာ မဟုတ်ဘူး။ လူခံမပါရင် ဒီထဲတင် လမ်းပျောက်နေမှာ။ အရပ်မျက်နှာလည်း ရှာမရ။ ဆက်သွားရင် တောစပ်နဲ့ တောင်ပေါ်ပဲ။ တောပုန်းကြီးတွေ တောထဲမှာ ဘာလို့ပုန်းသလဲ အခုကျမှပဲ နားလည်တော့တယ်။ ရန်ကုန်မှာလို အိမ်ရှေ့နောက်ဖေး လမ်းထိပ်လမ်းကြား ပိတ်ဖမ်းလို့ရတဲ့အရပ် မဟုတ်ဘူး။ ဝန်းကျင်ဌာနေနဲ့ အကျွမ်းတဝင် ရှိတဲ့သူက အသာစီးပဲ။ ကချင်တွေရဲ့ဗျူဟာကို နည်းနည်းနားလည်သွားတယ်။ စစ်ကြောင်းထိုးတယ်၊ air strike လာတယ်ဆို ရှောင်ပေးလိုက်။ လာတဲ့ကောင်တွေ ပြန်သွားတော့ အသာပြန်ဝင်နေ။ ကျွံလာတဲ့ကောင် ဆွဲစိလိုက်၊ ပိုင်လောက်မှ ကောက်ကောက်ရိုက်။ အေးရော။

လေကြောင်းနဲ့လာတိုက်လို့ လူအမြောက်အများသေတယ်ဆိုတာ အနမ့်ပါလို ပွဲခင်းထဲ ယုတ်ယုတ်မာမာ ဝင်ပစ်မှပဲ ရမယ်။ ဒီလိုအလုပ်မျိုး အောက်တန်းကျကျလုပ်မယ့် စစ်တပ်ဆိုတာလည်း ကမ္ဘာပေါ်မှာ မြန်မာစစ်တပ်တစ်ခုတည်းသာ ရှိလိမ့်မယ်။ သူများနိုင်ငံက လေသူရဲတွေဆိုတာ ကိုယ့်တိုင်းပြည်အတွက် ကိုယ့်အသက်ကို စွန့်ကြတာ။ ဒီနိုင်ငံမှာက အာဏာလက်မလွှတ်ချင်တဲ့ စစ်ခေါင်းဆောင်တစ်ယောက်အတွက် ကိုယ့်တိုင်းပြည်က ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ရတာ။ ဒီဖြစ်ရပ်တစ်ခုတည်းနဲ့တင် ဘယ်သူက အကြမ်းဖက်အဖွဲ့အစည်းလဲ ဆိုတာ တကမ္ဘာလုံးက သိမြင်သွားခဲ့ပြီ။ မြန်မာစစ်တပ်ကြီးဟာ အနှေး နဲ့ အမြန် ပြိုကွဲပျက်သုဉ်းသွားဖို့ပဲ ကျန်တော့တယ်။ သမိုင်းမှတ်တမ်းမှာ မရှုမလှ အဖတ်ဆည် သိက္ခာဆည်လို့ မရလောက်အောင် နိဂုံးချုပ်ရတော့မယ်။ အဲ့ဒါ ဘယ်သူကမှ လာတိုက်လို့ နှိမ်နှင်းလို့ မဟုတ်ဘူး။ စစ်သားတွေကိုယ်တိုင်က စစ်သည်တော်ကျင့်ဝတ်ကို ဆိုးဆိုးရွားရွား ဖောက်ဖျက်ပြီး တိုင်းသူပြည်သား နဲ့ နိုင်ငံတော်အပေါ် သစ္စာမစောင့်ထိန်းတဲ့အတွက်ကြောင့် ရပ်တည်ရှင်သန်ခွင့် မရတော့တာ။ မသေခင်မှာ အဲ့ဒါလေးတောင် နားလည်အောင် သင်ခန်းစာမယူနိုင်တဲ့ ဘဝပါလေ။