ချန်ဂင်တို့စခန်း (၁၁၀)

ဘဝဟာ မြွေနဲ့ လှေကား ကစားရသလိုပါပဲ။ လှေကားထစ်တွေနဲ့ တက်သွားလိုက်၊ မြွေခံတွင်းဝရောက်သွားရင် အောက်ပြန်ဆင်းလာလိုက်နဲ့ပါ။ သီချင်းထဲမှာတော့ “The Gods may throw a dice. Their minds as cold as ice.” လို့ ဆိုပါတယ်။ ကံဇာတ်ဆရာ ခေါက်လိုက်တဲ့ အံစာတုံးအတိုင်း ကိုယ်တို့က ရွှေ့ရတာပါလေ။ ကိုယ့်ဘဝရဲ့ ကစားပွဲမှာတော့ ကံကြမ္မာလေး မျက်နှာသာပေးတယ် ထင်ပါရဲ့။ အမြဲတမ်း ပွတ်ကာသီကာ လွတ်တဲ့ဘက်မှာ ရှိတယ်။ ကျားကွက်ရွှေ့သလို ရွှေ့နိုင်လို့ လွတ်တယ်ဆိုရင်လည်း အများကြီးကွာအောင် လွတ်တာ မဟုတ်။ တစ်ကွက်ကလေးပဲ ဦးဦးပြီးလွတ်တယ်ဆိုရုံလေး။ အင်ဒီယာနာဂျုံးကား ကြည့်ရသလို အသည်းတယားယားနဲ့ရယ်။

ကိုယ်တို့စခန်းမှာ ကိုဗစ်တွေဖြစ်တော့ တစတစနဲ့ လူကုန်ပြီ။ ကိုယ်တစ်ယောက်တည်း မဖြစ်ရသေးတာ ကျန်တော့တယ်။ ရွာထဲမှာလည်း ဖြစ်နေကြတုန်းပဲလေ။ မနေ့ကလေးတင် အဖွားတစ်ယောက် အောက်ဆီဂျင် ၇၀% ကျော်လေးနဲ့ တင်ထားရတယ်။ ကူးမိလို့ကတော့ နှာခေါင်းမနှိုက်ပဲ သိသာပါတယ်။ မအိပ်နိုင် မစားနိုင်၊ ဖျားနာကိုက်ခဲ၊ မူးဝေနုံးချိပြီး လူမမာကို ဖြစ်ရော။ စဖြစ်တည်းက တဝက်က ကူးနှင့်ပြီ။ လူမကုန်မချင်း ဆက်ကူးတာ။ အားလုံးကူးလို့တောင် တစ်ယောက်တည်း လွတ်ကျန်ခဲ့တယ်ဆိုတာ တော်ရုံကုသိုလ်ထူးတာတော့ မဟုတ်။

အဖွားကို နှာခေါင်းနှိုက်ခိုင်းအပြီး ဆေးရုံနောက်ပေါက်ကို အထွက်မှာလှေကားခြေရင်းကနေ လျှောကနဲထွက်ပြေးသွားတာ မြွေကြီးတစ်ကောင်။ ခြေတစ်လှမ်းစာလောက်ပဲ ကွာမယ်။ အပြင်လိုက်ကြည့်တော့ ပါးပျဉ်းမှာ ဎ အမှတ်နဲ့ မြွေဟောက်ကြီးဗျ။ မြန်လိုက်တာ လှစ်ကနဲပဲ။ အပြင်မှာထိုင်နေတဲ့ အင်ဂျင်နီယာလေးတောင် “အမေ့” ဆို ထခုန်ပြီး ပြေးတာ ဖုန်းရော ဖိနပ်ရော ကျကျန်တယ်။ ခါတိုင်းဆို အိုက်နားလေး လိုင်းမိတယ်ဆို ဇွန်းတက်နေကျနေရာလေး။ ကိုက်ဖို့လာတာ မဟုတ်ဘူး။ မြင်လို့ ပြေးတာမို့ တော်သေးတာပေါ့။ ဒီချိန် ပုရစ်ပေါ ဖားပေါတော့ မြွေလည်း မရှားဘူးပေါ့လေ။ သတိနဲ့ နေရုံရှိတာပေါ့။ သူတို့ ဝင်ဝင်ပြေးသွားတဲ့ ညောင်ပင်ကြီးဆိုတာ သဖန်းပင်ကို ညောင်ပင်က မြိုထားတာ လူနှစ်ယောက်ဖက်စာ မကဘူး။ အရင်တုန်းက နတ်ကြီးစင်လုပ်တဲ့ ညောင်ပင်။ အစောင့်ရှိတယ် လို့ ပြောကြတယ်။ ရွာသစ်က ဟိုဘက်ရွှေ့သွားလို့ အဲ့ဒီအပင်ကြီးက စခန်းထဲ ကျန်ခဲ့တာ။

