ချန်ဂင်တို့စခန်း (၉၁)

အသက်ကြီးလာတဲ့အခါ လေးသမားများ လက်မှန်းတည့်လာသလိုပဲ ဖြစ်နိုင်ခြေတွေ ခန့်မှန်းတွက်ချက်တဲ့နေရာမှာ အလွဲလွဲ အချော်ချော် မဖြစ်တော့ပဲ “ငါ ထင်ရင် လွဲခဲတယ်။” လို့ ပြောစရာတွေ ရရလာပါတယ်။ အခုဆို ဆေးခန်းကို လူနာတွေ ထပ်ရောက်လာတော့မှာပဲ လို့ ပြောလို့တောင် မဆုံးသေးဘူး။ ဆေးရုံက house full ဖြစ်ခါနီးလာပြီ။ COVID နဲ့တူပေမယ့် swab ယူလို့ မပေါ်တဲ့လူနာတွေ၊ ငှက်ဖျားနဲ့တူပေမယ့် သွေးစစ်လို့ မပေါ်တဲ့လူနာတွေ၊ အလာများတယ်။ အဖြေက နှစ်ကြောင်းမပြလည်း “ငါထင်ရင် လွဲခဲပါတယ်” နဲ့သာ ကု။ သက်သာသွားတာပဲ။ ထင်လောက်စရာ တခြားအကြောင်းအချက်တွေ ခိုင်လုံနေတာကိုး။ အခုလိုမျိုး တောထဲမှာ တစ်ယောက်တည်း ကြာကြာကုလာလို့ရှိရင် confidence level တွေ so high ဖြစ်သွားပြီး competency ကျတော့ danger zone ထဲ ဆင်းသွားတတ်တယ် လို့ ကိုယ့်ဆရာသမားတွေ သွန်သင်တာ မှတ်သားဖူးတာပဲ။ ဒါကြောင့်မို့လို့ တစ်ယောက်တည်း အကုန်ကုနေသော်ငြား ကိုကိုထင်ရာစိုင်း ဘဝ မရောက်အောင် တတ်ကျွမ်းနားလည်သူ ပညာရှင်များနဲ့ အမြဲ တိုင်ပင်ဆွေးနွေးပြီးမှ ကုပါတယ်။ ခုခေတ် ခုအခါက တောထဲတောင်ထဲရောက်နေပေမယ့်လည်း အင်တာနက် မိလောက်တဲ့ အရပ်ဆီသွားပြီး နှီးနှောတိုင်ပင်လို့ ရတယ်လေ။

“To err is human.” ဆိုတဲ့ စကားတစ်ခွန်း ကြားဖူးတယ်ဗျ။ လူဆိုတာ မှားတတ်တဲ့ သဘာဝ ရှိသတဲ့။ ကိုယ်လည်းပဲ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီ ထင်ပြီး တွေ့ကရာလျှောက်လုပ်နေရင် အမှားမှား အယွင်းယွင်းတွေ များပါလိမ့်မယ်။ ဒါကြောင့်မို့လို့ ကိုယ့်ကိုယ်ကိုယ် တော်လှချည့် လို့ ဘယ်တုန်းကမှ မထင်ပါဘူး။ “ဒီကောင် စောင်သုံးမကျတဲ့ကောင်” လို့ အပြောမခံရအောင်ပဲ အစဉ်သဖြင့် သတိထား အလုပ်လုပ်ပါတယ်။ သို့သော်လည်း ကိုယ်လုပ်သမျှ အလုပ်တိုင်းက ဘာ့ကြောင့် ဘာ့အတွက် လုပ်ရတယ်၊ ကိုယ်မလုပ်ခဲ့တဲ့ အလုပ်ကိုလည်း ဘာဖြစ်လို့ မလုပ်ရသလဲ ခိုင်လုံတဲ့ ကြိုးကြောင်းဆင်ခြင်မှုတော့ အမြဲထားပါတယ်။ အဲ့ဒါ ဆင်ခြေပေးဖို့ မဟုတ်ပါဘူး။ သတိလက်လွတ် နဲ့ အမှားလုပ်မိမှာ စိုးလို့ပါ။ ကလေးကစားနေတာမှ မဟုတ်တာ။ ဘယ်တုန်းကမှ ပေါ့ပျက်ပျက် မလုပ်ပါဘူး။

