ချန်ဂင်တို့စခန်း (၁၁၃)

ဒီမှာနေလာတာ တစ်နှစ်ပြည့်သွားပြီဆိုတော့ တစ်ခုခုဆို “မနှစ်ကတုန်းက ဒီအချိန်ဆိုရင်” လို့ နှိုင်းယှဉ်စရာ ရနေပါပြီ။ မနက်မနက်ဆို နှင်းတွေပိတ်ပြီး တော်တော်နဲ့ နေမပွင့်တဲ့အခါ “ဟုတ်သားပဲ။ မနှစ်တုန်းကလည်း ဆယ်ဇင်းမှာ ဒီအတိုင်းပဲလေ။ ၁၁ နာရီလောက်မှ နေပွင့်ပြီး ငါးနာရီလောက်ဆို နေဝင်ဖြိုးဖျ ဖြစ်သွားတာပဲ။” လို့ ပြန်မှတ်မိလာပါတယ်။ ဒီအခါကျတော့ ညနေ ထမင်းစားချိန်တွေကို ရှေ့တိုးပစ်ရတာပေါ့။ ခါတိုင်း စားနေကျ ၆ နာရီကျော်အချိန်တွေက မိုးစုပ်စုပ် ချုပ်သွားမှကိုး။ မွေးကင်းစကလေးလေးက အသားဝါနေလို့ မနက်ခင်းနေရောင်ပြခိုင်းထားတာ အဆင်မပြေဖြစ်နေတာပေါ့လေ။ သူ့အမေက နေမသာပဲ အနှီးထုပ်ကလေး ထွက်ဖြေပြနေလို့ အအေးပတ်ရုံအပြင် ပိုမထူးဘူး။ ကလေးမီးပြတဲ့ မီးချောင်းလေးတွေကလည်း ရှာမရ။

ကလေးတွေ ကာကွယ်ဆေး ကိစ္စကတော့ ဆက်သွယ်ချိတ်ဆက်လို့ အဆင်ပြေကာနီးပါပြီ။ ကိုယ့်ဘက်က လုပ်ပေးနိုင်သမျှကို အတတ်နိုင်ဆုံး လုပ်ပေးခဲ့ချင်တယ်။ ကလေးလေးတွေ သေတာ မခံစားနိုင်ဘူး။ လူကြီးတွေကတော့ တော်တော်များများ သေသွားပြီးမှ ဒီတိုင်းပြည် ငြိမ်းချမ်းမလား မသိ။ ကောက်နှံစပါးများလိုပဲ။ အသိမ်အဖျင်း များလွန်းတဲ့ အတ္တဗဟိုပြု မျိုးဆက်တွေ ဖြစ်နေတယ်။

ဆရာဝန်တွေ တော်လှန်ရေးလုပ်ရင် ချေဂွေဗားရားကြီးကို စံနမူနာယူကြသတဲ့။ ဒါပေမယ့်လည်း အဲ့လူကြီး ဘယ်လိုသေရသလဲလို့တော့ သင်ခန်းစာ မယူကြဘူး။ ဆိတ်ကျောင်းသားတစ်ကောင် သတင်းပေးလိုက်လို့ ဖမ်းမိပြီး အသတ်ခံရတာလေ။ တိုင်းပြည်အတွက်ရယ်လို့ အသက်ကိုရင်းထားတဲ့သူဖြစ်ပစေ၊ ကိုယ်ကျောင်းတဲ့ဆိတ်လောက်မှ စောင်ရေးမကြီးဘူး ထင်တဲ့သူတွေ တပုံကြီး။ ကိုယ့်ကိုလည်း အဖမ်းခံရမှာစိုးလို့ ထွက်ပြေးနေပြီး စောင်ကြီးစောင်ကျယ်တွေ ထိုင်ပွါးနေတဲ့အကောင် လို့ မျက်စိ စပါးမွှေးစူးမယ့်သူတွေ အများကြီး ရှိပါလိမ့်မယ်။ လက်မခံနိုင်စရာ မရှိပါဘူး။ အိုကေပါတယ်။ သူများတကာရဲ့ ချစ်ခြင်းမုန်းခြင်းအတွက် အလုပ်လုပ်နေတာ မဟုတ်သလို အထင်ကြီးခြင်း အထင်သေးခြင်းအတွက်လည်း အဲ့လောက် အားထုတ်နေစရာ မလိုဘူး။ အဲ့ဒီလူတွေနဲ့ ယုံကြည်ချက် အကြောင်း ဆွေးနွေးဖို့ ရင်ခုန်သံ ထပ်တူ မဖြစ်ဘူး။ ရှိပလေ့စေ။

