ဒီနေ့တော့ ကိုယ်တို့အားလုံး ဆေးခန်းက ပစ္စည်းတွေ စက်ကိရိယာတွေ စစ်ဆေးသိမ်းဆည်း ရှင်းလင်းကြပါတယ်။ အလေအလွင့် အပျက်အစီးတွေများမှာစိုးလို့ပါ။ အလုပ်လုပ်လာတာ ၈ လ၊ ၉ လ ရလာပြီဆိုတော့ maintenance check က မလုပ်လို့ မရဘူးလေ။ မွေးခန်းလေးကို ပိတ်ထားတာကြာတော့ ပျားအုံလေးတောင် ဝင်စွဲနေပြီ။ fogging machine လေးနဲ့ နှင်ပြီး fumigate ပြန်လုပ်ပစ်တယ်။ ရေတိုင်ကီထဲ အနည်တွေများလို့ ဆေးကြလှယ်ကြတယ်။ store တွေ stock တွေ စစ်ပြီး လိုတဲ့ဆေးတွေ ထပ်မှာရတယ်။ ဒီကြားထဲ လူနာကလည်း မပြတ်ရပါဘူး။ မနက်ကလည်း ခွဲခန်းဝင်ရသေးတယ်။ ရွာမှာ ကလေးတွေ အကုန်ဖျားကြ လည်ချောင်းနာကြတယ်။ ကျောင်းဖွင့်ထားတော့ ကျောင်းက ကူးတာ လူကုန်ရော။ လူကြီးတွေလည်း ကူးကြတာပေါ့။ swab ယူသမျှ ပိုးမတွေ့တော့ ရာသီတုပ်ကွေးအနေနဲ့ပဲ ကုထားတယ်။ အောက်ဆီဂျင်ကျတဲ့ လူတွေလောက်ပဲ ဆေးရုံတင်တာ။ သူတို့လည်း ပြန်တော့ကောင်းလာပြီ။ အဖွားတစ်ယောက်ကတော့ ကောင်းသွားလိုက်၊ အိမ်ပြန်သွားလိုက်၊ တပါတ်လောက်နေ ပြန်လာတက်လိုက်နဲ့ ၃ ခါရှိပြီ။ မလွယ်လှဘူး။
ခွဲခန်းတစ်ခု အပါတ်လည်အောင် ဖြည့်ဆည်းထိန်းသိမ်းရတာ နည်းနည်းနောနော ကုန်ကျစားရိတ် မဟုတ်ပါဘူး။ တော်တော် စစ်စစ်ကုတ်ကုတ် သိမ်းနိုင်ထိန်းနိုင်မှ အလဟဿ မဖြစ်တာ။ ကိုယ့်သဘောနဲ့ကတော့ ရေတောင် ချောင်းထဲက၊ တွင်းထဲက အလကားရတယ်ဆိုပြီး အရမ်းကာရော မသုံးဘူး။ မော်တာတင်တော့ ဒီဇယ်နဲ့ တင်ရတာလေ။ လူဆိုတဲ့သဘောက ကိုယ်ပိုက်ဆံမပေးရလို့ရှိရင် တန်ဖိုးမသိဘူး။ အလကားရနေတဲ့အတွက် တန်ဖိုးလည်း မထားတတ်ဘူး။ မပေးနိုင်လို့ မပေးချင်လို့ မဟုတ်ပါဘူး။ ပေးနေပါတယ်။ ပေးနိုင်ပါတယ်။ သို့သော်လည်း အဲ့ဒါတွေအားလုံးကို အလကားရလို့ ပေးနေတာ မဟုတ်ဘူး။ ပိုက်ဆံပေးဝယ်ရတာပါ။ စားရိတ်ကြီးကြီးပေးပြီး သယ်ရတာပါ။ ဒါကြောင့်မို့ ကိုယ်ကတော့ အရမ်းအရမ်းကို ကပ်စေးနည်းပါတယ်။ လူနာသုံးလို့ ကုန်၊ ကုန်ပစေ။ ဘယ်သူမှ မသုံးရပဲ အလဟဿသာ မကုန်စေချင်တာပါ။ ကိုယ်ကိုယ်တိုင်က စည်းကမ်း စံနစ် ဇယားရှိမှ ကိုယ့်အောက်က အငယ်တွေလည်း ပုံစံကျမယ်လေ။
