ချန်ဂင်တို့စခန်း (၈၉)

သာသာယာယာ နေ့တစ်နေ့ပါပဲ။ မိုးမရွာဘူး။ နေသာတယ်။ မနက်ခင်းပိုင်းဆို မြူတွေဆိုင်းလို့ အေးတောင်အေးစပြုပြီ။ ချောင်းရေက များသောအားဖြင့် ကြည်ပေမယ့် ကြမ်းပြင်မှာ ကျောက်စရစ်တွေ နည်းသွားပြီ။ ရေစီးကြောင်း ပြောင်းသွားပြီမို့ မိုးရွာတာနဲ့ ရေနောက်သွားတယ်။ ချောင်းစပ်မှာ ဗျိုင်းအုပ်ကလေးတွေ နေ့တိုင်းလာတယ်။ လာမှာပေါ့။ အောက်မှာ ကျွဲအုပ် ရှိတာကိုး။ ရွာထဲမှာတော့ ဒီနေ့ လပြည့်နေ့မို့ စာရေးတံမဲပွဲ ရှိတယ်။ တစ်ရွာလုံးနီးပါး ဥပုသ်စောင့်ကြတယ်။ ညက တစ်ညလုံးမအိပ်ပဲ ဆွမ်းချက်ကြတယ်။

ဆေးရုံကို လာပြတဲ့လူနာ ပိုများလာပြီ။ အခုရက်တော့ ငှက်ဖျား အဖြစ်များကြတယ်။ နားထဲကို ပိုးကောင်ဝင်တဲ့ ကလေးတစ်ယောက်လာတယ်။ နောက်ကလေးတစ်ယောက်ကတော့ ၃ နှစ်သားကလေး လျှာအရှည်လိုက် ကွဲနေတာ။ သူ့အမေကတော့ ချော်လဲတယ်ချည့် ပြောနေတယ်။ မဖြစ်နိုင်ပါဘူး။ ကလေးက လျှာနှစ်ခွဖြစ်နေပြီ။ ပါးစပ်ထဲ ဓါးထည့်ဆော့သလား မသိ။ မွေးလူနာတစ်ယောက် ဗိုက်ခွဲရတယ်။ ဒီလိုနဲ့ပဲ ပုံမှန်လည်ပတ်နေတယ် ပြောရမှာပေါ့။ ဆယ်ဇင်းရွာသားတွေမှ အပ လေ။

ဆယ်ဇင်းကလူတွေ စစ်ရှောင်စခန်းမှာ တစ်လပြည့်ပြီ။ ဘာမှ မရေရာသေးဘူး။ စိတ်ဒဏ်ရာတွေ အပြည့်နဲ့။ အနားဝန်းကျင်က မျှောပိုင်တွေ မျှောသားတွေကတော့ ကိုယ့်မျှောကိုယ် ပြန်နေကြပြီပေါ့။ နို့မို့ ရှိသမျှ ပြောင်ရချည်ရဲ့။ အဓိက လောင်သွားတဲ့ အောက်ကျင်းဆိုတဲ့ ရပ်ကွက်ဟာ ဈေးဆိုင်တွေချည့် ဖင်ချင်းခေါင်းချင်းဆိုင် ဖွင့်ထားတာမို့ ခေတ်ကာလ ကုန်ဈေးနှုန်းနဲ့ဆို ဘယ်သူမှ ပြန်မရင်းနိုင်တော့ပါဘူး။ နေစရာအိမ်ကလေး ပြန်ဆောက်ဖို့တောင် အနိုင်နိုင်။ လူအများကြီးရဲ့ဘဝတွေကို ရှင်လျက်နဲ့သေအောင် သတ်သွားတာပါလေ။ “ငါ့အိမ်ကလေး မီးရှို့တော့ မင်းတို့ ဘာများ ရသွားလို့လဲကွယ်။” ဆိုတဲ့ စကားက လူတိုင်းရင်ထဲမှာ ရှိနေမှာပါပဲ။ ရတဲ့လူတွေ ရကြတာပ အမေကြီးရယ်။ လမ်းဆုံဘက်မှာ ခိုးရာပါဆိုင်ကယ်တွေ ပြန်ရောင်းနေတာ အသစ်ဈေးမှ ၃ သိန်းရယ်တဲ့။ ဘယ်သူတွေ စီးရက်သလဲတော့ မသိပါဘူး။ သူတပါး မျက်ရည်ပေါက်ကြီးငယ်ဆိုတာ ပူက ပူပါဘိသနဲ့။ မီးမရှို့ခင် လိုချင်တာ အကုန်ယူပြီးမှ ရှို့တဲ့ဟာကို။ ကိုယ်တို့နေခဲ့တဲ့အိမ်ရှေ့က ပြည်စံဟိန်း ကာရာအိုကေဆိုင်ဆို ရေခဲသေတ္တာထဲက ဘီယာဘူးတွေ အဝထိုင်သောက်ပြီးမှအခန်းထဲကို ဒီဇယ်ဖျန်းပြီး မီးရှို့နေတာ အတိုင်းသား ထိုင်ကြည့်ခဲ့ရသတဲ့။ ခါတိုင်း ဆိုင်မလာဖူးတဲ့ မျက်နှာတွေလည်းမဟုတ်။