ဒီရက်ပိုင်းအတွင်းမှာ စစ်ရေးအခြေအနေတင်းမာလို့ ဆေးရုံပေါ်မှာ လူနာတွေ ရှင်းထွက်သွားပါတယ်။ ဆေးရုံဖွင့်ကတည်းက ဒီလိုဖြစ်တာ ပထမဆုံးအကြိမ်ပဲ။ အသွားအလာ အဝင်အထွက်တွေကို နှစ်ဘက်စလုံးက တင်းတင်းကြပ်ကြပ် စစ်ဆေးစောင့်ကြည့်နေတာကိုး။ အင်အားတွေလည်း တိုးထားပြီး စစ်ကောင်စီဘက်ကလူတွေကတော့ ယူနီဖောင်းကို လုံးဝ မဝတ်သလောက် အရပ်ဝတ်နဲ့ လှုပ်ရှားကြတယ်။ ပျူစောထီးတွေ၊ ပြည်သူ့စစ်တွေကိုပဲ တည်ကြက်များလို ယူနီဖောင်းဆင် ရှေ့မှာထုတ်ပြထားပြီး သူတို့က နောက်ကွယ်က ကြွက်ချောင်း ချောင်းနေတာပါ။ ဂိတ်တွေမှာတင် အစစ်အဆေး အဖမ်းအဆီး ရှိတာ မဟုတ်ပဲ သတင်းပေး ဒလန်တွေကို ယုန်လိုက်ခွေးလို ရှေ့ကမောင်းပြီး အရပ်ထဲဝင်မွှေတာမျိုးလည်း မကြာခဏ လုပ်ပါတယ်။

အမှန်ကတော့ ဒါတွေက တိုင်းရင်းသား လက်နက်ကိုင်တပ်တွေမရှိတဲ့ အညာတခွင်မှာ လုပ်ချင်တိုင်း လုပ်နေတာ ကြာပါပြီ။ ကချင်ပြည်နယ်မှာတော့ အခုတလောလေးကျမှ ပေါ်ပေါ်ထင်ထင် လုပ်လာတာပါ။ အနမ့်ပါကို လေကြောင်းနဲ့ထိုးစစ်ဆင်ပြီးတဲ့နောက် သူ့ဆီကနေ ဖားကန့်ဘက်ထွက်တဲ့ လမ်းမှန်သမျှကို ပိတ်ဆို့တားဆီးပြီး အဝင်အထွက် နဲ့ စားနပ်ရိက္ခာကို ဖြတ်တောက်ထားတယ်။ စက်သုံးဆီ နဲ့ ဆန်ကို အဓိက ပိတ်ထားတဲ့သဘောပါ။ အဲ့ဒီကမှနေ အထဲက ဒဏ်ရာရလူနာတွေ အပြင်ထုတ်ဖို့ကို အပေးအယူ လုပ်ပြီး ညှိပါတယ်။ ကြားသိရသလောက်တော့ တချို့ဆို လူနာတစ်ယောက် သိန်း ၅၀၀ ပေးထုတ်ရတယ်တဲ့။ လော်ပန်တွေ ပါတာကိုး။ ဒါတောင် လူတိုင်းကိုတော့ လွှတ်မပေးဘူး။ ကိုဇော်ဒိန်ဆို မနေ့က ပြန်ဖမ်းထားလိုက်တယ် လို့ သတင်းကြားပါတယ်။ ဆယ်ဇင်းမှာတုန်းကလည်း သူဌေးအိမ်တွေကို မီးမရှို့စေချင်ရင် ဘယ်လောက်၊ မလောင်ပဲကျန်တဲ့အိမ်ထဲကပစ္စည်းတွေ အပြင်ကိုပြန်သယ်ထုတ်ချင်ရင် ဘယ်လောက် နဲ့ ဝက်ဝက်ကွဲ လုပ်စားသွားတာပဲဟာ။ သူတို့အတွက်ကတော့ ဘနဖူးမို့ သိုက်မတူးဘူးရယ် မရှိပါဘူး။

