ချန်ဂင်တို့စခန်း (၁၀၇)

တစ်ရက်ပြီးတစ်ရက် ကျော်ဖြတ်လာတဲ့ နေ့ရက်တိုင်းမှာ အသစ်အသစ်သော စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြတ်သန်းရင်း တရွေ့ရွေ့ ခရီးဆက်လာခဲ့တာ အရှိန်တွေလည်းရလို့ အဆင့်တွေလည်း တက်ခဲ့ပါပြီ။ C- arm လက်ဆွဲဓါတ်မှန်လေးရပြီဆိုတော့ လွန်ခဲ့တဲ့ ၇ လက သေနတ်မှန်ထားတဲ့သူကလည်း တံတောင်ဆစ်ရှေ့မှာ အိုးတိုးအောင့်တောင့်နဲ့ ကျည်ဆန်ဖူးကလေး ထုတ်ချင်ပါသတဲ့။ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက လက်နက်ကြီးမှန်ဖူးတဲ့ ဦးလေးကြီးကလည်း ကျည်ဆန်များ ကျန်ဦးမလား ရှာချင်ပါသတဲ့။ ကောင်းပြီလေ။ ဒီကလည်း တစ်ခါမှ မသုံးဖူးသေးတဲ့ စက်အသစ်ကလေးကို လူနာအစစ်ကြီးတွေနဲ့ စမ်းကုကြည့်ချင်သေးတာပေါ့။ စစချင်းမှာ သွေးသံရဲရဲ သေကောင်ပေါင်းလဲ case ကြီးတွေနဲ့ လက်တွေ့ မစမ်းချင်ဘူး။

ပထမလူနာက တံတောင်ဆစ်မှာဆိုတော့ ဇက်ကြောခွဆုံကနေ လက်တစ်ချောင်းလုံး ထုံသွားအောင် အကြောပိတ်ရတယ်။ မိုင်းထိလူနာတွေတုန်းက လုပ်သလိုပါပဲ။ Butterfly iQ အာထွာဆောင်းစက်ကလေးနဲ့ထောက်ပြီး spinal needle လေးနဲ့ ထိုးလိုက်တယ်။ အဆင်ပြေပါတယ်။ လုံးဝမနာဘူး။ အဲ့ဒါပြီးမှ ဓါတ်မှန်စက်နဲ့ အရင်ကြည့်၊ နေရာလေးမှတ်ပြီး ခွဲဝင်သွား။ အထဲကျ ရှာမရရင် C-arm လေးနဲ့ ပြန်ပြန်ကြည့်။ ဟိုးအောက်ဖက် အရိုးနဲ့ကပ်ပြီးမြုပ်နေတဲ့ သတ္ထုစလေး ရအောင် ပြန်ထုတ်ခဲ့တယ်။ နောက်တစ်ယောက်ကတော့ လွယ်လွယ်ကူကူ။ ခြေထောက်လည်း ခြေထောက်၊ အပေါ်ယံလည်း အပေါ်ယံ၊ အစကလေးကလည်း သေးသေးလေးဆိုတော့ spinal နဲ့ပဲ အဆင်ပြေသွားတယ်။ စက်ကလေးကို test run လုပ်ကြည့်တဲ့သဘောပါပဲ။ မဆိုးပါဘူး။ ခြေတွေလက်တွေအတွက်ဆို အဆင်ပြေပါတယ်။ သူတို့ဆီမှာတော့ ခွေးကလေးတွေ ကြောင်ကလေးတွေ ဓါတ်မှန်ရိုက်တဲ့စက် လို့ ပြောတာပဲ။ အခု ဒီမှာတော့ အရေးပေါ်ကျည်ဆန်ရှာဖို့ သုံးနေရတယ်။ Radiation hazard ကတော့ dose နည်းလို့ မရှိဘူးဆိုပဲ။ တရုတ်ပစ္စည်းဆိုတော့ စိတ်ချရတာ မဟုတ်။ ဒါပေသိ ဘယ်တတ်နိုင်ပါ့မလဲ။ ခေတ်ကာလ အခြေအနေအရ ကျည်ဆန်တွေ splinter အစအနတွေကို ယဉ်ပါးကျွမ်းဝင်မှ ရမယ့် ဆာဂျင်ဘဝကို ရောက်နေပြီ။ မေ့ဆေးမရှိ၊ ဓါတ်မှန်မရှိနဲ့ ရေအိုး ၃ အိုး ရွက်သယ်လိုက်တယ် လို့ သဘောထား။ ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ခါလည်းပဲ သားလေးမောင်တင် ကန်တော့ပန်းဆင်ခဲ့ရပြန်ပါပြီ။

စိတ်မကောင်းစရာကတော့ မနေ့က severe pneumonia နဲ့ ၇ လသားကလေးလေး ဆုံးသွားတယ်။ အဖျားတွေအရမ်းတက်လာလို့ ဆေးတောင့်ထည့် ရေပတ်တိုက်ချလည်း မရဘူး။ ဒီလထဲမှာ လူနာ ၂ ယောက်ဆုံးတယ်။ အဖွားညိုကတော့ သူ့အိမ်မှာသူဆုံးတာပါ။ ၃ ကြိမ်မြောက် ဆင်းသွားပြီး ၄ ကြိမ်မြောက်အောင် ပြန်ရောက်မလာနိုင်သူ။ ကိုယ်ကပေးမဆင်းချင်လည်း အိမ်ကိုချည့်ပြန်ချင်နေတဲ့သူ။ “အဖွားအတွက် စုထားတဲ့ အောက်ဆီဂျင်အိုးလေးတွေတောင် ကုန်အောင်ရှူမသွားတော့ဘူးလား အဖွားရဲ့။” လို့ ငိုချင်းချရမလိုပဲ။ လူနာ ၂ ယောက်လုံးကို ကိုဗစ်လို့တော့ သံသယဖြစ်မိတယ်။ သက်သေတော့ မရှိဘူး။ ရမှာ မဟုတ်ဘူး လို့တော့ အစောကြီးကတည်းက သိပါတယ်။ ကလေးလေးဆုံးတာကတော့ ကာကွယ်ဆေးမထိုးနိုင်လို့များလား လို့ စိတ်မရှင်းတာကြောင့် EPI ကာကွယ်ဆေးတွေနဲ့ Prenatal prophylaxis တွေ လိုချင်ပါတယ် လို့ MoH (NUG) ကို ပူဆာလိုက်တယ်။ တဘက်နိုင်ငံကဝယ်ပြီး စိတ်ချရတဲ့ cold chain နဲ့ ပို့ပေးမယ် လို့ အကြောင်းပြန်တယ်။ တော်သေးတာပေါ့။ ရောက်လာရင် ဒီဆေးရုံမှာလာမွေးတဲ့ကလေးတွေကိုတော့ ထိုးပေးနိုင်မှာပေါ့။

ဒါပေမယ် community level က midwives တွေ၊ LHV တွေ၊ BHS တွေတော့ ဆက်သွယ်မလာသေးဘူး။ တော်လှန်ရေးက ဆရာဝန်တွေချည့်ပဲ၊ PDF တွေချည့်ပဲ၊ လုပ်ရတဲ့အရာ လို့တော့ မထင်စေချင်ပါဘူး။ လူထုလူတန်းစား အလွှာအသီးသီးက ကိုယ့်အသိစိတ်ဓါတ်နဲ့ကိုယ် ပူးပေါင်းပါဝင်ရမှာပါ။ ခုနေခါ လိုင်ဆာမှာ အလုပ်ရပါမယ် လို့ခေါ်လိုက်ရင် ဘာပဲလုပ်ရလုပ်ရ လာချင်တဲ့သူတွေ ၁၀၀-၂၀၀ မက ရှိပေမယ့် ပြိုလဲနေတဲ့ ကျန်းမာရေးစံနစ်ကြီးကို အဖျားအနားကနေ ပြန်လည်ထူထောင် တည့်မတ်ရအောင်ပါ လို့ ခေါ်လိုက်ရင် စဉ်းစားကာ နေရဦးမယ် ဆို အကြောင်းမပြန်တော့ဘူး။ ပြီးကျရင် မင်းတို့တော်လှန်ရေးက ပြီးရောပြီးဦးမှာလား လို့ စိတ်ပျက်တာလည်း သူတို့ပဲ။ ခက်ခဲတဲ့ကာလတွေမှာ မနေနိုင်တဲ့သူတွေ ပင်ပင်ပန်းပန်း ရုန်းကန်ခဲ့ပြီးပါပြီ။ ဘယ်သူ့ကိုမှ အပြစ်မတင်၊ အပူမရှာခဲ့ဖူးပါဘူး။ အခုချိန်က လွယ်လွယ်ကူကူ ဒိုင်ဗင်လေးပစ်လိုက်ရုံနဲ့ သူ့အရှိန်နဲ့သူ ကုန်းဆင်းသွားမယ့်အချိန်မို့ လောဆော်တာပါ။ ဘေးမဖြစ်စေရပါဘူး။ မပင်ပန်းစေရပါဘူး။ ဒီဘက်ကလူတွေအပေါ် ယုံကြည်ပေးဖို့ပဲ လိုအပ်ပါတယ်။

စစ်တိုက်တာပဲဖြစ်ဖြစ်၊ ဆေးကုတာပဲဖြစ်ဖြစ်၊ လူဆိုတာ နားတဲ့အချိန်၊ အားဖြည့်တဲ့အချိန်လေးတစ်ခုတော့ လိုတာပဲ မဟုတ်လား။ နေ့တိုင်းသုံးတဲ့ ဖုန်းကလေးတွေတောင် သူ့အချိန်နဲ့သူ အားပြန်ဖြည့်ရပါတယ်။ ကိုယ်ဒီမှာ လူတစ်ယောက်တည်းနဲ့ ရှိသမျှအလုပ်တွေ အကုန်လုံး အလုပ်လုပ်လို့ဖြစ်အောင် သင်ယူနေရတယ် ဆိုတာ လူမရှိလို့ပါ။ နေရာတကာ ငါ အကုန်တတ်တယ်ဆိုပြီး တစ်မိုးလုံး ဖျောက်ဆိပ် လုပ်နေတာ မဟုတ်ပါဘူး။ သူ့ဟာနဲ့သူ တတ်ကျွမ်းတဲ့သူတွေလုက်ရင် ဘယ်လောက် စိတ်ချမ်းသာရသလဲ။ မမအိုဂျီတို့ ဆရာသွားတို့ ရောက်လာတာနဲ့ ကိုယ့်မှာ အဲ့ဒီအလုပ်တွေရဲ့ စိုးရိမ်ပူပန်မှုက ပျောက်သွားတာပဲ။ ဒါပေမယ့် ကိုယ်တို့ရဲ့ လုပ်နိုင်စွမ်း capacity ဟာ ကိုယ်တို့ဆေးရုံအတွင်းမှာပဲ ရှိတယ်။ community level တို့ battle field level တို့ ရောက်အောင် မဆင်းနိုင်ဘူး။

လှိုင်သာယာမှာတုန်းက ကိုယ် ဘယ်လိုတွေးခဲ့သလဲ သိလား။ သေနတ်ဒဏ်ရာနဲ့လူနာက ရာနဲ့ချီပြီး ဆေးရုံဝရောက်လာတယ်။ ဆရာဝန်တိုင်း ဆရာမတိုင်း ကိုယ့်မျက်စိအောက် ရောက်လာသမျှ လူနာကို triage လုပ်ပြီး ကိုယ့်နေရာနဲ့ကိုယ် အလုပ်လုပ်နေတယ်။ ကိုယ်က ဆာဂျင်ဖြစ်တဲ့အတွက် အကြီးလည်းဖြစ်တဲ့အတွက် ခွဲခန်းထဲရောက်သွားတယ်။ နေ့လည်မွန်းလွဲရောက်သည်ကနေ မိုးကြီးချုပ် ကာဖျူးချိန်ရောက်တဲ့ထိ major ၃ ယောက်ပဲ ပြီးတယ်။ ဆက်လုပ်ရင် မကုန်နိုင်ဘူး။ သူတို့က ဆေးရုံရှေ့မှာကို လာပစ်နေတုန်းပဲမို့လို့။ သေနတ်ပစ်တာမရပ်ပဲ ပစ်သမျှလူ ဆေးထိုင်ကုရတယ်ဆိုတာ အဓိပ္ပါယ်မှ မရှိတာ။ ဒါကြောင့် အဓိပ္ပါယ်ရှိတဲ့အလုပ်ကိုပဲ လုပ်မယ် လို့ ပြောခဲ့တယ်။ ပြောတဲ့အတိုင်းလည်း လုပ်ခဲ့တယ်။ ကိုယ်တတ်တဲ့အလုပ်ချည့်လုပ်တာ မဟုတ်ပါဘူး။ မတတ်တဲ့အလုပ်လည်း တတ်အောင်သင်ပြီး လုပ်နေတယ်။ မငြီးငြူပါဘူး။ ကိုယ်လက်လှမ်းမမီတဲ့အလုပ်ကလေးတွေ လုပ်မယ့်သူမရှိလို့ လစ်ဟင်းသွားမှာစိုးလို့ အမြင်မတော်တဲ့သူတွေ ကူနိုင်ကယ်နိုင်ရင်တော့ ကောင်းတာပေါ့။ ကူတဲ့သူရှိရင် နားရတယ်လေ။ ဟုတ်ဘူးလား။

အခုဆိုရင် ကိုယ်တို့စခန်းမှာ ကိုဗစ်တွေဖြစ်နေတာ ဆယ်ရက်လောက်ရှိပြီ။ ကူးနေတာလည်း လူကုန်တော့မယ်။ ကိုယ်ကိုယ်တိုင်နဲ့ ကလေး ၃ ယောက်ပဲ ကျန်တော့တယ်။ ဒါလည်း ဘယ်နေ့ ကူးမယ် မသိဘူး။ ကိုယ်တို့နားလိုက်လို့ ရွာထဲက လာမပြရင် ဆုံးသွားတဲ့ကလေးလေးလို စိတ်မကောင်းဖြစ်ရဦးမယ်။ မတတ်နိုင်ဘူး။ ၇ ရက်ပြည့်၊ ခွဲခန်းပြန်ဖွင့်ပြီးကတည်းက လူနာလာရင် လက်ခံခွဲပေးနေရတာပဲ။ ဒီနေ့ဆို ဓါတ်မှန်စမ်းတော့ မနက်ပိုင်း Foreign body ၂ ယောက် ထုတ်တယ်။ ညနေကျတော့ ၄ နှစ်သားလေးတစ်ယောက် အိမ်ပေါ်က ပြုတ်ကျလို့ ရောက်လာရော။ ပေါင်တံလေးက သစ်စိမ်းကျိုးကျိုး လို့။ ဓါတ်မှန်မှာလည်း မြင်တယ်။ Ortho surgeon ဆီ ဓါတ်ပုံပို့ အကြံဉာဏ်တောင်းပြီး သူပြောတဲ့အတိုင်း ကြပ်စည်းပေးရပြန်တယ်။ ဒီတိုင်းဆို ရွာစဉ်လည်ပြီး ၅ နှစ်အောက်ကလေးတွေ ကာကွယ်ဆေးလိုက်ထိုးပေးဖို့တော့ မဖြစ်နိုင်ဘူး ထင်တယ်နော။ CDM လုပ်ရင်း ဘယ်နားရောက်သွားမှန်းမသိတဲ့ ကျေးလက်ဆေးပေးခန်းတွေက ကျန်းမာရေးလုပ်သားအပေါင်းကို “ဟောဒီက MoH (NUG) အောက်မှာ အလုပ်ပြန်ဆင်းကြပါဗျိုး။” လို့ ခေါ်လိုက်ချင်တယ်။ “မမလီဆာ၊ လိုင်ဆာကိုရောက်ဖူးသလား။ ပြော။” လို့တော့ လာမမေးနဲ့ပေါ့။ ယူတို့ဆိုသည်မှာလည်း ဩဇီသွားမယ့် စစ်သားကြီးတွေနဲ့ နင်လားငါလား။