အခုတော့ မီးရှို့တဲ့သူတွေဆီမှာပဲ ကိုယ့်နေရာလေးကိုယ်ပြန်ရဖို့ ပိုက်ဆံပေးဝယ်ကြရဦးမတဲ့။ လူတွေကို အမှတ်သည်းခြေ မရှိဘူး လို့ပဲ မှတ်ထားလေသလား။ မီးလောင်တဲ့ဆိုင်ရှင်တွေဟာ ဆယ်ဇင်းမှာ ဓါးမဦးချ နေထိုင်လာခဲ့ကြသူတွေ မဟုတ်ပဲ အရပ်တပါးက လာရောက်စီးပွါးရှာဖွေသူတွေ ဖြစ်တဲ့အတွက် စီးပွါးပျက်ရင် နေရပ်ပြန်ကြမယ့်သူတွေ များပါတယ်။ နဂိုအတိုင်း ရွာပြန်စည်ဖို့ဆိုတာ အချိန်တွေအများကြီးကြာဦးမှာ။ ဆယ်ဇင်းရွာ ပျက်သွားတဲ့အခါ နေ့စဉ် အဝင်အထွက် အတက်အဆင်းလုပ်နေတဲ့ ကားတွေ စက်လှေတွေကလည်း ရပ်သွားသေးတာပါ။ ဆယ်ဇင်းပတ်ပတ်လည်က ရွှေမျှောတွေကို အခြေခံလည်ပတ်နေတဲ့ စီးပွါးရေးဂေဟစံနစ်ကြီး တစ်ခုလုံး ပျက်ယွင်းသွားတာမို့ လူတန်းစား အလွှာအသီးသီးမှာ ထိခိုက်ပါတယ်။ ရှို့တဲ့သူက မီးခြစ်ဆံတစ်ချောင်း ကြံတစ်သောင်း ဆိုတဲ့ အသိစိတ်လောက်ပဲရှိပြီး ဒေသရပ်ရွာ ဘယ်လောက်နစ်နာသွားတယ်ဆိုတာ ဝေခွဲနိုင်တဲ့ အသိဉာဏ် မရှိပါဘူး။ အမြီးကျက်ရင် အမြီးစားမယ်။ ခေါင်းကျက်ရင် ခေါင်းစားမယ်။ ဘာမှမကျက်ရင် အစိမ်းလိုက် ဝါးစားမယ်။ အဲ့သလောက်ပဲ သူတို့ သိတယ်။ ဗြောင်လိမ်လိုက်ရင် ငါတို့ကို ဘယ်သူခံငြင်းရဲမလဲ လို့ပဲ အပိုင်တွက်မှာပေါ့။ အခုတော့ ဘယ်သူမှ ငြင်းစရာမလိုဘူး။ သူ့မျက်နှာဖုံးသူဆွဲချွတ်ပြတာမို့ SNA ရဲ့ သရုပ်မှန်ကို တနိုင်ငံလုံးက သိမြင်နေရပါပြီ။

မနေချင်တဲ့သူ ထွက်သွားလေ။ ဆယ်ဇင်းမြေမှာ ရွှေထွက်နေသ၍ ငကန်းသေလည်း ငစွေလာလုပ်စားဦးမှာပဲဟာ။ အောက်ပြည်အောက်ရွာက မဘသတွေ အကုန်ခေါ်ပြီး ရွာတည်ပေးလိုက်မှာပေါ့ လို့ အဘတို့ဘက်ကတော့ တွက်ပါလိမ့်မယ်။ ဘင်္ဂလားနယ်စပ်မှာတုန်းကလည်း အဲ့သလိုပဲ လုပ်ခဲ့ကြတယ် မဟုတ်လား။ “မင်းတို့ကောင်တွေ လက်ရဲဇက်ရဲပဲ။ ဒီမှာလာနေ မင်းတို့ကို ဘယ်သူမှ မစော်ကားရဲဘူး။ ဟိုဘက်က ဘင်္ဂလီတွေ ဝင်လာရင် လက်စွမ်းပြလိုက်စမ်းပါ။” လို့ မြှောက်ပင့်ပြီး ထောင်ထွက်လူမိုက်တွေကို ရွာတည်ပေးခဲ့ဖူးတယ်။ ဒါပေမယ့် အဘတို့ လူမိုက်တွေက အဘတို့လည်းပြန်ရော အဲ့ဒီမြေကွက်တွေကို ဘင်္ဂလီတွေဆီ ရောင်းစားပြီး ရန်ကုန်ပြန်ကြလို့ နဂိုက ရခိုင်ရွာတွေကနေ အမည်ပေါက်ဘင်္ဂလားရွာတွေဖြစ်ကုန်တာ မမှတ်မိဘူးလား။ မမ်မရီလေး ရကောခေါ်ထားဦးနော်။ အိုင်စီဂျေကျ ပြန်ရှင်းရဦးမှာ။ အဘကတော့ မမီလောက်တော့ပါဘူး။ အဘရှာထားတဲ့ အပူစာ အဆိပ်အပင်းတွေနဲ့ အဘတို့ သားစဉ်မြေးဆက် ဘယ်လိုတွေ လောင်မြိုက်ပြီး အညွန့်တုံးကြမလဲ ဆိုတာ။

