အောက်တိုဘာ ကုန်လို့ နိုဝင်ဘာ ရောက်တဲ့နောက်တော့ ဆောင်းဆိုတာ မဝင်ချင်လို့ကို မရတော့ပါဘူး။ သူ့ဘာသူ မိုးရွာချင်ရွာ မရွာချင်နေ။ မနက်ခင်းလေးတွေ နေမသာနိုင်တော့ဘူး။ နှင်းတွေမြူတွေ အုံ့အုံ့ဆိုင်းဆိုင်းနဲ့ ချမ်းစပြုလာပါပြီ။ မြူနှင်းတွေကြားမှာ ရွာသူရွာသားတွေက ပလိုင်းကလေးတွေ လွယ်လို့ ရွာပြင်ကို အသုတ်လိုက် အသုတ်လိုက် ထွက်သွားကြတာ လယ်တောထဲမှာ စပါးသွားရိတ်ကြမလို့တဲ့။ ဟုတ်တာပေါ့။ လယ်ကွင်းထဲမှာ စပါးတွေ ရင့်မှည့်နေတာ မြင်ခဲ့သားပဲ။ ကိုယ်စိုက်တာ ကိုယ်ရိတ်သိမ်းရတဲ့အချိန်ဆိုတော့ တက်တက်ကြွကြွ ပျော်ပျော်ပါးပါးပဲ။ ကောက်သစ်တွေ ပေါ်ကုန်ပါပကော။ မနှစ်ကတုန်းက ဆယ်ဇင်းမှာ ကောက်သစ်စားပွဲလုပ်ပြီး ခေါပုတ်တွေ ထောင်းစားကြတဲ့အချိန် ရောက်လာပြန်ပြီပေါ့လေ။ ကောက်သစ်စားပွဲဆိုတာ သူများနိုင်ငံက Thanksgiving Day ကိုခေါ်တာမှန်း ဒီရောက်မှ သဘောပေါက်တယ်။ ဘုရားကျောင်းမှာ ပေါ်ဦးပေါ်ဖျား ကောက်ပဲသီးနှံတွေ ဘုရားသခင်ထံ အပ်နှံ ကျေးဇူးတော်ကို ချီးမွှမ်းပြီးမှ သိုလှောင်စားသုံးကြတယ်။ ဆုတောင်းစင်မြင့်ပေါ်မှာ ကောက်နှံစပါး၊ ဟင်းစားသီးနှံ အစုံအလင် ဆွမ်းတော်ကြီးတင်သလို ဝေဝေဆာဆာ ပြင်ဆင်လှူတန်းပြီးမှ ဝတ်ပြုဆုတောင်းပွဲ ကျင်းပကြတာ။ ကလေးလေးတွေက ဓမ္မတေးသီချင်းလေးတွေဆိုလို့ ကလို့။ ညဘက်ကျ စတိတ်ရှိုးပွဲလေးလည်း လုပ်တယ်လေ။ အားကြီး ပျော်စရာကောင်းတာပဲ။
ဒီမှာလည်း ခုမနက် ဝတ်ပြုဆုတောင်းပွဲတစ်ခု လုပ်ကြပါတယ်။ ကျေးဇူးတော်ချီးမွှမ်းဖို့တော့ မဟုတ်ပါဘူး။ အနမ့်ပါမှာ ဘုရားသခင်အိမ်တော် ပြန်ရောက်သွားတဲ့သူတွေနဲ့ ထိခိုက်ဒဏ်ရာရတဲ့သူတွေအတွက် ဘုရားသခင်စောင့်ရှောက်မှု ကောင်းချီးမင်္ဂလာ ရစေခြင်းငှါ ဆုတောင်းဝတ်ပြုကြတာပါ။ သူတို့အိမ်ကတစ်ယောက်လည်း ဒဏ်ရာရတဲ့အထဲမှာပါတယ်လေ။ ဆေးကုဖို့ရောက်မလာနိုင်တဲ့လူနာအတွက် ဆုတောင်းမေတ္တာပို့ပေးဖို့ကတော့ ဆရာဝန်တွေကိုယ်တိုင်ပဲ ဆုတောင်းပွဲ သွားတက်လိုက်ပါတယ်။
