ရာသီပြောင်းချိန် ရောက်ပြန်ပြီလေ။ မနက်ခင်းစောစောဆို အေးလို့ စောင်ကလေးခြုံရတယ်။ နေ့လည်နေစောင်းလောက်ဆို ပူလိုက်တာမှ ချွေးပြိုက်ပြိုက်ကျရော။ မိုးက မေ့လောက်ရှိမှ တစ်ခါရွာတယ်။ ရွာရင်လည်း ဆိုင်းတွေဗုံတွေ ဆင့်မနေတော့ဘူး။ ဒီနေ့ ခွဲခန်းထဲလူနာသွင်းတော့ ပူပူလောင်လောင် ဖုံတသောသောနဲ့ လမ်းကလေးပေါ်ဖြတ်ခေါ်သွားတာ။ ခွဲနေတုန်း မိုးတွေသည်းချလာရော။ ခွဲခန်းလည်းအပြီး၊ မိုးလည်းအတိတ်။ ဆေးရုံရှေ့က လမ်းလေးလည်း ဗွက်ပြန်ပေါက်သွားလေရဲ့။
ချောင်းရေကြည်သွားပြီ။ တိမ်လာပြီ။ ခြင် နဲ့ ဖြုတ်တော့ ပေါလာပြီ။ ဆိုင်ကယ်လမ်းလေး ပြန်ကောင်းလာပြီ။ ဆီဈေးကြီးတော့ ကယ်ရီခတွေတော့ ဈေးမကျသေးဘူး။ ဆယ်ဇင်းရွာပျက်သွားပြီဆိုတော့ လိုင်းကားတွေ အရင်လို ဝင်လာမှာ မဟုတ်တော့ဘူး။ ဖားကန့်သွားချင် ဝေခါလမ်းဘက်က ညောင်ပင်ဘက်ကပဲ တက်ကြလိမ့်မယ်။ မီးထဲမပါတဲ့အိမ်တွေကတော့ ရွာပြန်ပြီး အိမ်အခြေအနေလေးတွေ ကြည့်ကြတယ်။ ဘာမှတော့ ရစရာ မကျန်တော့ပါဘူး။ ယူလို့ရသမျှ အကုန်ဖောက်ယူထားကြပြီ။
ဒီဘက်တကြောမှာ ဖားကန့်၊ စိုင်းတောင်၊ ဆယ်ဇင်း က အကွက်အကွင်းကောင်းတယ်။ အချက်အချာကျတယ်။ အရင်ကလည်း မီးလောင်ဖူးကြပေမယ့် ခဏလေးနဲ့ ပြန်ပြန်စည်လာပါတယ်။ သို့သော် ဒီတစ်ခါ ဆယ်ဇင်းမီးလောင်တာက ပြန်စည်လာနိုင်ပါ့မလား လို့ စဉ်းစားစရာပဲ။ စိတ်နာစရာကောင်းတယ်လေ။ အရပ်တပါးကို ပြောင်းရွှေ့ထူထောင်ဖို့ပဲ စဉ်းစားကြတယ်။ အခုတောင် မနက်ခင်း မိုးညှင်းမှာ ဈေးဝယ်ထွက်ကြည့်ပါလား။ ဆယ်ဇင်းကလူတွေချည့် တွေ့ရလိမ့်မယ်။ စီးပွါးရေးတွေ ပြန်စဖို့ စားကျက်သစ် ရှာနေကြပြီ။
မနှစ်ကတုန်းက ဒီလိုအချိန်မှာ ဆီမီးမျှောဖို့ မီးပုံးကလေးတွေခေါက်နေတုန်းကတော့ ဒီလိုဖြစ်လာမယ်မှန်း ဘယ်သိကြမလဲ။ ကိုဗစ်ကအပြီး၊ သီတင်းက အကျွတ်၊ ဆရာတို့လည်း ပြန်တော့မှာဆိုတော့ နှုတ်ဆက်ပွဲတွေ လုပ်ကြတာလေ။ ထမင်းဖိတ်ကျွေးတာ တစ်အိမ်ပြီးတစ်အိမ်။ ညကျရင် သီချင်းတွေ သွားဆိုတဲ့ “ပြည်စံဟိန်း” ကလေးတောင် မုံရွာမှာပဲ အသစ်ပြန်ဖွင့်တော့မယ်တဲ့။ သူတပါးအသက်အိုးအိမ်စည်းစိမ်ကို ဖျက်လိုဖျက်စီးလုပ်တဲ့သူတွေ တူသောအကျိုး ပေးနေကြတာတော့ မြင်နေရပါပြီ။ သူများဖျက်စီးသွားတဲ့ ကိုယ့်ရှိစုမဲ့စုကလေး လက်ငုတ်အသစ်ထွက်ဖို့သာ မနည်းကြိုးစားနေရတာ။