ပြီးခဲ့တဲ့ လထဲမှာ ၉ နှစ်သား ကလေးတစ်ယောက် လာတယ်လေ။ ဗိုက်ကြီးပူလာတာ ၂ နှစ် ရှိပြီ ဆိုပြီး။ USG ထောက်လိုက်တော့ ရေအိပ်ကြီးတွေ့တယ်လေ။ ညာဘက်ဗိုက်တခြမ်းမှာ။ ဓါတ်မှန်ဆရာ နဲ့ တိုင်ပင်တယ်။ ကလေးဆရာဝန်နဲ့ တိုင်ပင်တယ်။ ရေတွေနဲ့ပြည့်နေတဲ့ အလုံးကြီးမှန်း သိပေမယ့် အသည်းကလာတာလား ကျောက်ကပ်ကလာတာလား မသဲကွဲဘူး။ အသည်းရဲ့အောက်မှာတော့ တဆက်တည်း ကပ်နေတာ တွေ့ရတယ်။ တောအရပ်မှာနေတဲ့ကလေး အသည်းမှာ ရေအိပ်တည်တယ်ဆိုရင် သန်ကောင်ကြောင့်ဖြစ်တဲ့ Hydatid cyst ကိုလည်း ထည့်စဉ်းစားရတယ်။ အဲ့ဒီဟာသာမှန်ရင် ဝမ်းခေါင်းထဲမှာ အရည်တွေ ဖိတ်လို့စင်လို့ မဖြစ်ဘူး။ ရေအိပ်သားသားလေးတွေ ထပ်ပွါးလာတတ်တယ်။ အဲ့ဒီတော့ ဘာမှန်းမသိပဲ အရမ်းအရမ်း လုပ်မယ့်အစား minimally invasive approach နဲ့ ခါးစောင်းကနေ ဖောက်ထုတ်ပြီး ရေပိုက်ကလေးထည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီဇယ်ရောင် အရည်ကြည်ကြည်တွေ ၃ လီတာလောက် ထွက်လာပြီး ရေအိပ်ကြီးက ပြားကပ်သွားတယ်။ ကိုယ်ထည့်ထားတဲ့ ပိုက်ကလေးကတော့ အသည်းအောက်မှာ ရောက်နေတာ USG ထဲ မြင်ရတယ်။ ကျောက်ကပ်က မဟုတ်တော့ဘူး။ အသည်းက ဖြစ်လိမ့်မယ် လို့ ထင်လိုက်မိတယ်။

ကလေးအကြောင်း FB ပေါ် စာရေးတင်တဲ့အခါ ကိုယ့်သူငယ်ချင်း ဆာဂျင်ကြီးက “အဲ့ဒါ မုန့်ချိုအိပ်ယောင်လို့ ရေအိပ်တည်တာ ဖြစ်လိမ့်မယ်။ ဒီအရွယ် မျောက်လောင်းလေးတွေက သိပ်ဆော့တာ။ အူသိမ်ဘက်ဖောက်ထုတ်ပြီး Cysto- duodenostomy လုပ်လိုက်။ ကောင်းသွားလိမ့်မယ်။” လို့ အကြံပေးတယ်။ Anyway လေ။ လောလောဆယ် အလုံးကြီးပျောက်သွားပြီး အရည်ထွက်တာ နည်းလာတော့ ကလေးဆရာဝန်၊ ဓါတ်မှန်ဆရာဝန်တွေ ထင်တဲ့ဘက်ကို အလေးသာတယ်။ သန်ချဆေးမှာထားတာစောင့်နေရင်း အရည်ခန်းသွားအောင် စောင့်လိုက်တယ်။ တနေ့ ၅၀ စီစီ၊ ၃၀ စီစီလောက်ရောက်ပြီး ၂၀ စီစီလောက်ရောက်ရင် ထုတ်တော့မယ် ဆိုမှ အရည်က တဖြေးဖြေး ပြန်များလာတယ်။ ကိစ္စမရှိဘူး။ သံချဆေးကို ဆေးပတ်လည်အောင်တိုက်ပြီး စောင့်ကြည့်ကြတာပေါ့ လို့ ကလေးဆရာဝန် နဲ့ တိုင်ပင်ပြီးတဲ့အခါ ရေအိပ်ထဲကထွက်တဲ့ daily output က ၁၅၀ စီစီ မှာ တန်းသွားတယ်။ မထုတ်ပဲ ပိတ်ထားလိုက်ရင်အထဲက ရေအိပ်က ပြန်ပြည့်လာတယ်။ ထွက်တဲ့အရည်က ဆန်ဆေးရေရောင် ပေါက်လာတယ်။ သေချာသွားပြီပေါ့။ pancreas လို့ခေါ်တဲ့ မုန့်ချိုအိပ်ကဖြစ်တာ။ ကလေးမိဘတွေ ရှင်းပြ။ မေ့ဆေးဆရာဝန်နဲ့တိုင်ပင်၊ ကိုယ့်သူငယ်ချင်း အကြံပေးတဲ့အတိုင်းအူသိမ်ဦးနဲ့ ဆက်ပေးဖို့ ပြင်ဆင်လိုက်တယ်။ တော်လိုက်တဲ့ကောင်ကြီး။ သူလည်း “ငါထင်ရင် လွဲခဲတယ်” အထဲပါတယ်။ ဒါကြောင့်မို့ အစောကြီး ပရော်ဖက်ဆာ ဖြစ်တာ။

