ဆရာဝန်တစ်ယောက်ရဲ့ဘဝ အထူးသဖြင့် ခွဲစိတ်ဆရာဝန်တစ်ယောက်ရဲ့ဘဝမှာ စိန်ခေါ်မှုတွေက အမြဲရှိနေမှာပါပဲ။ အစဉ်သဖြင့် လွယ်လွယ်ကူကူ သာသာယာယာ သီချင်းလေးတအေးအေးနဲ့ ဒါလေးများ operation ချည့်ပဲ ခွဲချင်လို့တော့ ဘယ်ရမလဲ။ ချွေးတလုံးလုံး၊သွေးတဝုန်းဝုန်း၊ ချေးကြုံးရတဲ့ operation တွေလည်း တွေ့ရတတ်တာပဲ။ တချို့တချို့သော operation တွေဟာ အင်မတန်မှကို စိတ်ဖိစီးမှု များစေတတ်ပါတယ်။ စစ်ပွဲတစ်ပွဲ တိုက်ရသလိုပဲ။ ရှိသမျှ အင်အားနဲ့ မီးကုန်ယမ်းကုန် ပညာကုန်သုံးပြီး အောင်မြင်သွားပြီ ဆိုတဲ့အခါ ကျေနပ်အားရသွားတဲ့ အရသာဟာ ဆာဂျင်တွေကို ဒီအလုပ် မလုပ်ရမနေနိုင်အောင် စွဲဆောင်ထားတဲ့ job satisfaction တစ်ခုပေါ့။ ဒီလိုနဲ့ပဲ သူဟာ နောက်ထပ် စိန်ခေါ်မှု အသစ်တွေကို ဆက်ကာဆက်ကာ ရင်ဆိုင်ပါတော့တယ်။
မနေ့က အင်းတော်ကြီးဘက်က ကလေးမလေးတစ်ယောက် လာပြတယ်။ နားရွက်အောက်၊ ပါးချိတ်ပေါ်မှာ အာလူးသီးလောက် အကြိတ်ပေါ်လာတာ ၁၀ နှစ် ရှိပါပြီတဲ့။ ကြည့်လိုက်တော့လည်း တန်းသိပါတယ်။ ဒါ ကလေးတွေကို စာသင်ပေးနေကျ ရောဂါတစ်ခု။ parotid tumor လို့ခေါ်တယ်။ ကျူရှင်ဆရာတွေကတော့ သူ့ကို 75% tumor လို့ မှတ်ကြတာပဲ။ 75% of salivary gland tumor ဟာ အဲ့ဒီနေရာမှာ ဖြစ်တတ်တယ်။ တံတွေးဂလင်းကဖြစ်တဲ့ အကြိတ်တစ်မျိုး။ ဖြစ်တဲ့အထဲမှာ 75% က benign lesion၊ ကင်ဆာ မဟုတ်ဘူး။ အဲ့ဒါကိုမှ အသားစပို့စစ်ရင် 75% ဟာ pleomorphic adenoma အဖြေထွက်လိမ့်မတဲ့။ ကံမကောင်းရင် ၊ စင်အောင် မထုတ်နိုင်ရင် 75% လောက်က အကြိတ်ပြန်ထွက်လာတတ်သတဲ့။ အိုကွယ် ဆန်းဆန်းပြားပြား။ အဲ့သလို လေတစ်လုံးမိုးတစ်လုံး လျက်ဆားရောင်းတဲ့ အညွှန်းတွေကိုသာ မှတ်မိနေတာ။ အခု လူနာက “အင့် ဒီမှာ။ ဆရာပြောတဲ့ အလုံးကြီး။ စမ်းလေ။ သေချာစမ်း။ ပြီးပလား။ ကိုင်း အခု ဘာလုပ်မှာလဲပြော။” ဆိုရင် ကလေးတွေ part 2 ဖြေသလို “surgery ပါ ဆရာ” ဆိုပြီး ပရိတ်သတ်ကြီး အယောက် ၁၀၀ ရဲ့ အဖြေနဲ့ တိုက်ကြည့်ရုံနဲ့ မပြီးဘူးလေ။ ခွဲပေးရဦးမယ် မဟုတ်လား။