ဒီ့ထက်ပိုပြီး အရေးတကြီး မေတ္တာရပ်ခံချင်တာကတော့ မြန်မာပြည်အရပ်ရပ်က မိဘပြည်သူများကိုပါ။ ကျွန်တော်တို့ကို ကယ်ပါဦး၊ ကျွန်တော်တို့နဲ့ ပူးပေါင်းပါ၊ ကျွန်တော်တို့ကို ငဲ့ညှာပါ၊ ဘာတစ်ခုမှ မတောင်းဆိုပါဘူး။ နေနိုင်လိုက်တာ၊ နေစိမ့်လိုက်တာ၊ ဘာတစ်ခွန်းမှလည်း အပြစ်မတင်ပါဘူး။ ဒါပေမယ့် “ကိုယ့်အသက် ကိုယ့်မိသားစုအသက်ဟာ ကိုယ့်အသိဉာဏ်နဲ့ သတိတရားအပေါ်မှာ မူတည်ပါတယ်။ ဘယ်သူကမှ လာကာကွယ်ပေးမှာ မဟုတ်ဘူး” လို့တော့ သိစေချင်ပါတယ်။ စစ်သားတွေ ပြည်သူကိုအကြမ်းဖက်သတ်ဖြတ်နေတာ ၂ နှစ်ပြည့်လုပါပြီ။ ဒါကတော့ မသိစရာ အကြောင်းမရှိပါဘူး။ ရန်ကုန်မှာဆိုရင် မြောက်ဥက္ကလာ၊ လှိုင်သာယာ၊ ဒလ မှာ ကတည်းက တစ်ရက်တစ်ရက် ရာနဲ့ချီပြီး သတ်ဖြတ်နေတာ လူနာတွေ အလောင်းတွေ တောင်လိုပုံပြီး ကမ္ဘာပျက်မတတ်ပါပဲ။ ခုထက်ထိလည်း တစ်ရက်မနား သတ်ဖြတ်ဖမ်းဆီးနေတုန်း။ သူတို့ကိုတားဆီးဖို့ဆိုတာ ပါးစပ်ပြောကလေးနဲ့ တရားဟောလို့ မရနိုင်သလို ဘယ်သူကမှလည်း လာကယ်ပေးမှာ မဟုတ်ပါဘူး။ ဒါကြောင့် မနေနိုင်သူတွေ အသက်စွန့်ပြီး နှိမ်နှင်းတားဆီးဖို့ လုပ်နေရတာ။ဒီတစ်နည်းပဲ ရှိပါတယ်။ အသက်ရော ဘဝရော ရင်းရတဲ့အလုပ်ပါ။ ဝင်ကူပါ ဝင်တိုက်ပါ မတောင်းဆိုပေမယ့် လွတ်ရာကျွတ်ရာမှာ နေကြပါ လို့ သတိပေးလိုပါတယ်။ ခြိမ်းခြောက်တာ မဟုတ်ဘူး။ ဒီဘက်ကလူတွေက ပြည်သူကို ရန်မရှာဘူး။ သတ်ရင် အဲ့ဒီစစ်တပ်က သတ်မှာပါ။ လက်တွေ့မျက်မြင် သိချင်တယ်ဆို ကျိုက်ထီးရိုးဘုရား ဖြစ်စဉ်ကို ကြည့်။ စစ်သားတွေက သူတို့ဘေးနား ဗျောက်အိုးဖောက်ရင်တောင် စက်သေနတ်နဲ့ ဘေးပတ်ချာလည် လှည့်ရမ်းမယ့် စိတ်အခြေအနေရှိပါတယ်။ စစ်သားအစစ်တောင် ဟုတ်ချင်မှဟုတ်မယ်။ ဘယ်က ကလေကချေတွေ လက်ထဲ သေနတ်ထိုးထည့်ပြီး အစောင့်ထားမှန်း မသိတော့ဘူး။ စစ်ယူနီဖောင်းဝတ်ထားရင် ပိုမသင်္ကာစရာကောင်းတယ်။ ဘာလို့ဆိုတော့ စစ်သားအစစ်တွေအားလုံး အရပ်ဝတ်တွေနဲ့ပဲ လက်နက်ကိုင် ဖမ်းဆီးသတ်ဖြတ်တော့တယ်။ ဘယ်နေရာမှာဖြစ်ဖြစ် သူတို့ကိုထိရင် အနားက မည်းမည်းမြင်ရာလူကို ပစ်ခတ်ဖမ်းဆီး စစ်ဆေးနှိပ်စက်တယ်ဆိုတာလောက်တော့ မြို့ကြီးပြကြီးနေပြီး အထူအပါး နားလည်သင့်ပါတယ်။ “UG တွေ ဝင်မတိုက်ကြပါနဲ့လား။ PDF တွေ လက်နက်ချလိုက်ပါလား။” နဲ့ မြဝတီဇာတ်ညွှန်းတွေ ဖြစ်နိုင်မဖြစ်နိုင် ကိုယ့်အသိဉာဏ်နဲ့ကိုယ် ဝေဖန်သုံးသပ်ကြပါ။ ပြီးရင် ကိုယ့်အသက်ကိုယ်လည်း ကိုယ့်အသိဉာဏ်နဲ့ကိုယ် အန္တရာယ်ကင်းအောင်နေကြပါ။ သူတို့ကာကွယ်ပေးမယ့်စာရင်းထဲမှာ ခများတို့ ကျွန်တော်တို့ လုံးဝမပါတာ သေချာပါတယ်။ အဲ့ဒါကြောင့် ကိုယ့်ဘေးကိုယ် ကြည့်ရှောင်သောအားဖြင့် စစ်သား၊ ရဲသား၊ ပျူ၊ ဒလန် များနဲ့ ၆ ပေမက ခွါနေကြပါ လို့။ ကိုဗစ်ဖြစ်ရင် ချက်ချင်းမသေဘူး။ ကျည်ဆန်မှန်ရင် ပွဲချင်းပြီးမှာ။ ခုချိန်မှာ သူတို့နားသွားပြီး ရွှေရူပါဦး လုပ်ရင် ဓါတ်ပုံတွဲရိုက်တဲ့သူ မသေပဲ ရွှေရူပါဦးသေရမယ့် အလှည့် ဖြစ်သွားပြီ။ ကိုယ့်ဘာသာ ဝဝစား ဝေးဝေးနေ။ အဲ့ဒီမအေဘေးတွေနဲ့။ ရှင်းပြီလား။

တကယ်ဆို ကိုယ့်သားသမီးအရွယ်လေးတွေပါ။ ကိုယ့်သားသမီး သူငယ်ချင်းတွေတောင် ပါချင်ပါဦးမယ်။ လူကြီးတွေ မစွန့်နိုင်လို့ ကျောင်းသားလူငယ်လေးတွေ အသက်စွန့်တိုက်ပေးနေကြတာ။ ဘယ်သူ့အတွက်မှ မဟုတ်ဘူး။ ကိုယ့်အတွက်၊ ကိုယ့်တိုင်းပြည်အတွက်။ ဒီကလေးတွေ စစ်ဆင်ရေးပြီးတဲ့အခါ ပြေးပေါက်ကလေး ချန်ထားပေးပါ။ လွတ်လမ်းကလေး ဖွင့်ထားပေးပါ။ ရောနှောကွယ်ဝှက် ဖျောက်ဖျက်ပေးပါ။ ဘယ်သူက ဘယ်သူ့အတွက် လုပ်နေတာလို့ ကွဲကွဲပြားပြား နားလည်ပေးစေချင်ပါတယ်။ တော်လှန်ရေးမှာ ဒီအခြေအနေ ဒီအဆင့်တွေက မလွှံမရှောင်သာ ကျော်ဖြတ်ရတော့မယ့် အချိန်တွေ ရောက်လာပြီ။ သတိလေးနဲ့ အသိလေးနဲ့ ကိုယ့်ဘေးကိုယ် ကြည့်ရှောင်ကြပါ လို့ပဲ မှာချင်ပါတယ်။ သဗ္ဗေသတ္တာ အဝေရာဟောတုပါဗျ။