ချန်ဂင်တို့စခန်း (၁၀၉)

မိုးမပြတ်သေးပေမယ့် ဆောင်းအဝင်မဆိုင်းတာ သိသာပါတယ်။ မနက်ခင်းတိုင်း မြူတွေဆိုင်းပြီး ချမ်းစပြုလာပြီ။ ရေချိုးရင်လည်း အေးစိမ့်နေတာပဲ။ ညနေစောစောမှောင်ပြီး မနက်အာရုံတက် နောက်ကျလာပြီ။ နောက်လလောက်ဆို မီးပြန်လှုံရတော့မယ်။ နှစ်ကုန်ဖို့ ၂ လ ပဲ ကျန်တော့တယ်လေ။ တစ်နှစ်တာအတွင်းမှာ အခြေအနေတွေ အများကြီး တိုးတက်ခဲ့ပါတယ်။ လိုချင်တာတွေကို ဖြစ်အောင်လုပ်ယူရတာမို့ အရင်စာတွေထဲမှာ ရေးခဲ့တဲ့ ကိုယ့်ဆေးရုံ အနီးအနား ဝန်းကျင်က ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆက်သွယ်ချိတ်ဆက်လို့ မရသေးဘူး ဆိုတာ အခုတော့ အဆင်ပြေသွားပြီ။ သူတို့နဲ့ ပူးပေါင်းပြီး referral system ရော public health အလုပ်တွေပါ ပြန်စနိုင်ဖို့ ကြိုးစားရပါဦးမယ်။ ဒီလိုပဲ ကိုယ်စွမ်းရှိသမျှ ဉာဏ်စွမ်းရှိသမျှ အစွမ်းကုန် ကြိုးစားရုန်းကန်ရမှာပေါ့။ ဘယ်သူ့အတွက်မှ မဟုတ်ပါဘူး။ ကိုယ့်အတွက်လည်း မဟုတ်ဘူး။ တော်လှန်ရေးကြီး ပြီးစီးအောင်မြင်သွားဖို့အတွက်။ ဒီတစ်ခုကိုပဲ အာရုံထားတော့တယ်။

တခါတလေမှာ တချို့တွေက ပြောကြတယ်။ “ရှင်သန်အောင် နေပေးပါ။ တော်လှန်ရေးပြီးရင် ပြန်လည်ထူထောင်ရေးအတွက် ဆရာ့ကို လိုအပ်ပါတယ်။” တဲ့။ စေတနာ စကား၊ မေတ္တာစကား ပေမယ့်လည်း ကိုယ့်ခေါင်းထဲမှာ အဲ့ဒီအချိန်အထိ တွေးလို့မပေါက်ပါဘူး။ လက်ရှိလုပ်နေတဲ့အလုပ်တွေအတွက် ခေါင်းစားစရာတွေ တပုံကြီး။ ဒါကြီးတွေတန်းလန်းနဲ့ ပြန်လည်ထူထောင်ရေးကို ပြင်ဆင်တယ်ဆိုတာ အေငြိမ်း ရွှေတွေဝယ်စုတာနဲ့ သိပ်တော့ မထူးဘူး။ သူက သူစုနိုင်လို့ စုတာ။ ကိုယ့်မှာက ရှိသမျှ လူအား၊ စိတ်အား၊ ငွေအား နောင်ခါလာ နောင်ခါဈေးအတွက် မကျန်ဘူး။ ရှိသမျှ အိပ်သွန်ဖာမှောက် ကျဲနေရတယ်။ ကိုယ့်အသက်ပဲ အဲ့သည်ကာလအထိ ကျန်ပါစေဦး။ နော့။