လူနာကတော့ ကိုယ့်ဆီကို ခွဲချင်လို့ လာတာလေ။ ကိုယ်လည်းပဲ ခွဲချင်နေတာမှ လက်ကိုယားနေတာပဲ။ ဒါပေမယ့် မခွဲခင်မှာ သူ့ကို ရှင်းပြဆွေးနွေးရမယ့် အရာတွေ ရှိတယ်။ အဲ့ဒါတွေကို အခု ခရီးရောက်မဆိုက် အိပ်သွန်ဖာမှောက် ရှင်းပြလိုက်ရင် “ဟင့်အင်း ဟင့်အင်း။ တော်ပြီ။ မခွဲတော့ဘူး။ ပြန်မယ်။” ဆို ချက်ချင်း ထပြန်သွားမှာ။ ဒါတော့ မဖြစ်ဘူး။ မာယာလေး ဘာလေး သုံးရဦးမယ်။ “အေး အေး။ ခွဲဖို့စိတ်ဖို့ သဘောတူတယ်ဆို ခွဲပေးမယ်လေ။ အခု ဆေးရုံတက်လိုက်။ ဒီညတော့ အိပ်ရေးဝဝ အိပ်လိုက်ဦး။ မနက်ဖြန်ကျ ခွဲပေးမယ်။ ဟုတ်ပြီလား။” ဆို ချွေးသိပ်ထားလိုက်ပါတယ်။ အကုန်လုံးရှင်းပြထားလည်း သူ့ခမျာ တောင်တွေးမြောက်တွေးနဲ့ ကြောက်ပြီး အိပ်လို့ဘယ်ပျော်ပါ့မလဲ။
တကယ်တမ်း အိပ်မပျော်နိုင်ပဲ မိုးလင်းရတဲ့သူကတော့ ကိုယ်သာလျှင် ဖြစ်တော့သည်လေ။ “ဒါမျိုး ခွဲဖူးသလား။ ခွဲနေကျလား။ အရင် ဘယ်နှစ်ယောက်လောက် ခွဲခဲ့ပြီတုန်း။” လို့ ဘယ်သူမှ မကြားအောင် ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်တယ်။ ဘယ်လိုဖြေရအှန်းတောင် မသိဘူး။ ဘွဲ့လွန်တက်တုန်းက ဆရာကြီး ဦးနော်မန်ခွဲပြတာ သေချာကြည့်ထားဖူးတယ်လေ။ အဲ့ဒါပဲ။ နောက်ထပ် မတွေ့ဖူးဘူး။ ကိုယ်သာ လူနာနေရာမှာဆို အဲ့လိုအခွဲခံမှာလား စဉ်းစားပေါ့။ ဒါတော့ မဖြစ်သေးဘူး မှလား။ အဲ့ဒါကြောင့်ကိုယ်လည်း You Tube ပေါ်က Parotidectomy operation တွေ တစ်ကားပြီးတစ်ကား ညလုံးပေါက် ထိုင်ကြည့်ပါတော့တယ်။
နောက်ထပ် ဆွေးနွေးတိုင်ပင်စရာ ရှိတာကတော့ မေ့ဆေးဆရာဝန်နဲ့ပါ။ ကိုယ့်မှာက ရေအိုးနှစ်လုံး တပြိုင်တည်း ရွက်ရမယ့် ကိစ္စကလည်း ရှိသေးတယ် မဟုတ်လား။ မျက်နှာပေါ်မှာ ခွဲမှာဆိုတော့ relaxation မလိုသော်ငြား airway ကို စိတ်ချရအောင် အနည်းဆုံးတော့ Laryngeal Mask Airway ထည့်မှ ရတော့မယ်။ သုံးမယ့်ဆေးတွေရွေး၊ dose တွက်ပြီး မမေ့အောင် check list နဲ့ step by step မှတ်ထားလိုက်တယ်။ ဆေးတွေက တခါတည်း ချိတ်ထားမှ ရမှာ။ အရေးကြီးတာ ကိုယ်ဘယ်လောက်ကြာမှာတုန်း ဆိုတဲ့ မေးခွန်းပါ။ အရာရာမှာ အကန့်အသတ် ရှိတယ်။ ကျော်လို့လွန်လို့ မကောင်းဘူး။ ဒီခွဲစိတ်မှုမျိုးမှာ ကိုယ့်ထက် သိတဲ့တတ်တဲ့ လုပ်နေကျလူတွေလည်း ရှိပါတယ်။ Maxillo- facial Surgery က လူတွေဆီ လူနာဓါတ်ပုံပို့ အကြံဉာဏ်တောင်း၊ “Do သာ Do ပါ ဆရာ။” လို့ သူတို့က အားပေးတဲ့အချိန်မှာ ကိုယ်ကဖြင့် ခွဲခန်းအဝတောင် ရောက်နေပြီ။
