“ခေတ်ကာလ မြန်မာပြည်မယ် အသက်ရှည်ရာ အနာမဲ့ရေး ရန်ဘေးကင်းကြောင်း ကောင်းမှုမင်္ဂလာပြည့်စုံတဲ့ အရပ်ဒေသမှာ နေလိုပါတယ်။ ဘယ်လိုအရပ်မျိုး သွားနေရပါ့မလဲ။” လို့ မေးလာရင် ကိုယ်ကတော့ “စစ်သားတွေ မရှိတဲ့ အရပ်မှာပဲနေပါ။ အဲ့ဒါဟာ အထိုက်အလျောက် အန္တရာယ်လည်းကင်းတယ်။ ဘေးလည်းရှင်းတယ်။ မတရားသဖြင့် နှိပ်စက်ကလူ ပြုတာကိုလည်း မခံရဘူး။ နေရထိုင်ရ အင်မတန် စိတ်ချမ်းသာပါတယ်။” လို့ ဖြေမိမလား မသိပါဘူး။ သူတို့ကတော့ “တပ်မတော်ကြီး မရှိရင် ဘာဖြစ်သွားမလဲ။” ချည့် ခြိမ်းခြောက်နေတာ။ တကယ့်လက်တွေ့မှာတော့ အဲ့ဒီတပ်မတော်ကြီး မရှိမှ အေးချမ်းသာယာတဲ့ နိုင်ငံတော်ကြီး ရမှာမို့ တနိုင်ငံလုံးက အုန်းအုန်းကြွက်ကြွက် တော်လှန်နေရတာ။ ဒါ အလကားနေရင်း မုန်းလို့ ပြောတဲ့စကား မဟုတ်ပါဘူး။ ဘဝပေးအသိနဲ့ ရလာတဲ့ သင်ခန်းစာပါ။ တိုင်းရင်းသားတွေလည်း အသိ။ “ဗိုလ်ကြီးတို့လာမှ ကျွန်မတို့ရွာ ပြာကျတော့တယ်။” ဆိုတာ ရယ်စရာကောင်းတဲ့ ပြက်လုံး မဟုတ်ဘူး။ ရင်ကွဲပက်လက် ညည်းတွားသံ။
ဆယ်ဇင်းမှာ ကိုဗစ်စင်တာ သိမ်းတော့ ရွာခံတွေက ကိုယ်တို့ကို မပြန်စေချင်ပါဘူး။ ရွာမှာပဲ စိတ်ချရပါတယ်။ ဆေးခန်းဆက်ဖွင့်ပါ။ ခွဲခန်းလိုချင်တယ်ဆို ခွဲခန်းရော ဆေးရုံပါ ဆောက်လှူပါ့မယ် လို့ ဆိုပါတယ်။ သူတို့ရွာက လုံခြုံတယ်ဆိုတာ ကိုယ်တွေ ၃-၄ လလောက်နေပြီးပြီမို့ သိပါတယ်။ ကိုယ်ရောက်ရောက်ချင်းညက ကြိုဆိုဧည့်ခံမလို့ စောင့်နေတယ်ဆိုတဲ့ အဖွဲ့ ၃ ဖွဲ့ဆိုတာ စခန်းမှူးကြီးရယ်၊ တပ်ခွဲမှူး ဗိုလ်ကြီးတွေရယ်၊ KIA က တိုက်နယ်မှူးတွေရယ် ကို ပြောတာ။ ဒီမှာသူတို့ ကြည်စေအေးစေပဲ။ မိဂဒါဝုန် လို့တောင် ပြောခဲ့မိသေးတယ်လေ။ ဒါပေမယ့် စစ်ပွဲက အထက်ကလာရင် ညီအကိုချင်း သားအဖချင်းလည်း သတ် ဆို သတ်ရတာပဲ။ ကဗျာဆရာ ကိုခက်သီ ကို ကြည့်ပါလား။
လတ်တလော အခြေအနေမှာ အဝေရာ ရန်မရှိ ဖြစ်နေလို့ သာသာယာယာကလေး မှေးနေရင် အလုပ်ရှုပ်သက်သာတယ် လို့ ကိုယ်ကတော့ မမြင်ပါဘူး။ ရှမ်းနီတွေကို သည်အတိုင်းထားရင် တနေ့ကျ သူတို့ကို ပြန်တိုက်မှာ လို့ KIA က မမြင်ပေမယ့် စစ်တပ်ကလူတွေနဲ့ တစ်ကိုင်းတည်းနားရင် အချိန်မရွေး ကိုယ့်အတွက် အန္တရာယ် ရှိတယ် လို့ ကိုယ်ကတော့ သဘောပေါက်ထားပါတယ်။ ဒါကြောင့်မို့ သူတို့ကို အာရတီ နဲ့ မရှောင်ဘူး။ ဝိရတီ နဲ့ အဝေးကြီးကနေ ခွါပြီး ရှောင်တယ်။ အကိုကြီးရဲ့ ညီလေးရဲ့ ဘီယာခွက်ချင်းတိုက် သောက်တာက တခြား။ ဖြစ်လာရင် ကိုယ်လိုလူ မပြောနဲ့။ တစ်သက်လုံး ဘီယာ အလကားတိုက်လာတဲ့ ဆိုင်ကိုတောင် မီးရှို့ချင် ရှို့တာလေ။ အမဲရိုးက အမဲရိုး။ ဟင်းအိုးက ဟင်းအိုးပဲ။ အဲ့ဒီအချိန်တုန်းကသာ အားနာပါးနာ နဲ့ ရွာမှာ ဆက်ဆေးကုနေလို့ကတော့ ခုလောက်ရှိ စစ်ရှောင်စခန်းမှာတောင် နေခွင့်ရမှာ မဟုတ်။ လည်ပင်းစာဆွဲပြီး ဇော်မဲလုံး သတင်းထောက်တွေရှေ့ ဓါတ်ပုံအရိုက်ခံရသေးရင် ကံကောင်းတယ် မှတ်ရမှာ။
ဆယ်ဇင်းရွာတစ်ရွာလုံး ပြာကျမယ် လို့ ကြိုတင် မသိခဲ့ပေမယ့် ဆယ်ဇင်းဟာ ကိုယ့်အတွက် လုံခြုံသော်ငြား စိတ်ချရတဲ့နေရာ မဟုတ်ဘူး လို့ သိတဲ့အတွက် ဆယ်ဇင်းနဲ့ ဝေးရာ စစ်သားတွေ မရှိတဲ့အရပ်မှာ ဆေးရုံလာတည်ပါတယ်။ ကိုယ့်လိုအပ်ချက်က ရှင်းရှင်းလေးပဲ။ စစ်သားတွေ မရှိတဲ့နေရာ ဖြစ်ရမယ်။ ကိုယ်တို့ကို အကာအကွယ်ပေးမယ့် လက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့ရှိရမယ်။ လူနာတွေ လိုက်လာပြလို့ ရရမယ်။ အဲ့ဒီ ၃ ချက်ကိုပဲ ခေါင်းထဲ ထည့်စဉ်းစားတယ်။ စစ်သားတွေ မရှိတဲ့အရပ် လို့ ပြောတာဟာ ချစ်ခြင်းမုန်းခြင်းတွေနဲ့ ဘာမှ မပါတ်သက်ဘူး။ ဘဝတသက်တာ အတွေ့အကြုံအရ စဉ်းစားဆင်ခြင်ဉာဏ် နဲ့ ပြောတာ လို့ သိစေချင်ပါတယ်။ ဒီကနေ့ချိန်ခါမှာ သူတို့ရောက်လာရင် နဂိုက ဘယ်လောက်ပဲ ငြိမ်းချမ်းသာယာတဲ့ အရပ်ဒေသဖြစ်ဖြစ် ငရဲခန်းတွေအဖြစ် ပြောင်းလဲသွားတယ် မဟုတ်ဘူးလား။ စစ်သားဆိုတဲ့ကောင်တွေကို ဆရာဝန်ပညာတွေ နှစ်ဘွဲ့သုံးဘွဲ့ရအောင် သင်ပေးထားလည်း “မြန်မာတပြည်လုံးမီးရှို့ခံရတဲ့ တရားခံဟာ ဦးသန်းရွှေကြီးက စုကြည်မကို အကျယ်ချုပ်ကလွှတ်ပေးလိုက်လို့ ဖြစ်ရတာပါ။” လို့ မရှက်မကြောက် ကိုယ့်စာအောက်မှာ ကွန်မန့်လာပေးရဲတဲ့အထိ သင်ကြားချေချွတ်၍ မရသော ဦးနှောက်တွေပါ။ ဒိန်းဂျား မှ ဒိန်းဂျား အစစ်။ မင်္ဂလသုတ်ထဲ နံပါတ် ၁ မှာ ထားတာ “အသေဝနာစ ဗာလနံ” မဟုတ်လား။ ဗုဒ္ဓရဲ့ အဆုံးအမ အောက်မှာ နေကြရအောင် နော့။
