စစ်ပွဲရှိတဲ့ အရပ်ဒေသမို့ ညရေးညတာ သတိဝီရိယနဲ့ အိပ်ပါတယ် ဆိုမှပဲ တခါတရံ ဝရုန်းသုန်းကား အုတ်အုတ်သဲသဲ အသံတွေက ကြားရတတ်ပါတယ်။ အိမ်ဘေးနံရံကို တဘုတ်ဘုတ် ဝင်တိုက်သွားမှန်းလည်း သိလိုက်ရတယ်။ အချိန်မတော် ညဉ့်နက်သန်းခေါင် မမြင်အောင် မီးမှောင်ချ အိပ်ပါတယ်ဆိုမှ တောမှောက်သလို တောခြောက်သလို လန့်လန့်နိုးအောင်လုပ်တာ ခဏခဏပဲ။ အစဦးပိုင်းတုန်းကတော့ ဘာမှန်းမသိလို့ ဓါတ်မီးတစ်လက်ယူပြီး ဟိုထိုးသည်ထိုး ကြည့်သေးတယ်။ မှောင်ကြီးမည်းကြီးကနေ ဝင်းဝင်းပြောင်ပြောင် မျက်လုံးအစုံကြီးတွေနဲ့ ပြန်စိုက်ကြည့်နေကြတာ။ သားရဲတောကောင်တွေ မဟုတ်ပါဘူး။ ကျွဲအုပ်ကြီးပါ။ သူတို့က နေ့ဆိုရင် တောထဲက ဗွက်အိုင်ထဲ သွားလူးနေပြီး ညဘက်ကျမှ ဆေးရုံစခန်းထဲ ဟိုအိမ်တိုး သည်အိမ်တိုး တိုးကြတာ။ ဒီဘက်က မောင်းထုတ်လိုက်ရင် ဟိုဘက်မှာ သွား အုံပြန်ရော။ နွားတွေလိုပဲ သူတို့လည်း ဆပ်ပြာကြိုက်တယ်။ နွားတွေက နေ့ဘက်လာတာ။ ကျွဲတွေကတော့ ညဘက်လာတာ။ ကျွဲရောနွားရော သည်လိုပဲ ပေါက်လွှတ်ပဲစား ထားကြလို့ ဆေးရုံထဲ လာစုတာလေ။ စိုက်ချိန်ပျိုးချိန်က ပြီးပြီ မဟုတ်လား။ ဒီအရပ်မှာ ထန်းရည်မရှိလို့ ကျွဲခိုးပေါ်စရာလည်း မရှိဘူး ထင်ပါရဲ့။ ထုံးစံအတိုင်း နွားကနင်းနင်း ကျွဲကနင်းနင်း ရေပိုက်တွေက ကွဲပြန်တာပဲ။
ကိုယ်တို့က တောစပ်မှာ နေကြတာမို့ နဂိုကတည်းက သူတို့ စားကျက်မြေ ဖြစ်ပုံရပါတယ်။ တောထဲဆက်ဝင်သွားရင် သားရဲတိရိစ္ဆာန်တွေ ရှိတော့ မဝင်ရဲဘူး။ ကိုယ်တို့တောင် အဲ့သည်တောစပ်ဆီက ပြောင်သား၊ ချေသား၊ တောဝက်သား ရတဲ့သူ လာလာပေးလို့ စားရသေးတယ်။ ဝက်ဝံပေါက်ကလေးတွေလည်း ဖမ်းလာတယ်။ မွေးမလား တဲ့။ ကာကွယ်ထားတဲ့ ဥပဒေတွေလည်း သိမှာ မဟုတ်ပါဘူး။ စာမတတ်ပေမတတ်တွေဟာကို။ သစ်လည်း ဒီလိုပဲ ခိုးထုတ်တယ်။ ဒီကလမ်းတွေ မိုးတွင်းဘက် သွားမရတာ သစ်ခိုးခုတ်တဲ့ ကားကြီးတွေ ဝင်လို့လေ။ သစ်ကို အလုံးလိုက် ထုတ်စရာမလိုဘူး။ သစ်ခွဲစက်တွေ တောထဲမှာ ရှိတယ်။ လိုချင်တဲ့အတိုင်းသာပေးလိုက်။ ဖြတ်ပြီးသားလေးတွေ တင်လာလိမ့်မယ်။ ဒီဘက်အရပ်က သူဌေးအိမ်တွေမှာ သစ်လုံးအကြီးကြီးကို ထွင်းထားတဲ့ ကနုတ်ဆက်တီတွေ ခေတ်စားတယ်။ ထုနဲ့ထည်နဲ့။ လေးတာမှ နစ်နေတာပဲ။ တစ်ခုံ တစ်ခုံကို လေးငါးယောက် ဝိုင်းသယ်ရတယ်။
