ချန်ဂင်တို့စခန်း (၁၀၈)

မြန်မာပြည်မြောက်ဖျားက ပူတာအို နဲ့ ခေါင်လန်ဖူးမှာဆိုရင် ဥတု ၃ လီ မရှိပဲ မိုးရာသီ နဲ့ ဆောင်းရာသီသာ ရှိတယ် လို့ ပြောကြပါတယ်။ ဆွမ်ပရာဘွမ် မှာ ဆိုရင်တော့ “၁၂ လ ရာသီ ချိန်ခါမရွေး မိုးသံပေးနေ။” လို့ သီချင်းထဲမှာ ပါတယ်။ ဒီလိုဆိုရင် ကိုယ်တို့လည်း ရန်ကုန်မှာ ဆောင်းပျောက်နေပြီ လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ရန်ကုန်မိုးက ဘယ်လောက်ပဲသည်းသည်း ဝါဆိုမှ စ ရွာ၊ သီတင်းကျွတ်ရင် တိတ်တာပဲ။ အခု အင်းတော်ကြီးမှာတော့ ကဆုန်လက ရွာနှင့်တာ သီတင်းကျွတ်လ ကုန်တော့မယ်။ မတိတ်သေးဘူးဗျ။ အခုကို စွေစွေချုန်းချုန်း ရွာနေတုန်း။ ဆေးရုံဘေးမှာတောင် နွံထဲ၌ လှည်းဘီးကျွံနေသည် တဲ့။ လမ်းတွေဆိုးလို့ လူနာတွေ ပြန်ရခက်နေပြီ။ နေသာမှ ပြန်ကြလိမ့်မယ်။ ဘယ်လောက်လမ်းဆိုးဆိုး လူနာအသစ်တွေကတော့ ရောက်လာနေတုန်း။ လူသတင်းကို လူချင်းဆောင်တယ်လေ။ ဟိုရှေးရှေးက မထုတ်ပဲ ကျန်ရစ်ခဲ့တဲ့ ကျည်စခဲစတွေ ထုတ်ချင်လို့ လာကြတာ။ ဒီတိုင်းထားလည်း ရပါတယ် ဆိုလို့ကို မရ။ “ဟင့်အင်း ဟင့်အင်း။ ထုတ်ပေး။ ထုတ်ပေး။” ပဲ။ အေးဟာ။ အလကားနေ အလကား။ နင်လည်း အားတယ်။ ငါလည်း အားတယ်။ ထုတ်ကြတာပေါ့။ ဘာဖြစ်သေးတုန်း။ လုပ်ဖန်များလေ လက်ယဉ်လေ။

တောထဲနေရတယ်ဆိုတာ အလုပ်နဲ့လက်နဲ့ပြတ်ရင် ပျင်းစရာကောင်းပါဘိသနဲ့။ ရွာထဲကလူတွေကတော့ ဆေးရုံနောက်ထဲ ပုရစ်လာတူးကြတယ်။ အားကြီးပဲ။ တစ်ရွာလုံး ပုရစ်စားတဲ့ရာသီလေ။ ချောင်းစပ်မှာ ရေချိုးရင်း သဲထဲသောင်ထဲ အကောင်လေးတွေ နောက်ဆုတ်နောက်ဆုတ်နဲ့ ဝင်ဝင်သွားတာ တွေ့နေကျပါ။ သူတို့လာတူးမှပဲ ပုရစ်မှန်း သိတော့တယ်။ ချောင်းထဲက ငါးတွေလည်း ကြီးပြီ။ ငဖယ်၊ ငဘတ်၊ ငခုံးမ၊ ငလမြွေ။ ပိုက်ချ၊ ကိုင်းထောင်ပြီး ဖမ်းကြတယ်။ ရွာက အိမ်ခြေသိပ်မများ၊ လူဦးရေလည်း သိပ်မများတော့ စားရေရိက္ခာ ရှာလို့ဖွေလို့ မရှားဘူး။ လမ်းမကောင်းတော့ ဘယ်မှလည်း တက်ရောင်းလို့ မရဘူး။ တဝမ်းတခါး စားနိုင်ရုံတော့ အမြဲလောက်ငှတယ်။ တောထဲက ငါးပေါက်သီးတွေ အိပ်ကြီးနဲ့ကောက်လာပြီး အထဲကအဆံထုတ်စား။ ဆိမ့်နေတာပဲ။ မြို့ရောက်သွားရင် ဈေးကြီးပေး စားရတာ။ parotid tumor နဲ့ ကလေးမ follow up လာပြတယ်။ Biopsy က pleomorphic adenoma ပါပဲ။ မလွဲပါဘူး။ သူက ငါးတွေ ပုစွန်တွေ ယူလာလို့ ဒီနေ့တော့ ဗန်းမော်မျှစ်ချဉ်ခေါက်ဆွဲ ချက်စားတယ်။ ဒီလိုပဲ အစားလေး စားလိုက်၊ ဆေးလေးကုလိုက်၊ ခွဲခန်း ဝင်လိုက်၊ စာလေးရေးလိုက် နဲ့။ မပျင်းအောင် နေတယ်။

