“သီတင်းကျွတ် ပွဲတော်ကြီး ပြီးတော့ တန်ဆောင်မုန်း တန်ဆောင်တိုင် ဆီမီးကမြိုင်” အဲ့သလိုသာ အချိန်တွေကို ရွှေ့ယူလိုက်ချင်တော့တာပဲ။ အခု သီတင်းကျွတ်ကပြီးပြီ။ မိုးက မပြီးသေးဘူး။ ရွာကောင်းတုန်းရယ်။ ခြိမ်းကလည်းခြိမ်း သွန်ကလည်းသွန်။ ချောင်းထဲ ရေချိုးနေရင်းမှာကို ရေတွေတိုးလာပြီး ကမ်းပေါ်လျှံတက်လာတယ်။ သင်္ကြန်ပြီးကတည်းက စရွာလိုက်တာ သီတင်းကျွတ်လပြည့်ကျော်တာတောင် ရွာကောင်းတုန်းဆိုတော့ ဒီနှစ်မိုးရာသီဟာ နှစ်တဝက်လောက်ကို ရှိတာပဲ။ အရင်နှစ်တွေကတော့ ဒီလောက် မိုးမကောင်းဘူး ပြောကြတယ်။ ပြင်ဦးလွင်၊ တာချီလိတ်၊ တောင်ပေါ်မြို့တွေတောင် မကြုံစဖူး မကြားစဖူး ရေတွေကြီးကုန်တဲ့နှစ်ပေါ့။ ဒီမိုးကြောင့်တော့ အောက်ပြည်အောက်ရွာမှာ ထူးပြီး စပါးကောင်းစရာ စပါးပျက်စရာ မရှိတော့ပါဘူး။ ရွာပါပျက်လို့ မီးလောင်ပြင်ဖြစ်ကုန်မှပဲဟာကို။ ကျီထဲရှိတဲ့စပါးပါ မီးပုံရှို့ကြတာ။
ဒီမှာတော့ စပါးခင်းတွေ ရင့်မှည့်ကုန်ပြီ။ ရှေ့လလောက်ဆို ရိတ်ကြသိမ်းကြရတော့မယ်။ မနှစ်တုန်းက အဲ့ဒီအချိန် ဆေးရုံဆောက်ဖို့ လာလာကြည့််တာ စပါးသိမ်းချိန်မို့ ပန်းရံ၊ လက်သမားတောင် ငှါးမရဘူးလေ။ ဒီနှစ်ကတော့ ဆေးရုံမှာ ပစ္စည်းကိရိယာ အစုံအလင်နဲ့ လာသမျှ ထိုင်ကုဖို့ပဲ စောင့်နေတော့တယ်။ ကိုယ်တို့အထဲက ကိုဗစ်ပိုးတွေ့တဲ့ကလေးတွေ အလုပ်ပြန်လုပ်နေပြီ။ အသစ်တစ်ယောက် ထပ်ကူးတယ်။ ခုထက်ထိတော့ နိုင်နိုင်နင်းနင်း ထိမ်းချုပ်ထားနိုင်တဲ့သဘောပဲ။ မိုးလေကင်းလို့ လမ်းတွေပွင့်ရင် အင်နဲ့အားနဲ့ အလုပ်လုပ်နိုင်ဖို့ အဆင်သင့်ဖြစ်နေပြီ။ စစ်ပွဲလူနာကတော့ မလာရလေ ပိုကောင်းလေပေါ့။ ဖြစ်လာခဲ့ရင်သာ အားကိုးစရာ ရှိတယ် လို့ အားမငယ်အောင် အသိပေးထားတာ။ အသစ်ရလာတဲ့ handheld C- arm X’ray လေး စမ်းကြည့်တယ်။ ပေါ့ပေါ့ပါးပါးနဲ့ အသုံးတည့်သားပဲ။ သွေးစစ်ဖို့ test kits တွေလည်း အများကြီး ရလာတယ်။ ဆေးတွေလည်း ထပ်မှာထားတာ တော်တော် စုံနေပြီ။ ကိုင်း လူနာပဲလိုတော့တယ်။ လူနာ။ လာကြစမ်းဗျာ။ ကုဖို့အသင့်ပဲ။
