“ဆောင်းဝင်တော့မည်။ ဆောင်းဝင်တော့မည်။ မြူမှုန်တွေ ကာရံတဲ့ လာလမ်းကလေးဆီ။” တဲ့။ မနက် မနက်ဆို မြူတွေဆိုင်းပြီး ညကမိုးရွာသွားတာလား လို့ ဇဝေဇဝါ ဖြစ်ရပါတယ်။ မိုးမြူရစ်ဝိုင်း မှိုင်းပြာမှောင်ပေမယ့် ဝါဆိုဝါခေါင် မုတ်သုန်ဦးတော့ မဟုတ်တော့ပါဘူး။ တော်သလင်း လဆုတ်ထဲ ရောက်နေပြီ။ နေ့အပူချိန်ထက် ညအပူချိန်တွေက သိသိသာသာ လျော့နည်းလို့လာပြီ။ ဒီတစ်လနှစ်လ တောင့်ခံပြီးရင် လမ်းတွေ ပြန်ပွင့်လာတော့မှာ။ ဆယ်ဇင်းရွာက ပြန်စည်လာဖို့ မသေချာတော့ဘူး။ ရွာကပစ္စည်းတွေကို ဖောက်ယူသယ်ထုတ်ပြီး စစ်ကိုင်းဘက် ရှမ်းနီနယ်ထဲက ရွှေပြည်မြင့်၊ လမ်းဆုံ၊ ရွှေတွင်း ဘက်တွေကို စည်အောင် လုပ်ကြမယ့်သဘောရှိတယ်။ အဲ့ဒီဘက်မှာ SNA ခေါင်းဆောင်က ဧရာမဂိုထောင်ကြီးဆောက်ပြီး တိုက်ရာပါပစ္စည်းတွေ စုဆောင်းထားတာ ရန်ကုန်က Macro Mart လောက် ရှိသတဲ့။ အခုလောလောဆယ်တော့ မျှောတွေထဲက ဝယ်စရာရှိရင် အဲ့ဒီဘက်တွေကိုပဲ တက်ဝယ်စရာရှိတော့တာပေါ့လေ။ ဆယ်ဇင်းက စည်စည် မစည်စည် စကစ က ခြေကုပ်ယူလိုက်မယ်။ စီးပွါးရေးအကွက်အကွင်းကိုတော့ စစ်ကိုင်းတိုင်းဘက် ရှမ်းနီနယ်ထဲကို ရွှေ့ယူလိုက်မယ်။ လောလောဆယ် ဆယ်ဇင်းကထွက်တဲ့ ဒုက္ခသည်တွေနဲ့ တိုင်ပတ်ပြီး KIA က ခွက်ပျောက်သွားမယ်။ နောက်ထပ် လှုပ်ရှားမှု တစုံတရာ မရှိမချင်း ဒီစာရင်း ဒီမှာတင် ပိတ်ထားဦးမှာ။ စစ်ပွဲဆိုတာ သေသူတွေကို ရေတွက်စရာ မလိုဘူး။ ရလပ်ကိုသာ ရေတွက်ကြတာကိုး။
ကိုယ့်ဆီမှာတော့ ရှင်သူတွေကို ရေတွက်ရမှာပေါ့လေ။ ဆယ်ဇင်းဘက်က ကိုယ့်ဆီပို့တဲ့လူနာတွေ အသေအပျောက် မရှိဘူး။ ပြင်ဆင်ထားပေမယ့် စစ်ပွဲဟာ ကိုယ်တို့ဘက်ကိုတော့ ရောက်မလာခဲ့ဘူး။ မနေ့ညကအထိတော့ ဒရုန်းနဲ့ နိမ့်နိမ့်လေးပျံပြီး လာကြည့်နေတုန်း ရှိသေးတယ်။ ဆေးရုံအိမ်မှာ လူမနေပဲ ရှောင်အိပ်နေတာ ကြာပြီမို့လို့ အခန်းတွေပြန်ရှင်းတဲ့အခါ ဆောင်းတွင်းတုန်းက သိမ်းထားတဲ့ အနွေးထည်တွေ အကုန်ကြွက်ကိုက်ကုန်တယ်။ ကျောပိုးအိပ် ၃ လုံးလည်း ကြွက်ဖောက်ထားတယ်။ နေရာခွဲခွဲပြီးသိမ်းတဲ့ ဆေးတွေ ဆေးပစ္စည်းတွေလည်း အဲ့လိုပဲ။ ကြွက်ကိုက် ပုရွက်ဆိပ်ကိုက်နဲ့ လေလွင့်ကုန်တယ်။ surgical glove က ရာဘာအသားလေးတွေဆို သူတို့သိပ်ကြိုက်ကြတာပဲ။ မီးလောင်မှ ဆုံးရှုံးရတာ မဟုတ်ပဲ မီးဟပ်ရင်လည်း အထိအခိုက် ရှိသကိုး။ အဝတ်တွေလျှော်ပြီး လှမ်းခဲ့ရင်လည်း နွားက ဆွဲဆွဲပြီးစားသွားတယ်။ ဆပ်ပြာနံ့ရတဲ့ပစ္စည်း ဘာမဆို ပါးစပ်ထဲထည့်ဝါးတာ။ ရေချိုးခန်းထဲက ဆပ်ပြာဗူးတွေလည်း အမြဲဝါးစားတယ်။ ဘယ်လိုဟာတွေလည်း မသိ။
ရွာနဲ့နီးပြီး စိမ်းစိမ်းစိုစို ရှိတော့ ဆေးရုံက နွားစားကျက် ဖြစ်နေတာလေ။ ကျောင်းမယ့်သူလည်း မလိုဘူး။ မနက်ဆို ဝင်းတံခါးလေးဖွင့်လွှတ်လိုက်။ အိမ်တိုင်းကနွားတွေ အကုန် ဆေးရုံထဲရောက်လာတာပဲ။ အစာကျွေးစရာ ရေတိုက်စရာ မလို။ ညနေမှောင်ရင် ကိုယ့်အိမ်ကိုယ် ပြန်လာကြတာ။ မလာလည်း သူတို့ မပူဘူး။ အိမ်သာကျင်းထဲပြုတ်ကျနေလည်း ဆေးရုံက အကြောင်းကြားမှ သူတို့လာခေါ်သွားတာ။ အရင်တစ်ပါတ်က ပုပ်စော်နံမှ ဆေးရုံဝင်းထဲ နွားတစ်ကောင် သေနေမှန်းသိပြီး သူတို့ဆီ အကြောင်းကြားရတယ်။ ဒီကြားထဲ ဆိတ်တွေဝက်တွေ လာလာလွှတ်လို့ ဘယ်လိုပြောရမှန်းတောင်မသိ။ အိမ်မှာ အပင်ပေါက်တွေ ငယ်သေးလို့တဲ့။
အဲ့ဒီအကောင်ပလောင်တွေ အကုန်လုံးချောင်းနေတာကတော့ မီးဖိုချောင်ပါ။ ချက်ပြုတ်ထားသမျှ အကုန် လှန်လှောတွန်းမှောက် စားကြလို့ ပြူတင်းပေါက်တွေပါ တန်းရိုက်ကာထားရတယ်။ ညဆို ကြက်တွေက မီးဖိုထဲ အိပ်တန်းလာတက်လို့ မနက်တိုင်း ကြက်ချေးကြုံးရတယ်။ အိမ်မှာလည်း ဆိတ်တွေလာအိပ်တော့ ဆိတ်ချေးလည်း ကြုံးရတာပဲ။ ကျွဲတွေနွားတွေ တက်တက်နင်းလို့ ကိုယ်တို့ ရေသွယ်ထားတဲ့ pvc ပိုက်တွေဆို ခနခန ကွဲထွက်တာ တချိန်လုံး ပြင်နေရတယ်။ ဒီအိမ်ဒီလူတွေ သူတို့ကို အန္တရာယ်မပေးမှန်း သူတို့သိကြတယ်။ ဒီတစ်ဝင်းထဲတင်ပဲ အသားပေါ်ဖို့ ခေါ်သွားပြီး သစ်ပင်ကြိုးနဲ့ချည်ထားရင်လည်း သူတို့သိတယ်။ တချို့ တိရိစ္ဆာန်တွေ လူစကား နားလည်သလား မသိဘူး လို့ တွေးမိတယ်။ အခုလိုမျိုး တိရိစ္ဆာန်ပေါင်းစုံကြောင့် အနှောက်အယှက်ဖြစ်လည်း ကိုယ့်အလုပ်ကိုယ် မထိခိုက်အောင် ဆက်လုပ်နေတာပါပဲ။ လိုင်းပေါ်မှာ စာလာလာခိုးဖတ်တဲ့ တိရိစ္ဆာန်တွေလည်း အတူတူပဲပေါ့။ တိရိစ္ဆာန်က တိရိစ္ဆာန်လောက်ပဲ အသိရှိမယ်။ အချိန်တန်တော့ သူတို့ပိုင်ရှင်ကပဲ အသားပေါ်ရောင်းတာ။