ဆယ်ဇင်းမှာဖြစ်ဖြစ်၊ ဖားကန့်မှာဖြစ်ဖြစ်၊ ရွှေတူး ကျောက်တူးတယ်ဆိုတာ သံတိုင်တွေ အင်ဝိုင်းတွေခေတ် မဟုတ်တော့ဘူး။ ဘက်ဖိုးနဲ့ကော်၊ ရေစုတ်စက်နဲ့မောင်းတင်၊ စက်ယန္တရားတွေနဲ့ အလုပ်လုပ်ကြရတာပါ။ ရွှေထွက်ကောင်းတဲ့ မျှောတွေဆို တစ်ရက်ကို ဒီဇယ် ၂ ပီပါလောက်ကုန်ပါတယ်။ မြေကြီးထဲက အလကားရတဲ့ရွှေကို ဖော်ယူရပေမယ့် ဆီဈေးကြီးရင် ပက်ပက်စက်စက် ရှုံးပါတယ်။ အဲ့ဒီစကားကို မျှောပိုင်က ပြောပြတဲ့အချိန်က ဒီဇယ် တစ်ပီပါ ၂ သိန်းပါ။ အခုဝယ်ထည့်နေရတာ တစ်ဂါလံ ၂၅၀၀၀ ဈေးဗျ။ တစ်ပီပါမှာ ဂါလံ ၅၀ ပါတာလေ။ တွက်ကြည့်ဦး။ ကိုက်လား မကိုက်လား။ ရွှေဈေးတက်ရင် ကိုက်ပါတယ် ဆိုရအောင်ကလည်း ရွှေဒင်္ဂါးပြားတောင် လက်တစ်လုံးခြား ဂျင်းထည့်ရောင်းတာ။ ရုရှားရွှေတွေ မှောင်ခိုသွင်းဦးမတဲ့။ ရွှေမပြောနဲ့ ရွှံ့တောင် သူနဲ့ပါတ်သက်သမျှ စိတ်မချရဘူး။ နွားမဖင်က ခွါယူတဲ့အကောင်။ ဆယ်ဇင်းမှာ ရွှေတွေပြန်တူးနိုင်ဖို့ဆိုတာ မအလ ကြိုးစင် မတက်မချင်းတော့ ဖြစ်နိုင်လိမ့်မယ် မထင်ပါဘူး။ အခုဖြစ်နေတဲ့ လောင်စာဆီပြဿနာက မီးလောင်လောင် မလောင်လောင် ဆယ်ဇင်းက အလုပ်အကိုင်တွေ ရပ်သွားစေမှာပါ။

ဒီလို စီးပွါးရေးဟန်ချက်ပျက်တာက ဆယ်ဇင်းရွာတင်မကဘုး။ တနိုင်ငံလုံး ငုတ်တုတ်ထိုင်နေရတဲ့ အဖြစ်မျိုး ရောက်ပါတယ်။ “အရှင်ဘုရား က ဘုရားပဲ။ ဘဏ်တိုးတွေ မယူပါနဲ့တော့။” ဆို အမြဲလျှော်ပစ်နေကျ ရွှေတိဂုံဘုရားကြီးတောင် ဂေါပကတွေ လိုင်းပေါ်တက် ခွက်ဆွဲခိုင်းရတဲ့ဘဝ ရောက်သွားတာ မြင်တယ်နော်။ မြန်မာငွေတွေ တန်ဖိုးကျတဲ့အခါ ဗိုလ်တစ်ထောင်စေတီ ဆံတော်တွင်းထဲက ကျပ်တန်အသစ်ကလေးတွေနောက်ကို နှစ်ရာတန်၊ ငါးရာတန်၊ တစ်ထောင်တန်တွေ လိုက်သွားရတာပေါ့။ ဗဟိုဘဏ် ဥက္ကဌအဖွားကြီးကတော့ ဒါလည်း ခေတ်သစ်မီဒီယာကြောင့် လို့ပဲ ပြောတတ်မှာပါ။ ဆယ်ဇင်းက လောင်ကုန်လော်ပန်တို့ရေ စိတ်မညစ်ပါနဲ့။ ခများတို့ချည့်ပဲ မွဲမှာ မဟုတ်ဘူး။ လူတိုင်းမွဲတော့မယ်။ အားမငယ်နဲ့။ အားလုံးအတူတူပဲ ဖြစ်သွားမှာ။ စစ်ဘောမ ခရိုနီတွေတော့ ကြီးပွါးမှာပေါ့ လို့ ထင်တယ်လား။ မထင်ပါနဲ့။ အဲ့ဒီလူတွေဆီက လုဖို့ယက်ဖို့လည်း မစဉ်းစားနဲ့။ သူတို့ကို သူတို့ဘောမနေတဲ့ စစ်တပ်ကကောင်တွေပဲ ချိုနဲ့သားရေပါမကျန်အောင် နွှာယူမှာ။

တိုင်းပြည်စီးပွါးရေး ချွတ်ခြုံကျပြီး ပြည်သူလူထု အငတ်ဘေးနဲ့ ကြုံရလို့ရှိရင် စစ်တပ်က ဗိုလ်ချုပ်တွေဆီက ကွမ်းတစ်ယာ ရေတစ်မှုတ်တောင် လာမှာ မဟုတ်ပါဘူး။ ပိုင်ဆိုင်မှုတွေရော ဆက်ခံမယ့်သူတွေရော နိုင်ငံခြား ရွှေ့ထားပြီးပြီ။ ကိုယ့်အတွက် အသာထား။ သူတို့ ရဲဘော်တွေအတွက်တောင် မသထာဘူး။ “မင်းတို့လက်ထဲက သေနတ်ကြီး ဘာလုပ်ဖို့လဲ။ အဲ့ဒါကြီးပြပြီး လုစားပေါ့ကွ။” လို့ ပြောမှာ။ စစ်သားတွေကလည်း မငတ်ခင်ကတည်းက ဓါးပြတိုက်နေပါပြီလေ။ ကြာလာရင် ပြည်သူမှာ မရှိတော့ဘူး။ ကိုယ့်အဘကိုယ်ပြန်တိုက်မှ ရတော့မယ်။ ရဲတွေနဲ့ စစ်သားတွေနဲ့ အပြန်အလှန်ပစ်ကြ။ စစ်သားတွေ အချင်းချင်း ပစ်ကြ။ ဗိုလ်ကြီးတွေက ဗိုလ်မှူးတွေကို ပစ်ကြ။ မြိုင်မြိုင်ဆိုင်ဆိုင် မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်လောက်ဆို ပွဲပြီးပြီ။ မြူး ဟူးဟူးဟူး။ အထူး ဟူးဟူးဟူး။

ကိုင်း။ စိတ်ကူးနဲ့တော့ မြန်မာပြည်တစ်ပါတ် ပတ်ပြီးပြီ။ ကိုယ့်ဆေးစခန်းလေးဆီ ပြန်လာကြဦးစို့။ ဒီပုံစံအတိုင်း ဆိုရင်တော့ သူတို့ဘက်က ထိုးစစ်ဆင်လာစရာအကြောင်း မရှိပါဘူး။ ပိုက်ဆံမှ မရှိပဲနဲ့။ ဆိုင်ကယ်တောင် ထိုင်နေရတဲ့အချိန် လေယာဉ်ပျံကြီးနဲ့ ဗုံးကြီးတွေလာကျဲမယ်ဆိုရင် သိန်း ၁၀၀-၂၀၀ လောက် မကုန်ပဲနဲ့ ရမလား။ စစ်တိုက်တာလောက် ပိုက်ဆံကုန်တာ စစ်တိုက်တာပဲ ရှိတယ်။ ဒီလာတိုက်လို့ အဖြေထွက်သွားစရာလည်း အကြောင်းမရှိဘူး။ အဖြေထွက်ချင် ရာဇာဓိရာဇ်ကြီးလို “မဂြိုင်းခေါင်းကို ဘယ်သူဖြတ်ဝံ့သလဲ။ ဆုတော်လာဘ်တော်ပေးမယ်။” လို့သာ တစ်ခွန်းဟလိုက်။ မတ်သံလုံဆိုတာ ကိုယ့်ဘက်က အိုးဆွဲဓါးကိုင် ထွက်စရာ မလိုဘူး။ သူ့နောက်ကျောကလူတွေ အလုအယက် လာမှာ။ စဉ်းစားနော် အဘတို့။ ဦးဝင်းမြင့်ကို လုပ်ကြံလည်း ခများတို့ သမ္မတ မဖြစ်ဘူး။ အမေစုကိုရန်ရှာလည်း အတိုင်ပင်ခံ မဖြစ်ဘူး။ မဂြိုင်း ခေါင်းပါရင် ကာချုပ်ဖြစ်မှာ။ စိတ်ကူးမလွဲနဲ့ သက်လား။ ကိုယ်ပေးတဲ့အကြံတောင် နောက်ကျနေပြီလား မသိပါဘူး။