ဒီဘက်ကရွာတွေမှာတော့ သီတင်းကျွတ်အပြီးဆို ကျောင်းတက်ကြတယ်။ စာသင်ကျောင်း ပြောတာ မဟုတ်ဘူး။ တစ်ရွာလုံးစုပြီး ဘုန်းကြီးကျောင်း သွားကန်တော့ကြတာကို ပြောတာ။ လပြည့်နေ့မှာ ကိုယ့်ရွာကျောင်း ကိုယ်ကန်တော့ပြီး လပြည့်ကျော်တဲ့အခါ သူ့ရက်နဲ့သူ ရွာနားဝန်းကျင်က ကျောင်းတွေကို လိုက်ကန်တော့ကြတယ်။ အဲ့ဒီရွာတွေကလည်း ကိုယ့်ဆီကို လာကန်တော့တယ်။ သူ့ရက်နဲ့သူ သူ့အလှည့်နဲ့သူ ရက်သပ်ထားမှ သွားရေးလာရေး၊ ဧည့်ခံကျွေးမွေးရေး အဆင်ပြေတာ။ ဒါကြောင့်မို့ ဘုန်းကြီးကျောင်းတွေမှာ ဥပုသ်ဇရပ်ဆောင် ၂ ဆောင် ၃ ဆောင် ဆောက်ပြီး အိမ်သာ၊ ရေ၊ မီး ပြည့်စုံအောင် စီစဉ်ထားကြတာ။ ရှမ်းရွာတွေဆိုတော့ ရှမ်းဓလေ့နဲ့ပဲလေ။ နောက်လလောက်ဆို ရွာပြင်ပတ်လည် မုန်ညင်းခင်းတွေ စိမ်းနေအောင် စိုက်ကြတော့မယ်။ ဒီရွာက ပဲဆီနှမ်းဆီ မစားဘူး။ မုန်ညင်းဆီပဲ စားကြသတဲ့။ ဆန်ကတော့ သူတို့စိုက်တဲ့ စပါးကို ကြိတ်တာ။ ချင်းဒုံး လို့ ခေါ်တယ်။ ချက်စားလို့ မကောင်းဘူး။ ပေါင်းချောင်နဲ့ ပေါင်းစားမှ ကောင်းတယ်။
ဒီအရပ် ဒီပတ်ဝန်းကျင်မှာ မြွေတွေ အဲ့သလောက်တောင် ပေါတယ်ဆိုပေမယ့် မြွေကိုက်လူနာကတော့ မနှစ်က တစ်နှစ်လုံးမှာ တစ်ယောက်ပဲ လာတယ်။ အဆိပ်မသင့်ဘူး။ မြွေတွေက ဆေးရုံဝင်းထဲမှာ ပိုပေါတယ်။ ခြုံတွေထူပြီး လူသူအရောက်အပေါက် နည်းလို့။ ဖားတွေကလည်း သူတို့အတွက် စားမကုန်အောင်ပေါတာကိုး။ ဖားတွေစားဖို့ အင်းဆက်အကောင်ပလောင်ကလည်း ဒီအထဲမှာပဲ ပေါလေတယ်။ ဒီရွာဝန်းကျင်မှာ ရွှေမတူးဘူး။ ဒါကြောင့် မြေဆီလွှာတွေလည်း မပျက်စီးဘူး။
ဆယ်ဇင်းဘက်ကတော့ ပထဝီမြေလွှာတွေ ကျွမ်းသဒ္ဒါလန်ကုန်အောင် ဘူဒိုဇာနဲ့ ထိုးကော်ထားတာလေ။ ပြီးရင် မြေစာပုံနဲ့ မုံကျင်းကြီးတွေပဲ ကျန်တယ်။ ဘာအပင်မှ ပြန်မပေါက်နိုင်တော့ဘူး။ အဲ့ဒီဘက်ကို ရောက်သွားရင် ကိုယ်တို့ဆို ပြန်မထွက်တတ်တော့ဘူး။ ဝင်္ကပါထဲကို ရောက်သွားသလိုပဲ။ လမ်းရယ်လို့လည်း မရှိဘူးလေ။ မြေညီရာနင်းမောင်းကြတာ။ ရှေ့နောက် ဘယ်ညာ ဘယ်နေရာကြည့်ကြည့် နှစ်မျိုးပဲ တွေ့ရမယ်။ မြေစာပုံ နဲ့ မုံကျင်း။ ဥရုချောင်းအစပ်ဆီမှာဆို ချောင်းကြမ်းပြင်က စုပ်တင်ပြီး ကျင်တဲ့ ရေမျှောတွေ တန်းစီနေတယ်။ သူတို့ကောင်းမှုကြောင့် ဥရုချောင်းရေဟာ လက်ဘက်ရည်ကျဆိမ့်အရောင် ပေါက်နေတာ။