ဒါကြောင့်မို့ မကြာခဏဆိုသလို ပါးစပ်ကလေးစိုက်ပြီး လူကြုံနဲ့ ဆေးတောင်းခိုင်းရင် ကိုယ်ကတော့ အားမနာဘူး။ ငြင်းလွှတ်ပါတယ်။ လူကိုယ်တိုင် လာမပြပဲ မပေးနိုင်ပါဘူး။ ပီဒီအက်ဖ်တွေ ရှေ့တန်းမှာ ဖျားနေကြတယ်။ ယားနာတွေပေါက်နေကြတယ် ဆိုရင်သာ ပေးတာ။ ဂါထာပေး တေးဖြစ် တဲ့။ လူနာတောင်မကြည့်ရပဲ သူများပြောသံကြားနဲ့ ရမ်းသမ်းဆေးပေးရင် ဆေးမဖြစ်ဘူး။ ဘေးဖြစ်တတ်တယ်။
တကယ်တော့ ဒီနေရာမှာ ဆေးလာကုတာ သာသနာပြုဖို့လည်း မဟုတ်ဘူး။ ကုသိုလ်ရချင်လို့လည်း မဟုတ်ဘူး။ တော်လှန်ရေးအတွက် စစ်မြေပြင်ဆေးရုံကလေး ဖြစ်ဖို့ရယ်၊ လွတ်မြောက်နယ်မြေဖြစ်လာတဲ့အခါ စစ်အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရား လစ်ဟာသွားတဲ့နေရာမှာ တော်လှန်ရေးအစိုးရရဲ့ ကျန်းမာရေးစံနစ်ကလေးနဲ့ ပြည်သူကို ဝန်ဆောင်မှုပေးနိုင်ဖို့ရယ် အဓိက ရည်ရွယ်တာ။ ပညာရေးကလည်း ကျောင်းတွေလိုက်ဖွင့်ပြီး စာသင်ပေးနေတယ် မဟုတ်လား။ လေယာဉ်ကြီးနဲ့တောင် ဗုံးတွေလာကျဲ၊ ကွန်မန်ဒိုတွေနဲ့ နယ်မြေရှင်းလင်းပစ်ခဲ့တယ်လေ။ မူလတန်း ကလေးတွေကို။ အဲ့ဒီတော့ ဒီတစ်ခါလာရင် ဆေးရုံပေါ် ရဟတ်ယာဉ်နဲ့ တွယ်ဆင်းပြီး သက်ကြီးရွယ်အို လူမမာတွေ လာသတ်လှည့်ပါဦး။ သေမယ့်သေမှတော့ live လွှင့်ပြီး သေလိုက်ကြရုံပေါ့။ မြန်မာပြည်က စစ်သားဆိုတာတွေက ဘယ်လိုအတန်းအစားမျိုးလဲ တကမ္ဘာလုံးကို ပြခဲ့ပြီးမှပဲလေ။ ပင်လယ်ထဲကျတဲ့ ဆားတစ်ဆုပ်စာလောက်ပဲ နေမှာပါ။ ထူးပြီး မငံတော့ပါဘူး။
ဆရာဝန်တွေကို ဆေးကုလို့ ဖမ်းတယ်၊ သတ်တယ်၊ ထောင်ချတယ်။ ကျောင်းဆရာတွေကို စာသင်လို့ ဖမ်းတယ်၊ သတ်တယ်၊ ထောင်ချတယ်။ အခုတော့ ၇ နှစ်၊ ၈ နှစ် ကလေးတွေကို ကျောင်းတက်လို့ လက်နက်ကြီးနဲ့ ထုပြီး ကျောင်းထဲကို ဝင်သတ်တယ်။ အဲ့ဒီစစ်တပ်ကြီးရဲ့ အုပ်ချုပ်မှုအောက်မှာ ကိုယ်ကတော့ အသက်ရှင်လျက် မနေလိုပေါင်ဗျာ။ နေချင်တဲ့သူ သူ့ဘာသာ နေပလေ့စေ။ ဒီရာထူးကြီးရောက်မှ အပြုတ်မခံနိုင်ဘူး မဟုတ်လား။ နေရစ်ကြ။ ပျော်ပျော်ကြီး နေရစ်ကြ။ ကိုယ့်မထိသမျှ ကိုယ့်ကိစ္စ မဟုတ်ဘူး။
