ချန်ဂင်တို့စခန်း (၈၄)

ဒီနေ့ဟာ နတ်ဆရာဟောထားတဲ့ လဆန်း ၆ ရက်နေ့ညပါပဲ။ ယုံယုံ မယုံယုံ ကိုယ်တို့လည်း သတိနဲ့ နေရာပြောင်းအိပ်ကြပါတယ်။ သူပြောတဲ့အတိုင်း အလုံးစုံ ပျက်စီးသွားစေမယ့် အရာတစ်ခုဟာ လေယာဉ် ပေါ်က ကျလာတဲ့ ဗုံးအနေနဲ့ မလာပဲ ဗဟိုဘဏ်က ပေါက်ကွဲထွက်လာတဲ့ စီးပွါးပျက်ကပ်ဆိုးကြီးအနေနဲ့ လာဝင်ဆောင့်ပါတယ်။ မနေ့ညက ၃၇၀၀ နဲ့ အိပ်ပျော်သွားတဲ့ ဒေါ်လာဈေးဟာ မနက် အိပ်ရာထတော့ ၄၃၀၀ ဖြစ်နေပါပြီ။ ညနေစောင်းတော့ ၅၀၀၀ ပါ။ တနေ့တာကာလအတွင်း အဲ့သလိုဖြစ်သွားတာ တခါမှ မကြုံဖူးသေးပါဘူး။ သူ့ဘာသူ ဒေါ်လာဈေးတက်တာ ရွှေဈေးတက်တာ ကိုယ်က ဒေါ်လာလည်းမဝယ် ရွှေလည်းမဝယ်ပဲနဲ့ ဘာပူစရာရှိတုန်း။ တော်တော်များများက အဲ့သလိုပဲ တွေးမှာပါ။ ကိုယ့်ထိမှ ကိုယ်ပူတတ်မှာကိုး။ မိုးပြိုလည်း အများနဲ့ပဲဟာ လို့လည်း တွေးချင်တွေးပါမယ်။ ကိုယ်ကတော့ မိုးပြိုတာ ကိုယ်မလွတ်ဘူး လို့ သိတဲ့အတွက် ပြင်စရာရှိတာတွေပြင်ဖို့စဉ်းစားရင်း အိပ်လို့တောင် မပျော်ပါဘူး။ တကယ်တမ်းတော့ ဒါဟာ မြန်မာပြည်သူတွေအားလုံးအတွက်အနုမြူဗုံးတစ်လုံး ကျလိုက်သလိုပါပဲ။ ချက်ချင်း မသိသာပေမယ့် တစ်ရက်ပြီးတစ်ရက် ဗုံးဗုံးလဲ ပျက်စီးသွားမှာပါ။

ပထမဦးဆုံး ရိုက်ခတ်ချက်ကတော့ ဆေးတွေ ဝယ်မရတော့တာပါ။ လက်ထဲရှိတာ ကုန်သွားရင် နောက်ထပ်လာဖို့ မရှိတော့ပါဘူး။ အဲ့ဒါ ကိုယ့်ဆီမှာတင် မဟုတ်ဘူး။ မြန်မာတနိုင်ငံလုံးမှာ ဖြစ်လာမှာလေ။ တော်ပါသေးရဲ့။ ငါက ဈေးတွေမတက်ခင် အများကြီး ဝယ်ထားမိလို့။ အခုဈေးနဲ့ဆို ၃-၄ ဆလောက် မြတ်နေပြီ လို့ ဝမ်းသာနေတဲ့သူတွေဟာ သူ့ပစ္စည်းကုန်သွားတဲ့အခါ ထပ်မဝယ်တော့ပဲ ကျေကျေနပ်နပ်ကြီး အရောင်းပိတ်လိုက်ပါလိမ့်မယ်။ ဝယ်ချင်လည်း ဝယ်မှမရတော့ပဲကိုး။ ဒီမှာတင် သူ့လက်ထဲကပိုက်ဆံတွေလည်း အများနည်းတူ အရည်ပျော်လာပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ်သူက ခေါ်ဈေးကြိုက်ဈေးရမှ ရောင်းတာမို့ သူ့အရည်ပျော်မှတ်က သူများတွေထက်တော့ နောက်ကျမှာ အမှန်ပါ။ အရင်ဆုံး အရည်ပျော်ကျပြီး ရပ်တန့်သွားမယ့်သူက လာသမျှလူ အလကားပေးနေတဲ့ ကိုယ်တို့ဆေးရုံပဲ ဖြစ်ပါလိမ့်မယ်။ တနိုင်ငံလုံး ကြပ်တည်းလာချိန်မှာ အလှူရေစက်တွေလည်း အလိုလိုခန်းခြောက်သွားတော့မှာ။ လက်ထဲရှိတာ ချွေချွေတာတာ သုံးမှ အချိန်နည်းနည်းကလေး တောင့်ခံနိုင်ပါလိမ့်မယ်။ စစ်ဘေးစစ်ဒဏ်ကြောင့် သိုမှီးထားသော ဆေးပစ္စည်းများကို လုံခြုံရာ ရွှေ့ပြောင်းသိုဝှက်ရတဲ့အခါ မိုးဒဏ်လေဒဏ်၊ ကြွက်ကိုက်ခြကိုက် ပုရွက်ဆိတ်ကိုက်နဲ့ အလေအလွင့်များတာကလည်း ရှိသေး။ သူများတွေ အနေသာကြီးလို့ ထင်ပေမယ့် ကိုယ်ကတော့ ကိုယ့်ဆေးရုံအပေါ် ကျလာတဲ့ဗုံးဆံကို မြင်ထားပါပြီ။ အပျက်အစီးနည်းအောင်ပဲ နည်းလမ်းရှာရတော့မယ်။