တော်လှန်ရေး အစပိုင်းကတည်းက ကိုယ့်ကိုယ်ကိုယ် အဖမ်းမခံရအောင်၊ အသတ်မခံရအောင် ဉာဏ်ကိုလွှာသုံးပြီး နေခဲ့ပါတယ်။ ခုချိန်ထိတိုင်အောင်ပဲ။ ဘာဖြစ်လို့ဆိုတော့ ရွေးစရာလမ်းတွေ ရှိနေတာကိုး။ ဒါပေမယ့် ကိုယ်က ပြေးလမ်းကို မရွေးပဲ ပြန်လည်ရင်ဆိုင်ဖို့လမ်းကို ရွေးတာမို့လို့ အစဉ်သဖြင့် ဘေးကင်းရန်ကွာ ရှိဖို့ဆိုတာ မဖြစ်နိုင်ဘူး။ တချိန်ချိန်မှာ အသက်ကိုစွန့်ရမှာလား၊ တော်လှန်ရေးကို စွန့်တော့မှာလား၊ ဆိုတဲ့ လမ်းဆုံတစ်ခုကို ရောက်လာနိုင်တယ်လေ။ ဒီလိုဆိုရင်တော့ ရှင်းပါတယ်။ ဘာမှ နောက်တွန့်စရာ နောက်ဆံငင်စရာ မရှိပါဘူး။ သေတာ ဘာများ ထူးဆန်းလို့လဲ။ အခု မသေလည်း နောက်သေရမှာပဲ ဥစ္စာ။ မသေမရှင်ဖြစ်နေတဲ့ လူသန်းပေါင်းများစွာအတွက် ကိုယ့်တစ်သက်လောက်ကို နှမျောစရာ မရှိပါဘူး။

အခုရက်ပိုင်းမှာ Mission တွေကို အသက်နဲ့လဲပြီး တိုက်ပွဲဝင်နေကြတဲ့ ကလေးတွေ အများကြီးပဲ။ သူတို့ အသက်ကရော အသက်မဟုတ်လို့လား။ သူတို့ရော သေမှာ မကြောက်ကြဘူးလား။ အသက်ကလေးတွေမှ ငယ်ငယ်လေးတွေ ရှိသေးတာ။ ကိုယ်ကတော့ အဲ့ဒီကလေးတွေ ဘယ်လိုစိတ်ထားရှိမလဲ နားလည်နိုင်ခဲ့ပြီလေ။ စစ်ကြောရေးရောက်မှ လူမဆန်စွာနှိပ်စက်ညှင်းပန်းပြီး တော်လှန်ရေးကို သစ္စာဖောက်ရမှာထက်စာရင် သေသွားတာ ပိုကောင်းသေးတယ် လို့ တွေးရတာပေါ့။ ဒီစိတ်ဓါတ်က ကိုယ့်မှာ ရှိသလို သူတို့မှာလည်း ရှိတယ်။ တိုက်ခေါင်မိုးပေါ်က ခုန်ချသွားတဲ့ ကလေးတွေမှာလည်းရှိတယ်။ သူရဲဘောကြောင်တဲ့သူတွေ နားလည်နိုင်မှာ မဟုတ်ဘူး။ ကိုယ့်ဖအေသတ်တဲ့သူကို ယောက္ခမပြန်တော်နိုင်တဲ့ စော်ဘွားသမီးအဖွားကြီးဆို နားမလည်နိုင်လို့ “စိတ်ကြွဆေးတွေ သောက်ထားတာ ဖြစ်မယ်။” လို့ ကောက်ချက်ချနိုင်တာ။ ကိုယ်တို့မှာရှိတဲ့ ခံယူချက် ခံစားချက်မျိုး သူ့မှာမှ မရှိနိုင်တာ။ အမှန်အတိုင်းပြောရရင် ဒီနေ့ဒီအချိန်အထိ တော်လှန်ရေးမှာ တစိုက်မတ်မတ် ပါဝင်နေတဲ့သူ အားလုံးဟာ သေရမှာကို စကစလက်အောက်မှာ ရှင်သန်ရမှာလောက် မကြောက်ကြတော့ပါဘူး။ သေချင်သေပစေ။ သေရဲတယ်။ အသက် ၂၀ ကျော် သည်ကလေးတွေ အဲ့ဒီစိတ်မွေးနိုင်မှတော့ ၅၅ နှစ်နေပြီးသား ကိုယ့်အတွက် ဘာနှမျောစရာ ရှိမှာလဲ။ နေချင်သလို နေပြီးပြီ။ လုပ်ချင်တာတွေ လုပ်ခဲ့ပြီးပြီ။ သေလို့ ရင်းစားပြန်မရစရာ ဘဝ မဟုတ်ဘူး။ အေးဆေးပဲ။