ဒီနှစ်တော့ ရွာကပျက်ပြီး ကလေးတွေလည်း တနေရာစီ ကစဉ့်ကလျား စစ်ရှောင်သွားကြပြီ။ တစ်ယောက်မှ အသေအပျောက် အထိအခိုက် မရှိလို့ တော်သေးတာပေါ့။ ခက်ခဲကြပ်တည်းစွာ ရုန်းကန်ကြရဦးမှာမို့ စိတ်တော့မကောင်းဘူး။ ဆေးရုံတော့ လမ်းကြုံရင် ဝင်လာလည်ကြတယ်။ သူတို့နဲ့တွေ့မှ သတင်းပလင်းလေး မေးရတာ။ အများစုက ဆယ်တန်းအောင်ထားတဲ့သူ၊ တက္ကသိုလ်တက်နေရင်းတန်းလန်းနဲ့သူတွေပါ။ ကိုဗစ် တစ်နှစ် ကြင်စိုးတစ်နှစ်နဲ့ လမ်းပျောက်နေပါတယ်ဆိုမှ သေခြင်းဆိုးကြီးတွေ ရွာပါမီးတိုက်သွားလို့ ဥစ္စာစည်းစိမ်ပါ ပျောက်သွားရတယ်။ တနိုင်ငံလုံးက ကျောင်းသားလူငယ်လေးတွေနဲ့အတူတူပေါ့လေ။ အနာဂတ်တွေ ပျောက်သွားတာ ခုထက်ထိ ပြန်မရကြသေးဘူး။
အစကတည်းက ဆယ်ဇင်းဆိုတာ ဓါးမဦးချ တောင်သူလုပ်ကိုင်စားသောက်ကြတဲ့ ရပ်ရွာမဟုတ်ပဲ ရွှေတူးတဲ့ မျှောကျင်းတွေပေါ် အခြေပြု ရပ်ရွာတည်ထောင်ထားတာမို့လို့ ဒီနေရာမှာ မစည်တော့ရင်လည်း တခြား ရွှေအထွက်ကောင်းတဲ့ ရေမြေရှိရာ ပြောင်းရွှေ့အခြေချလိုက်ရင် ဖြစ်တာပါပဲ။ ခြံစည်းရိုး ပုဏ္ဏရိပ်ခြုံကလေးများလို သည်ဘက်က ကိုက်ပလိုက်လည်း ဟိုတစ်ဘက်တိုးထွက်လို့ ရတယ် မဟုတ်လား။ မြန်မာတစ်ပြည်လုံး ပျက်သွားတဲ့ ရပ်ရွာတွေ နည်းနည်းနောနောမှ မဟုတ်တာ။ ရေနောက်တုန်း ခြေရာပျောက်လှ ခဏပေါ့။ နောက် ရေကြည်ရင် မြက်ပြန်နုလာလိမ့်မယ်။ ဆယ်ဇင်းတစ်ရွာလုံး တော်လှန်ရေးအသိဝင်သွားတာ အမြတ်ပဲ။ ဘယ်အကောင်က ခွေးသူတောင်းစားလဲဆိုတာ အခုတော့ သိကုန်ကြပြီ မဟုတ်လား။
