ချန်ဂင်တို့စခန်း (၁၁၄)

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ရက် ညနေ ၄ နာရီအချိန်လောက်မှာ စကစ က ဆယ်ဇင်းရွာကို လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။ ဥရုမြစ်ရဲ့တဘက်ကမ်း အနောက်ကမ်းသာရွာက လူနေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျတဲ့အခါ အိမ်အောက်မှာ ထမင်းချက်နေတဲ့ အမျိုးသမီးတစ်ယောက်ကို ထိမှန်ပါတယ်။ အဲ့ဒီနောက် SNA တပ်တွေနဲ့ ရွာကို နှစ်ဘက်ညှပ်ပြီး ထွက်ပေါက်ပိတ်ထားခဲ့တာကြောင့် လူနာတွေ ဆေးရုံမပို့နိုင်ပဲ အဲ့ဒီလူနာဟာ ၁၉ ရက်နေ့ည ၆ နာရီခွဲလောက်ကျမှ ကိုယ်တို့ဆေးရုံကို ရောက်ပါတယ်။ ရောက်ရောက်ချင်း ခွဲခန်းထဲသွင်း မေ့ဆေးပေးပြီး ဒဏ်ရာကို စစ်ဆေးသန့်ရှင်းကြည့်တဲ့အခါ တံတောင်ဆစ်ထိပ်ရိုး (olecranon process) တစ်ခုလုံး ကြေမွသွားတာတွေ့ရလို့ ပဲ့ကြေနေတဲ့ အရိုးစတွေ ဖယ်ထုတ်ဆေးကြောပြီး လက်နက်ကြီး ကျည်စကို လိုက်ရှာပေမယ့် မတွေ့ခဲ့ပါဘူး။ ကိုယ်တို့ဆေးရုံမှာလည်း ဓါတ်မှန်ရိုက်ဖို့ X’ray facility ဘာမှမှ မရှိတာ။

မနေ့က ၃၁/၁၀ မှာ ပြန်လာပြတဲ့အခါ အနာကျက်သွားပြီး ဒဏ်ရာကမနာပေမယ့် လက်ဖျံမှာ ယောင်လာပြီး အထိမခံနိုင်အောင် နာနေသတဲ့။ ဒီတစ်ခါတော့ ဓါတ်မှန်ရိုက်စရာ ရှိနေလို့ ချက်ချင်းကြည့် ချက်ချင်းတွေ့၊ အာထရာဆောင်းစက်ပါ ရှိနေလို့ လည်ပင်းအကြောဆုံက ထုံကြောပိတ်ပြီး အလွယ်တကူ ခွဲထုတ်နိုင်ခဲ့ပါတယ်။ ဗီဒီယိုထဲမှာ မြင်ရတဲ့အတိုင်းပါပဲ။ ပြောချင်တာက စစ်ပွဲရှိတဲ့နေရာမှာ ဆရာဝန်ရှိတာ မရှိတာ၊ ဆေးဝါး ပစ္စည်း ကိရိယာ ရှိတာ မရှိတာဟာ အကျိုးရလဒ်ချင်း အင်မတန်ကွာခြားပါတယ်။ အဲ့ဒီအတွက် ဒီနေရာမှာ အကျိုးရှိရှိ ရှင်သန်နေထိုင် အလုပ်လုပ်နိုင်ဖို့ရာ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ကြိုးစားထားတာပါ။

တဘက်မှာတော့ ဒီလိုအလုပ်လုပ်တာကို ဖြစ်တဲ့နည်းနဲ့ ဖျက်ဆီးပိတ်ပင်ရမယ် ဆိုတဲ့သူတွေ ရှိပါတယ်။ သူတို့ပါးစပ်က “အကြမ်းဖက်တွေကို ကူညီနေတယ်” လို့ ပုဒ်မတပ်ပေမယ့် အခုလူနာကို သက်သေအဖြစ်တင်ပါတယ်။ အရပ်သားပါ။ မိန်းမသားပါ။ နေအိမ်မှာ ထမင်းချက်နေတုန်း အိမ်ပေါ်ကို လက်နက်ကြီးကျတာပါ။ သို့သော် ဒီစာကို သူတို့ ဖတ်ပြီးရင်တော့ အိမ်မှာထမင်းချက်ရင်း လေယာဉ်ပေါ်မှ လက်နက်ကြီးထိမှန်သူ အမျိုးသမီးလူနာကို ဖမ်းဆီးထောင်ချတာကနေ သက်သေမလိုက်နိုင်အောင် နှုတ်ပိတ်သတ်ဖြတ်တာအထိ လုပ်ကြပါလိမ့်မယ်။ သူ့ကိုကုပေးတဲ့ ဆရာဝန် ဆရာမတွေကိုရောပေါ့။