ကိုယ်တို့တောစပ်ကနေ ဟိုးဘက်တောအုပ်ထဲကို ဆက်ဝင်သွားရင် အဲ့ဒီမှာ ကင်းသမားတွေရှိတယ်။ လူကင်း မဟုတ်ဘူး။ မျောက်ကင်း။ တောထဲကို လူဝင်တာနဲ့ ဟိုးသစ်ပင်အမြင့်ကြီးတွေပေါ်က မျောက်လွှဲကျော်တွေဟာ ဝက်ဝက်ကွဲအောင်ကို ထအော်ကြတော့တာ။ ပြီးရင် လူနောက်က တကောက်ကောက် လိုက်လာရော။ တောနက်ထဲ ရောက်လာရင် ဆက်မလိုက်တော့ဘူး။ နေခဲ့တယ်။ မနက်စောစောဆိုလည်း သူတို့အူတယ်။ ရောက်စတုန်းကတော့ အားနေလို့ တောထဲလည်ကြည့်သေးတယ်။ အခုတော့ မအားတော့ဘူး။ မိုင်းတွေဘာတွေလည်း ရှိချင်ရှိမယ်လေ။ ခြေလည်းဖြတ်ဖူးပြီ။ လက်လည်း ဖြတ်ဖူးပြီ။ သိတာပေါ့။
ဒီဘက် အရပ်ဒေသကတော့ မြေပြင်မှာ မိုင်းရှိမယ်။ ကောင်းကင်မှာ ဗုံးရှိမယ်။ အနားဝန်းကျင်မှာ စစ်ပွဲ ရှိမယ်။ အန္တရာယ်ရှိမှန်း သိပေမယ့် ဒီလိုပဲ နေသားကျနေပြီ။ အထူးတဆန်း မဟုတ်တော့ဘူး။ KIA က တောထဲမှာနေတယ်။ တောကို သူ့အိမ်သူ့ယာလို အကျွမ်းတဝင် ရှိတယ်။ သူ့စခန်းတွေက တောထဲမှာကိုး။ ဗမာစစ်တပ်ကတော့ မြို့ပေါ်ကနေ ထိုင်ပြီး လှမ်းကြပ်တာ။ သူတို့က တောထဲနေတဲ့အစား မဟုတ်ဘူး။ ထုတ်နှုတ်အင်အားတွေနဲ့ ပရမ်းပတာပို့လွှတ်လိုက်တာမို့ နယ်မြေမကျွမ်းဘူး။ ကလေးတွေရှိတဲ့စာသင်ကျောင်းကို ထောင်းလမောင်းကျေအောင် လေကြောင်းပစ်ကူနဲ့ ဝင်ကတည်းက သတင်း နဲ့ ထောက်လှမ်းရေးလည်း အားနည်းပုံပါပဲ။ ဒလန်တွေ တို့သမျှ ရှို့သမျှ ကြောက်အားလန့်အားနဲ့ လိုက်တိုက်နေပုံရတယ်။ အဲ့ဒီစစ်ဆင်ရေးမျိုး တောထဲမှာ လာမလုပ်ရဲဘူး။ ခံပစ်မယ့်သူမရှိမှ ရက်စက်ပြရဲတာ။ လက်နက်ချင်းတူရင် မောင်မောင်တို့ အရှုံးပေးလိုက်မယ် ဆိုတဲ့အစားတွေ။