ဆယ်ဇင်းမီးလောင်တော့ မျှောတွေအားလုံးရပ်သွားတယ်။ ဘယ်သူ့ကိုမှ ဆက်ကြေးမပေးနိုင်တော့ဘူး။ စစ်တပ်ကတော့ ဆယ်ဇင်းထဲမှာ ခြေကုပ်ယူလိုက်တယ်။ overdose နဲ့ ဒုဗိုလ်မှူးကြီးအပါ ၅ ကောင် ဂိသွားတဲ့ ဘုရားငါးဆူဘက်မှာ အထိုင်တပ်ဆွယ် ရှိတယ်။ ရဲစခန်းထဲမှာ ဗိုလ်ကြီးတစ်ကောင် ထိုင်ပြီး စခန်းမှူးနဲ့ ရဲသားတွေကို ထိုင် ကြပ်တယ်။ ဆယ်ဇင်းက ရဲတပ်သားတွေက ရေခန်းလို့ ဟိုပင် မိုးညှင်းထိ ထွက်ထွက်ပြီး ဖန်တီးရှာဖွေကြရတယ်။ လတ်တလော သူတို့ခွင်တွေ့နေတာကတော့ ရွာထဲက မီးမလောင်ပဲ ကျန်တဲ့အိမ်တွေ ပစ္စည်းလာသယ်တာပါ။ ရဲစခန်းထဲက ဗိုလ်ကြီးခွင့်ပြုမိန့်နဲ့မှ ဝင်ခွင့်ပြုတယ်။ လူတစ်ယောက်တစ်ခေါက်ဝင် ၅၀၀၀၀ ပေးရတယ်။ ရွာဘေးပတ်လည်က ဖောက်သည်တွေလည်း အဲ့လိုပဲ ပေးကမ်းပြီး လိုချင်တာ ဖောက်ယူနေကြတော့ ကိုယ့်ပစ္စည်းကို ပေးကမ်းသယ်ရွှေ့ထားနိုင်မှ တက်တက်မပြောင်မှာလေ။ သူခိုး နဲ့ စစ်သားနဲ့ဆိုတာ နေ့တိုင်း ဝင်ထွက်ပေးကမ်းနေလို့ အစစ်အမေး မရှိပဲ မျက်စိအောက်ကတင် သယ်သွားတာ မြင်နေသားပဲ။ အိမ်ရှင်က ကိုယ့်ပစ္စည်းကိုသယ်တာကျမှ စိမ်ပြေနပြေ ထိုင်ရစ်ပြီး ပိုက်ဆံတောင်းတော့တာ။ ဒါ ၅၀၀၀၀ နဲ့ မဆိုင်ဘူး။ သယ်လာတဲ့ပစ္စည်းကို လှန်လှောကြေးဖြတ်ပြီး ဂိတ်စောင့်က တောင်းတဲ့ ပိုက်ဆံ။ ဒါကတော့ ဆယ်ဇင်းထဲ ငုတ်တုတ်ထိုင်ပြီး ရှာဖွေစားကြတာပေါ့။ ရွာထဲမှာအိမ်ရှိတဲ့ သူဌေးတွေဆီ ဖုန်းဆက်ပြီး “နက်ဖြန်မနက် ကြက် ၅ ကောင်လာပေး။” တို့ “ဝက်သား ၃ ပိဿာပို့ပေး။” တို့ ရိက္ခာဆင့်တာက ရှိသေး။