သူမှ မဟုတ်ပါဘူး။ ဝိုင်းဝန်းဆွေးနွေး အကြံပေးကြတဲ့ ဓါတ်မှန်ဆရာဝန်၊ ကလေးဆရာဝန် ပါမောက္ခကြီးတွေလည်း အကုန်တော်ကြပါတယ်။ အကြံပေးရုံတင် မဟုတ်ဘူး။ ဆေးပါရှာပြီး ပို့ပေးကြတာ။ ကိုယ်တို့ ရန်ကုန်ဆေးကြီးတွေမှာ လစဉ်လတိုင်း လူနာတွေ ပြပြပြီး ဝိုင်းဆွေးနွေးကြတဲ့ Clinical Meeting တွေကို ပြန်ရောက်သွားသလိုပဲ။ ကိုယ့်စိတ်ထဲမှာလည်း အငယ်တွေကို မြင်ဖူးအောင် တွေ့ရခဲတဲ့ လူနာတွေ ခေါ်ခေါ်ပြပြီး စာသင်ပေးတဲ့ အချိန်တွေကို ပြန်သတိရမိပါတယ်။ ဖြစ်မှဖြစ်ရလေ။ တောကြိုအုံကြားရောက်တာတောင် CME activities တွေနဲ့ မကင်းနိုင်သေးပါလား။ FB ပေါ်ကနေ case presentation လုပ်မိနေပြန်ပြီ။ ဆေးကုမ္ပဏီတွေ မုန့်လေးဘာလေး ကျွေးကြပါဦးဟ။

ကိုယ့်သူငယ်ချင်းကြီးကို salute ရိုက်ပြီး “သားရီး မင်း စွန်းတော်တယ်ကွာ။” လုပ်ရင်းကနေ နောက်တစ်ခု ချီးကျူးစရာ ထပ်တွေ့ပါတယ်။ ကိုယ်တို့ Surgical Society ထဲမှာ ကိုယ့်ကို silent mode on ထားတဲ့သူတွေ များလွန်းအားကြီးလို့ ငါ့များ SP လုပ်ထားကြလေသလား ဇဝေဇဝါဖြစ်နေတာ ကြာပြီလေ။ public post တွေမှာ ကွန်မန့်ဝင်ပေးတဲ့ ဆာဂျင်တွေ လက်ချိုးရေရင် ဘယ်လက်ကနေ ညာလက် မကူးဘူး။ သူတို့ကို အပြစ်မပြောပါဘူး။ ကိုယ့်အကြောင်းကိုယ် သိရမှာပေါ့။ ကိုယ်နဲ့တရားဝင် လူသိရှင်ကြား ဆက်သွယ်ပြောဆိုနေတာ Ss နဲ့ ဟန်ငြိမ်းဦးဆီရောက်သွားရင် ၅၀၅ တင် မကဘူး။ မတရားသင်းဆက်သွယ်မှု၊ အကြမ်းဖက်မှုတွေပါ ပုဒ်မ တပ်လို့ ရသွားနိုင်တာပေါ့။ နောက်ပြီး ဒီကကောင်က ခုကာလမှာ အရောတဝင်နေလို့ ကောင်းတာ မဟုတ်ဘူး။ မတော် စာထဲထည့်ရေးလိုက်တော့ ဘယ့်နှယ်လုပ်မလဲ။ “ဥပဒေဘောင်တွင်း နေထိုင်ခြင်း ဘေးကင်းရန်ကွာ စိတ်ချမ်းသာ” တဲ့။ အားနာလို့ မ Un ရင်တောင် restricted ထဲ ထည့်သင့်တယ် မဟုတ်လား။ အဲ့သလို အဲ့သလို သဘောထားတွေ ရှိနိုင်တာကြောင့် “မောင် ဘယ်သူ့ကိုမှ အပြစ်လည်း မတင်လိုပေ။” ဆို မသိသလိုနေပေးခဲ့တာ။ ဒီကောင်ကြီးကတော့ ပေါ်တင်လာ မန့်ရှာသားနော်။ သူမို့ မကြောက်မရွံ့။