ကိုယ့်ရဲ့ အခြေခံ လိုအပ်ချက်တွေအရဆိုရင်တော့ ကိုယ်လိုချင်တဲ့ဆေးရုံအတွက်က အရညဝါသီ တောကိုမှီမှပဲ ရတော့မယ်။ သို့သော် နေ့စဉ်ရပ်တည်မှုအရ ရွာနဲ့ သိပ်ဝေးလို့လည်း မဖြစ်ချေဘူး။ ဆွမ်းတခံစာ အကွာအဝေးမှာတော့ ရှိသင့်တာပေါ့။ မိုးလုံလေလုံ အဆောက်အဦဆိုတာ လူနာတွေနေဖို့အတွက် လိုသလို ကိုယ်တို့ ဆရာဝန်တွေ ဆရာမတွေအတွက်လည်း လိုမှာပဲ။ ခွဲခန်းကလည်း ဆောက်ရမှာ။ အိမ်သာ၊ ရေ၊ မီး ကလည်း စီစဉ်ရမှာ။ ဒါတွေအားလုံး အဆင်သင့်ဖြစ်မှ ဆေးရုံဖွင့်တာ မဟုတ်ဘူး။ နေစရာနေရာ စီစဉ်လို့ပြီးတာနဲ့ ဒီမှာလာပြောင်းနေပြီး လူနာကြည့်ရင်း ဆေးရုံဆောက်တာ။ နဂိုက လူ ၆ ယောက်ဆို တစ်အိမ်တည်း ချက်ပြုတ်စားသောက်ပေမယ့် အတွင်းလူနာ တင်တဲ့အခါ ရွာထဲက သူနာပြုအကူတွေပါ ခေါ်ရတာမို့လို့ လူ တစ်ဒါဇင်ဖြစ်သွားပြီး မီးဖိုဆောင် နဲ့ ထမင်းစားဆောင် ထပ်ပြင်ရပါတယ်။ အစစအရာရာ ပြည့်ပြည့်စုံစုံနဲ့ အလုပ်လုပ်နိုင်ဖို့ ၂ လကြာ ပြင်ဆင်ဖြည့်ဆည်းရပါတယ်။ အားလုံးပြည့်စုံလို့ သေချာအလုပ်လုပ်နိုင်တဲ့အခါကျတော့ သုံးရင်းကုန်သွားတဲ့အရာတွေ အချိန်မီပြန်ဖြည့်နိုင်ဖို့ စဉ်ဆက်မပြတ် အားစိုက်ရပါတယ်။ ဆေးခန်းအတွက် ပထမစိန်ခေါ်မှုကတော့ မိုးတွင်းကာလ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်သွားတဲ့အခါ ဆေးဝါး နဲ့ ရိက္ခာပစ္စည်း မပြတ်တောက်အောင် စီစဉ်ရတာပါ။ တချိန်တည်းမှာပဲ နောက်ထပ်ရင်ဆိုင်ရတာကတော့ စစ်ပွဲတွေနဲ့ အရမ်းနီးကပ်လာတဲ့ ပြဿနာပါ။ ဆယ်ဇင်းမှာ ရွာပျက်သွားပြီဆိုတော့ ကိုယ်တို့ဆီကို အချိန်မရွေး စစ်သားတွေ ရောက်လာနိုင်တဲ့ ဘေးအန္တရာယ် ရှိပါတယ်။ safety first လို့ စဉ်းစားရင် ဆေးရုံကို စွန့်ခွါပြီး လုံခြုံရာ ရွှေ့ပြောင်းသင့်ပါပြီ။ သို့သော် အချိန်ကာလက တစ်နှစ်ကြာသွားပြီဖြစ်တဲ့အတွက် မနှစ်က စဉ်းစားသလို စဉ်းစားလို့ မရတော့ပါဘူး။ တော်လှန်ရေးက အရှိန်အဟုန်တွေ မြင့်လာပြီ။ တနိုင်ငံလုံး နေရာအနှံ့အပြား တိုက်ပွဲတွေ ဖော်ဆောင်နေပြီ။ အခုအချိန်မှာ စိတ်ချလုံခြုံရေးထက် အရေးပေးစရာတွေ အများကြီး ရှိနေပြီ။ ဒါကြောင့်မို့ ကိူယ်တို့ဟာ ဆေးရုံကို မစွန့်ခွါပဲ ready to retreat အနေအထားနဲ့ လာသမျှ ထိုင်ကုနေခဲ့ပါတယ်။