လ တစ်လ ဆန်းပြန်ပြီဆိုတော့ ကုန်လွန်ခဲ့သော ရက် ၃၀ ကို စာရင်းချုပ်ရပြန်ပါတယ်။ ဆေးရုံတက်လူနာဦးရေ မသိမသာ တိုးလာတယ်။ တိုက်ပွဲတွေ မရှိတော့ပေမယ့်လည်း ခွဲခန်းထဲဝင်ရတဲ့ လူနာ သိသိသာသာ လျော့မသွားဘူး။ နေ့စဉ်လာပြတဲ့ ပြင်ပလူနာဦးရေ တော်တော်ကလေး တက်လာပြီ။ သဘောကတော့ ဆေးတွေ မြန်မြန် ထပ်မှာ ထားဦး လို့ သတိပေးနေတာပေါ့။ မြို့ပေါ်ကလူနာတွေ လာလာခွဲကြပြီဆိုတော့ အရင်ကထက် coverage area ပိုကျယ်လာတယ် လို့ ဆိုရမယ်။ သီတင်းဝါလကျွတ်လို့ သွားလမ်းလာလမ်း သာတဲ့အချိန်ကျရင် လူနာဆောင်တစ်ဆောင် ထပ်ချဲ့ရဖို့ ရှိတယ်။ အခုတော့ လောက်သေးတယ်။ ကိစ္စမရှိ။
မုတ်သုန်ဟာ ကုန်သလောက် ရှိနေပါပြီလေ။ မိုးအကြွင်း လေအကြွင်းလေးသာ ဟိုနားသည်နားဆီ ကျန်ရစ်တာ။ မကြာခင်မှာ မြောက်ပြန်လေတွေ ဝင်လာတော့မှာ ဘယ်သူမှ သံသယ မရှိတော့ပါဘူး။ အနွေးထည်လေးတွေ ပြန်လျှော်ထားရမယ့်အချိန် ရောက်ပြီ မဟုတ်လား။ ကိုယ့်မတော့ ကြွက်တွေကိုက်သွားလို့ လျှော်စရာမလိုတော့ဘူး။ အသစ်ဝယ်ဝတ်စရာတောင် မလိုတော့ပဲ နွေးနွေးထွေးထွေး ကိုယ့်နေရပ်ဆီ ဆောင်းအမီ ပြန်ရောက်သွားတာလည်း ဖြစ်နိုင်ပါသေးတယ်ဗျ။ နိုင်ငံရေးလေကြောင်းကလည်း ပြောင်းလဲသွားခဲ့ပြီ မဟုတ်ဘူးလား။
မနှစ်ကတုန်းက မြို့ကြီးသားတွေ ဟောသည်အရပ်ဆီလာရင် ဦးထုပ်ကလေးဆောင်းလို့၊ အဝတ်ဟောင်းလေးဝတ်လို့၊ ကွမ်းတွေပလုပ်ပလောင်းဝါးပြီး ဂိတ်တွေမှာ ဆေးလိပ်ကမ်း ကွမ်းကမ်း၊ ဆင်ကလေးဖမ်းခိုင်းပြီး ဖြတ်ရတာ။ “မှတ်ပုံတင်ပြစမ်း။” ဆိုရင် “ဒီမှာပါ အကို။” ဆို ရိုရိုသေသေ ဖြတ်ကနဲပြပြီး ပြန်ဖွက်ပစ်ရတာ။ အခု အဲ့ဒီအလုပ်တွေအားလုံး စစ်ဗိုလ်စစ်သားတွေ လုပ်နေကြရပြီ။ စစ်ဗိုလ်တစ်ယောက်တစ်ယောက် မှတ်ပုံတင်ချည့်ပဲ ၃ ခုလောက် လုပ်ကိုင်ထားကြတယ်။ ယူနီဖောင်းနဲ့ တစ်ယောက်တည်းဆို တပ်ပြင်တောင် မထွက်ရဲဘူး။ အရပ်ဝတ်နဲ့ သိမ်ကြီးဈေးရှေ့ ကွမ်းယာထွက်ဝယ်လို့တောင် မရတာ စစ်သားအားလုံး သဘောပေါက်သွားပြီ။ ရှင်မောဂ္ဂလန်နောက် ငရဲမီးလိုက်တယ်ဆိုတာ ကောင်းကင်ထိ ရောက်မရောက် မသိဘူး။ တကကစရနောက်တော့ ကျည်ဆန်ကလိုက်လာတာ လေယာဉ်ပျံပေါ်ကို ရောက်ကရော။ အောက်ကကြည့်နေတဲ့ မင်းဇော်ဦး ကြောက်ချေးပန်းတာ BBC အထိတောင် တက်စင်တယ်။ ဟေမန်ပြောင်းလို့ လေပြန်လောင်းခဲ့ပြီလို့ ပြောလို့ရတယ် မဟုတ်လား။