ညက တစ်ညလုံး မအိပ်နိုင်သော်ငြား မနက် ၆ နာရီထိုးတာနဲ့ လူနာဆီလာပြီး မိသားစုပါခေါ် counseling လုပ်ရပါတော့တယ်။ ရောဂါရဲ့ သဘာဝကတော့ တံတွေးဂလင်း အကြိတ်တည်တာ။ ကင်ဆာ မဟုတ်ဘူး။ ကင်ဆာသာမှန်ရင် ဒီအတိုင်းကြီး ဆယ်နှစ်နေမှာ မဟုတ်ဘူး။ သူများနိုင်ငံတွေမှာဆိုရင်တော့ မခွဲခင် အသားစရအောင်ယူ။ လည်ပင်းကို ultrasound ရိုက်၊ CT scan ရိုက်၊ MRI ပါရိုက်ပြီးမှ ခွဲဖို့စကြတယ်။ ဒီမှာတော့ဖြင့် ကိုယ့်မှာ B ပိုး C ပိုး၊ R ပိုးလေးမှ မစစ်နိုင်။ သွေးအားပြည့်မပြည့်သိချင် မျက်ခွံဖြဲကြည့်ရတဲ့ဘဝ။ သို့သော်လည်း အဲ့ဒီကိစ္စတွေ ဘာမှ စိတ်ပူစရာမလို။ ဆရာ့တာဝန်ပဲထားလိုက်။ သို့သော် ဆရာတာဝန်ယူလို့မရတဲ့ အချက် ၂ ချက်ကို လူနာဘက်က သဘောတူနိုင်မှ ဆက်ခွဲလို့ ရလိမ့်မယ်။ ပထမတစ်ချက်က ဒီရောဂါအမျိုးအစားဟာ ခွဲပြီးသော်လည်း အချိန်ကြာလာရင် အသစ်ပြန်ဖြစ်တဲ့ သဘောသဘာဝ ရှိတယ်။ အဲ့ဒါကို လက်ခံနိုင်ပါ့မလား။ ဒုတိယတစ်ချက်က ဒီအကြိတ်ဟာ မျက်နှာပေါ်မှာ ခက်မငါးဖြာနဲ့ အာရုံကြောဆုံကြီးပေါ်မှာ သစ်ကိုင်းခွကြား ငှက်သိုက်တင်ထားသလို အနေအထားနဲ့ ရှိနေတယ်။ သူ့ကိုခွဲစိတ်တဲ့အခါ အကြောဆုံပေါ်က အသာလေးရှပ်လွှာယူပြီး ခွဲရတယ်။ တခါတရံ ကံဆိုးတဲ့အခါ အကြောဆုံက အကြိတ်ထဲမြုတ်ဝင်နေပြီး သပ်သပ်ချန်ထားလို့ မရတာတွေလည်း ရှိနိုင်တယ်။ သူ့ကိုထိရင် ဘာဖြစ်တတ်သလဲဆိုတော့ အပြုံးတွေပျက်သွားမှာပေါ့ လို့ ပြောရမယ်။ ပြုံးတဲ့အခါ မဲ့သလိုရွဲ့သလို တစ်ဘက်ပြုံးလေးပဲ ပြုံးနိုင်တော့မယ်။ မဖြစ်အောင်တော့ အတတ်နိုင်ဆုံး ကြိုးစားရတာပဲ။ သို့သော် ဖြစ်သွားတဲ့အခါ “ဒီလိုမှန်းသိ မခွဲပါဘူး။” ဆို နောင်တရနေမစိုးလို့ ကြိုကြိုတင်တင် ရှင်းပြတာပါ။ ဒီစကား မနေ့ကပြောရင် မခွဲပဲ ပြန်သွားမှာစိုးလို့ ခုမနက်မှ ပြောတာ။ သို့သော် အခု အိပ်ရေးဝဝအိပ်ပြီးပြီ။ ခေါင်းအေးအေးစဉ်းစား။ အားနာစရာ မလိုဘူး။ လူနာသဘောမတူပဲနဲ့လည်း ဘာတစ်ခုမှ မလုပ်ဘူး။ မခွဲတော့ပဲ ပြန်သွားလို့လည်း စိတ်ဆိုးမှာ မဟုတ်ဘူး။ ဆရာ့ဘက်က အာမခံလို့ရသမျှက အစွမ်းကုန်ကြိုးစားမယ်။ ဆရာ အာမခံလို့မရတဲ့ အချက်နှစ်ချက်များ မတော်တဆ ဖြစ်ခဲ့သည်ရှိသော် လက်ခံနိုင်မယ်ဆိုရင် အခု ခွဲခန်းပြင်တော့မယ်။ စဉ်းစားချိန် လိုသေးရင်လည်း စဉ်းစားလို့အဖြေရတဲ့အထိ စောင့်ပေးမယ်။ ၆ နာရီမှာ ရှင်းပြ၊ ၇ နာရီမှာ consent ယူ၊ ၈ နာရီမှာ လူနာသွင်းပြီး ၉ နာရီမှာ လူနာသတိပြန်ရပါတယ်။