လေယာဉ်တွေ တနေကုန် လာဝဲနေကတည်းက ဆေးရုံပေါ်ကျလိုက်ရင် ဆိုတဲ့အတွေးကြောင့် အောက်ဆီဂျင်အိုးတွေတောင် လူနာဆောင်ထဲ မထားပါဘူး။ နေဝင်ရင် မီးလည်းငြှိမ်းတယ်။ လူတွေလည်း ရှောင်တယ်။ အရေးပေါ်လူနာရှိမှ ပြန်လာကုတာ။ ဒီလိုနဲ့ပဲ ကိုယ်တို့မှာ ခါတိုင်းထက်တောင် ပိုခွဲဖြစ်ပါသေးတယ်။ လူနာတွေလည်း ပြတ်တယ်လို့ မရှိပါဘူး။ နဂိုအတိုင်း ၂၄ နာရီ ဝန်ဆောင်မှုအပြည့် ပြန်ပေးနိုင်ဖို့ ကြိုးစားရပါတော့မယ်။ ညရေးညတာ လူနာတွေချည့်ပဲ ထားခဲ့ရတာ စိတ်မချလို့ပါ။
စစ်ပွဲဟာ ဘယ်လောက်ထိ ကြာမယ်မှန်း မသိနိုင်ဘူးလေ။ အခုတောင် ရက်ကိုလစားခဲ့ပြီ။ တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ လို့ အဆင်သင့်ပြင်ထားသလိုပဲ ဘာမှဖြစ်မလာပဲ နောက်ထပ် ရက်တွေလတွေ ရှည်ကြာနေရင် ဘာဆက်လုပ်မလဲ ပြင်ဆင်ထားသင့်တာပဲ မဟုတ်လား။ ကိုယ်ကတော့ ပြင်ရုံတင်မကပါဘူး။ အလုပ်တွေတောင် ဆက်လုပ်နေပြီ။ လူနာတွေများလာတော့မယ်။ လာသမျှ လုံလုံလောက်လောက် ဆေးကုနိုင်အောင် ပြင်ဆင်နေတယ်။ စုစရာရှိတာ စုတယ်။ လျှော့စရာရှိတာ လျှော့တယ်။ အခက်အခဲပေါင်းစုံကို ကြံ့ကြံ့ခံ ရင်ဆိုင်ပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ တော်လှန်ရေးအတွက် အင်အားတစ်ခုဖြစ်အောင်နေတယ်။
သို့သော်လည်း ကိုယ့်အတွက် မေးခွန်းတစ်ခု တက်လာပါတယ်။ တကယ်လို့များ အခုတော်လှန်ရေးကြီးဟာ ၈၈ တုန်းကလိုပဲ နောက်ထပ် အနှစ် ၂၀ လောက် ကြာဦးမယ်ဆိုရင် ဘယ်လိုလုပ်မှာလဲ မစဉ်းစားထားဘူးလား။ အဲ့ဒီမှာ အနှစ် ၂၀ လောက်နေတော့မှာလား တဲ့။ အေးပေါ့လေ။ မေးထိုက်တာပေါ့။ ဘာဖြစ်ရင် ဘာလုပ်မယ် ဆိုတဲ့ plan ရှိရင် ဘာမှမဖြစ်ရင်ကော ဘာလုပ်မလဲ ဆိုတဲ့ plan လည်း ရှိသင့်တာပေါ့။ အမေးရှိရင် အဖြေရှိပါတယ်။
တကယ်လို့များ စစ်ကောင်စီက ၈၈ တုန်းကလို တော်လှန်ရေးအင်အားစုတွေကို ဖြိုခွင်းပြီး နောက်ထပ် အနှစ် ၂၀ လောက် ဆက်အုပ်ချုပ်နေမယ်ဆိုရင် အဲ့ဒီကာလအထိ ကိုယ်အသက်မရှင်တာ သေချာပါတယ်။ ဇော်ဦး၊ အောင်နိုင်ဦး၊ မင်းဇော်ဦး၊ ဝင်းမင်းသန်းဦးတို့လို နောက်တက်မယ့် ဗိုလ်ချုပ်တွေနဲ့ လက်ဆွဲနှုတ်ဆက်မယ့် စိုးမင်းဦး အဖြစ်နဲ့တော့ အသက်ဆက်ပြီး မရှင်ချင်ပါဘူး။ သူတို့ကလည်း အရှင်ထားမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ 20 more years under military regime ဆိုတာ ကိုယ့်အတွက် စဉ်းစားစရာ မလိုပါဘူး။ အဲ့ဒီ အနှစ် ၂၀ မှာ သူတို့ရှိရင် ကိုယ် မရှိဘူး။ ကိုယ်ရှိရင် သူတို့မရှိဘူး။ သေချာတယ်။