ညဘက်ရောက်တော့ ကိုယ်တို့လည်း တောထဲသွားဖို့ အထုပ်ကလေးဘာလေးပြင်၊ ရေတင်၊ မီးစက်မောင်း လုပ်နေတုန်း လေယာဉ်လာလို့ မီးမှောင်ချပလိုက်ရတယ်။ မီးလည်းအပိတ်၊ လေယာဉ်လည်း ခေါင်းပေါ်အရောက်ပဲ။ ဒါပေမယ့် သူက ကိုယ်တို့အပေါ်ကျော်ပြီး ဖားကန့်ဘက်မှာ ကျဲသွားတယ်။ တပ်မွေးနေ့ ရှိတယ်လေ။ ကိုယ်တို့တောင် မနက်ကျသွားဖို့ လုပ်နေတာ။ ဒါပေမယ့် သွားလို့မဖြစ်တော့ဘူး လို့တော့ ညကတည်းက သိလိုက်ပါတယ်။ လူနာတွေ လာတော့မှာ မဟုတ်လား။ alert and prepared ဖြစ်ရတော့မယ်။ လေယာဉ်သာ တစ်ညနောက်ကျပြီးမှလာရင် RIP တွေ တစ်လှေကြီး ရတော့မလို့။ဟိုရက်က တစိမ်းတွေ ဆေးရုံဝင်းထဲလာပြီး ရူးသလိုပေါသလိုနဲ့ GPS မှာ location တင်၊ ကင်းထောက် လာလုပ်သွားမှန်း သိပါတယ်။ ဒီလူတွေ မကောင်းကြံနေပြီ လို့ ပြောခဲ့သားပဲ။ ဒါပေမယ့်လည်း ကိုယ်တွေကျတော့ သူတို့လုပ်သလို “မသင်္ကာဘူးကွာ။ မသေမချင်း ရိုက်စစ်။” လုပ်နိုင်တဲ့အစားမှ မဟုတ်တာကို။ လာတဲ့သူကလည်း စစ်သားလို့ သိစေနိုင်လောက်တဲ့ အထောက်အထား ယူလာပါ့မလား။ လူပြက်တွေ ပြက်သလိုမျိုး “အေး အေး။ နင်တို့လာမယ် ဆို ဒီည ငါ မကသေးဘူး။” ပဲ လုပ်လို့ ရမှာပေါ့။ လာကြည့်တယ်ဆိုလည်း ကြည့်ပစေလေ။ ဟောဒါ လူနာဆောင်။ အထဲမှာ သက်ကြီးရွယ်အို နဲ့ ကလေးသူငယ် လူမမာတွေ ရှိတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေရှိတယ်။ သေချာလည်းကြည့် သေချာလည်း သိအောင် မှတ်သွားကြပေါ့။ အဲ့ဒီကြားထဲကမှ လူနာဆောင်ပေါ် တည့်တည့်ကြီး ဗုံးချသွားတယ်ဆိုရင် တမင်သက်သက် သေစေလိုသော စိတ်စေတနာ ဦးဆောင်တော့ ဒိဌဓမ္မ ချက်ချင်း ဝဋ်လည်နိုင်အောင်။