ရှမ်းနီတွေကတော့ စစ်ကိုင်းဘက်ခြမ်းမှာ ရိက္ခာမဆင့်ပဲ လူဆင့်ပါတယ်ဗျ။ “မနေချင်ဘူး ပြောင်းမယ်ဆိုရင် ရှိသမျှပစ္စည်း ထားခဲ့ပြီး အခုချက်ချင်း ရွာကထွက်ပါ။” တဲ့။ ကျန်ခဲ့သမျှ ပိုင်ဆိုင်မှုအားလုံး သူတို့သိမ်းယူပါမယ်တဲ့။ နေမယ်ဆိုရင်တော့ SNA ထဲကို စစ်သားစုဆောင်းဖို့အတွက် တစ်အိမ်တစ်ယောက် မဝင်မနေရ လို့ ဆိုပါတယ်။ ကိုယ့်အိမ်မှာ လိုက်စရာလူမရှိရင် လူငှါးထည့်ပေးရမတဲ့။ လူငှါးကြေးက စစ်သားတစ်ယောက် ၁၂၅ သိန်း ပေါက်ပါတယ်။ KIA ဘက်ကတော့ ရယ်နေကြလေရဲ့။ “ရှမ်းနီအချင်းချင်းဆိုပြီး SNA ကို သွားပင့်လာတာ။ ခံကြပေါ့။” လို့ ဆိုပါတယ်။ တကယ်တော့ ဘယ်သူက အလကားနေရင်း လက်နက်ကိုင်တွေသွားပင့်ပါ့မလဲ။ သူတို့ဟာသူတို့ အတင်းဝင်လာတာပါ။ အခုမှပဲ ဗမာစစ်တပ်၊ ကချင်စစ်တပ် ကို မတော်လှန်ခင် ရှမ်းနီစစ်တပ် (SNA) ကို တော်လှန်ဖို့ ရှမ်းနီလူငယ်တွေ လက်နက်ထပ်ကိုင်ရတော့မလို ဖြစ်နေပြီ။ ဘာလို့ဆိုတော့ ရှမ်းနီလက်နက်ကိုင်တွေဟာ အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ရှမ်းနီအမျိုးသားတွေကို နှိပ်စက်နေတာကိုး။ လူချင်းသိရင် ပိုတောင် ရွံစရာကောင်းသေး။ ဘိန်းစားတွေ ဘိန်းအရောင်းအဝယ် လုပ်တဲ့သူတွေဗျ။ ယွက်ဆစ်ဆီက လာတဲ့သူဆိုတော့ ဒါတွေပဲ လာစရာ ရှိတာပေါ့လေ။
ဆယ်ဇင်းမှာ ရွာပျက်သွားတော့ မျှောတွေမှာ ရွှေတူးနေတဲ့ ယန္တရားတွေဟာ အင်းတော်ကြီးဘက်က မက်မုံကိုင် တို့ မိုင်းနောင်တို့ ဘက်မှာ လာတူးကုန်ကြပါလေရော။ အမှန်တော့ ကျောက်တူးတာရော၊ ရွှေတူးတာရော၊ သစ်ခုတ်တာရောဟာ တရားဝင်ခွင့်ပြုမိန့်နဲ့ လုပ်တာတော့ ဘယ်ဟုတ်မလဲ။ တောထဲမို့လို့ ဥပဒေလက်တံ လက်လှမ်းမမီတဲ့အရပ်မှာ တရားမဝင် ခိုးလုပ်နေတာ လို့ ပြောရမယ် ထင်ပါတယ်။ အောင်တဲ့သူတွေရှိသလို မွဲတဲ့သူတွေလည်း တပုံကြီး။ အောင်လာတဲ့အခါကျမှ ပေးကမ်းပေါင်းသင်းပြီး ဘောင်ဝင်အောင် လုပ်လိုက်လည်း ရတာကိုး။ ဒါကြောင့် ဒီအရပ်ကလူတွေဟာ အပေးအကမ်းလည်း ရက်ရောသလောက် တော်ရုံလူဆိုလည်း အိပ်ထဲကောက်ထည့်ထားနိုင်ကြတယ်။ ခုတခေါက် သူတို့ပြောင်းတဲ့ စားကျက်သစ်က မြို့ပေါ်နဲ့ သိပ်နီးပြီး ကားလမ်းနံဘေးမှာ ကျလို့ ထင်ပါရဲ့။ စကစ က စက်တွေ အကုန်လုံး လာသိမ်းသွားတယ် ပြောတယ်။ ခုထက်ထိတော့ အလျော့အတင်း ညှိကြဆစ်ကြတုန်း။