ဒီကိုရောက်တော့ ဝတ်ပြုဆုတောင်းပွဲတက်ရတာလည်း ရိုးရာနှင့်အညီ ပြုလုပ်အပ်သောအမှုမို့လို့ “အာမင်” တစ်လုံးနဲ့ ကုန်းလိုက်ဆင်းခဲ့ပေါင်း များပါပြီ။ ဆုတောင်းပြီးရင် အကျွေးအမွေးကလည်း ပါတာကိုး။ ကိုယ်ကတော့ လူလည်ကျတတ်နေပြီ။ ထိုင်စားရင် တစ်ဗိုက်ပဲ ဝမှာ။ “အိမ်ကစားလာခဲ့လို့ မဆာသေးပါဘူး။ နောက်မှပဲ စားတော့မယ်။ ဧည့်သည်တွေ လောက်ငှအောင်သာ ကျွေးနှင့်ပါ။ ပိုတော့မှ အိမ်ပို့ပေးလိုက်။” ဆိုရင် ကိုယ်တို့ တစ်ဖွဲ့လုံး အကုန်ဝတယ်ဗျ။ အလှူဖိတ်တိုင်း လူတစ်ဒါဇင်ကြီး လိုက်လိုက်စားနေရင် နေရာထိုင်ခင်းလည်း သူများအနှောက်အယှက်ဖြစ်တယ်။ အလှူလာစားပြီး ချိုင့်ကြီးနဲ့ အပြန်သယ်တော့လည်း လူမြင်လို့မှ မကောင်းတာ။ ကိုယ့်ချည့်စားပြီး ကျန်တဲ့သူငတ်ရင်လည်း မျိုလို့မကျ။ တတ်နိုင်ဘူးလေ။ နည်းနည်းပါးပါးတော့ မူယာမာယာလေး သုံးရတာပေါ့။
ကချင်ထမင်းပွဲတွေမှာ ကိုယ်သတိထားရတာက အိမ်မှာလို အကျင့်ပါပြီး ဇိုးကနဲဇတ်ကနဲ နှိုက်စားမိမှာကိုပါ။ အိမ်မှာက ကိုယ်က အကြီးဆုံးဆိုပြီး ကိုယ်အရင်နှိုက်ပြီးမှ သူများတွေ လိုက်စားကြတာကိုး။ ဟိုမှာကျတော့ ဟင်းခွက်လေးတွေ စုံပြီဆိုမှ “စားကြရအောင်။” လို့ ပြောရင် ဟင်းခွက်ထဲ လက်နှိုက်ကြတာ မဟုတ်ဘူး။ မျက်စိလေး စုံမှိတ်ပြီး ကျေးဇူးတော် ချီးမွှမ်းကြသေးတယ်။ ဒီက ဘုန်းကြီးကျောင်းသားလက်နဲ့တော့ ခက်နေပါပြီ။ မယဉ်ကျေးလိုက်တာများ။ အိမ်ရှေ့အိမ်က မိတ်ဆွေကြီးဟာ ဟင်းကောင်းလေးများချက်ရင် ကိုယ့်ကိုထမင်းစားခေါ်လေ့ရှိပါတယ်။ ထမင်းမစားခင် ဝိုင်လေးတစ်ခွက်တစ်ဖလားနဲ့လည်း ဧည့်ခံသေးတယ်။ ကိုယ်က ထမင်းဝင်မစားပေမယ့်လည်း ဝိုင်လေးသောက်ပြီး ကချင်ဟင်းလျာလေးတွေ မြည်းပြီးပြန်ပါတယ်။ ထမင်းကို အိမ်ရောက်မှ စားပါ့မယ် ဆို နှုတ်ဆက်တယ်။ ဒါပေသိ ထမင်းကျလည်း ဗိုက်ကပြည့်နေလို့ စားမဝင်ပြန်ဘူး။ ဟိုတဝက် သည်တဝက် စားရတာ။ အရသာချင်းတော့ မတူပါဘူး။ သူ့အိမ်က ကချင်မီးဖိုချောင်၊ ကိုယ်တို့အိမ်က ရှမ်းမီးဖိုချောင်။ ဟိုဘက်ဝိုင်းက သည်ဘက်ဝိုင်း ကူးစားတာတောင် ဘာမှမဆိုင်တော့ဘူး။ ငါးတစ်မျိုးတည်းကိုပဲ ကချင်ကင်တဲ့ငါး နဲ့ ရှမ်းကင်တဲ့ငါး အနံ့လည်းမတူ၊ အရသာလည်းမတူ။ မတူတာတွေကို ရောထွေးမပစ်ပဲ သူ့အရသာနဲ့သူ ပီပီပြင်ပြင် ကွဲကွဲပြားပြား ခံစားနားလည်နိုင်တာလည်း ဘုရားသခင် ပေးသနားတဲ့ ကောင်းချီးမင်္ဂလာ တစ်ရပ်ပါပဲ။