ဖိလစ်ပိုင်ကို ရောက်တုန်းက ဟိုဆေးရီဇော် ကို ဖမ်းထားတဲ့ အချုပ်ထောင်ကို ရောက်ခဲ့ဖူးတယ်။ သူ့အကြောင်းရေးတဲ့ အထုပ္ပတ္တိတွေ ဖတ်ခဲ့ဖူးတယ်။ ကိုယ်လည်း စာတစ်ပုဒ် ရေးခဲ့ဖူးတယ်။ “ပိုးဖလံကလေးများ” ဆိုပြီးတော့။ မြန်မာတွေကတော့ “ပိုးဖလံမျိုး မီးကိုတိုး ကိုယ်ကျိုးနည်းရှာပြီ။” တဲ့။ မီးဆိုတာ ပူတတ်လောင်တတ်မှန်း မသိလို့ အလင်းရောင်ကို ခုံမင်ပြီး မီးထဲကိုဝင်သွားတဲ့ ပိုးကောင်လေးတွေဟာ အသက်ဆုံးရှုံးရလိမ့်မယ် လို့ ကလေးတွေကို သွန်သင်တာ။ ဖိလစ်ပိုင်တွေကိုတော့ အဲ့လိုမတွေးနဲ့ လို့ဟိုဆေးရီဇော်က လမ်းပြပါတယ်။ ပိုးဖလံကောင်လေးတွေရဲ့အသက်ဟာ ဘာရှိလို့လဲ။ ညဘက်မှာ ပျံတက်လည်း မနက်ကျရင် အတောင်ကျွတ်ပြီး သေရမှာ။ အမှောင်ထဲမှာ ဘာမှမတောက်ပလိုက်ရပဲ ဒီအတိုင်း သေသွားမှာထက်စာရင် ရဲရဲရင့်ရင့် လောင်ကျွမ်းပြီး သေတာ ပိုမကောင်းဘူးလား။ ပိုးဖလံလေးတွေ မီးထဲတိုးတာ သေမှာမသိလို့ မဟုတ်ဘူး။ တောက်တောက်ပပနဲ့ သေချင်လို့ မီးထဲကို ဝင်တာတဲ့။ ဟိုဆေးရီဇော်အကြောင်းဟာ သိပ်လေးစားစရာကောင်းတာပဲ။ အားကျစရာ၊ အတုယူစရာလည်း ကောင်းတယ်။ ကိုယ်တို့ဆီမှာလည်း ဗိုလ်ချုပ်အောင်ဆန်း ရှိခဲ့တယ်။ မသိမမီလိုက်တဲ့သူတွေအတွက်ဆို သူ့သမီး အောင်ဆန်းစုကြည် ရှိတယ်။ ဒါပေမယ့် လေးစားရကောင်းမှန်း တန်ဖိုးထားရကောင်းမှန်း မသိတဲ့၊ မသိအောင် သွန်သင်ထားတဲ့ ဒေါ်စိန်အေးသားတွေကြောင့် တိုင်းပြည်အလုံး မီးဟုန်းဟုန်းတောက်နေရတယ်။ တိုင်းပြည်ကချစ်တဲ့ နိုင်ငံက တန်ဖိုးထားတဲ့ အမျိုးသားခေါင်းဆောင်ဆိုတာ သူ့ဘဝ သူ့အသက် ကို တိုင်းပြည်အတွက် စွန့်လွှတ်နိုင်တယ်။ အကြီးဆုံးရာထူး အတင်းလုယူပြီး ဆွေမျိုးအသိုင်းအဝိုင်း အကျိုးစီးပွါးအတွက် လုပ်ပိုင်ခွင့်ရပိုင်ခွင့် အားလုံးချုပ်ကိုင်ချင်တဲ့ အာဏာရူးတွေ နဲ့တော့ ကွာတာပေါ့။ သူတို့မှာ ပင်စင်ယူချိန်တောင် ရာထူးမစွန့်နိုင်လို့ အာဏာကောက်သိမ်းပြီး တိုင်းပြည်ကို မီးပုံရှို့နေတာ။ ဘယ်ဟာကို အတုယူမှာလဲ၊ ဘယ်ဘက်မှာ ရပ်တည်မလဲဆိုတာ ကလေးတွေကတော့ ပြတ်သားတဲ့အမြင်ရှိကြပါတယ်။ လူကြီးတွေဟာ ကိုယ်ကျိုးစီးပွါးအမှောင်ဖုံးပြီး အကြောက်တရားနဲ့ ခေါက်ရိုးကျိုးနေတာ။ မစွန့်ပဲနေတော့ မသေပဲကျန်မှာ ကျလို့။

လောလောဆယ်တော့ အဲ့ဒီကလေးတွေ စိတ်ထဲမှာရော ကိုယ့်စိတ်ထဲမှာရော တော်လှန်ရေးပြီးရင် ဘာလုပ်မယ် တွေးမထားနိုင်သေးပါဘူး။ သေချင် သေနိုင်တယ် ဆိုတဲ့ အန္တရာယ်ကို သဘောပေါက် လက်ခံထားရတယ်။ သေမယ်မှန်း သိလျက်နဲ့ သေချင်သေပစေ၊ ကိုယ့်အလုပ်ကိုယ် တာဝန်ကျေအောင် လုပ်သွားမယ် ဆိုတဲ့ စိတ်နဲ့ ရုန်းကန်နေရတယ်။ ဂုဏ်ဖော်လှချည်လား၊ ဟီးရိုးလုပ်လှချည်လား ဆိုတာ ဘာမှ မလုပ်ပဲ ဘေးကထိုင်ကြည့်နေတဲ့သူတွေ စိတ်ထဲမှာပဲ ရှိကြတာ။ ကိုယ်တို့မှာဖြင့် အောင်ပွဲရရင် အိမ်ပြန်ဖို့၊ အမေကမ်းတဲ့ သပြေပန်းနဲ့ စိတ်ကူးမယဉ်နိုင်အားပါဘူး။ အဲ့ဒီအချိန်ထိအောင် ကိုယ်လည်း ရှိချင်မှရှိမယ့် ကိစ္စ ဥစ္စာ။ လောလောဆယ် mission accomplished ဖြစ်ဖို့ပဲ လိုတယ်။ ဒီ mission တစ်ခုပြီးရင် နောက် mission တစ်ခုဆက်လုပ်မယ် တော်လှန်ရေး မပြီးမချင်း။ ကိုယ့်သဘောဆန္ဒ နဲ့ ကိုယ့်ဘာသာ ကျေနပ်လို့ လုပ်တာ။ သူများတွေ လုပ်ခြင်း မလုပ်ခြင်း စိတ်မဝင်စားဘူး။ အာရုံကို တစ်ခုတည်းမှာပဲ ဇောကပ်ထားတယ်။ အဲ့ဒါကြောင့် နန်းစိန်တွေက “မင်းတို့အစိုးရတက်တော့မှ မင်းတို့ဘာသာ လာလုပ်လှည့်ကြပေါ့ကွာ။” လို့ပြောရင် အင်မတန် ရယ်ချင်တာ။ အခုချိန်မှာ စွန့်စားနေတာက နောင်တစ်ချိန်မှာ နေရာရဖို့ လုပ်နေတာ လို့ သူတို့က မြင်တာကိုး။ ရှင်ဘုရင်ဖြစ်ချင်လို့ ထီးနန်းလုပ်ကြံနေတာမှ မဟုတ်တာ။ လူလိုသူလို လူပီပီသသ နေချင်လို့ လူမဆန်တဲ့သူတွေကို တွန်းလှန်နေတာ။ အဲ့ဒါတစ်ခုပဲ ရည်ရွယ်တယ်။ ကျန်တာကတော့ မျှော်လင့်ချက် တစုံတရာ မပါဝင်ပါတယ်။