စစ်ပွဲသတင်း အနေနဲ့ကတော့ ကချင်ပြည်နယ်ထဲမှာ ထပ်မဖြစ်တော့ပဲ နမ့်စီးအောင်နယ်စပ်ဂိတ်အောက်ဘက် မော်လူး၊ မော်ဟန်၊ အင်းတော် နားဆီမှာ မကြာခဏ နဲ့ အဆက်မပြတ် ဆိုသလို ဖြစ်နေဆဲပါပဲ။ လေယာဉ်တွေလည်း အဲ့ဒီဘက်လာတယ်။ ဒီဘက်တော့ မလာ။ ကချင်ပြည်နယ်မှာ တစ်နှစ်ကျော် နေလာခဲ့ပြီးတဲ့ ကိုယ့်အတွေ့အကြုံအရ သုံးသပ်ရမယ်ဆိုရင် စကစ ဟာ KIA ကို တေ့တေ့ဆိုင်ဆိုင် မတိုက်ရဲဘူး။ KPDF ကိုပဲ အဓိကတိုက်တာ။ သူ့ဘက်က အထိနာပြီဆိုမှ KIA တပ်စခန်းတွေရှိရာကို လေယာဉ်နဲ့ ဗုံးသွားကျဲတယ်။ ဒီလောက်ပဲ။ ဆယ်ဇင်းမှာ တိုက်ပွဲဖြစ်တော့ ရှမ်းနီနဲ့ပေါင်းပြီး KPDF ကိုဆော်တယ်။ ရပ်ရွာကိုဆော်တယ်။ ဆယ်ဇင်းဘေးနား ၁၅ မိနစ်လောက် ဆိုင်ကယ်နဲ့သွားရင်ရောက်နေတဲ့ KIA စခန်းတွေကို လက်ဖျားနဲ့တောင် တို့မသွားဘူး။ တစ်လကိုးသီတင်းစစ်တိုက်တာ KIA ဘက်က ဘယ်နှစ်ယောက်သေတယ်မှတ်လဲ။ တစ်ယောက်ဗျာ။ တစ်ယောက်။ ဒါတောင် လေယာဉ်ပေါ်က လက်နက်ကြီး ဒဲ့ကျလို့ သေတာ။ နို့မို့ မသေဘူး။ သူတို့ချင်းကျတော့ “ယောက်ဖရေ ဥုံဖွ။” ဆို ဗီဒီယိုကားထဲ ဒချိဒချိ လုပ်သလို ဟန်ပြကလေး ဖိုက်ပြီး အရပ်သားတွေကျမှ အမုန်းကျွေးတာ။ ရွာကိုပျက်ရောပဲ။
KIA က ဗိုလ်ချုပ်ဂွမ်မော် နဲ့ မင်းအောင်လှိုင် အကြားမှာ တစုံတရာ ညှိနိုင်းမှု ကတိကဝတ် ရှိထားသလား အောင့်မေ့ရတယ်။ တစ်ယောက်နဲ့တစ်ယောက် တိုက်ရိုက်ထိတွေ့မှုတွေ မပါပဲ proxy နဲ့ ကစားနေကြတာ။ စကစဘက်က SNA နဲ့ BGF တွေကို သုံးတယ်။ KIA ဘက်က KPDF ကို သုံးတယ်။ နှစ်ဘက်စလုံးက နောက်ကွယ်က ကူတိုက်ပေးသော်ငြား အချင်းချင်းကျ လက်ရှောင်တယ်။ သူများတွေပြောသလို တရုတ်က EAO တွေကို proxy ထားပြီးကစားတဲ့အဆင့်တောင် မရောက်ဘူး။ ကချင်မှာ ဖမ်းပြီသတ်ပြီဆို မေးစရာမလိုဘူး။ NLD က ရွေးကောက်ခံကိုယ်စားလှယ် မဟုတ်ရင် PDF မို့လို့ပဲ။ KIA/ KIO ကလူဆို မြစ်ကြီးနားမြို့ပေါ် တစ်ယောက်တည်းသွားလာနေရင်တောင် အစစ်အမေး အဖမ်းအဆီး မလုပ်ရဲဘူး။ အရပ်သားတွေ ဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ စုပေါင်းစစ်ဆေးရေးဂိတ်တွေမှာ KIA တွေကို ဖမ်းမိသွားတယ်ဆိုတာ ဘယ်တုန်းကမှ မကြားဖူးတဲ့ ဟာသပဲ။