ရွာထဲက အမယ်ကြီးတွေကတော့ အိမ်မှာမောနေပြီး အသက်ရှူလို့ မကောင်းရင် ဆေးရုံသွား အောက်ဆီဂျင်လေး ရှူလိုက်တော့ သက်သာသွားရောဆိုတာအထိ သိလာကြပါပြီ။ အဲ့ဒါ ကိုဗစ်ကာလရဲ့ ကျန်းမာရေး အသိပညာပဲ။ mask တပ်၊ လက်ဆေးဖို့သာ ဝန်လေးတာ။ အောက်ဆီဂျင်လေး ရှူရမယ်ဆို လာထား အာဘွားပဲ။ အရင်တုန်းကဆို မေ့ဆေးစ မလို့ အောက်ဆီဂျင်ပေးရင်တောင် “အဲ့ဒါကြီး ရှူချင်ပါဘူး။” ဆိုလို့ “အားဆေးလေး ရှူလိုက်ပါဦး။” ဆို ချော့မော့ပြောရတာ။ ကျန်တဲ့ဆေးတွေ ဘယ်လောက်တောင် ပေးထားရတယ် သူတို့ မသိဘူးလေ။ သူတို့သိတာ ဒါရှူလိုက်ရင် သက်သာသွားတယ်ပဲ သိတာ။ လက်ထိပ်မှာ အောက်ဆီဂျင်တိုင်းတဲ့ဟာလေးတွေကလည်း ဖောချင်းသောချင်း ပေါ်လာလို့ ဒါလည်း post COVID life style changes ထဲ ပါတယ်။ ဟိုတုန်းက အဲ့ဒါတွေ ခွဲခန်း နဲ့ ICU ပဲ သုံးနိုင်တာ။ ပြောင်းတာတွေကျတော့ ပြောင်းတယ်။ မပြောင်းချင်တာကျ ဒီအတိုင်း ဆက်ယုံတာပါ။ သွေးတိုးပြီး လေဖြတ်လာတဲ့အမေကြီး ကို ကိုယ်တွေက ကြိုးစားပန်းစား ဆေးကုလို့ မပြီးသေးဘူး။ ဆွေမျိုးတွေက မြေဝယ်ပြီး အုတ်ဂူစီနှင့်သတဲ့။ စော်တော်ကား မော်တော်ကား။ သူတို့ထုံးစံက အဲ့လိုလုပ်မှ ပြန်ကျန်းမာလာတတ်လို့ပါတဲ့။ ရှင်အောင်သာ မကုနိုင်လို့ကတော့ “အစက တို့မပြောလား။” ဖြစ်တော့မယ်။
ဆယ်ဇင်းဘက်က ဒီညနေတက်လာတဲ့သတင်းတစ်ခုကတော့ တိုက်ပွဲမဖြစ်ပဲ စစ်သားတွေ အစုလိုက် အပြုံလိုက် သေဆုံးနေတာတွေ့ရတယ် လို့ ပြောပြီး အရေအတွက်က ၅ ယောက် ပြောတဲ့သူပြော ၃ ယောက်ပြောတဲ့သူပြောနဲ့မို့ တစ်ယောက် နှစ်ယောက်တော့ မကဘူး လို့ပဲ အတည်ပြုထားပါ့မယ်။ ဆေးရုံကို brought dead အဖြစ်နဲ့ ပို့တာဆို ရင်ခွဲစစ်ဆေးပြီး ဓါတုဗေဒစစ်ဆေးချက် ပါမှသာ သေဆုံးရခြင်း အကြောင်းရင်းကို သိနိုင်မှာပါ။ overdose ဖြစ်သွားလို့၊ အင်ဒရင်း သောက်မိလို့ ဆိုတာတွေက ခိုင်လုံမှုမရှိတဲ့ ထင်ကြေးတွေ ဖြစ်ပါလိမ့်မယ်။