ကိုယ်တို့ဆီမှာ သာသာယာယာပေမယ့် ဆယ်ဇင်းမှာတော့ စစ်အင်အားတွေ တိုးချဲ့နေပါသတဲ့နော်။ အကြံအစည် တစ်ခုခုတော့ ရှိရမယ်။ နန့်မွန်းမှာလည်း ရွာထဲကအိမ်တွေ မွှေပြီး ထောက်ပို့ကလေးတွေကို လိုက်ရှာတယ် လို့ ကြားတယ်။ အရပ်ဝတ်တွေနဲ့ အင်အား ၃၀၀ လောက် ရောက်နေပါသတဲ့။ မကောင်းကြံတတ်သောသူဆိုတာ မကောင်းတာကိုချည့် ကြံစည်စိတ်ကူးလို့ နေမှာပါပဲ။ ကိုယ်တို့ဆီမှာကတော့ ကောင်းတာတွေချည့် လုပ်ကြပါတယ်။ ညဘက်ညဘက်ဆို ပရိတ်သံ ပဌာန်းသံ စဲတယ် လို့ကို မရှိ။ အခန်းတိုင်း ရွတ်ကြဖတ်ကြ ရှိခိုးကြတယ်။ စာရေးရင်း ဓါရဏပရိတ်သံလေးတွေတောင် ကြားယောင်မိသေး။ “တစ်ရက် မကောင်းကြံသော သူတို့သည်လည်း မကြံနိုင်ရာ။ နှစ်ရက် မကောင်းကြံသော သူတို့သည်လည်း မကြံနိင်ရာ။” တဲ့။ ကျောင်းဆရာကို ခေါင်းဖြတ်ပြီး ကျောင်းဝမှာ ချိတ်ထားပေးတဲ့ မြန်မာစစ်တပ်ဟာ ဆရာဝန်ကိုလည်း ခေါင်းဖြတ်ပြီး ဆေးရုံဝ ချိတ်မထားချင်ဘူး လို့ ဘယ်ပြောနိုင်ပါ့မလဲ။ ဒါပေသိ သူတို့ဘယ်လောက်ပဲ သတ်ချင်သတ်ချင် ကိုယ့်မှာ သူများလုပ်ကြံလို့ သေရမယ့် ဥပစ္ဆေဒက ကံမပါရင် ဘယ်နည်းနဲ့မှ မအောင်မြင်နိုင်ပါဘူး။ ဒါကြောင့် မကြောက်ဘူး။ ကြံနိုင်ရင် ကြံကြည့်စမ်းပစေ။

ခုရက်ပိုင်း ကိုယ်တို့စခန်း အနီးအနားက လုံခြုံရေးကျနေတဲ့ကလေးတွေ မသင်္ကာစရာ လူစိမ်းတွေ မိမိနေလို့ နားပန်ကျင်းကျင်းလွှတ်လိုက်တာ ၂ ခါ ၃ ခါ ရှိပြီ။ မနေ့ကလည်း ဆေးရုံဝင်းထဲ အိမ်ကြိုအိမ်ကြားဝင်ပြီး ဗူးကောက်သလို ပုလင်းကောက်သလို ဝင်မွှေနေတဲ့ ဆိုင်ကယ်ကယ်ရီသမားတစ်ယောက် လာတယ်။ မေးတော့လည်း ရူးသလိုပေါသလိုနဲ့။ ဒီနေရာတွေ အရင် လူစိမ်းအဝင်အထွက် မရှိဘူး။ ဈေးသည်တောင် မဝင်ရတဲ့နေရာ။ တကူးတက ဝင်မလာရင် မျက်စိလည်လမ်းမှားပြီး ရောက်စရာလမ်းလည်း မဟုတ်။ ဒရုံးနဲ့ချောင်းရတာ အားမရလို့ လူလွှတ်ပြီး ထောက်လှမ်းနေတယ် ထင်ပါရဲ့။