ဟိုအိမ်ရောက်သွား ဟိုစကားပြော၊ သည်အိမ်ရောက်သွား သည်စကားပြောနဲ့။ ကိုယ့်ဘုရားကိုယ်မေ့ပြီး ဘာသာ သာသနာကို ညှိုးမှိန်အောင် လုပ်နေတဲ့ အကောင် လို့တော့ မဘသတွေက ပုဒ်မတပ်ကြပါလိမ့်မယ်။ ဘယ်ဘာသာပဲ ကိုးကွယ်ကိုးကွယ် လူသားအချင်းချင်း လူ လို့မြင်နိုင်တဲ့ စိတ်ဓါတ်တော့ ရှိဖို့ လိုတာပေါ့။ ဘယ်ဘုရားသခင်ကမှ “ငါပြောတာ မယုံရင် အဲ့ကောင်တွေ အကုန်သတ်ပစ်။” လို့မှ မဟောတာ။ ကိုယ်တို့အရပ် ကိုယ်တို့ဒေသမှာ ဗုဒ္ဓသာသနာ ထွန်းကားသလိုပဲ သူတို့ ကချင်ပြည်နယ်မှာ ခရစ်ယာန်သာသနာ ထွန်းကားတယ်။ ကချင်လူမျိုး အများစုဟာ ခရစ်ယန်ဘာသာ ကိုးကွယ်ကြတယ်။ ကိုယ့်အိမ်လာပြီး ကိုယ့်ဘုရားကို မလေးမစား စော်ကားတာ မကြိုက်ရင် သူများပြည်နယ်မှာ လာနေပြီး သူတို့ကိုးကွယ်တဲ့ ဘုရားသခင်ကို လေးလေးစားစား စိတ်မှာထားတာ ကောင်းတာပေါ့။ ဟုတ်တယ် မှလား။
ကိုယ်ကတော့ ကချင်ပြည်နယ်ကို ရောက်လာကတည်းက ယေရှုဘုရားသခင်ရဲ့ မေတ္တာရိပ်အောက်မှာ လာရောက်ခိုလှုံတယ် လို့ သဘောထားပါတယ်။ ကိုယ့်ကို ဘေးမရှိအောင် စောင့်ရှောက်ဖို့အတွက်ရော ကိုယ်နေထိုင်စားသောက်သမျှရော သူ့ကျေးဇူးနဲ့ကင်းတာ ဘာမှ မရှိပါဘူး။ ထမင်းစားကာနီးမှာ ဆီမန်းလေးမန်းပြီး ကျေးဇူးတော် မချီးမွှမ်းမိပေမယ့် နှလုံးသားမှာ သူ့ကျေးဇူးတရားကို မှတ်မှတ်သားသား ထားရှိပါတယ်။ ဒီနယ်ဒီအရပ်ကို ခိုလုံလာတယ်ဆိုကတည်းက ကိုယ့်ကို လက်ခံစောင့်ရှောက်ပေးတဲ့သူ အားလုံးလိုလိုဟာ ခရစ်ယာန်ဘာသာဝင်တွေပဲ မဟုတ်လား။
ဆယ်ဇင်းမှာ ကိုယ်တို့နေစရာ အိမ်ကြီးအိမ်ကောင်းတစ်လုံးပေးပြီး သူကိုယ်တိုင်က မျှောထဲမှာ သွားနေတဲ့ သူဌေးဦးမောင်နိုင်က ချင်းလူမျိုး ခရစ်ယာန်ဘာသာဝင် တစ်ဦးပါ။ အင်မတန်လှပတဲ့ ဘုရားကျောင်းတစ်ဆောင်လည်း သူဆောက်လှူထားပါတယ်။ ကိုဗစ်လူနာဆောင်လုပ်ခဲ့တဲ့ ကျောင်းခန်းမကျယ်ကြီးဟာလည်း