သို့သော်လည်း တိုက်ပွဲကာလတုန်းက မသေပဲ စစ်ပွဲပြီး တစ်လကြာမှ သောက်စားပျော်ပါးပြီး သေရတာ ဖြစ်ရိုးဖြစ်စဉ်တော့ မဟုတ်ပါဘူး။ သူတို့တပ်တွေကို ၉ ရက်နေ့က လူချင်းလဲကြတယ်ဆိုရင် အခုရောက်လာတာ လူသစ်တွေ ဖြစ်ဖို့များပါတယ်။ အခုမှ ရောက်လာတဲ့လူအတွက်ဆိုရင် ဆယ်ဇင်းဟာ နံပါတ်ဖိုးကို ဈေးပေါပေါနဲ့ ဆေးလိပ်ကွမ်းယာဝယ်သလို ဝယ်လို့ရနေတာ အမှန်ပါပဲ။ နဂိုတုန်းက ဘုရားငါးဆူ ဝင်းထဲမှာ အိမ်ခြေရာမဲ့ဘဝ နဲ့ နေကြတဲ့ ဖိုးသမားတွေဟာ ဆယ်ဇင်း မီးလောင်အပြီးမှာ အဝတ်သစ် အစားသစ် ဆိုင်ကယ်သစ်တွေနဲ့ ဖလန်းဖလန်း ထနေကြတာ အားလုံးအမြင်ပါ။ ရေတွေလည်း လျှံနေကြတော့ ဗိုလ်ကြီးတို့သာ လိုချင်ရင် အလကားတောင် ဖန်တီးပေးဦးမှာလေ။ ခွေးငတ် နဲ့ ခုံဖိနပ်ပြတ် နဲ့ တွေ့ရင် overdose ဆိုတာ ဘာလို့ မဖြစ်နိုင်ရမှာလဲ။ “အို ကွယ် မဟုတ်က ဟုတ်က။ ကျယ်မယောက်ကျား သူတော်ကောင်းကြီးပါ။ မူးယစ် ဆေးဝါး ကင်းပါတယ်။” လို့ ဗွီးကတော်ကိုယ်တိုင် သက်သေထူလာရင်လည်း သူတို့တပ်ထိုင်ထားတဲ့ ဘုရားငါးဆူ နဲ့ ချမ်းသာအေးဘက်မှာ ခေါင်ရည်ဆိုင်တွေ ရှိပါတယ်။ ဒီဘက်အရပ်မှာ အလွန်ကျော်ကြားတဲ့ နမ့်စပိန်းအရက်လည်း ရပါတယ်။ ထန်းရည် ၊ ဓနိရည်လည်း ရပါတယ်။ သူတို့တွေ နေ့တိုင်းသွားသောက်ကြတယ် လို့လည်း ပြောပါတယ်။ ခုလောက်ရှိ ဆိုင်ရှင်တွေ ငယ်ထိပ် မြွေပေါက်နေလောက်ပြီ။ ဘာ့ကြောင့်ပဲ သေသေပါ။ သေပြီဆိုမှတော့ ဆယ်ဇင်းသားတွေ ဘယ်လိုလုပ် မျက်နှာပိုးသပ်နိုင်ပါ့မလဲ။ “စိတ်မကောင်းလိုက်တာ ရှင်။” လို့ အသံထွက်နိုင်ရင်တောင် ခင်မို့မို့အေး မျက်နှာကြီးနဲ့ပဲ ဖြစ်မှာပေါ့။ ကိုယ့်ဆီမှာ ခွဲသွားတဲ့ နတ်ဆရာကတော့ ခုလောက်ရှိ “ပုဆိုးမီးလောင် ပေါက်နဲ့ အဘိုးဦးသီလ က တစ်ကွက်ပြလိုက်ပြီလေ။ မြင်တယ်မှလား။ အဲ့ဒါ နတ်ကိုင်တာ နတ်ကိုင်တာ။” လို့ ဟောကိန်းထုတ်ပြီးလောက်ပါပြီ။
ကိုယ့်အယူအဆကို ပြောရရင်တော့ အဲ့ဒီသတင်းက အတုဖြစ်ဖို့ များပါတယ်။ ဆယ်ဇင်းမှာ ဒုဗိုလ်မှူးကြီး ဆင်းထိုင်တယ်ဆိုတာ ယုတ္တိမရှိပါဘူး။ တာမခန်မှာတောင် ဗိုလ်မှူးလောက်ပဲ ရှိတာ။ အလောင်းတွေ ဟုမ္မလင်းပို့တယ်ဆိုတာလည်း ဒီနေ့ ဟတ်စကီး တစ်စီးမှ မလာပါဘူး။ ကားနဲ့ပို့ရင် လမ်းတင်ပုပ်မှာ။ overdose ကို ၅ ယောက်ပြိုင်ပြီး ဖြစ်တယ်ဆိုတာ မမြင်ဖူးပါဘူး။ ဘိန်းစားများဟာ သူ့အသက်ဘေးသူသိတဲ့နေရာမှာ လူကောင်းတွေထက် သာပါတယ်။ မသေချာတဲ့ သတင်းကြီးကို ဘာဖြစ်လို့ စာထဲထည့်ရေးရသလဲ။ hoax ကြီးဖြစ်နေရင် ဂွမ်းတာပေါ့ လို့ ဆိုနိုင်ပါတယ်။