“ဒါဆိုရင်လည်း မင်းတို့အစိုးရ မြန်မြန်တက်အောင် လုပ်လေကွာ။ အဲ့ဒီအခါကျတော့ ငါတို့နေရာ လာလုပ်လှည့်ပေါ့။ ငါတို့ အလုပ်ထွက်မယ်။” လို့ ပြောကြမှာပါလေ။ ပူမနေပါနဲ့။ ပြန်မလာပါဘူး။ ခများတို့ရာထူး ခများတို့ပဲ ဖက်သေကြပါ။ မျက်နှာမကြည့်ချင်တဲ့အထဲ အဲ့ဒီလူတွေ အကုန်ပါလို့ ပြန်ကို မလာချင်တော့ဘူး။ သံယောဇဉ်ဖြတ်တယ်။ ကောင်းကောင်းဆိုးဆိုး ကိုယ့်တာဝန်ပဲ ကိုယ်ယူမယ်။ တိုင်းပြည်တာဝန်ကြီးကို လွှတ်ချထားခဲ့မှာ အဲ့ဒီအချိန်ကျ။ ကိုယ်လည်းပဲ ကိုယ့်ဘဝနဲ့ကိုယ် သာသာယာယာ နေချင်တဲ့အချိန် ရှိသေးတာပဲ။ ရေစီးလည်းရုန်း ရေသာလည်းရုန်း ကိုယ်ချည့်ပဲ ရုန်းဖို့ စိတ်ကူးမရှိပါဘူး။
ပြီးခဲ့တဲ့လတွေမှာ စစ်မြေပြင် အခြေအနေအရ ဆေးရုံကို ထုပ်ပိုးသိမ်းဆည်းပြီး အရေးပေါ်ကုသမှုပေးလို့ရရုံ ချန်ထားတယ်။ အခုလတ်တလော အခြေအနေမှာတော့ မလာနိုင်တဲ့စစ်ပွဲကို ငုတ်တုတ်ထိုင် မစောင့်တော့ပဲ ဆေးရုံကို အင်အားပြည့် လူနာလက်ခံကုနိုင်ဖို့ ပြင်ဆင်တယ်။ အလေအလွင့် အပျက်အစီးတွေ ပြုပြင်ထိန်းသိမ်းတယ်။ လျော့ပါးသွားတဲ့ ဆေးဝါးပစ္စည်းတွေ ပြန်ဖြည့်တင်းတယ်။ လူနာများများ လက်ခံနိုင်အောင်လို့ local network တွေနဲ့ ချိတ်ဆက်ပြီး marketing ဆင်းတယ်။ ဘယ်နေရာတွေမှာ အားနည်းချက် ရှိပြီး ဘယ်နေရာတွေက တင်းခံနေသလဲ ကိုယ့်ဘာသာ ဆန်းစစ်တယ်။ ပြင်စရာရှိတာတွေ ပြင်မယ်။ ထွင်စရာရှိတာတွေ ထွင်မယ်ပေါ့။
ဆိုရှယ်မီဒီယာရဲ့ ကျေးဇူးကြောင့် ကိုယ့်ဆေးရုံဟာ နိုင်ငံတကာနဲ့ ဆက်သွယ်မှု အားကောင်းပါတယိ။ အမေရိကားက လူများစွာ၊ ကနေဒါကလူများစွာ၊ ဩစတေးလျက လူများစွာ နဲ့ ဝေးဝေးလံလံ ချိတ်ဆက်မိပါတယ်။ သို့သော်လည်း local network မှာတော့ တော်တော်ကို အားနည်းပါသေးတယ်။ ရှေ့တန်းစစ်မြေပြင်က ကလေးတွေဟာ အင်တာနက်ဖြတ်တောက်ခံရလို့ ကိုယ့်ဆီကို မဆက်သွယ်နိုင်ဘူး။ လမ်းပန်းဆက်သွယ်ရေး ခက်လို့ လူနာတွေ အလွယ်တကူ မရောက်ဘူး။ ထူးဆန်းတာကတော့ ကိုယ်နဲ့အနီးဆုံးမှာ ရှိနေကြတဲ့ non CDM ဆရာဝန်တွေဟာ ကိုယ့်ဆီကို လုံးဝ အဆက်အသွယ် မလုပ်ကြဘူး။ လူနာလည်း မပို့ဘူး။ ကိုယ့်ဆီက သူတို့ဆီ လွှဲတဲ့လူနာတွေကိုလည်း အကြောင်းမပြန်ဘူး။ ဒီနေရာမှာ ဒီဆေးရုံဆိုတာ ကြားလည်းမကြားဖူး၊ သိလည်း မသိဖူးသလို နေကြတယ်ဗျ။ TMO တွေ ဆိုရင်တော့ သူ့နယ်ထဲ ရွှေရင်ကျော် ဂိုဏ်းဆရာတစ်ယောက် နံမည်ကြီးနေသလို သဘောထားမလား မပြောတတ်။ “Surgeon လို့တော့ ပြောတာပဲလေ။ ပြစမ်းပါဦး ခများဘွဲ့လက်မှတ်။ စစ်ရောစစ်ကဲ့လား။” လို့ တောင်းမကြည့်တာ တော်သေးတာပေါ့။ “လူကြီးမင်း၏ ဆေးကုသခွင့်လိုင်စင်ကို မြန်မာပြည်ဆေးကောင်စီမှ ပယ်ဖျက်ရုတ်သိမ်းပြီးဖြစ်ပါသဖြင့် တရားမဝင်ဆေးကုသမှုဖြင့် တရားစွဲ အရေးယူရပါလိမ့်မည်။” ဆိုပြီး ရဲတွေနဲ့ လာမဖမ်းသေးတာ ကျေးဇူးတင်ရမယ်။ ဒီအရိပ်အကဲကို ကြည့်ရသလောက်တော့ “ဟာ ဆရာ။ ဆရာ ဒီမှာ ဆေးရုံဖွင့်ထားတာလား။ ဝမ်းသာလိုက်တာ ဆရာရယ်။ လူနာတွေ လွှဲလို့ အဆင်ပြေသွားတာပေါ့။ နီးနီးလေးပဲဟာကို။” လို့ နှုတ်ခွန်းဆက်စကားလေး ကြားရဖို့ ကိုယ်မျှော်လင့်ထားတယ်ဆိုရင် တော်တော်ကို စိတ်ကူးယဉ်ဆန်လို့ ဖြစ်ပါလိမ့်မယ်။
ကိုယ့်သဘောနဲ့ကိုယ် CDM လုပ်ပြီးတဲ့နောက် သူတို့သဘောနဲ့သူတို့ CDM မလုပ်နိုင်တဲ့သူတွေကို တိုက်ခိုက်ပုတ်ခတ်စရာ အကြောင်းမရှိပါဘူး။ “ပြောချင်ရင် သူ့ညီသွားပြောလေ။ သူ့ညီတစ်ယောက်လုံး နန်းစိန်လုပ်နေတာ ငါတို့က မသိတာကျလို့။” လို့ ပြန်ပြောမှာပေါ့။ ဘယ်တတ်နိုင်မလဲ။ သူလည်းပဲ ခံဝန်ထိုးပြီး နန်းစိန်မှ မလုပ်ရင် မော်ဦးလို ထောင်ထဲက ထွက်ရဦးမှာမှ မဟုတ်တာ။ လူတိုင်းမှာ ခံနိုင်ရည်က သူ့ limit နဲ့သူ ရှိတယ်။ သူတို့ခံနေရတဲ့အချိန်မှာ ဘယ်သူကမှ ကယ်တဲ့သူ မရှိဘူး။ speak out လုပ်ပေးမယ့်သူတောင် မရှိ။ ကိုယ်က speak out လုပ်ပေးတာတောင် အဲ့ဒီစတေးတပ်စ် ပြန်ဖျက်ပေးပါဆိုပြီး ဆရာသမားတွေနဲ့ လာတားတဲ့သူတွေ ရှိတယ်။ ဘာအပြစ်မှမရှိပဲ ဆရာဝန်တွေ ထောင်ထဲထည့်တာကို ဘာတစ်ခွန်းမှ မပြောပဲ ဆမတွေ ထိုင်သိမ်းပေးတဲ့ မြန်မာပြည်ဆေးကောင်စီက ဆရာဝန်အိုကြီးတွေဟာလည်း ရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံး၊ သဘင်အစည်းအရုံးကဟာတွေနဲ့ ဘာတစ်ခုမှ မထူးခြားပါဘူး။ ပညာတတ်မို့ တစ်မူးပိုရှူစရာတောင်မရှိ။ အတူတူ နဲ့ အနူနူ။
အခြေအနေအရပ်ရပ်ကို နားလည်သွားတဲ့အခါ တော်လှန်ရေးနဲ့ပတ်သက်လို့ နန်းစိန်တွေဘက်က ပူးပေါင်းပါဝင်မှု ဘာတစ်ခုမှ မျှော်လင့်စရာ မရှိပါဘူး။ ပါဝင်အောင် စည်းရုံးလို့လည်း ရမှာ မဟုတ်ဘူး။ သူတို့က ကိုယ့်ကို ရာဇဝတ်သားလိုပဲ သဘောထားတယ်။ အထင်လည်း မကြီးဘူး။ စွမြင်တောင် ကပ်နေမှာ။ ကိုယ့်ဘာသာ combat medics တွေနဲ့ ချိတ်ဆက်ပြီး လူနာရောက်အောင် ပို့ပေးဖို့ လောဆော်ရတော့မယ်။ PDF တပ်ဖွဲ့တွေက တစ်နယ်ပြီးတစ်နယ် သိမ်းပိုက်သလိုပဲ ကိုယ်တို့ဆေးရုံက ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်တဲ့ နယ်မြေဧရိယာတွေ တိုးတိုးပြီး လာစေချင်တယ်။ မိုးကုန်လို့ လမ်းတွေပြန်ပွင့်ရင် အလွယ်တကူ ဝင်လို့လာလို့ ရသွားပြီ။ အဲ့ဒီအချိန်ကျ ကိုယ့်ဘက်က ပြည့်ပြည့်စုံစုံ နဲ့ အဆင်သင့် ဖြစ်နေစေဖို့ အခုကတည်းက ပြင်ဆင်နေတယ်။ ဖွင့်စတုန်းကလို တောတွင်းတနေရာတွင် ဆိုပြီး Somewhere someone’s doing something. လို့ မရေမရာ နေရာဒေသမဖော်ပြပဲ ထားရာကနေ အရေးကြုံရင် ဒီကိုလာ၊ ဒါတွေ ဒါတွေ လုပ်ပေးနိုင်တယ် လို့ တိတိလင်းလင်း ဝန်ဆောင်မှုတွေ ပေးသင့်တဲ့အချိန်ရောက်ပြီ လို့ ထင်ပါတယ်။ အဲ့သလိုဖြစ်ဖို့ဆိုရင် ကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်းကို လွတ်မြောက်နယ်မြေ ဖြစ်သည်အထိ စစ်ရေးအရ အရေးသာဖို့ လိုပါလိမ့်မယ်။ အခုလည်း ဖြစ်ခါနီးနေပြီလို့ အောင့်မေ့ရတာပဲ။ ဆယ်ဇင်းကို ပြန်သိမ်းနိုင်တဲ့အခါမှ ဆက်စဉ်းစားတာပေါ့နော့။ မေတ္တာရှိရင်းစွဲမို့ လွဲနိုင်ပါဘူး ထင်ပေမယ့် စိတ်ချလက်ချမှ ကြည်ဖြူချင်သူမို့ပါလေ။