KIA ဘက်ကလည်း သူတို့ဘက်က လုပ်ကြံချင်သပဆို တိုင်းမှူးတောင် လောင်ချာနဲ့ ထုဖူးတာပဲကို။ မလုပ်ရဲလို့ မလုပ်နိုင်လို့ မဟုတ်ဘူး။ မလုပ်ချင်လို့ကို မလုပ်တာ။ KIA/KIO ရဲ့ သဘောထားဟာ စစ်ကောင်စီကို မထောက်ခံဘူးဆိုတာတော့ အတိအလင်း ပြောထားတယ်။ NUG ကို အကူအညီပေးမယ်။ တိုက်တာတော့ ကိုယ့်ဘာသာတိုက်ယူရမယ်။ နိုင်တဲ့သူမှ သူတို့နဲ့ ဆက်ဆွေးနွေး ညှိနှိုင်းကြတာပေါ့ ဆိုတဲ့ သဘောမျိုး။ မင်းတို့အောက်ခြေအသင်းတွေ ကန်ပြီးမှ နိုင်တဲ့ကောင် ငါနဲ့တွေ့မှာပါ ဆို ချေနေတာ။ ဟုတ်တာပေါ့လေ။ သူကသင်ပေးထားတဲ့ AA ကိုတောင် လက်ရည်တူမတိုက်နိုင်ပဲနဲ့ ဗိုလ်လုပွဲတန်းတက်လို့ ရမလား။ အာဏာသိမ်းထားလျက်နဲ့တောင် အစိုးရဖြစ်အောင် မအုပ်ချုပ်နိုင်တဲ့သူ၊ ဆွေးနွေးဖို့ဖိတ်ခေါ်ရင် လက်နက်ချပြီးသား အစွယ်ကျိုးတွေကပဲ အဖက်လုပ်ခံရတဲ့ကောင်၊ ဒေသတွင်းရော တကမ္ဘာလုံးကပါ ပစ်ပယ်ထားတဲ့ ချေးထုပ်ကြီး။ ဘက်မတူလို့ တက်လူနဲ့ အရင် ပေးထိုးထားတယ် ဆိုတဲ့ သဘော။
NUG ပညာရေးကွန်ယက်က ကျောင်းမို့လို့ လက်ယက်ကုန်းက ကလေးတွေကို လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်တဲ့ မြန်မာစစ်တပ်ကြီးဟာ KIO က ပညာရေးမြို့တော်လုပ်ပြီး တက္ကသိုလ်တောင် ဖွင့်ထားတဲ့ အန်ဂျားယန်ကိုတော့ လောက်လေးနဲ့တောင် လှမ်းမပစ်ရဲတာ ငြင်းလို့မရတဲ့ အမှန်တရားပါပဲ။ လိုင်ဆာကို ဗုံးတစ်လုံးကျရင် နေပြည်တော်မှာ ဌာနချုပ်လုပ်မယ် ဆိုတဲ့စကားကို သူ တကယ် ကြောက်ရှာတာကိုး။ ကြံဖန်တွေးရင်တော့ နိုင်တဲ့မြင်းကို လောင်းမိပြီ လို့ အောင့်မေ့ရမှာပဲ။ KIA / KIO ကို အတိအလင်း စစ်မျက်နှာမဖွင့်သေးသ၍ ကိုယ်တို့ဆေးရုံကလေး အေးအေးချမ်းချမ်း ဆေးကုလို့ ရဦးမယ်။ ဟုတ်တယ်မှလား။ ကရင်မှာ ကယားမှာ ဆေးတပ်ဖွဲ့တွေ ပြေးနေရှောင်နေရပြီ။ ကိုယ်တို့ဆီမှာ အေးချမ်းနေသေးတာ ကံကြမ္မာက ကိုယ့်ဘက်ပါလို့။ KIA လည်း ကိုယ့်ဘက်ပါနေလို့။ တော်လှန်ရေးကြီးလည်း ကိုယ့်ဘက်ပါလာဖို့ ဆက်ရုန်းရုံပဲ ရှိတော့တာပေါ့လေ။