သူလှူတာပါပဲ။ ကိုယ်တို့ဟာ သူ့အိမ်မှာ လုံခြုံကောင်းမွန်စွာ ခိုနားခွင့်ရခဲ့တယ် ဆိုရင် သူကိုယ်တိုင်က ယေရှုဘုရားသခင်ရဲ့ ကောင်းချီးမင်္ဂလာအောက်မှာ နေတာမို့လို့ ကိုယ်တို့တတွေလည်း ကိုယ်တော်ရှင်မြတ်ရဲ့ ဘုန်းတော်ရိပ်နဲ့ ဘယ်ကင်းပါ့မလဲ။ ကိုယ်တို့ ဆယ်ဇင်းမှာနေသမျှ ကာလပတ်လုံး အိမ်ခံအနေနဲ့ရော၊ နယ်ခံ လူခံ ဒေသခံ အဖြစ်နဲ့ရော အတူတကွ နေထိုင်စောင့်ရှောက်ပေးခဲ့တဲ့ ဆရာဘရန်ဆိုင်းကလည်း ခရစ်ယာန်ဓမ္မဆရာ တစ်ယောက် ဖြစ်ပါတယ်။ “ရှေးကပြုဖူး သူ့ကျေးဇူး အထူးသိတတ်စေ။” ဆိုတဲ့ မင်္ဂလာတရားတော်နဲ့အညီ ကျင့်ကြံနေထိုင်ရမယ်ဆိုရင် ယုံကြည်သူများမှတဆင့် ကိုယ်တော်ရှင် စောင်မကြည့်ရှုသည်များကို ကျေးဇူးတင်ပါကြောင်း ထုတ်ဖော်ချီးမွှမ်းအပ်ပါသည်လေ။
ဆယ်ဇင်းကနေ အရပ်အနေသင့်တဲ့ဆီမှာ ဆေးရုံဆောက်ပြီးကုဖို့ နေရာရှာကြံ စဉ်းစားတဲ့အခါမှာလည်း ဇာတ်တော်ထဲကလို မောင်ကြီးနတ်တို့ မမဘုရားတို့ကနေ အိပ်မက်စေတမန် ညှင်းသွဲ့ဝန်းရံ လေသွေးပြန် မလုပ်ကြပါဘူး။ လူနာဆေးလာကုရင်း အရင်တုန်းက သူတို့တွေ ဝတ်ပြုဆုတောင်းပွဲ လုပ်နေကျ ခန်းမဆောင် အဟောင်းကြီးကို ကိုယ် သဘောကျမိတယ်။ နေမယ့်သူလည်း မရှိဘူး။ သုံးမယ့်သူလည်း မရှိဘူး။ အကျယ်အဝန်းက အနေတော်လောက်ပဲ။ ကြမ်းကို သံမံတလင်းပြန်ခင်းပြီး အမိုးသွပ်တွေ ပြန်ပြင်ဖာထေးလိုက်ရင် လူနာတင်လို့ ရသွားပြီ။ ဘေးပတ်လည်ကို ကနားဖျင်းစနဲ့ကာပြီး ကဲလားထောက်သလို ထောက်ထားမယ် လို့ စိတ်ကူးတယ်။ လူနာကုတင်တွေ ပြည့်အောင် ချခင်းပြီး OPD နဲ့ Nurses’ station ကို စတိတ်စင်ပေါ်မှာ လုပ်လိုက်တယ်။ ကန့်လန့်ကာဖုံး ဘေးနှစ်ဘက်ကို အခန်းပိတ်ကာပြီး examination room နဲ့ ဆေးစတိုခန်း လုပ်လိုက်တယ်။ အဆင်ကိုပြေသွားတာပဲ။ အဆောက်အဦးအသစ် ပြိုးပြိုးပြောင်ပြောင်ဆို ဟိုအကောင်တွေ လေယာဉ်နဲ့ လာထုတာနဲ့ ကုန်သွားမှာပေါ့။ ကိုယ့်မှာ ခြုံတောင် ပြောင်အောင် မရှင်းရဲဘူး။ မထင်မရှားလေး ကိုယ်ရောင်ဖျောက် အလုပ်လုပ်ရတာ။ အဲ့သလိုနဲ့ ဆေးရုံလည်း ပြီးရော ခန်းဦးဆောင်ဦးမှာ လက်ဝါးကပ်တိုင်ကြီး အထင်အရှားနဲ့ ယေရှုဘုရားရဲ့ မေတ္တာရိပ်အောက်မှာ ကိုယ်တို့ ဆေးစကုကြရပါတော့တယ်။