အောင်ပွဲတွေရရင် ပြည်တော်ဝင်ကြမယ်တဲ့။ ဟုတ်လား။ ဘေးလူတွေက ဝိုင်းဝန်းအားပေးကြသလောက် ကာယကံရှင်တွေက အဲ့ဒီကိစ္စ ခေါင်းထဲမထည့်ပဲ မေ့ထားတာ ဘာလို့လဲ။ ကိုယ်စွန့်ခွါခဲ့တဲ့ အခြေအနေတွေဟာ အဲ့ဒီအချိန်မှာ ဘယ်လိုမှ နဂိုအတိုင်း ပြန်မဖြစ်နိုင်တော့တာ သေချာတယ် မဟုတ်ဘူးလား။ ချိတ်ပိတ်ပြီး အသိမ်းခံလိုက်ရတဲ့ အိမ်တွေကို ပြန်ပေးမှာလား။ အထဲက ပစ္စည်းတွေရော အရင်အတိုင်း ကျန်နိုင်ပါ့မလား။ မီးရှို့ခံလိုက်ရတဲ့ အိမ်တွေကို ဘယ်သူပြန်ဆောက််ပေးမှာလဲ။ သေသွားတဲ့သူတွေကို ပြန်ခေါ်ပေးလို့မှ မရတာ။ အလုပ်ထဲက non တွေကရော ကိုယ့်ကို အရင်လို ခင်ခင်မင်မင် ဆက်ဆံပြီး အတူအလုပ်လုပ်နိုင်ပါဦးမလား။ ကိုယ်ကလည်း ဘာတစ်ခုမှ အမှားမလုပ်ထားပဲနဲ့လေ။ ကိုယ် ဒီအလုပ်လုပ်လို့ ကိုယ့်အပေါ် အထင်ကြီးလေးစားနိုင်မယ့်သူ နဲ့ သောက်မြင်ကပ်ပြီး မျက်မုန်းကျိုးမယ့်သူ ဘယ်သူက ပိုများမှာ မို့လို့လဲ။ “လာပစေဦး။ နွှာချေဦးစို့။” ဆို အပြုံးလေးနဲ့ စောင့်နေမယ့်သူလည်း နည်းမှာ မဟုတ်ဘူးနော်။ အငိုလွယ်သလောက် အရှိုက်ခက်ပါတယ်လေ။ အဲ့ဒါကြောင့် နောင်ခါလာ နောင်ခါဈေးပဲ။ လောလောဆယ်မှာ တော်လှန်ရေး mission တစ်ခုစီကလွဲလို့ ဘာကိုမှ အာရုံမထားတာ အကောင်းဆုံး။ ကိုယ်တို့ဘဝမှာ နောက်ပြန်မလှည့်စတမ်း တစိုက်မတ်မတ် ခရီးဆက်နိုင်တာ ဘာကြောင့်လဲ။ နောက်ပြန်လှည့်လို့မရအောင် ဖောင်တွေ တံတားတွေ လိုက်ဖျက်နေတဲ့ ရန်သူကြောင့်လည်း ပိုပြီးတော့ ပြတ်သားနိုင်တာ မဟုတ်ဘူးလား။ ဒဏ်ရာ အနာတရတွေ ရှိပေမယ့်လည်း စိတ်လျှော့လိုက်လို့ မရဘူး။ ရပ်တန့်လိုက်လို့ မရဘူး။ ဒီအတိုင်းလေး သွေးပူလို့ ထူနေထုံနေတုန်း လုပ်စရာရှိတာ ပြီးအောင်ဆက်လုပ်ရဦးမယ်။ ခရီးများအဆုံးထိ လျှောက်ရဦးမယ်။ ဘေးထိုင်ဘုပြော ဆရာကြီးလုပ် ဆိုက်ဝါးထည့် ဖျာဝင်ခင်းနေသော စောင်ရေးမပါ တို့ကျေးရွာက လူတွေကို ဂရုမစိုက်နိုင်ပါဘူးဗျာ။ ကန်တော့ပါသေးရဲ့နော့။