နဂိုတုန်းကတော့ တောင်လေတိုက်ကောင်းနေတုန်းမို့ပါ။ နီးရာဓါးကြောက်ရလို့ မလွန်ဆန်နိုင်တဲ့အတွက်ကြောင့်ပါ နဲ့။ မတရားမှန်း၊ အမှားမှန်း သိပေမယ့် ကိုယ့်အကျိုးစီးပွါး ထိခိုက်မှာစိုးတဲ့အတွက်ကြောင့် မချစ်သော်လည်း အောင့်ကာ Non ခဲ့ရပါတယ်ဆိုတဲ့သူတွေ။ အခုအချိန်မှာ ပြန်စဉ်းစားသင့်ပြီနော်။ အခု ဘယ်ဓါးကို ကြောက်ပြီး ဘယ်သူ့အောက်ကို ခိုဝင်ရမယ့်အချိန်လဲ။ နားလည်ရဲ့လား။ “အိုကွယ် အဘတို့က အငြိမ်းစားယူပြီးသားတွေပါ” လို့ ဥပါယ်တမျှင် နဲ့ ဆင်ဝှေ့ရန်ရှောင် လာမလုပ်နဲ့။ သေတာတောင် မယားကလွဲလို့ ငိုသူမရှိ။ ဟဟတစ်သိန်း ဘဘ(ငြိမ်း) ဘဝ ရောက်သွားမယ်။
သေမယ့်နှစ်မှ စစ်ထဲလိုက်တယ် ဆိုတဲ့စကား ကြားဖူးသလား။ အဲ့ဒါ အခုအချိန်ကို ပြောတာလေ။ သေချင်ရင် စိန်မစားနဲ့။ “ကျနော် စစ်သားပါဗျ။” လို့ ပြောပြောပြီး ရွာရိုးလျှောက်ကြည့်။ နိဗ္ဗာန်မဂ်ဖိုလ်ကို ရက်တိုတို နဲ့ ရောက်သွားမယ်။ အခြေအနေကို နားလည်သဘောပေါက်လိုက်တော့။ အရင်တုန်းက ဟိုဘက်က သာမယ်ထင်လို့ သာကူး ကူးတာ။ အခုဟာက ဟိုဘက်မှာနေရင် မသာပေါ်တော့မှာမြင်လို့ မသာကူး ကူးရမယ့်အချိန်။ ကိုယ့်ဘေးလည်း ကိုယ်ကြည့်ရှောင်ကြမှပေါ့လေ။ ခင်ရီလဖွတ်ကို ဖင်ဆီဆွတ်ပြီး ဆီဗူးတခါခါ ကြိုရအောင် ယူတို့က ကျောက်ဆည်မှာ ထမင်းသုပ်ရောင်းလာခဲ့ရလို့လား။ ဝန်းရံမနေနဲ့။ ပါတီတောင် ရှစ်စိတ်လောက်ကွဲနေပြီဟာကို။
သူတို့စည်းစိမ်ကို အသက်နဲ့လဲပြီးကာကွယ်ရတဲ့ စစ်သားတွေသေရင် အလောင်းတောင်ပြန်မကောက်တာ ကြာလှပေါ့။ အခုဆို ပါးစပ်ကလည်းဖွင့်ပြောသလို ရုံးစာလည်း ထုတ်နေပြီ။ နင်တို့ဘာသာနင်တို့ ညံ့လို့သေတာ။ ဘာခံစားခွင့်မှ ပေးစရာ မလိုဘူး။ ဖမ်းမိလို့လည်း လာကယ်စရာ အကြောင်းမရှိဘူး။ တပ်ကထုတ်ပြီးသား လို့ မှတ်ရမတဲ့။ ဒါကိုမှ ခွေးသေဝက်သေ မခေါ်ရင် ဘယ်ဟာကို ခေါ်ရမလဲ။ ကိုယ့်ဘာသာကိုယ် စဉ်းစားပေါ့။ ဦးနှောက်ရှိတယ်ဆိုရင်။