တစ်နေ့တစ်နေ့ သတင်းတွေတက်လာရင် နှစ်မျိုးပဲ ရှိတယ်။ စစ်မြေပြင်မှာ စစ်သားတွေ သေကုန်တာ၊ လက်နက်ချတာ၊ ထွက်ပြေးတာ ဖြစ်ရင်ဖြစ် ။ အဲ့သလိုမှ မဟုတ်ရင် စစ်တပ်နဲ့ လက်ပါးစေတွေက အရပ်သားတွေကို သတ်ဖြတ်နှိပ်စက်တာ။ ဒါပဲရှိတယ်လေ။ နဂိုတုန်းကလည်း PDF ဆိုတာ သူ့ဘာသူပေါ်လာတာမှ မဟုတ်တာ။ စစ်သားတွေနှိပ်စက်တဲ့ဒဏ်မခံနိုင်လို့ အရပ်သားတွေ တောထဲရောက်ပြီး ဖြစ်လာရတာ။ ဒီအတိုင်းသာ ဆက်နှိပ်စက်နေရင် စစ်သားကလွဲ အားလုံး PDF ဖြစ်ကုန်တော့မှာ။ အခုတောင်မှ ကလေးတွေကို ပံ့ပိုးထောက်ခံနေတဲ့ ထောက်ပို့ PDF တွေ ဖြစ်နေပြီ မဟုတ်လား။

ရွာတွေကို မီးရှို့လိုက်၊ လူငယ်တွေကို ဖမ်းလိုက်သတ်လိုက် နှိပ်စက်လိုက် လုပ်နေသမျှဟာ NUG အစိုးရအတွက် PDF စစ်သားစုဆောင်းရေးကို အားကြိုးမာန်တက် လုပ်ပေးနေတာ မဟုတ်ဘူးလား။ ဒီကလေးတွေ ဒီကိုမလာရင် ဘယ်မှ သွားစရာ မရှိဘူး။ သူ့ဘာသာ ဂိမ်းဆော့လိုက်၊ TikTok ရိုက်လိုက် လုပ်နေတဲ့ကလေးတွေကို ခံယူချက်တွေ ခံစားချက်တွေ ပြင်းထန်လာအောင် လုပ်ပေးတာ အနီတွေ အစိမ်းတွေ မဟုတ်ဘူး။ မြန်မာစစ်တပ်။ တိုင်းရင်းသားလက်နက်ကိုင်မှန်သမျှကို ကယ်တင်ရှင် ဟီးရိုးကြီးလို ရိုးလ်တင်ပေးတာလည်း မြန်မာစစ်တပ်ပဲ။ တသက်လုံးရိုက်လာသမျှ ပေါ်လစီစစ်ကားတွေကို မြောင်းထဲအရောက်ပို့ပြီး တပ်မတော်ရဲ့ ပုံရိပ်နဲ့ဂုဏ်သိက္ခာ ကို နှစ်ပြားမှမတန်အောင် ဆွဲချသွားတာ။

အာဏာမသိမ်းခင်တုန်းက မင်းအောင်လှိုင်ဆိုတာ နိုင်ငံတော် အင်္ဂါစဉ် ၈ မှာ ရှိတယ်။ တပ်မတော်ရဲ့ အမြင့်ဆုံးရာထူးမှာ ထားတာ။ အာဏာသိမ်းလိုက်တဲ့အခါ သူ့ကိုယ်သူတော့ နံပါတ် (၁) ဖြစ်သွားပြီထင်ပေမယ့် legitimacy မရှိတဲ့အတွက်ကြောင့် အကြမ်းဖက် သူပုန်စစ်တပ်ခေါင်းဆောင် ဘဝကို ထိုးဆင်းသွားတာ သူမသိဘူး။ AA က ကာချုပ်၊ KIA က ကာချုပ်၊ EAO တွေဆီက လက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ တစ်တန်းတည်း သွားထိုင်တယ်။ သူ့နောက်မှာ ပြည်သူလူထုရဲ့ ထောက်ခံယုံကြည်မှု မရလို့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့အခါ အဖက်လုပ် မခံရဘူး။ ယွက်ဆစ် လို ဘိန်းဓါးပြအဖွဲ့နဲ့ပဲ ဗိုလ်ကျားသေနတ် ကစားရရှာတယ်။ အခုတော့ အဲ့ဒီ ယွက်ဆစ်ကတောင် သူ့ကို ထိပ်ခေါက်ပြီး နှပ်ချေးနဲ့သုတ်သွားလေရဲ့။ “အဲ့ကောင် စောင်ရူးပါ။ ဒီပျက်ရှင်တွေ ဝင်နေပြီ။ အာဏာသိမ်းမိတာ နောင်တရနေပြီ။ ငြိမ်းချမ်းရေးက သူနဲ့ဆွေးနွေးရမှာ မဟုတ်ဘူး။ သူ့ဘာသူ NLD နဲ့ ပြီးပြတ်အောင် ညှိပစေဦး။ အာ့ပြီးမှ ငါတို့နဲ့ လာညှိလှည့်။” ဆို သပ်ချပလိုက်တယ်။