ဖားကန့်မှာ ကျဲသွားတဲ့ ဗုံးဟာ ဂျပန်တွေ ပုလဲဆိပ်ကမ်းကို ကျဲချသွားတဲ့ ဗုံး နဲ့ အလားသဏ္ဍာန် တူပါတယ်။ စစ်ကို ရပ်ဆိုင်းစေမယ့် ဗုံး မဟုတ်ပဲ စစ်မီးတောက်ထဲ လောင်စာထိုးထည့်တဲ့ ဗုံးမျိုးမို့လို့ပါ။ တောင်ပိုင်းစစ်မျက်နှာမှာ အကြီးအကျယ် လောင်မြိုက်နေတဲ့ စစ်မီးကို မြောက်ပိုင်းမှာပါ တဟုန်းဟုန်းထတောက်အောင် လေပင့်ပေးခဲ့ပြီလေ။ ဆယ်ဇင်းပြီးရင် ဖားကန့်ကို လာလိမ့်မယ် ဆိုတဲ့ ကိုယ့်တွက်ကိန်းလည်း မလွဲပါဘူး။ ဟီရိုရှီးမား နဲ့ နာဂါဆာကီ ကို ဗုံးကျဲတုန်းက အမေရိကန်တွေက ဘယ်လိုစကားနဲ့ ဂုဏ်ဖော်သလဲ သိလား။ နှစ်လရှည်ကြာ အဖြေမထွက်ပဲ လူသန်းပေါင်းများစွာ စစ်ဘေးသင့်နေရတဲ့ ဒုတိယကမ္ဘာစစ်ကြီးကို အမေရိကန်ပြည်ထောင်စုက ဗုံးနှစ်လုံးတည်း နဲ့ အဆုံးသတ်ပေးလိုက်တာပါ တဲ့။ ဒီလိုဆိုရင် မြန်မာ့တပ်မတော်ကြီးဟာလည်း နှစ်ပေါင်း ၆၀ ကျော်အောင် ငြိမ်းချမ်းရေးမရနိုင်ခဲ့တဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ လက်နက်ကိုင်တော်လှန်ရေးကြီးကို NUG အစိုးရလက်အောက်မှာ တစိတ်တဝမ်းတည်း စုစည်းညီညာသွားအောင် လေကြောင်းတိုက်ခိုက်မှုများစွာနဲ့ လှေတစ်စီးတည်းပေါ်အရောက် တွန်းပို့နေတာများလား မသိပါဘူး။

ကိုင်း။ သိတဲ့အတိုင်းပဲ။ ခြေလျင်၊ ဆင်၊ မြင်း၊ ရထား၊ တိုက်မောင်း၊ တိုက်ဆင်များနဲ့ တံပိုး နဲ့ စည်သံညံညံ၊ စစ်ကြောင်းကြီး ချီလာသံကြားတယ် မဟုတ်လား။ မောင်ကြီးတို့ ဘယ်ရွာသားတုန်း။ ပုဂံသားလော၊ တကောင်းသားလော။ အပြောတွေ အရေးတွေ အသာထားပြီး လက်တွေ့ကျကျ အလုပ်လုပ်ပြလိုက်မယ်။ လာချင်တာ လာစမ်းပစေ။ ဆေးရုံမှာ အသင့်ပဲ။ နေ့တိုင်းလည်း အချိန်မဆိုင်းပဲ ဖြစ်တိုင်းမှန်ရာ မြင်သာသိသာအောင် ကိုယ်လုပ်ခဲ့သမျှ မှတ်တမ်းချန်နေကျပဲ မဟုတ်လား။ ပို၍ကောင်းသော လုပ်ရပ်များဖြင့် ပို၍နီးသော အောင်ပွဲဆီသို့ပါဗျာ။ ချီးယားစ် ရဲဘော်တို့။ ချီးယားစ်။