ညနေဘက်မှာ လေယာဉ်လာပြီ လို့ ကြားတဲ့အခါ လေကြောင်းရန်ရှောင်ရင်း ချောင်းထဲ ရေချိုးဆင်း နေလိုက်ပါတယ်။ သူတို့ဟာသူတို့ GPS နဲ့ပဲထောက်ထောက်၊ guided missile နဲ့ပဲ ပစ်ပစ်၊ ပေါက်ကွဲလွင့်စင်နိုင်သော အကွာအဝေးနဲ့ လွတ်ရာဆီကိုပေါ့။ ရာသီဥတုက ကိုယ့်ဘက်ပါနေကျအတိုင်းပါပဲ။ နေကို မမြင်နိုင်အောင် မိုးသားတိမ်လိပ်တွေ အုပ်ထားတယ်။ ဟိုနေ့ညကလည်း အဲ့လိုပဲ။ လေယာဉ်အသံပဲကြားရတယ်။ အကောင်မမြင်ရဘူး။ ညနေ နေဝင်မီးငြိမ်းတဲ့အချိန်ကျမှ မိုးက တဖွဲဖွဲ စရွာတာ။ တဖြေးဖြေးသည်းလာပြီး မိုးလင်းကာနီးမှ တိတ်တော့တယ်။ တညလုံး ဘေးကင်းရာ နေရာမှာ အေးအေးချမ်းချမ်း အိပ်ရတာပေါ့လေ။
ဒါပေမယ့်လည်း အိပ်လို့ မပျော်နိုင်ပါဘူး။ မနေ့ညက ပွဲခင်းထဲမှာ ကိုယ်နဲ့ အိမ်နီးနားချင်း မိတ်ဆွေတွေပါတယ်။ “ဖြစ်တဲ့နည်းနဲ့ ဒီကိုခေါ်လာခဲ့။ အဆင်သင့် စောင့်နေမယ်။” လို့ မှာလိုက်ပေမယ့် သူတို့ ရောက်မလာသေးဘူး။ လူနာသယ်ခွင့်ပို့ခွင့်မပေးပဲ ကံစီး ကနေ ဆီးပိတ်ထားတယ်တဲ့။ မြစ်ကြီးနား၊ ဖားကန့်ကနေ လူနာတင်ယာဉ်နဲ့ သွားခေါ်တာလည်း ပေးမဝင်ဘူး။ သူတို့ဘက်ကလူတွေရဲ့ ယုတ်မာနိုင်စွမ်းအားကို ထူးပြီ မအံ့ဩတော့ပေမယ့်လည်း မှတ်မှတ်သားသား ဖြစ်အောင်တော့ တေးထားလိုက်တယ်။ ဒဏ်ရာရတဲ့သူတွေ အချိန်မီ ဆေးကုသခွင့်မရအောင် ပိတ်ပင်တားဆီးထားတဲ့ လူသားချင်းမစာနာသော စစ်ရာဇဝတ်မှု နောက်တစ်ခုပေါ့။
စောင့်နေရင်းမှာပဲ ကလေးလေးတစ်ယောက် ထိပ်ပိတ်ကျောက်တည် နဲ့ ရောက်လာလို့ ခွဲခန်းထဲခေါ် ရှင်ပြုပေးလိုက်ရသေးတယ်။ မမအိုဂျီလည်း မွေးလူနာတစ်ယောက်ရှိလို့ ညဘက် ဆေးရုံမှာပဲ စောင့်မွေးပေးတယ်။ အခုလို တစ် ညလုံး သည်းတဲ့မိုးနဲ့ဆိုရင် လူနာတွေလာဖို့ ပိုခက်လိမ့်ဦးမယ်။ ခုမနက် ဆေးရုံပြန်ရောက်တဲ့အထိ မိုးက ရွာလိုက်တိတ်လိုက်နဲ့ပါပဲ။ နေရောင်ကို မမြင်ရသေးဘူး။ ဗုံးကျတဲ့ စခန်းက ဆေးတပ်သားလေးတွေ ဘယ်လောက်တောင် မနိုင်မနင်း ဖြစ်နေရှာမလဲ တွေးမိရင် ရင်ထဲမကောင်းဘူး။ သွားကူချင်လျက်နဲ့ သွားလို့ကလည်း မရ။ ဒီလိုလူနာတွေ ကုချင်လို့ ဒီနေရာအထိ ဆေးရုံလာတည်ထားတာတောင် ဒီနေရာကို ရောက်အောင်လာလို့မရတဲ့ စစ်ဘေးသင့်လူနာတွေ အများကြီးရှိနေသေးတာပဲ။
ရှေ့ဆက်ပြီး ဘာတွေဖြစ်ဦးမလဲ က ဗေဒင်မေးစရာ မလိုပါဘူး။ ကိုယ့်ဘာသာကိုယ် တွက်ချက်မှန်းဆပြီး ဘာဖြစ်ရင် ဘာလုပ်မလဲ အသင့်ပြင်ထားနှင့်တယ်။ လုပ်ရမှာတွေ အများကြီးပဲ။ ကိုယ့်တာကိုယ် လုံအောင်ကာပြီး ကိုယ့်ဝန်ကိုယ် နိုင်အောင်ထမ်းနိုင်တယ်။ ကိုယ့်ဆေးရုံကို အရေးပေါ်အခြေအနေ မှာ အသင့်ပြင်ထားပြီး ဆယ်ဇင်းမှာ စစ်ဖြစ်တုန်းကလို ပြန်နေတယ်။ အခုလည်း ဆယ်ဇင်းမှာ ပြန်မဖြစ်ဘူး ဘယ်ပြောနိုင်မလဲ။ ကိုယ့်ဆီမှာလည်း လာဖြစ်နိုင်တယ်။ နေ့ဘက်မှာ အလုပ်လုပ်ရင်းလည်း သတိနဲ့နေတယ်။ ညဘက်ကျရင် လေကြောင်းရန် လွတ်ရာရှောင်အိပ်တယ်။ ခွဲခန်းမရှိပဲ နေဝင်ရင် မီးမထွန်းတော့ဘူး။
ဒါပေမယ့်လည်း ခုမနက်အစောကြီး ဆေးရုံကို ရောက်တဲ့အခါ လူနာဆောင်ရော၊ ခွဲခန်းရော၊ အိမ်တွေ၊ အဆောင်တွေ အကုန်မီးတွေလင်းနေပါလေရော။ မီးစက်ကြီးကလည်း ပိတ်လျက်ကြီးနဲ့။ အင်ဗာတာတွေ ဆိုလာတွေလည်း ဖြုတ်ထားလျက်ကြီး။ ဒါးမိန်းက မီးစက်ဘက်မှာ တင်ထားတာ။ မီးအားက ဘယ်ကလာနေမှန်းကို မသိ။ မီးစက်နှိုးထားသလိုကို လင်းနေတာ။ မီးအားက 198V တောင် ရှိနေတာ။ မီးဖိုဆောင်ထဲမှာလည်း လင်းလို့။ မီးခလုတ်တစ်ခု ကောက်ဖွင့်လိုက်တော့မှ ပြန်ပိတ်သွားတယ်။ တစ်ယောက်တည်း တွေ့ရင် ပြန်ပြောပြလို့ ယုံမှာ မဟုတ်ဘူး။ လာမှာဖြင့်လည်း အကြာကြီးလာရောပေါ့ကွယ်။ ဆယ်မိနစ်လောက်ကလေးနဲ့ ဘာမှလည်း မလုပ်လောက်ဘူး။ အံဩဖို့သက်သက်ကလေး။ ချန်ဂင်တို့ဆီမှာ နတ်အားလျှပ်စစ် စီမံကိန်းပါ အောင်မြင်တော့မလို့ပါလား။
စိတ်ထဲမှာတော့ မရယ်နိုင်ပါဘူး။ ဖားကန့်က လူနာတွေကို ဘယ်လောက်တောင် မျှော်နေရသလဲ။ လူနာတွေကလည်း ဒီဘက်မှာ ဆေးရုံရှိမှန်းလည်း သိတယ်။ အဆင်ပြေပြေ ခွဲပေးနေမှန်းလည်းသိတယ်။ ဘယ်လောက်တောင် လာချင်ရောက်ချင် နေလိုက်မလဲ။ ဒဏ်ရာအနာတရကြီးနဲ့ ကူသူကယ်သူမရှိပဲ တစ်ရက်ပြီးတစ်ရက် ဖြတ်သန်းရတာ ရင်နာဖို့ကောင်းလိုက်တာ။ ကိုယ့်လူတွေ တောင့်မှတောင့်ထားနိုင်ပါ့မလား။ ဖွဟဲ့ လွဲပါစေ။ အိမ်ရှေ့အိမ်က ကိုယ့်ဆရာကြီး အဆင်မှ ပြေပါလေစ။ စိတ်တွေပူလိုက်ရတာ။ ခွဲခန်းကတော့ သူတို့မလာလည်း စရမှာပဲ။ သားအိမ်ထုတ်ရမယ့် လူနာတစ်ယောက် တင်ထားတယ်။ မီးစက်ကြီးရယ် ခွဲတုန်းစိတ်တုန်းတော့ မနောက်ရဘူးနော်။ မီးစက်ကြီးကတော့ မနောက်ရှာပါဘူး။ ဒါပေသိ ကိုယ်တို့မှာ သားအိမ်အတွဲလိုက်ကလေး ထုတ်ပြီးရုံ ရှိသေး။ လေယာဉ်တွေ လာပြီ လာပြီ ဖြစ်ပါလေရော။ တတ်နိုင်ဘုးကွာ။ သူ့ဘာသူ လာချင်လာ မလာချင်နေ။ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ရုံရှိတာပဲ။ ခွဲရင်းတန်းလန်းကတော့ ဘယ်သူကမှ ထမပြေးကြတာ အမှန်ပဲ။ ကလေးတွေတောင် ထွက်မကြည့်ဘူး။
လေယာဉ်ဟာ ညနေ ထမင်းစားနေတုန်းမှာ တစ်ခါလာပြန်တယ်။ ကသာဘက်မှာ ဗုံးကျဲသွားတယ် လို့ သိရတယ်။ ကြောက်မလား လို့ လိုက်ခြောက်တာဆိုရင်တော့ သူတို့လေချုပ်ကြီးကို ပြောလိုက်ပါ။ တို့ဆေးရုံမှာ တံမျက်စည်းလှဲတဲ့ လူနာလှည်းတွန်းတဲ့ကလေးတွေကတောင် ခများတို့ကို စောင်ရေးမလုပ်ပါဘူး လို့။ ပြီးရင် မိတ္တူကို ဗခမက မအလ ကို တစ်စုံပေးလိုက်။ ကြားလား။ ကျူးလွန်မှုတိုင်းအတွက် တုန့်ပြန်မှုတွေ ရှိလာတဲ့အခါ ကိုယ်တို့လိုမျိုး ကြံ့ကြံ့ခံနိုင်တဲ့ သတ္တိရှိအောင် မွေးထားကြပေါ့နော။ ဗိုလ်ချုပ်ရွာတစ်ရွာလုံး ပွဲစားလက်အပ်ပြီး ပြေးသလို ထွက်မပြေးကြနဲ့။ လွတ်မှာ မဟုတ်ဘူး။ သားသမီးမြေးမြစ်တွေပါ အမျိုးဖျောက် ဇာတ်မြှုတ်ပြီး မထင်မရှား နေထိုင်သွားရမယ်။ ဆွေခုနစ်ဆက်ရော မျိုးခုနစ်ဆက်ရော ဘယ်သုကမှ သုတ်သင်စရာမလိုပဲ တိမ်မြုတ်မှေးမှိန်သွားရတော့မယ်။ နံမည်တပ်ပြီး အမျှဝေရဲတဲ့သူတောင် ရှိလိမ့်မယ် မထင်။ ဝေလည်း ကျွတ်လွတ်ထိုက်သော သတ္တဝါထဲမှာ မပါလောက်ပါဘူး။ နောက်လာမယ့် နေ့ရက်တိုင်းမှာ ရုပ်လုံးပေါ်လာတဲ့ အဖြေတစ်ခု အားလုံးတွေ့ကြရမှာပဲဟာ။ ဘာတွေကို ငြင်းခုံနေဦးမှာလဲ။ စောင့်ကြည့်ကြရအောင်လေ။ ဟင်းဟင်း။