ဒီနေ့ operation ရဲ့ စိန်ခေါ်မှုကတော့ ၉ နှစ်အရွယ် ကလေးလူနာကို မေ့ဆေးကြာကြာပေးရမယ့် ပြဿနာပါ။ ဗိုက်အထက်ပိုင်းကို ခွဲမှာဆိုတော့ relaxation လည်း ကောင်းမှရမယ်။ အစာအိမ်နဲ့နီးတော့ aspirations ရမှာလည်း ကြောက်ရတယ်။ နောက်ဆုံးတော့ မေုဆေးဆရာဝန်ညွှန်ကြားချက်တွေကို ၁၊ ၂၊ ၃၊ ၄၊ နံပါတ်စဉ်တပ်ပြီး စာရွက်ပေါ် ချရေးထားတဲ့အတိုင်း check list နဲ့ တစ်ခုပြီးတစ်ခု လုပ်သွားတယ်။ ပထမဆုံးအကြိမ် child’s airway ကို LMA ထည့်ဖူးတာ၊ ကလေးလူနာကို spinal ထိုးဖူးတာပဲ။ ဗိုက်ဖွင့်ရင် ဘာတွေ့မှာလဲ။ သေချာသိအောင် အရင်လုပ်ပြီးမှ ခွဲရတာဆိုတော့ စမ်းတဝါးဝါးလည်း မဖြစ်ဘူး။ ကလေးဗိုက် သေးသေးလေးမို့ လုပ်ရကိုင်ရ လက်ဝင်တာပဲ ရှိတယ်။ အားလုံး ချောချောမောမော အဆင်ပြေသွားမှပဲ အလုံးကြီး ကျသွားတော့တယ်။ အဲ့ဒါကြောင့်ပြောတာလေ။ အခုထက်ထိကို သင်ယူလို့ သင်ကြားလို့ မကုန်ပါဘူးဆို။

ကိုယ်တို့က တောထဲတောင်ထဲကနေ tele medicine နဲ့ consultation လုပ်နေတာ၊ learning လုပ်နေတာ။ ဟိုဘက်ကလူတွေကတော့ ရပ်ကွက်ထဲ ဆီတွေဆန်တွေ တန်းစီတိုးခိုင်းနေတာ။ ဖယောင်းတိုင်တွေ မီးခွက်တွေနဲ့ နေခိုင်းနေတာ။ သင်္ကန်းဝတ်များမှ ကြိုဆိုဖူးမြှော်ကာ ပူဇော်အထူးကို ခံယူတော်မူထိုက်သော ဒကာတော် ရေမြေ့ရှင်ကြီး လုပ်ချင်နေတာ။ ခေတ်ချင်းအခါချင်းက တူကို မတူဘူး။ ဘယ်ခေတ်မှာ နေချင်ကြသလဲ ကိုယ့်ဘာသာ စဉ်းစား။ ဟောဒီမှာ အင်တာနက် ပြတ်တောင်းပြတ်တောင်းနဲ့ တောထဲကလူတောင် အင်္ဂလန်က ဆရာဝန်နဲ့လည်း လှမ်းချိတ်နိုင်တယ်။ လိုအပ်သမျှ Specilist လည်း တိုင်ပင်နိုင်တယ်။ ဝိုင်းဝန်းဆွေးနွေး အကြံပေးတဲ့သူအားလုံးကို ကျေးဇူးတင်သလို လူနာရဲ့ ရလဒ်ကို တစ်ယောက်ချင်းစီဆီ အကြောင်းပြန်တဲ့အနေနဲ့ စာထဲထည့်ရေးလိုက်ရပါတယ်။ နံမည်ကတော့ ဟိုအကောင်တွေဆီ ရောက်သွားမှာစိုးလို့ မတပ်တော့ပါဘူး။ ဒါပေမယ့် သိုင်းကျူးနော်။ ကျေးဂျူးကဘာဆိုင်ရော်။