ဒီလိုဆိုရင် စစ်အုပ်ချုပ်ရေးလက်အောက်မှာ နောက်ထပ်အနှစ် ၂၀ ဆိုတဲ့ပြဿနာဟာ ကိုယ့်အတွက်ပြဿနာ မဟုတ်ဘူး။ ကိုယ့်သားသမီးမျိုးဆက်တွေအတွက် ပြဿနာပါ။ သူတို့ကို ဒီလူယုတ်မာတွေလက်အောက်မှာ နောက်ထပ်အနှစ်နှစ်ဆယ် မပြောနဲ့။ တစ်နှစ် နှစ်နှစ်တောင် မထားနိုင်ပါဘူး။ အသက်နဲ့ ရင်းရရင်းရ နိုင်အောင်တိုက်မှာပဲ။ ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စဟာ အဲ့ဒီအတိုင်း ဖြစ်ကိုဖြစ်လာတယ်ဆိုရင် over my dead body မှပဲ ဖြစ်ခွင့်ရပါမယ်။ ကိုယ့်ဘက်ကတော့ လုံးဝအဖြစ်ခံမှာ မဟုတ်ပါဘူး။
၈၈ တုန်းက ကိုယ့်အသက်က ၂၁ နှစ်ပါ။ အဖြစ်အပျက် အားလုံးမှာ ကိုယ်ဟာ witness သက်သက်ထက် မပိုပါဘူး။ activist တောင် မဖြစ်ခဲ့ဘူး။ သပိတ်ခေါင်းဆောင်လည်း မဟုတ်သလို ဘယ်သမဂ္ဂထဲမှာမှ မပါခဲ့ဘူး။ တောလည်း မခိုခဲ့ဘူး။ ၂၁ မှာ ကိုယ် တောထဲရောက်နေတာ ဘယ်သူ့တိုက်တွန်းချက်မှ မပါဘူး။ ဖျားယောင်းသွေးဆောင်မှု မရှိသလို ခြိမ်းခြောက်တိုက်တွန်းတာလည်း မခံရဘူး။ အဖမ်းခံရမှာကြောက်လို့ ထွက်ပြေးပုန်းရှောင်တာလည်း မဟုတ်။ တတိယနိုင်ငံမှာ ခိုလှုံခွင့်ရဖို့ camp ဝင်ပြီး essay ရေးနေတာလည်း မဟုတ်ဘူး။ ပင်စင်ယူဖို့ ၅ နှစ်ပဲ ကျန်တဲ့အချိန်ကျမှ ရှေ့မှာလုပ်လာခဲ့တဲ့ ၂၇ နှစ်ကို လွှင့်ပစ်တာ ထောင်မြင်လို့ ရာစွန့်တာ လို့ ထင်သလား။ ဒီအသက်အရွယ်ရောက်မှတော့ ယောလည်းယိမ်းတတ်တယ်။ ဘသားလည်း ယိမ်းတတ်တယ်။ မဃိမ်းချင်လို့ကို မယိမ်းတာ။ ကိုယ်ကျိုးစီးပွါးအတွက်လည်း မဟုတ်ဘူး။ ကိုယ့်သားမယားကောင်းစားဖို့လည်း မဟုတ်ဘူး။ နောက်မျိုးဆက်တစ်ခုလုံးကို စစ်ဖိနပ်အောက်မှာ မထားချင်တဲ့အတွက် ဒီလမ်းကို လျှောက်တာပါ။ ဒါကြောင့်မို့လို့ နောက်လာမယ့် နှစ်ပေါင်း ၂၀ မှာ ကိုယ်နဲ့အတူ ရှိချင်ပါတယ် ဆိုရင်တော့ ဒီရထားပေါ်မှာ အတူပါလာမှပဲ ရပါမယ်။ ကိုယ်တို့အားလုံး နောက်ထပ် အနှစ် ၂၀ ကျွန်ခံဖို့ ဘယ်သူမှ စိတ်ကူးမရှိကြပါဘူးလေ။