ကံကောင်းထောက်မစွာ သေရာညောင်စောင်း လဲလျောင်းခွင့်ရရင် “ငါတို့တပ်မတော်ကြီးကို ဖျက်စီးသွားတာ စုကြည်မ ကွ။” လို့ အယူလွဲ အစွဲမှားကြီးနဲ့ ငရဲမလားလိုက်ပါနဲ့ဦး။ ဟိုက အာဏာသိမ်းတဲ့ညကတည်းက အထိန်းသိမ်းခံထားရတာ။ ဘာမှ မလုပ်နိုင်ဘူး။ အခုဖြစ်သမျှ ပျက်သမျှက ကိုယ်လုပ်တာကိုယ်ခံရတာချည့်ပဲ။ လည်ပင်းက ကြိုးကွင်းဟာ သူများလာမကျစ်ဘူး။ ကိုယ့်ဘာသာကျစ်ထားတဲ့ကြိုး။ ဒင်းကြီးက သူ့အကုသိုလ်နဲ့သူသွားတာလေ။ ဒင်းအောက်က စစ်ဗိုလ်စစ်သားတွေကရော တပါတည်း လိုက်ကြမှာလား လိုက်ရဲမှာလား အခုကပဲ မျက်ဝါးထင်ထင် တွေ့မြင်နေရပါပြီနော်။

ဖမ်းမိသမျှ စစ်သားတွေကိုကြည့်။ ဖင်ဗူးတောင်းထောင် ရှိခိုးပြီး လက်နက်ချတာ။ မသိရင် သူတို့ကိုပဲ စစ်တပ်က အတင်းဖမ်းထားလို့ “ကယ်တော်မူပါဦး” ထိုင်အော်နေရသလိုပဲ။ ဒါက လက်နက်ကိုင်တဲ့သူအချင်းချင်း မြင်ရတဲ့မျက်နှာ။ မြို့ပေါ်မှာ လက်နက်မဲ့အရပ်သားတွေကို ဆက်ဆံတဲ့မျက်နှာနဲ့ ဘယ်လောက် ကွာခြားသလဲ။ အဲ့ဒီတော့ ကလေးတွေနေရာက ဝင်စဉ်းစားကြည့်လေ။ ဒီသူတောင်းစားတွေက နားရင်းပါးရင်း ဆော်ပလော်တီးတာ ခေါင်းငုံ့ခံတဲ့ဘက်မှာနေမလား။ အဲ့ဒီစစ်ခွေးတွေကို ရင်ဝဆောင့်ကန်ပြီး ကန်တော့တောင်းပန်ခိုင်းတဲ့ ဘက်မှာနေမလား။ ရှင်းရှင်းလေး။

အခု ကျိုက်ထိုမှာ ရွာမီးရှို့ပြန်ပြီတဲ့။ ရှို့မှာပေါ့။ သူတို့ဘက်က ၃၃ ရော ၄၄ ရော ဗျူဟာမှူးနှစ်ကောင် ကြွသွားတာကိုး။ ကလေးတွေက လက်ရည်တက်လာလေလေ၊ တပ်တွင်းမွင်းငါးတွေက ငဖယ်၊ ဘဲဥ၊ ငသလောက်ဥ နဲ့ အဆာပလာတွေ စုံလာလေလေ။ တို့မီးရှို့မီး လုပ်ကြံမီးနဲ့ အဖျက်အမှောက်အလုပ်တွေ ပိုကြမ်းလာလေလေ။ နောက်ဆုံး သူတို့အတွက် ပြေးစရာမြေမရှိလေ။ ပြောသားပဲ မြိုင်မြိုင်ဆိုင်ဆိုင် မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင် ပါလို့။ စစ်ဆင်ရေးတွေက ပိုကြမ်းလာပြီ။ အသေအပျောက်တွေလည်း ပိုများလာပြီ။ ဒါပေမယ့် မနှစ်ကလို ကိုယ့်ဘက်ကချည့် တဖက်သတ် သေရပျောက်ရတာတော့ မဟုတ်ဘူး။ သူတို့ဘက်ကလူတွေ တဖြုန်ဖြုန်ကေးလာတာ ဗိုလ်ကြီး၊ ဗိုလ်မှူးကနေ တပ်ရင်းမှူး၊ ဗျူဟာမှူးအထိ ရောက်လာပြီ။ ၅ သိန်း နဲ့ သန်း ၅၀ အသက်ချင်းလဲရင် ဘယ်ဘက်က အရင်ကုန်မလဲ ကြည့်ကြသေးတာပေါ့နော့။ မစွန့်နိုင်လို့ သူများအသက် စတေးတဲ့သူ နဲ့ စွန့်ဝံ့လို့ ကိုယ့်အသက်ပါရင်းတိုက်တဲ့သူ ဘယ်သူက နိုင်မှာလဲဆိုတာ စစ်တပ်မှာ ရာထူးအကြီးဆုံးယူထားတဲ့ကောင်တွေ သိအောင် သင်ပေးလိုက်ဦးမယ်။ သေချာ မှတ်သွားကြပေါ့ကွာ။