ပြောတော့လည်း လွယ်လိုက်တာ သောက်ကျိုးနည်း။ လုပ်ရတာက ခွဲခန်းထဲရောက်ခါမှ မဟုတ်ဘူးလေ။ညက ဗီဒီယိုတွေကြည့်နေကတည်းက လူနာအတွက် အလုပ်လုပ်နေတာ။ သိစရာရှိတာတွေ အကုန်မေးထားရတယ်။ ပြောစရာရှိတာတွေ အကုန်တေးထားရတယ်။ ခွဲခန်းထဲသုံးမယ့် ချုပ်ကြိုးလေး၊ ပလာစတာလေးကအစ အကုန်ရွေးထားရတယ်။ diathermy စက်ကို bipolar setting ရအောင် ဆင်ထားရတယ်။ မေ့ဆေးပုလင်းချိတ်ထားတာအကုန် နဲ့ လူနာမျက်နှာပေါ်က နောက်ဆုံးချုပ်ကြောင်းလေးအဖြတ်ကို တစ်ထပ်တည်းကျအောင် ချိန်ခွဲရတာ အနုပညာပဲ။ ဆေးက တစ်နာရီစာပဲ ပြင်ထားတာ။ skin to skin ၁ နာရီ နဲ့ ပြီးချင်တယ်။ ပိုတာလည်း မလိုချင် လိုတာလည်း မလိုချင်။ အလုံးလှလှလေးထွက်ရမယ်။ အပြုံးလှလှလေး ကျန်ရမယ်။ မျက်နှာပေါ် အရုပ်ဆိုးတဲ့ ဓါးရှရာကြီး မမြင်ချင်ဘူး။ အဲ့ဒါတွေ အားလုံး ချောချောမောမောပဲဗျာ။ ဘယ်လောက်ပျော်စရာကောင်းတုန်း။ စဉ်းစားကြည့်။ အေးလေ။ သူပဲ အပြောကောင်း။ အပြီးသတ်ကျတော့ သူသာအကောင်း။ ဒါကတော့ အပြောဘယ်လောက်ကောင်းကောင်း အက ကတော့ ချိုမိုင်မိုင်ဆိုရင် ဇာတ်ထောင်စားလို့ ရပါ့မလား။ သူများကြည့်ဖို့ က နေတာ မဟုတ်ရပေါင်။ ကိုယ့်ဘာသာပျော်လို့ ထကတာ။ ဘာဖြစ်သေးတုန်း။
ဒီဆေးရုံမှာ အလုပ်လုပ်တာ ၉ လ ရှိပြီပေါ့။ အခုလူနာက ၁၀၂ ယောက်မြောက်။ စာမေးပွဲစစ်သလိုပဲ။ ခက်ခဲတဲ့ပုစ္ဆာတွေကို ဟောတစ်ပုဒ် ဟောတစ်ပုဒ် လာလာဖြေခိုင်းတတ်တယ်။ စာစစ်သူ မရှိသော်လည်း ကိုယ့်ဘာသာကိုယ်တော့ ကောင်းမွန်စွာ ဖြေဆိုနိုင်တယ် လို့ ယူဆပါတယ်။ လူနာတွေလည်း ချောချောမောမော အိမ်ပြန်ဆင်းကြသားပဲ။ သို့သော် ဘယ်သူကပေးတဲ့ ဘွဲ့မှ မရသလို ဘယ်သူ့ဆီက အသိအမှတ်ပြုခြင်းကိုမှ မရပါဘူး။ ငါ လုပ်နိုင်သားပဲ ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်တစ်ခုပဲ ရပါတယ်။ အတွေ့အကြုံတွေက သင်ယူလို့ မဆုံးသေးပါလား ဆိုတဲ့ အသိတစ်ခုလည်း ရပါတယ်။ “ဖမ်းမှာကြောက်လို့ ထွက်ပြေးနေရပြီး ဆရာဝန်က ဆရာဝန်အလုပ်လုပ်ရတာကို များ ကြီးကြီးကျယ်ကျယ် လာဂုဏ်ဖော်နေတယ်။” လို့ မနာလိုခြင်းကြီးစွာနဲ့ လာဟောင်တဲ့ စစ်ခွေးတွေကို ကိုယ်ခွဲထားတဲ့ parotid tumor လူနာနဲ့ ပြုံးပြခိုင်းလိုက်မယ်။ မြင်ဖူးအောင် ကြည့်ထားကြဖို့။