ဒီအဖြစ်အပျက်မျိုးတွေဟာ မြန်မာပြည် တနံတလျားမှာ နေ့စဉ်နဲ့အမျှ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ လှိုင်သာယာမှာ လူရာနဲ့ချီပြီး သေအောင်ပစ်သတ်တဲ့နေ့က စစ်ကားတွေဟာ လှိုင်သာယာဆေးရုံရှေ့မှာ ပိတ်ရပ်ပြီး လူနာတွေ လာလို့မရအောင် စောင့်ပိတ်ထားတာမို့ သူတို့ပြန်တဲ့ ညကြီးမိုးချုပ်ကျတော့မှ မသေမရှင်လူနာတွေ ဆေးရုံတင်လို့ရပါတယ်။ ဒလမှာလည်း အဲ့ဒီအတိုင်းပါပဲ။ ကြက်ခြေနီအလံတင်ထားတဲ့ Ambulance ကားကို ကျည်ဆန်ရာ ဆန်ကာပေါက်ဖြစ်အောင် သေနတ်နဲ့ဝိုင်းပစ်ပြီး Medics တွေကို ခြေနဲ့ကန် ပါးပိတ်ရိုက်နေတဲ့ ဗီဒီယိုဖိုင်တွေကို မြန်မာနိုင်ငံကြက်ခြေနီအသင်းကြီးက ရေငုံနှုတ်ပိတ်နေပေမယ့်လည်း အဲ့ဒါ တကယ့်အဖြစ်အပျက် အစစ်ပါ။ ယုန်လေးဗီဒီယို မဟုတ်ပါဘူး။ အဲ့ဒီအချိန်ကတည်းကစလို့ အခုလတ်တလော ဖားကန့် အနန့်ပါ မှာ ဖြစ်တဲ့ကိစ္စအထိ စစ်ကောင်စီဟာ ဒဏ်ရာရလူနာတွေကို ဆေးကုသခွင့်မရအောင် နည်းမျိုးစုံနဲ့ တားဆီးပိတ်ပင်နေပါတယ်။ အဲ့လိုလူနာတွေ ဆေးကုရင် လူနာရော ဆရာဝန် ဆရာမရော ဖမ်းပြီး စစ်ကြောရေးပို့ပါတယ်။

CDM မလုပ်ပဲ ပြည်သူ့ဆေးရုံကို ရောက်လာခဲ့တဲ့ သေနတ်ဒဏ်ရာရလူနာတွေကို လက်ခံကုသပေးတဲ့အတွက် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကုသရေးဌာနက ပါမောက္ခ ဒေါက်တာမော်ဦးကို ဘာအပြစ်မှ မရှိပဲမတရားဖမ်းဆီးထောင်ချထားတာ တစ်နှစ်ခွဲကျော်ပြီ။ အခုထက်ထိတောင် မလွတ်သေးပါဘူး။ မြေနီကုန်းတံတားအဆင်းမှာ သေနတ်နဲ့ပစ်သတ်ခံရတဲ့ ဆရာဝန်တစ်ယောက် နဲ့ သူနာပြုဆရာမလေး၊ ထောင်ထဲမှာ အသက်ဆုံးရှုံးရတဲ့ ခွဲစိတ်ဆရာဝန် မောင်မောင်ငြိမ်းထွန်း။ ဆေးလောကထဲမှာ လူနာကို ဆေးကုတဲ့အတွက် ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ဆရာဝန်များစွာ သူနာပြုများစွာ ရှိနေတာကို စာရင်းမှတ်တမ်းပြုစုပြီး သုတေသနစာတမ်းတစ်စောင် တင်ရမလိုတောင် ဖြစ်နေပြီ။ သို့သော်လည်း ဘယ်ဆရာဝန်ကမှ စောင်ဖက်လုပ်မှာ မဟုတ်ဘူး ဆိုတာလည်း သေချာပါတယ်။

ဒီမနက်သတင်းထဲမှာ ချင်းပြည်နယ်က ဆေးရုံတစ်ခုအတွက်၊ ငွေကြေး၊ ဆေးဝါး၊ ဆေးပစ္စည်းကိရိယာတွေ ကူညီထောက်ပံ့ပေးတဲ့အတွက် ဆရာဝန်၊ ဆရာမ၊ ဆေးဆိုင်၊ ဆေးကုမ္ပဏီကစလို့ ကားသမား စပယ်ရာပါမကျန် ဖမ်းဆီးနှိပ်စက် စစ်ဆေးထောင်ချတာ ဖတ်လိုက်ရပါတယ်။ “ဘယ်သူကအမှားလုပ်တာလဲ။” “ဘယ်သူက မတရားလုပ်တာလဲ။” ဝေခွဲမရလို့ ရေငုံနှုတ်ပိတ်နေကြတာလား။ “ဒါ ဘာဆန်းသလဲ။ ရိုးနေပြီ။” မို့ ဟာလိုဝင်းမိတ်ကပ်ချယ်ဖို့လောက်မှ စိတ်မဝင်စားနိုင်တော့ဘူးလား။ မင်းအောင်လှိုင်ရဲ့ မြေးမလေးက မွေးရာပါ နှလုံးရောဂါပါလို့ လေယာဉ်ကြီးနဲ့ ဘန်ကောက်ထိအောင် သွားကုတယ်ဆို။ ဗုံးဆန်မှန်တဲ့ ဖုတ်လှိုက်ဖုတ်လှိုက်တွေကျ “ဘယ်ကောင်မှ ဆေးမကုစေနဲ့” လို့ ပိတ်ပင်ထားခိုင်းသလား။ စေတနာတွေ အကျိုးပေးကုန်တော့မှာပဲ။