သို့သော် လိုင်းပေါ်မှာ သတင်းအမှားတွေ ဗီဒီယိုဖိုင်နဲ့ကို ရိုက်ပြီးဖြန့်နေတာ အခုရက်ပိုင်း ပိုလို့တောင် များလာပါသေးတယ်။ KIA စခန်း နှစ်ခုကို စကစ က လေယာဉ်နဲ့ ဗုံးကျဲပြီး သိမ်းပလိုက်ပြန်ပြီ ဆိုတဲ့ သတင်းမျိုးပေါ့။ ဟိုဘက်ရပ်ကွက်မှာ အားရပါးရ ရှယ်ကြတယ်လေ။ သတင်းအားလုံးဟာ အခုလိုပဲ ယုတ္တိမရှိ၊ လူအများ ကြားချင် ဖြစ်စေချင်တဲ့ အကြောင်းအရာ တစ်ခုခုကို ခေါင်းစဉ် ပြူးကနဲတပ်ပြီး ဒါမျိုးတွေ ဖတ်ရပါများတော့ ဘာလာလာ ဟုတ်လည်းဟုတ်ပဲနဲ့ ဆို သတင်းမှန်တွေအပေါ် စိတ်ဝင်စားမှု လျော့ကျအောင် လုပ်ဆောင်ပါတယ်။ ဇော်မဲလုံးသတင်းတွေကိုကျတော့ မဟုတ်မှန်းသိသိကြီးနဲ့ကို လှောင်ချင်လာအောင် သရော်ချင်လာအောင် ရုပ်ဖျက်ပြထားတဲ့အခါ လူတွေက သူတို့ကို ဟားချင်ဇောနဲ့ အများကြီး ရှဲကြပါတယ်။ ဒီလိုနဲ့ သူတို့သတင်းတွေ လူထုထဲ ပြန့်နှံ့ပါတယ်။ နို့မို့ရင် သူတို့ရုပ် သူတို့ရည် သူတို့တော်ကီနဲ့ ဖေ့စ်ဘုတ်ပေါ် ကိုယ်ပိုင်အကောင့်တစ်ခုတောင် ဖွင့်လို့ရတာမှ မဟုတ်တာ။ ကိုယ့်ကိုယ်ကိုယ် သောက်ပိန်းပုံဖမ်းပြီး လူထုထဲမှာ သောက်ပိန်းလိုက်ဖမ်းတာလေ။ မတ်မတ်ဆောင်း အကွက်တွေပေါ့။ လွတ်နေမှန်းလည်းသိတယ်။ ရယ်ရလို့ ရှယ်ကြတယ်။ အရှယ်များတော့ ဆယ်လီဖြစ်သွားရော။
သတင်းအမှန်တစ်ခုကို မှိန်သွားစေချင် လူကြိုက်များမယ့် သတင်းအမှားတွေကို trend ဖြစ်အောင် လိုက်ဂျင်းထည့်တာမျိုးလည်း လုပ်ပါတယ်။ လူတိုင်းက ကိုယ့်အကောင့်နဲ့ ကိုယ်သုံးတာ။ သူတို့ကတော့ လူတစ်ယောက် အကောင့်တစ်ဒါဇင် မကနဲ့ online ပေါ်က သတင်းအချက်အလက် စီးဆင်းမှုကို စစ်တိုက်သလိုတိုက်နေတာပါ။ ကိုယ်တွေ လိုင်းသုံးတာ အလုပ်အားမှ သုံးရတာ။ သူတို့တွေက လိုင်းပေါ်မှာ ရှိနေတာ သူတို့အလုပ်ချိန်။ သတင်းမီဒီယာ စစ်မျက်နှာ ဆိုတာလည်း ရင်ဆိုင်တိုက်ပွဲဝင်ရမယ့် စစ်မြေပြင်တစ်ခု ဖြစ်တာမို့ သူတို့လောက်မှ မလည်ရင် အာဏာရှင် သက်ဆိုးရှည်နေပါဦးမယ်။ ဒါကြောင့်မို့ ဘာသတင်းဖတ်ဖတ်၊ ကိုယ့်ဦးနှောက်နဲ့ကိုယ် ချင့်ချိန်ကြဖို့ အလေ့အကျင့် လုပ်ယူတာပါ။