စစ်ရေးတင်းမာတာက ဖားကန့်တကြောတင် မဟုတ်ပါဘူး။ ဆယ်ဇင်းပတ်လည်မှာလည်း မီးခဲပြာဖုံးထားတာပါ။ ဟိုပင် မိုးညှင်း ပတ်ဝန်းကျင်၊ ဗန်းမော် ကသာ ပတ်ဝန်းကျင် အတက်အဆုတ် အလှုပ်အရှားတွေ သိပ်များနေတယ်။ နေ့တိုင်းလိုလို ညတိုင်းလိုလို လေယာဉ်ပျံကလည်း လာလာဝဲလို့။ မနေ့ညကဆိုရင် ညဉ့်နက်သန်းခေါင်ကြီး လိုင်ဆာမှာကို လေယာဉ်ပျံလာပါသတဲ့။ “မင်းတို့ဆီမှာ ဟိုဉစ္စာ ရှိတယ်ဆို။ ပစ်လိုက်လေ။ ပစ်လိုက်စမ်းပါ။” နဲ့ search fire လာ လုပ် နေသလိုပါပဲ။ ဒါပေသိ တစ်လုံးမှတော့ ကျဲမသွားဘူး။ ကြောက်တော့လည်း ကြောက်သေးတာ။

ဆယ်ဇင်း ဖားကန့်မှာ လောင်စာဆီတွေပြတ်ကုန်ရင် ထုတ်လုပ်မှုတွေ ရပ်တံ့သွားတာ လက်တွေ့ရင်ဆိုင်နေရတဲ့ အခက်အခဲပါ။ ဒီဒေသမှာ အရာရာ မြေအောက်ကထွက်နေမှ လည်ပတ်လုပ်ကိုင် ရှင်သန်လို့ရတာ။ ဝင်ငွေမရှိတာနဲ့ အဆမတန်မြင့်မားနေတဲ့ အထွေထွေစားရိတ်တွေ ကြောင့် အသက်ရှူရပ်သွားသလိုပဲ။ အကုန် ပြိုကျသွားမှာ။ အဲ့သလိုတော့ ကချင်တွေက အဖြစ်မခံတာ သေချာပါတယ်။ PDF ၊ AA နှစ်ဖွဲ့နဲ့တင် ဒစ်လည်နေတဲ့ စကစဟာ KIA ကို အပြုတ်ဖြုတ်ဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် သူ အဲ့ဒီကျားမြီးကို သွားဆွဲထားမိပြီ။ အခု ကိုယ်တို့က ကျားကိုက်တာကလေးကို စိတ်ရှည်လက်ရှည် ထိုင်ကြည့်ရုံပဲ ရှိတော့တယ်။

အသက်ကြီးလာတဲ့လူတွေရဲ့ အားသာချက်ဟာ အတွေ့အကြုံအရ အန္တရာယ်ရဲ့ အငွေ့အသက်ကို လူငယ်တွေထက် ကြိုမြင်နိုင်သတဲ့။ မကြာခင်မှာ စစ်ပွဲတွေ ထပ်ဖြစ်လာဦးမှာ ဆိုတာကိုတော့ လူတိုင်း ခံစားမိကြမယ် ထင်ပါတယ်။ အခုနေ ငြိမ်သက်နေတာ ခဏနေကျရင် ဗြောင်းဆန်လာတော့မှာမို့ လို့ သိထားသင့်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအခြေအနေကို ရင်ဆိုင်ဖြတ်သန်းပြီးမှ ကိုယ်လိုရာပန်းတိုင်ရောက်မှာဆိုတော့ လာမယ့်ဘေးက ပြေးတွေ့လိုက်တာပဲ ကောင်းပါတယ်။ ဒီပုံအတိုင်းဆိုရင် ဘာအကြောင်းနဲ့မှ ၈၈ တုန်းကလို နောက်ထပ် အနှစ် ၂၀-၃၀ ထပ်ကြာစရာအကြောင်း မရှိတော့တာ သေချာပြီပေါ့။ ဒီနေရာမှာ နောက်တစ်ကြိမ် ဆောင်းခိုဖို့လည်း မရှိတော့ပါဘူး။ နွေဦးတော်လှန်ရေးဟာ အခုလာမယ့်နွေဦးမှာပဲ အစွမ်းကုန် ဖူးပွင့်ဝေဆာပြီး ပြည်သူ့အောင်ပွဲကြီး ဖြစ်လာတော့မယ် ထင်ပါရဲ့။ မေလှမြိုင် သီချင်းချင်းအတူတူ “ဆောင်းအမီ” ကို ကျော်ပြီး နောက်သီချင်းတစ်ပုဒ် နားထောင်နေမိပါတော့တယ်။

“ပင်စုံအောက်ကို ရောက်ခဲ့ပြန်

ရွက်ခြောက်ကို နင်းမိတော့

ပြင်းသည့်အသံ

သည်မြိုင်ယံ ဆူဝေ

လူခြေတိတ်ပေမယ့်

မဆိတ်အောင်ညံ

တကိုယ်ရေ မယ့်နား

လှည့်စားကြပြန်

စိုးရွံ့အောင်ဖန်

ဖြေသော် ပြေဘူး

လေရူးကလေးထန်

နွေဦးတေးသံ။”