ဆယ်ဇင်းကို ဝင်တုန်းက သူတို့မှာ အထိုင်စစ်တပ်က ခုခံနိုင်လောက်တဲ့အင်အားတောင် မရှိလို့ KIA တွေကို ဖင်ပေးပေါင်းနေပြီးသား။ လာတိုက်တဲ့အင်အားက နယ်မြေမကျွမ်းလို့ SNA ကို လမ်းပြခေါ်လာရတာ။ လေကြောင်းနဲ့ ဖိလာလို့ KIA က နောက်ဆုတ်ပေးလိုက်တာ။ အခုရက်တော့ ရှမ်းနီနယ်စပ် နမ့်နှစ် နဲ့ ပက္ကလာဘက်ကနေ လူသစ်အင်အားစုဆောင်းနေလို့ အဲ့ဒီဘက်ကလူတွေလည်း ထွက်ပြေးနေကြရပြန်တယ်။ PDF တွေက နဂိုက စစ်သားမဟုတ်တဲ့သူတွေ ကိုယ့်ဘဝကိုယ်စွန့်ပြီး စစ်ဝင်တိုက်နေတာမို့လို့ စကစကို အမြန်ဆုံး အနိုင်တိုက်ချင်တယ်။ အရေးတော်ပုံပြီးမှ ကိုယ့်ဘဝ ကိုယ်ပြန်ကြမှာ။ EAOs တွေကတော့ အစကတည်းက စစ်သားလုပ်လာတဲ့သူတွေ၊ နောင်လည်း စစ်သားဆက်လုပ်ဦးမယ့်သူတွေ။ အလောတကြီး ဖုတ်ပူမီးတိုက် မရှိဘူး။ အထိအခိုက် နည်းဖို့ပဲ ဦးစားပေးတယ်။ သူ့အတွက်က ရေရှည်ကျန်ခဲ့ဖို့ လိုတာကိုး။
တနိုင်ငံလုံး အနေအထားနဲ့ တိုက်လာရင်တော့ ဘယ်သူကမှ မတိုက်ပဲ နောက်ချန်နေစရာ မရှိပါဘူး။ ကိုယ်တို့သွေးကြွေးက ၂ နှစ် မပြည့်သေးဘူး။ သူတို့ပြန်တောင်းရင် အနှစ် ၆၀ စာ ရှိတယ်။ အခုလည်း မြင်နေရပြီ။ ပြိုဆင်းလာတာ။ သူတို့ဘက်က အရပ်သားတွေကို ရက်ရက်စက်စက် သတ်ဖြတ်နှိမ်နှင်းနေတဲ့နေရာတိုင်းဟာ စစ်ရေးအရ မရှုမလှ အရေးနိမ့်နေလို့သာ မှတ်။ ကချင်ပြည်နယ်မှာရှိတဲ့ KIA စခန်းတိုင်းဟာ ဘယ်တော့မှ လူနေအိမ်ခြေရှိတဲ့ ရပ်ထဲရွာထဲမှာ မတည်ပါဘူး။ တဆက်တစပ်တည်း ရှိနေရင်တောင် စခန်းဟောင်းကိုစွန့်ပြီး တောထဲကို ရွှေ့ပါတယ်။ စစ်တပ်က ဗုံးလာကျဲပြီးသွားတဲ့နေရာဆိုလည်း သူတို့မနေပါဘူး။ လေကြောင်းရန်ကို စိတ်မချလို့တဲ့။ တောထဲတောင်ထဲမှာက ဘယ်နေရာနေနေ သူတို့အတွက် ကိုယ်ရောင်ဖျောက်ပြီး နေလို့ရတယ်။ အိမ်၊ တဲ၊ တန်းလျား၊ ခံတုပ်ကျင်းက တစ်ရက်နှစ်ရက်နဲ့ ဖန်တီးလို့ရတယ်။ pdf တွေကလည်း သူတို့နဲ့အတူတူ လိုက်နေတဲ့အတွက် ဒီအတိုင်းပါပဲ။ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ ခြေကုပ်ယူတယ်၊ အခြေချတယ်ဆိုတာ သူတို့ထုံးစံ မဟုတ်ဘူး။ အဲ့ဒါ ဗမာစစ်တပ်က အမြဲလုပ်နေကျ အမူအကျင့်တွေပါ။ ပြီးရင် သူခိုးက လူဟစ်တာလည်း သူတို့ပဲ။ ဆယ်ဇင်းမီးရှို့တာတောင် pdf တွေရှို့ပါတယ် ဗြောင်လိမ်သေးတာပဲ။ ဒီကောင်တွေနဲ့က ဆွေးနွေးငြင်းခုံ ညှိနှိုင်းရမယ့် အတိုင်းအတာထက် အများကြီးကျော်လွန်သွားပါပြီ။ အကြွင်းအကျန် မထားသင့်တဲ့ လူ့အဆိပ်အတောက်တွေ။ လက်ယက်ကုန်းစာသင်ကျောင်းက NUG ပညာရေးထူထောင်နေလို့ ချေမှုန်းရပါတယ် လို့ ပြောလာသလိုပဲ ကိုယ်တို့ဆေးရုံကိုလည်း NUG ကျန်းမာရေးကွန်ယက်ရဲ့အစိတ်အပိုင်းအဖြစ် အချိန်မရွေး ဖျက်ဆီးသတ်ဖြတ်နိုင်တာပေါ့။ ရွာထဲမှာဆိုရင်ပေါ့လေ။ မိုင်းကြောက်လို့သာ ဒီဘက် ဆက်မလာရဲတာ။ လေယာဉ်နဲ့ လာမယ်ဆို ရတယ်။
ဒါပေမယ့် အခုလောလောဆယ်တော့ လာမယ့်ပုံ မရှိပါဘူး။ ကလေးသတ်တဲ့ကိစ္စ သတင်းတွေပျံ့ကုန်လို့ မနည်းလိုက် ဖုံးဖိနေရတယ်။ အခြေအနေမကောင်းဘူး။ R2P စော် နံနေပြီ။ အဲ့ဒီငရဲသစ်ငုတ်တွေက ဘက်ပေါင်းစုံက ဆွဲနှဲ့ခံနေရတာ။ ပြုတ်လုတည်းလည်းရယ်။ အခု ပါတီတွင်း အကွဲအပြဲလာပြီ။ တပ်တွင်းအကွဲအပြဲ ဆက်လာဦးမှာ။ သစ္စာဖောက်အချင်းချင်း သောက်တဲ့သစ္စာရေကို သူခိုးဓါးပြအချင်းချင်းတောင် မယုံဘူး။ အခုဆို သူတို့ဘက်က ဆိုက်ဝါးထည့်တဲ့ သောက်ပိန်းတွေတောင် new trend ပြောင်းသွားပြီ။ သတင်းအတုနဲ့ ဂျင်းထည့်ချင်ရင် အရင်တုန်းကလို “အောင်ပွဲရ မြန်မာ့တပ်မတော်ကြီး”တို့ “ခွေးပြေးဝက်ပြေး ပြေးရတဲ့ pdf” တို့နဲ့ မလာတော့ဘူး။ “အထူးအရေးကြီးသတင်း ; မင်းအောင်လှိုင်ကို စိုးဝင်းက ဖြုတ်ချလိုက်ပြီ” “မအလ ကို မကြာခင် သေဒဏ်ပေးနိုင်တော့မည်။” (ဖတ်ပြီးရင် ရှဲပေးကြပါဦး) အဲ့လိုမျိုး မဟုတ်ကဟုတ်က ပေါက်ပန်းဈေးတွေတင်ပြီး စိတ်ဓါတ်စစ်ဆင်ရေး လုပ်နေရတဲ့ ဘဝရောက်သွားပါပြီ။ ဖတ်ပြီး တကယ်မဟုတ်တဲ့အခါ စိတ်ပျက်သွားစေချင်တယ် မဟုတ်လား။ သိပ်လည်း စိတ်ပူမနေပါနဲ့လေ။ အဲ့ဒီအတိုင်းက ဖြစ်ကိုဖြစ်လာမှာပါ။ အခုမဟုတ်လည်း ဖြေးဖြေး ဖြေးဖြေးနဲ့ ဟုတ်သွားမှာ။ ဟုတ်ပြီလား။ မဟုတ်သေးရင် ခဏစောင့်။ ဟုတ်လာလိမ့်မယ်။