ဒီသတင်းက မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ။ သူ့ရဲ့သက်တမ်းက မနက်ဖြန်လောက်ဆို ပျောက်သွားမှာပဲ။ မှန်ရင်လည်း မှန်တယ် လို့ သိရလိမ့်မယ်။ မှားရင်လည်း အမှားကြီးမှန်း ပေါ်လာလိမ့်မယ်။ မှားတာမှန်တာက အရေးမကြီးဘူး။ အာရုံကို ပြောင်းပစ်လိုက်နိုင်ရင် ရပြီ။ သတင်းဆိုတာ စစ်ပွဲကာလမှာပဲ အရေးပါတာ။ စစ်ပွဲပြီးတဲ့အခါ သတင်းတွေ ဘယ်လိုရေးရေး ရလပ်က ကိုယ့်လက်ထဲပါဖို့ အရေးကြီးတယ်။ ဆယ်ဇင်းစစ်ပွဲရဲ့ရလပ်ကို စာရင်းချုပ်ပြီး အပေါ်မှာ ရေးပြခဲ့ပြီ။ အဲ့ဒီအတိုင်း နှစ်ဦးနှစ်ဘက် ကျေနပ်တယ်၊ လက်ခံနိုင်တယ် ဆိုရင်လည်း စစ်ပွဲပြီးပြီ။ လက်မခံနိုင်သော်ငြား မလွန်ဆန်နိုင်ဘူး၊ မငြင်းဆန်နိုင်ဘူး၊ စစ်ရှုံးထားတယ် ဆိုလည်း စစ်ပွဲပြီးပြီ။ အဲ့သလို တနည်းနည်းနဲ့ စစ်ပွဲပြီးတာ သေချာမှ စစ်ရှောင်စခန်းက ဒုက္ခသည်တွေ ကိုယ့်ရပ်ကိုယ့်ရွာ ပြန်တာ ကောင်းမယ် ထင်ပါတယ်။ အခုလာမယ့်ရက်တွေမှာ စကစ က ရခိုင်ကို အလုံးအရင်းနဲ့ ဝင်ဖို့ သေချာတယ်ဆိုရင် ကချင်မှာ ရှိတဲ့အင်အားတွေကို ထုတ်နှုတ်ပြီး ရခိုင် ပို့ရပါဦးမယ်။ လေကြောင်းပစ်ကူလည်း ရခိုင်ဘက်ကို အားစိုက်ရပါဦးမယ်။ အဲ့ဒီအချိန်ဟာ KIA တွေ ဆယ်ဇင်းကို ပြန်သိမ်းဖို့ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ တချိန်တည်းမှာပဲ မြို့ပြသပိတ်တိုက်ပွဲတွေကို UG နဲ့ သေသေချာချာ ချိတ်ဆက်ပြီး အလုပ်လုပ်နိုင်ရင် အရပ်ဝတ်နဲ့ ထွက်ထွက်ဖမ်းတဲ့ စစ်ခွေးတွေ ရှင်းလင်းရတာ ထိရောက်လာပါလိမ့်မယ်။ လာဖမ်းတဲ့ကောင်တွေရဲ့သတ္တိကို ကြည့်ရသေးတာပေါ့နော့။ တစ်ဖွဲ့စီ တစ်နေရာစီက တော်လှန်ရေးအင်အားတွေ အပေးအယူမျှမျှနဲ့ ချိန်သားကိုက် အလုပ်လုပ်နိုင်ကြဖို့၊ သွေးခွဲရန်တိုက် ဖြိုခွင်းတဲ့ သတင်းအမှားတွေကို မယုံကြဖို့၊ ဆိုက်ဝါးထည့်နေတဲ့ ဂျင်းတွေကြားမှာ အချိန်ကုန်မခံဖို့ တိုက်တွန်းလိုက်ရပါတယ်။