ခွဲခန်းတစ်ခုတော့ အသစ်ဆောက်ယူပါတယ်။ ကိုယ့်အင်ဂျင်နီယာနဲ့ကိုယ် လိုချင်တဲ့ ဒီဇိုင်းဆွဲပြီး ခြုံခုတ် မြေရှင်း ပန္နက်ရိုက်တာကအစ ကိုယ်တိုင် ဝင်ပါတယ်။ လိုချင်တာမှန်သမျှ ရအောင်မှာတယ်။ ခွဲခန်းပြီးတော့ လူနာစမခွဲခင် သူတို့ ဆုတောင်းပွဲလေး လုပ်ပေးမယ် ဆိုတော့ ကိုယ်တို့လည်း အာမင် က တစ်ပွဲ၊ ဘုန်းကြီးပင့် ပရိတ်နာပြီး သာဓု က တစ်ပွဲ။ နှစ်ပွဲပေါင်း လုပ်ကြတယ်။ ရွာကလူတွေ ဖိတ် ခေါက်ဆွဲကျွေးတာပေါ့လေ။ ရောက်ကာစ မခင်သေးလို့ သိပ်မလာကြဘူး။ မမအိုဂျီက ရောင်စုံပန်းခင်းကလေး ပျိုးထားလို့ ညောင်ရေအိုးကလေး ထိုးဖြစ်တဲ့အခါ ကိုယ်တို့မှာ ဘုရားစင်သပ်သပ် မရှိလို့ လက်ဝါးကပ်တိုင်ရှေ့က စင်ကလေးပေါ်ပဲ တင်ထားလိုက်ပါတယ်။ တူတူပဲပေါ့။ ဘယ်ဘုရားဖြစ်ဖြစ် ရည်စူးတယ်။ ပြီးရော။
ကိုယ်တို့အိပ်တဲ့အိမ်မှာလည်း လက်ဝါးကပ်တိုင်နဲ့ ဘုရားစင်ကလေး ရှိတယ်လေ။ ကြာဖူးတွေအများကြီး ချိုးလာတဲ့အခါ ရေသန့်ဗူးလေး အဝဖြတ်ပြီး အဲ့ဒီစင်ပေါ်ထိုးထားလိုက်ရင် နေ့ပွင့် ညငုံ နဲ့ မနွမ်းဘူး။ တစ်ပါတ်လောက်ခံတယ်။ အဲ့ဒီလက်ဝါးကပ်တိုင် ဘုရားစင်ကလေးနဲ့အိမ်ထဲမှာပဲ နေ့စဉ်ညစဉ် ပရိတ်တွေ ပဌာန်းတွေ ပူဇော်ကြ၊ ၉ နဝင်းစိပ်ပုတီး စိပ်ကြ နဲ့။ အိုကေ နေတာပဲ။ ကိုယ်တို့တတွေလည်း သာဓု တဲ့ အခါ သာဓု လိုက်၊ အာမင် တဲ့ အခါ အာမင် လိုက်ပေါ့။ ဘယ်သူကမှ သရဏဂုံ ညစ်နွမ်းတယ် လို့ မတွေးမိပါဘူး။ ဘုရားတွေ အချင်းချင်း မနာလိုဝန်တို၊ စိတ်ဆိုးစိတ်ကောက်၊ ကတောက်ကဆ ဖြစ်ရိုး ထုံးစံမှ မရှိတာ။ လူတွေကသာ ဘုရားသခင် ခေါင်းစဉ်တပ်ပြီး သတ်ဖြတ်လုယက် နှိပ်စက်ကလူ ပြုကြတာ။
ကချင်တွေဟာ ကလေးတွေ ရှေ့တန်းထွက်တဲ့အခါမှာလည်း ဘုရားသခင်ထံ အပ်နှံဆုတောင်းပွဲ လုပ်ကြပါတယ်။ အဲ့ဒါကြောင့် သူတို့ တပ်ရင်းတပ်ခွဲတိုင်းမှာ ဓမ္မဆရာတွေ ရှိတာ။ ခရစ်ယာန်ဓမ္မဆရာတွေဟာ ဂီတ ကို မသင်မနေရ လေ့ကျင့်သင်ကြားခဲ့ရတယ် ထင်ပါတယ်။ ဝတ်ပြုဆုတောင်းပွဲတိုင်းဟာ သာယာနာပျော်ဖွယ် ဂီတတေးသံတွေနဲ့ချည့်ပဲ။ တီးခတ်တဲ့ တူရိယာမပါလည်းပဲ ဘယ်သံညာသံ ဟာမိုနီသံလေးတွေနဲ့မို့ နားဝင်ပီယံ ရှိတယ်။ ကချင်ဓမ္မဆရာတွေဟာ ဂီတာတီးတာ ကီးဘုတ်တီးတာ နဲ့ အဆိုပညာကိုလည်း သင်ကြားပေးနိုင်ပါတယ်။ သူတို့ကိုယ်တိုင်လည်း ဆိုနိုင်တီးနိုင်ကြတယ်။ အင်တာနေရှင်နယ် နုတ်စ်နဲ့ classical music ကိုလည်း တီးမိခေါက်မိ ရှိကြတယ်။ ဒါကြောင့်မို့ ကချင်အဆိုတော်တွေ နိုင်ငံကျော်ကြတာပေါ့။ K ဂျာနူး တို့ L ခွန်းရီတို့လို ဘယ်သူနဲ့မှ မတူတဲ့ အသံပိုင်ရှင်တွေ ရှိသလို ကိုယ်တို့မကြားဖူးပေမယ့် အရမ်းအဆိုကောင်းတဲ့ ကချင်အဆိုတော်တွေလည်း အများကြီးပဲ။ ရခိုင်အဆိုတော်တွေ နားထောင်ဖူးတယ်။ ကြိုက်တယ်။ ရှမ်းအဆိုတော်တွေ နားထောင်ဖူးတယ်။ ကြိုက်တယ်။ ကချင်အဆိုတော်ကတော့ ဒီရော က်မှ သေချာနားထောင်ဖူးတာ။ အမွန်းတို့ Lဆိုင်းဇီတို့ ရေဘက္ကာဝင်းတို့လို ဟစ်ဖြစ်တာ ဟော့ဖြစ်တာမျိုး မဟုတ်ပဲ ဂီတသံစဉ်ကို သေသေချာချာ နားလည်ပိုင်နိုင်တဲ့ အဆိုပညာရှင်တွေ ရှိကြပါတယ်။ အနမ့်ပါမှာ ကချင်အနုပညာရှင်တွေ ဆုံးသွားတာ သိပ်နှမျောစရာကောင်းတာပဲ။ သူများတကာ ဖျော်ဖြေပွဲ ဆုတောင်းပွဲလုပ်နေတာကို တမင်သက်သက် ဖျက်ဆီးရက်ကြလေတယ်။
စစ်မြေပြင် စစ်တလင်းလည်း မဟုတ်ဘူး။ စစ်သည်စစ်သားတွေချည့် ရှိတာလည်း မဟုတ်ဘူး။ သူတို့လူမျိုး ထုံးတမ်းစဉ်လာအရ အထိမ်းအမှတ် ပွဲတစ်ပွဲ လုပ်နေကြတယ်။ ဘယ်သူ့နယ်မြေကိုမှ ကျူးကျော်ဝင်ရောက်ထားတာလည်း မဟုတ်ဘူး။ ဒီနေရာမှာ လူ ရာနဲ့ချီပြီး အသေအပျောက် အထိအခိုက်များအောင် လေကြောင်းက ပစ်ခတ်တိုက်ခိုက်တယ်။ ဒါဟာ ရန်စစော်ကားတဲ့ အပြုအမူမို့ ဘယ်သူကမှ ခေါင်းငုံ့ခံမှာ မဟုတ်ဘူး။ နောင်လာနောက်သားတွေကို သမိုင်းဖြစ်စဉ်တစ်ခုအနေနဲ့ ဖတ်မှတ်သင်ကြားရမယ် ဆိုရင်လည်း ဒါဟာ မြန်မာစစ်တပ်က ကျူးလွန်တဲ့ အင်မတန်အောက်တန်းကျသော လူမဆန်သော ရက်စက်ယုတ်မာမှုတစ်ခု ဆိုတာ ဘယ်ရှုထောင့်ကြည့်ကြည့် မငြင်းနိုင်တော့ဘူး။ အနည်းဆုံးတော့ ကချင်တွေက ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။ စေ့စပ် ညှိနှိုင်း ဆွေးနွေး အဖြေရှာလို့ ရနိုင်ဦးမလားဆိုတဲ့ နိုင်ငံတကာက မျှော်လင့်ချက်တွေကို မင်းအောင်လှိုင်က ရိုက်ချိုးဖျက်ဆီးပြလိုက်တာပါပဲ။ သူ့ဘက်ကတော့ အရှင်ထွက် ထွက်ဖို့ မရွေးချယ်ပါဘူးတဲ့။ တစ်နိုင်ငံလုံး သေရင်သေ၊ ဒါမှမဟုတ် စစ်သားတွေ အကုန်သေသွားမှ ဒီဇာတ်လမ်း နိဂုံးချုပ်ပါလိမ့်မယ်တဲ့။ ကိုယ်တို့ကတော့ သဘောပေါက်ပြီးသားပါ။ သဘောမပေါက်သေးတဲ့ ရွှေပြည်အေးသမားတွေကိုပဲ ပြောချင်တာ။ ဒီအချိန်မှာ နားလည်သင့်ပြီ လို့။
ဒီနေ့ ကချင်တွေရဲ့ ဆုတောင်းပွဲမှာ တောက်ခေါက်ကြိမ်းဝါးသံ မပါဘူး။ နာကျည်းမုန်းတီးတဲ့ စကားလည်း မပြောဘူး။ ရီုးရိုးရှင်းရှင်း ဘုရားသခင်ရဲ့ဂုဏ်တော်ကို ချီးမွှမ်းတယ်။ ဘုရားသခင် နှုက္ခပတ်တော် အဆုံးအမကို နာယူတယ်။ ဆုတောင်းပွဲကြွလာသူနဲ့ မြေပြင်မှာ အတူရှိကြတဲ့ အဖွဲ့သားအားလုံး ကျန်းမာ ချမ်းသာ ဘေးဘယာ ကင်းကွာစေကြောင်း ဆုတောင်းမေတ္တာပို့သတယ်။ သမ္မာကျမ်းစာထဲက ဒေသနာစာသားတွေကို နားမလည်ပေမယ့်၊ သူတို့ပြောဆိုနေတဲ့ ကချင်ဘာသာစကားကို မတတ်ကျွမ်းပေမယ့် လူသားအချင်းချင်း ရင်ထဲက မေတ္တာတရားကို စိတ်အာရုံနဲ့ ထိတွေ့ခံစားလို့ ရခဲ့တယ်။ တချို့အရာတွေက ဉာဏ်မမီသူတွေ အကောက်အယူ လွဲမှားမှာစိုးလို့ နှိုင်းယှဉ်မပြတော့ပါဘူး။ ဒါပေမယ့် ဘာတွေမတူဘူးလဲ ဆိုတာတော့ ကိုယ့်ဘာသာကိုယ် သဘောပေါက် နားလည်ခဲ့ပါတယ်။ တစ်ခုတော့ ပြောခဲ့ချင်ပါတယ်။ ကိုယ့်ဘာသာကမှ သမ္မာဒိဌိ။ သူများကိုးကွယ်တာ မိစ္ဆာဒိဌိ လို့တော့ တရားသေ အမှတ်အစွဲ မထားပါနဲ့။ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေလည်း ငရဲလားမယ့် အကုသိုလ်တွေမကင်းရင် သင်္ကန်းလေးပြပြီး နတ်ပြည်တက်လို့ရမှာ မဟုတ်ဘူး ဆိုတာနဲ့ ခရစ်ယာန်ဘာသာ ကိုးကွယ် ယုံကြည်သူတွေလည်း ထာဝရဘုရားရဲ့ အဆုံးအမအောက်မှာ အေးအေးချမ်းချမ်းနေထိုင်ရင်း ဘုရားသခင်ရဲ့ ကောင်းကင်အိမ်တော်ဆီ ကူးပြောင်းခိုဝင်နိုင်တယ် ဆိုတာကို သင်ခန်းစာရခဲ့ကြောင်း စကားလက်ဆောင် ပါးခဲ့ချင်ပါတယ်။