စစ်သားတွေ သွေးပျက်ရင် ဘယ်လိုနေသလဲ သိချင် မင်းအောင်လှိုင် မျက်နှာကြီးကိုကြည့်၊ ဇော်မဲလုံးစကားကို နားထောင်။ လုံလောက်တယ်။ လည်တဲ့သူတွေဖြင့် လစ်လိုက်တာမှ မှုန်နေတာပဲ။ “ကယ်တော်မူကြပါဗျိူ့။” လို့ သံရုံးတကာ တိုင်စာပို့ပြီး ချင်းမိုင်ထွက် နှပ်နေတာ။ ၈၈ ချေးထုပ်အဟောင်းကြီးမှန်းသိလို့ ခုထက်ထိ ခိုစရာနေရာမရသေး။ သူ့ထက်လည်တဲ့ နားရွက်ပျောက်ကြီးဆို ဒူဘိုင်းထွက်နှင့်ပြီး ဆွေတော်မျိုးတော်တွေ ပြေးစရာ နေရာတော်ခင်း လုပ်စားနေပြီ။ သူတို့သားတွေမြေးတွေ မြန်မာပြည် ကျန်သေးတယ် ထင်လို့လား။ အခုဟာက စစ်သားတွေကိုယ်တိုင် စစ်ဘေးရှောင်ရမယ့်အချိန်ရောက်လာတာ။ စစ်ပြေးလုပ်မလား လက််နက်ချမလား။ ဒါပဲ ရွေးစရာရှိတော့တယ်။
နှမ်းဆီတွေကို စာထုတ်ပြီး နေပြည်တော် ခေါ်တယ်ဆိုတာ သူတို့ထွက်ပြေးရင် ဓါးစာခံလုပ်မလို့မှန်း အသိသာကြီး။ ကာဘူးလေဆိပ်က လူအုပ်ကြီးလို လေယာဉ် ဘီးဖက်လိုက်လို့လည်း ရမှာ မဟုတ်။ ညွှန်ကြားရေးမှူး လယ်ဗယ်ဆိုတာ အသက်တွေလည်း ကြီးကုန်ပါပြီ။ ပြေးလို့ပုန်းလို့လည်း ပေါ့ပါးသွက်လက်မနေပါဘူး။ ရာသီလေးများပြောင်းရင် ကိုယ့်ကျန်းမာရေး ကိုယ်ဂရုစိုက်ပြီး ပိုးမွေးသလို မွေးထားရတဲ့အရွယ် မဟုတ်လား။ မသွားနဲ့။ ဆေးခွင့်တင်လိုက်။ ဗကဘိုးဘိုးကြီးလို။ “မှန်လှပါ။ ကျွန်တော်မျိုးကြီး ဗြုန်းဆို ကောက်ရသလို အဖျားတက်လာလို့ပါ ဘုရား။” ပေါ့။ ဒေဝဒဟ သွားရင် မသာပေါ်မှာဗျ။ သေနတ်မှန်ရင် ပရုပ်ဆီလူးလို့ မရဘူး။ နားလည်လား။ သွား သွား။ ဆေးခန်းပတ်ထိုင်နေတဲ့ နှမ်းဆီဆရာဝန်တွေဆီသွားပြီး “မယ်ဒီကယ် လိဖ်ကလေးများ ရေးပေးပါလား ဆရာရယ်။” လို့ သွား ပူဆာကြချေ။ ဒီလိုပါပဲ။ ရာသီပြောင်းချိန်ဆို အပြင်ရောအတွင်းရော ဥပါဒ်ဝင်တတ်တယ် မဟုတ်လား။
“အလွန်အေးတဲ့ရာသီ။
တယ်ဒီး တဲ့ဒယ် ဒန်။
အလွန်ချမ်းတဲ့ရာသီ။
တယ်ဒီး တဲ့ဒယ်ဒန်။
အလွန်အေးတဲ့ရာသီ။
ဆွယ်တာမဝတ်ပဲ
နေလို့လည်း မရနိုင်ပါသည်။
အသက်ကြီးတော့ အကြောကိုင်ပြီ။
မောင်ရယ် ဆောင်းအမီ ရောက်အောင် ပရုပ်ဆီ ယူခဲ့စေချင်သည်။”