အောက်ဆီဂျင်လေအိုးတွေ ရောက်လာပြီ။ ဒီဇယ်ပုံးတွေ ပါလာပြီ။ ဆေးတွေလည်း ထပ်ရောက်ပြီ ဆိုတော့ စိတ်အေးလက်အေး ဖြစ်သွားပါပြီ။ လူနာတွေကလည်း ကောင်းလာပြီ။ စိတ်ပူစရာ မရှိတော့ဘူး။ နောက်လာမယ့် လူနာတွေကို ထိုင်မျှော်ရင်း မီးဖိုချောင်ဘက်ကို အာရုံပြောင်းကြတယ်။ “အိမ်ချက်” ဗူးကလေးတွေနဲ့ ဒန်ပေါက်ချက်စားကြတယ်။ ရွာထဲက ငှက်ပျောသီး၊ အုန်းသီးတွေ လာပေးရင် ကောက်ညှင်းထုပ်တို့ ငှက်ပျောသီးပေါင်းတို့ လုပ်စားကြတယ်။ ဒီမှာက မုန့်ပဲသွားရည်စာ ကိုယ်လုပ်မှ ကိုယ်စားရတာလေ။ အစားအသောက်တွေ မှန်လွန်းလို့ ဝိတ်တွေတောင် လျှော့ယူနေကြတယ်။ အချိန်အားရရင် ရသလို ပရိတ်ပဌါန်းတွေလည်း ရွတ်ကြပါတယ်။ ဒီလိုပဲ ရေစီးတစ်ခါ ရေသာတစ်လှည့်ပေါ့။
စစ်အရိပ်အငွေ့တွေ ခဏတော့ ပျောက်နေပြန်ပြီ။ အိပ်ရာလိပ်တွေ သယ်သွားတဲ့ကလေးတောင် သူ့အထုပ်အပိုးတွေ ပြန်သယ်လာပြီ။ ကိုယ်တို့လည်း လုံခြုံရာမှာ သိမ်းဆည်းထားတဲ့ ဆေးရုံပစ္စည်းတွေ ပြန်ထုတ်သုံးပြီ။ အရင်တုန်းက ဒီကိုလာပြတဲ့ လူနာတော်တော်များများဟာ ဆယ်ဇင်းဝန်းကျင်ကလာတယ်။ ကိုဗစ်စင်တာဖွင့်တုန်းက လာပြဖူးတဲ့သူတွေပေါ့။ အခုတော့ စစ်ပြေးဒုက္ခသည်ဖြစ်ကုန်လို့ လာမပြနိုင််တော့ဘူး။ ဟိုပင်၊ မိုးညှင်း၊ အင်းတော်ကြီးဘက်ကလူတွေ လာပြအောင် မားကက်တင်း ဆင်းရတော့မယ်။ ဆေးရုံမှာခွဲတဲ့ လိပ်ခေါင်း နဲ့ hernia လူနာတွေကတော့ အဲ့ဒီဘက်ကချည့် လာကြတာပါ။
ပွင့်လင်းရာသီဆိုရင်တော့ အဲ့ဒီဘက်ကို ကားလမ်းပေါက်ရင် ခဏကလေးပဲ လာရတယ်။ အာဏာမသိမ်းခင်ကဆို စစ်မက်အင်္ဂါလည်း မရှိတော့ တော်တော်ကို ငြိမ်းငြိမ်းချမ်းချမ်း ရှိကြပါတယ်။ အင်းတော်ကြီးကန် ဝန်းကျင်တခို က သဘာဝပတ်ဝန်းကျင် အထိအခိုက် မရှိသလောက်နဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်နေကြတာဆိုတော့ သာရကာ ငှက်ကျေးလည်းပေါတယ်။ တောရိုင်းတိရစ္ဆန်လည်း စုံတယ်။ ဒီနေ့တင် ရွာထဲက အိမ်တစ်အိမ်က ကိုင်းထောင်လို့ရတဲ့ တောဝက်သားတွေ လာပို့ပေးတယ်။ ကလီစာအစုံဆို ဝက်သားတုတ်ထိုး လုပ်စားလို့တောင် ရတယ်။ အရင်လကလည်း ဝက်ဝံကုတ်တဲ့ လူနာ လာသေးတယ်လေ။ ချောင်းထဲမှာ ငါးမျိုးစုံ ရှိတယ်။ တောစပ်မှာ ဟင်းရွက်အမျိုးအမည်စုံတယ်။ လူဦးရေက လူနေကျဲကျဲပဲ။ ဖားကန့်တို့ ဆယ်ဇင်းတို့မှာသာ စီးပွါးရှာတဲ့သူတွေနဲ့ စည်ကားနေတာ။ ဒီဘက် အရပ်ဒေသမှာတော့ ခေါင်ခေါင်ခါးခါးပဲ။ နွားလှည်းလေးနဲ့ ဆိုင်ကယ်လေးနဲ့ သွားလာနေကြတာ။ ရွာမှာ ကားစီးနိုင်တာ ရွာဦးကျောင်းက ဆရာတော် နဲ့ KIO က ဆလမ်ကဘာ ပဲ ရှိမယ်။ ကားလမ်းပွင့်ရင် လိုင်းကားစီးလို့ရမယ်။ လိုင်းကားက ပါဂျဲရိုး၊ လန်ခရူဆာလောက်မှ ရုန်းလို့ ရတာနော်။ မိုးတွင်းဆို ဒီဘက်က မလာတော့ဘူး။ ဝေခါလမ်း၊ ကာမိုင်းလမ်း က တက်ကြတယ်။
နောက်တစ်ရက် နှစ်ရက်နေရင် ဆယ်ဇင်းထဲက တပ်တွေကို လူလာလဲလိမ့်မယ် လို့ သတင်းကြားတယ်။ သတ်ထားဖြတ်ထား လုထားယက်ထားတဲ့ကောင်တွေကို လူချင်းပြန်လဲကြမယ်ပေါ့။ “မင်း တော်တယ် မောင်ပြူး။ မင်းကို နောက်တန်းပြန်ရောက်ရင် ရာထူးတိုးပေးမယ်။” ဆိုပြီး ခိုးရာပါပစ္စည်းတွေကို မိုက်ကြေးခွဲရဦးမှာမှလား။ စာရင်းချုပ်လိုက်ရင် ကချင်ပြည်နယ်မှာ စစ်ကောင်စီ အခြေစိုက်တဲ့ တပ်စခန်းတစ်ခု တိုးလာပြီပေါ့။ ဖားကန့်၊ တာမခန်၊ ဆယ်ဇင်း အထိ သူတို့ ရောက်လာပြီ။ နဂိုကတည်းကလည်း ရှိပြီးသားဆိုပေမယ့် KIO အုပ်ချုပ်မှုအောက်မှာ ကုတ်ကုတ်ကလေး နေရာက အခုတော့ KIO ကို ရွာထဲကနေ တိုက်ထုတ်လိုက်တယ် ဆိုတဲ့သဘော။ ရွာအပြင် ပတ်ပတ်လည်မှာ KIO / KIA တွေ ရှိသော်ငြားလည်း သူတို့ကို ဘာမှပြန်မလုပ်တဲ့အတွက် ဒီရွာကိုတော့ သူတို့အုပ်ချုပ်မှုအောက်မှာပဲ ထားတော့မယ် လို့ မြေပုံပေါ်မှာ အောင်လံစိုက်သွားတယ်။ စစ်တို့၏ သဘောသဘာဝအရ ဆယ်ဇင်းက အရပ်သားတွေကို စကားထဲထည့်မပြောပဲထားရင် ဒီလိုပဲ သုံးသပ်ရမှာပေါ့။
လတ်တလော အခြေအနေမှာ ထပ်နှိပ်စက်စရာ ရွာသားတွေလည်း မကျန်တော့ဘူး။ KIA ကလည်း လာမတိုက်ဘူး ဆိုရင် ဒီစစ်ပွဲကို ပြီးသွားပြီ လို့ပဲ ယူဆရမှာပဲ။ ၈ ရက်နေ့ဆိုရင် တစ်လတောင် ပြည့်ပြီလေ။ အဲ့ဒီလိုပဲ သုံးသပ်ပြီး ကိုယ်တို့ ဆေးရုံကို ပစ္စည်းတွေ ပြန်ဖြည့်တင်းရပါတယ်။ ဖြုတ်သိမ်းထားတဲ့ မွေးခန်းလေးလည်း ပြန်ဆင်ရဦးမယ်။ လိုအပ်သမျှ ပစ္စည်း ကိရိယာတွေကိုလည်း လက်ကျန်စစ် လိုရာဖြည့်ရဦးမယ်။ မမအိုဂျီကတော့ သူ့ကလေးတွေကို တစ်ယောက် ဗိုက်တစ်လုံးစီ အပိုင်စားပေးပြီး တာဝန်ယူခိုင်းနေပြီ။ ခွဲခန်းထဲမှာလည်း တလှည့်စီ case ဝင်ကြရတယ်။ နွားပေါက်ကလေးတွေ ဝန်တင်ကျင့်သလိုပဲ ကိုယ့်ဘက်က ထမ်းနိုင်ရုန်းနိုင်တဲ့ ဝန်ကို တစတစ တိုးလို့ ကျင့်ယူရမှာပေါ့။ သိပ်မကြာခင် ဒီလအတွင်းမှာပဲ ခွဲလူနာ အယောက် ၁၀၀ ပြည့်တော့မယ်။ ၁ ကနေ ၁၀၀ ကို ရောက်ဖို့ ၇ လ ကြာတယ် ဆိုပေမယ့် ၁၀၀ ကနေ ၂၀၀ ကို ရောက်ဖို့ ဘယ်နှစ်လ ကြာမလဲ စောင့်ကြည့်ကြသေးတာပေါ့။
မနှစ်ကတုန်းက ဒီလိုအချိန်မှာ အစာအိမ်သွေးကြောပေါက်တဲ့ အနောက်ကမ်းသာရွာက လူနာကို ကားပေါ်တင်ခေါ်ပြီး တာမခန်ဆေးရုံမှာ သွားခွဲခဲ့တယ်။ လူနာရော၊ ဆရာဝန်ရော၊ ဆရာမရော လမ်းကြမ်းခရီး ၂ နာရီလောက်စီးပြီး တာမခန်ဆေးရုံမှာ ကိုဗစ်စင်တာ ဖွင့်ထားတဲ့ ဆရာဝန်လေးနဲ့ ဆက်သွယ်စီစဉ်ပြီး သွားခွဲတာ။ အဲ့ဒီတစ်ယောက်ပဲ ခွဲလို့ရတယ်။ နောက်ထပ် ထပ်ခွဲဖို့ အဆင်မပြေတော့ဘူး။ အဲ့ဒီအချိန်တုန်းကဆိုရင် အခုလို ကိုယ့်ခွဲခန်းကိုယ်ထောင်ပြီး ခွဲနိုင်လိမ့်မယ်လို့ အိပ်မက်တောင် မမက်ဖူးဘူး။ ဒါပေမယ့်လည်း တစ်နှစ်အတွင်းမှာ နောက်ထပ် လူနာ ၁၀၀ ပြည့်အောင် ခွဲနိုင်ခဲ့တယ်ဆိုတာ အိပ်မက် မဟုတ်ဘူး။
မိုးဦးတုန်းက ချောင်းထဲမှာ ရေချိုးပြီးပြန်လာရင် အဝတ်လျှော်တဲ့ဇလုံနဲ့ ကျောက်ခဲလေးတွေ နိုင်သလောက် ကောက်ကောက်လာခဲ့တယ်။ လူနာဆောင်နဲ့ ခွဲခန်းနဲ့ ဆက်တဲ့ကွန်ကရိလမ်းကလေးကို ဘေးကနေ ဖို့ပေးတာ။ ဒီလိုနဲ့ လမ်းကလေးဖြစ်သွားတယ်လေ။ အဲ့ဒီ သဘောပါပဲ။ လူနာတွေ ခွဲရင်းခွဲရင်း ဆေးရုံကလေးအဖြစ် လူသိလာတယ်။ ဘယ်လိုအခက်အခဲ ဘယ်လိုအတားအဆီးတွေ ရှိရှိ၊ ကိုယ်လုပ်စရာရှိတဲ့အလုပ်ကိုတော့ မတွန့်မဆုတ် တစိုက်မတ်မတ် လုပ်ခဲ့တယ်။ ဒါကြောင့် တစ်နှစ်တာ ကာလအတွင်းမှာ ကြိုတင်မျှော်မှန်းမထားတဲ့ ရလဒ်တွေ ရခဲ့တယ်။
တော်လှန်ရေးနဲ့ ပါတ်သက်လို့လည်း ဒီအတိုင်းပဲ သဘောထားပါတယ်။ နေ့စဉ်ရက်ဆက် ကြိုးစားနေတယ်။ နည်းလမ်းပေါင်းစုံနဲ့လည်း ကြိုးစားယူခဲ့တယ်။ ဒီတစ်နှစ် အတွင်းမှာ ပြောင်းလဲတိုးတက်မှုတွေ အများကြီးပဲ မဟုတ်လား။ ဒီတော်လှန်ရေးကာလဟာ ကိုယ်တစ်ယောက်တည်း ဖြတ်ကျော်ရတဲ့ ခရီးလမ်း မဟုတ်ဘူးလေ။ ပြည်တွင်းပြည်ပက မြန်မာနိုင်ငံသားတွေ အားလုံး အတူတကွ မျောပါဖြတ်သန်းကြတယ်။ ကိုယ်စီကိုယ်စီ တစ်ယောက်စီတိုင်းရဲ့ မှတ်ဉာဏ်မှာ ဒီကာလ အတောအတွင်း အဖြစ်အပျက်တွေက မှတ်တမ်းကျန်ရစ်နေကြပြီ။ အဲ့ဒီပုံရိပ်မှတ်တမ်းတွေကို စုစည်းပြီးတော့ သမိုင်းဖြစ်စဉ်တစ်ခုအဖြစ်နဲ့ နောက်လာနောက်သားတွေဆီကို လက်ဆင့်ကမ်းတဲ့အခါ အာဏာသိမ်းစစ်ကောင်စီရဲ့ အတွင်းသဘော သရုပ်မှန်ကို ကိုယ်တိုင် မြင်တွေ့ခံစားဖူးတဲ့အတိုင်း အဖေက သားကို အဖိုးက မြေးကို လက်ဆင့်ကမ်း ပြန်ပြောပြနိုင်စေဖို့ ကိုယ်စွမ်း၊ ဉာဏ်စွမ်း၊ ကလောင်စွမ်းရှိသမျှ အပတ်တကုတ် အားထုတ် ရေးသားခဲ့ပါတယ်။ ၂၀၂၁-၂၂ မှာ စစ်သားဆိုတာ ဒီလိုသတ္တဝါတွေပါလား ဆိုတာ သွေးတွေ အသက်တွေ ဘဝတွေနဲ့ ရုပ်လုံးဖော် မှတ်တမ်းတင်ခဲ့သလို ကိုယ်ကျိုးစီးပွါး ရှေ့တန်းတင်ပြီး အဲ့ဒီစစ်သားတွေနဲ့ ပူးတဲ့ ပလူးတဲ့ လူပုဂ္ဂိုလ် ရဟန်းပုဂ္ဂိုလ်တွေကိုလည်း ဒီမှတ်တမ်းထဲမှာ စက်ဆုပ်ရွံရှာဖွယ် မြင်ရမှာပါ။
ဆိုလိုတာကတော့ကွယ်။ ဒီစာတွေဟာ နံမည်ကြီးချင်လို့ ရေးနေတာ မဟုတ်ဘူး။ like လိုချင်လို့ follower များဖို့လည်း မရည်ရွယ်ဘူး။ ကိုယ်ရေးတဲ့စာထဲ ကိုယ့်ကိုယ်ကိုယ် သူရဲကောင်းလုပ်ပြီးလည်း အလှူခံမစားဘူး။ ဒီစာတွေဟာ တော်လှန်ရေးရဲ့ စစ်မျက်နှာတစ်ခုပဲ။ စာဖတ်သူ ပြည်သူလူထုရဲ့ အတွေးအမြင်ကို တော်လှန်ရေးအတွက် ပြောင်းလဲနိုင်ဖို့ ရည်ရွယ်တယ်။ အားငယ်ရင် အားပေးမယ်။ လမ်းပျောက်ရင် လမ်းပြမယ်။ ရုန်းစရာရှိရင် အတူရုန်းမယ်။ မပါသေးတဲ့သူရှိရင် စည်းရုံးမယ်။ လိုက်ချင်တဲ့သူရှိရင် လက်တွဲခေါ်မယ်။ မတိုက်ဝံ့ဝံ့ တိုက်ဝံံဝံ့ ဖြစ်နေတဲ့သူ ရှိရင် “Fighting bro” မြှောက်ပင့်ပေးမယ်။ ခြုံပြောရမယ်ဆိုရင်တော့ အရေးတော်ပုံအောင်ဖို့အတွက်ဆိုရင် ကာယကံမြောက်လည်း တောထဲမှာလာနေပြီး ဆေးကုပေးနေတယ်။ ဝစီကံမြောက်လည်း ဆိုရေးရှိသမျှ မချွင်းမချန် ဘယ်သူ့မှ မကြောက်ပဲ ပြောဆိုရေးသားနေတယ်။ မနောကံမြောက်ကလည်း ကြံစည်စိတ်ကူးသမျှ အရာအားလုံး တော်လှန်ရေးအပေါ်မှာ အာရုံစူးစိုက်ထားတယ်။ ကံ ၃ ပါးစလုံးရဲ့ မဆုတ်မနစ် ကြိုးစားအားထုတ်မှုကြောင့် ကံ၏အကျိုးဆိုတဲ့ ရလဒ်ကို ဘာမှ သံသယရှိစရာ မလိုတော့ပါဘူးလေ။