ဒီကနေ့ ပြောချင်တဲ့ အကြောင်းအရာကတော့ စစ်ကောင်စီ ရဲ့ ရက်စက်ယုတ်မာမှုတွေဟာ မြန်မာပြည် ဆေးလောက နဲ့ ကျန်းမာရေးမိသားစုတွေအတွက် ဘယ်လိုမှ လက်မခံနိုင်စရာ ဖိနှိပ်ပိတ်ပင်မှုတွေ ဖြစ်တယ်ဆိုတာ သိသာထင်ရှားအောင် နမူနာပြတာပါ။ ဆရာဝန်တစ်ယောက်အနေနဲ့ပဲဖြစ်ဖြစိ၊ သူနာပြုတစ်ယောက် အနေနဲ့ပဲဖြစ်ဖြစ်၊ ဆေးဘက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်း မှန်သမျှ သူတို့နဲ့ အကျိုးတူ ပူးပေါင်းပြီး ကိုယ့် professional ၊ ကိုယ့်လောကသားချင်းအပေါ်မှာ နိုင့်ထက်စီးနင်း ဒုက္ခပေးလို့ မဖြစ်ဘူး ဆိုတာကို သတိပေးတာပါ။ မေ့နေမှာစိုးလို့။ လက်သည်းက ဆိပ်ရုံတင် မဟုတ်ဘူး။ တင်းပုတ်နဲ့ထုခံရလို့ ကြေမွနေပြီ။ လက်ထိပ်က ခုထိ မနာသေးဘူးလား။

“ဒါအကုန် မဟုတ်သေးဘူး။ ဒါ နောက်ဆုံး မဟုတ်သေးဘူး။” ဆိုတာလည်း နားလည်ပါတယိ။ နောက်လည်း လာဦးမှာ။ သူတို့ကတော့ “အခုလို လုပ်ပြထားမှ လူတွေက ကြောက်ပြီး သူတို့ကို မလှန်ရဲမှာ။ ဦးကျိုးသွားမှာ။” လို့ တွက်ပါလိမ့်မယ်။ သူများတွေတော့ မသိ။ ကိုယ်ကတော့ မကြောက်ပါဘူး။ အခုဆို ဆယ်ဇင်း ဗုံးကျဲပြီးပြီ။ ဖားကန့်ဗုံးကျဲပြီးပြီ။ ဒီတစ်ခါလာရင် ကိုယ့်ဆေးရုံလာကျဲဖို့ပဲ ကျန်တယ်။ လိုင်ဆာ သူတို့ မသွားရဲဘူးလေ။ တကယ်လို့များ ဒီကိုလာကျဲလို့ ဒဲ့မှန်ပြီး သေသွားခဲ့ရင်တောင် အခုဗီဒီယိုဖိုင်နဲ့ ရေးထားခဲ့တဲ့စာဟာ နိုင်ငံတကာ တရားရုံးမှာ သက်သေအဖြစ်ကျန်ရစ်အောင် ထားခဲ့ပါတယ်။ မြန်မာပြည်ဆေးလောကအတွင်းက ဆရာဝန်ဆရာမများအပေါ်မှာ စစ်အာဏာရှင်အစိုးရက ဖိနှပ်ပိတ်ပင်ခဲ့တဲ့ လူမဆန်သော စစ်ရာဇဝတ်မှုများစွာထဲက နမူနာတစ်ခုပါ။ စစ်ဘေးသင့်ဒေသတွေမှာ လူနာတွေကို ဆေးကုပေးနေတဲ့ ကျန်းမာရေးလုပ်သားများစွာဟာ အသက်အန္တရာယ် ရင်ဆိုင်နေရပါတယ်။ ဖမ်းဆီးစစ်ဆေး အပြစ်ပေး ခံနေရပါတယ်။ ခြိမ်းခြောက်တားဆီး ပိတ်ပင်ထားပါတယ်။ ဒါတွေဟာ အဖြစ်မှန်တွေပါ လို့ စုံစမ်းစစ်ဆေး အရေးယူနိုင်တဲ့အချိန်ကျရင် ခြေရာလည်းဖျောက် ရေလည်းနှောက်ပြီး ပျောက်ပျက်မသွားဖို့ မှတ်တမ်းချန်ပါတယ်။