ဒီကိုရောက်ပြီးတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် ဘာကောင်လဲ ဆိုတာ ပြတ်ပြတ်သားသား သိသွားတယ်။ အရင်က မသိဘူးလေ။ ထင်ရာလျှောက်လုပ်နေတာ။ ပြင်သစ်စာသင်တယ်။ သီချင်းဆိုတယ်။ စာရေးတယ်။ စိတ်ထင်ရာတွေ အကုန်လျှောက်လုပ်နေတာ။ လူနာကို ဆေးရုံမှာပဲ ခွဲတယ်။ ဒါတောင် ကိုယ့်ထက်အကြီးက ကိုယ့်နံမည် operation list ထဲ မထည့်ရင် တစ်လလုံးနေလည်း လက် ရေစိုချင်မှ စိုတာ။ ကိုဗစ်စကတည်းက ကိုဗစ်ကုသတဲ့ဆီမှာ နေရာမျိုးစုံ ပုံစံမျိုးစုံနဲ့ ကျင်လည်နေရပြန်တော့ ခွဲခန်းထဲက ဆရာမလေးတွေဆို သူတို့ဆရာကို လွမ်းလို့ကြည့်ချင် ဖေ့စ်ဘုတ်ပေါ်မှာ တက်ရှာမှ ရတော့တယ်။ ဘယ်သူကထင်မှာလဲကွယ်။ CDM လုပ်ရင်း တောထဲရောက်သွားပြီးကာမှ ကိုယ့်ရဲ့ Surgical career ကို ငယ်ချစ်ဟောင်း နဲ့ ပြန်ပေါင်းရသလို ရင်ခုန်စိတ်လှုပ်ရှားစွာ စီးမျောကျင်လည်ရဦးမယ် လို့။ အံဩစရာ။
ခွဲစိတ်ဆရာဝန်ဘဝနဲ့ အနယ်နယ် ရောက်ရာပေါက်ရာမှာ တစ်သက်စာ အမှတ်ရမယ့် ထူးထူးခြားခြား ခွဲစိတ်မှုတွေ တော်တော်များများ ကြုံတွေ့ခဲ့ရပြီ။ စာတွေထဲလည်း ရေးခဲ့ဖူးပေါင်း များပြီ။ ဒီမှာရောက်တော့လည်း ကိုယ့်မှာ စိန်ခေါ်မှုအသစ်တွေနဲ့ ။ ချောက်ထဲပြုတ်ကျပြီးမှ သိုင်းကျမ်းကြီးသွားတွေ့သူလို လေ့ကျင့်ရင်းသင်ကြားရင်း အတွင်းအားတွေ ပြည့်ဝလာတာပေါ့နော်။ သို့သော်လည်း မြို့ပေါ်က သိုင်းလောကထဲကိုတော့ ဘယ်သောအခါမှ ပြန်လည်ဝင်ဆန့်တော့မယ် မဟုတ်ပါလေ။ မာစတာဘွဲ့လေး ငုံးစိစိနဲ့ သိုင်းလောကရဲ့စိန်ခေါ်သံတွေကြားထဲလည်း ဝင်မတိုးဝံ့ပါဘူး။ သူတို့အရပ်က ဘွဲ့ချင်းအတူတူတောင် “ကျုပ်က fellowship ကို တစ်ကြိမ်တည်းနဲ့ အောင်အောင်ဖြေခဲ့တဲ့သူပါဗျ။” လို့ တစ်မူးပိုရှူတတ်ကြတာ။ ရှိပါစေတော့။ သူများပေးတဲ့လက်မှတ်နဲ့ အသိအမှတ်ပြုမှုထက် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ရတာ အရသာတွေ့နေပြီပဲဟာ။ “Surgeon ဆိုတာ ဘာဘွဲ့ရရ၊ ကိုယ့်ဘာသာ မလုပ်တတ်ရင် သူများချည့်ပဲ ထိုင်ထိုင်လွှဲနေရတာ။” လို့ ကိုယ့်ဆရာတွေပြောလေ့ရှိတဲ့ မည်ကာမတ္တ surgeon ဘဝကတော့ လွတ်မြောက်ခဲ့ပြီ ထင်ပါရဲ့လေ။ အခုချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လို surgeon အမျိုးအစားလဲ အမှန်အတိုင်း သိလာခဲ့ပြီ ဆိုရမှာပေါ့။ ရှင်းရှင်းလေးပါပဲ။ “Jungle Surgeon ကိုချန်ဂင်” ပေါ့။ ဟုတ်တယ်မှလား။