နောက်တစ်ခု ရိုက်ခတ်လာတာက လောင်စာဆီပြဿနာပါ။ ရွာထဲမှာ ဆိုင်ကယ်ဆီပြတ်လို့ ဝယ်ချင်ရင် တစ်လီတာ ၅၀၀၀ ပေးဝယ်မှ ရပါတယ်။ ဒါတောင် ဆိုင်တွေမှာ မရှိတော့ပါဘူး။ လက်ထဲများများရှိတဲ့သူက မကုန်မချင်း ကြိုက်ဈေးခေါ်ပြီးရောင်းနေတာပါ။ သူလည်း ကုန်ရင် ရပ်သွားမှာပေါ့။ ထပ်ဝယ်စရာမှ မရှိတာ။ ကိုယ်တို့ဆေးခန်း ညဘက် မီးစက်မနှိုးပဲ ထားတာ တစ်လရှိပါပြီ။ ဒီဇယ်ကုန်ရင် ပြန်ဝယ် မရမှာ စိုးလို့ပါ။ မနက်တိုင်းလည်း ရွာထဲဈေးသွားဝယ်ရင် လမ်းလျှောက်ပါတယ်။ ဆေးရုံက မီးစက်ကို ရေတင်တဲ့အခါရယ် ခွဲခန်းဖွင့်တဲ့အခါရယ်ပဲ သုံးပါတယ်။ မီးစက်နှိုးမှပဲ ဖုန်းတွေ ပါဝါဘန့်တွေ တန်းစီပြီး အားသွင်းရတာပါ။

ဒီအထိက ရိုက်ခတ်တယ်လို့ မဆိုနိုင်သေးပါဘူး။ ဆေးတွေ ပစ္စည်းတွေမှာတဲ့အခါမှသာ တန်ဆာခတွေအများကြီး ပေးရတော့တာလေ။ ဆီဈေးကြီးတော့ တန်ဆာခပေါ်မှာ ပေါင်းတင်ရတော့တာပဲ။ အစစ်အဆေး အဖမ်းအဆီးကလည်း များလိုက်ပါဘိ။ လူသာပါရင် မသိမ်းရှင်လို လမ်းတင်သေခဲ့မယ့် သဘောရှိတယ်။ ပိုဆိုးတာက တောလမ်းကိုပို့မယ့် ဆိုင်ကယ်ကယ်ရီတွေက မလိုက်တော့ပါဘူး။ ဈေးတွေမတရားတောင်းတာကို ပြန်ဝယ် ထည့်ရတဲ့ဆီဈေးနဲ့ မကိုက်တော့လို့။ ဒီအခါ ပစ္စည်းတွေ တော်တော်နဲ့ မရောက်တော့ပါဘူး။ ဆီကိစ္စကလည်း ဆေးလိုပဲ ဝယ်ထားပြီးသား လူတွေဆီက ကုန်သွားရင် နောက်ထပ်လာစရာ မရှိတာ အတူတူပဲလေ။ လမ်းပေါ်တင်ထိုးရပ်ကြမှာပေါ့နော။ အခုဆို စစ်ဘေးရှောင်စခန်းမှာ ကူချင်ရင် ဆီတွေ ဆန်တွေနဲ့ မလုံလောက်ဘူး။ ဓါတ်ဆီကူပါ ဒီဇယ်ကူပါ လို့ တောင်းနေရတယ်။ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ဖို့ ဆီဝယ်မရဘူးလေ။ တနိုင်ငံလုံး ဆီတွေပြတ်၊ တိုင်းပြည်ကလည်းအပျက်ဆိုရင် ဦးသိန်းစိန်ခေတ်တုန်းကလို မြစ်ကြီးနားကနေ ရန်ကုန်အထိ လမ်းလျှောက်ပြန်လာနေရမယ်။

နောက်အကြောင်းတစ်ခုက ကုန်ဈေးနှုန်းပါပဲ။ ရောက်စက တစ်နေ့ ဈေးဖိုးတစ်သောင်းဆို လောက်တယ်။ အခု နှစ်သောင်းနဲ့လည်း မလောက်ဘူး။ အာလူး နဲ့ ကြက်သွန်တင်အရင်ထက် ၂ ဆ လောက် တက်သွားပြီ။ ဆီတွေဆန်တွေတော့ ထားလိုက်တော့။ ဈေးဆိုင်တိုင်းက ဘာဝယ်ဝယ် “ဒါ အရင်ဈေးနဲ့မို့ ပေးလိုက်တာနော်။ နောက်တခါဝယ်ရင် ဒီဈေးမရဘူး။” တခါတည်း ပြောရောင်းတာ။ ပြောမယ့်သာပြောတာ။ သူတို့လည်း ပြန်မဝယ်နိုင်ဘူး။ တနေ့ထက်တနေ့ ဆိုင်ကချောင်ပြီးရှင်းလာတာ။ တပြည်လုံးမှ ငတ်ကြစတမ်းဆိုရင် ကိုယ့်ဆီမှာတော့ ကွက်မချောင်လည်လောက်ဘူးနော်။

သူလည်းအငတ် ကိုယ်လည်းအငတ်။ အငတ်ချင်းတူရင် သေနတ်ရှိတဲ့လူက လုစားမှာလည်း သေချာသလောက်ပဲဗျ။ အခုကို စစ်သားတွေ နေရာတကာ ဓါးပြတိုက်နေမှဟာ။ မိအောင်လှိုင်တို့ အကြီးပိုင်းကခေါင်းဆောင်တွေ မိသားစုကတော့ ကျုပ်တို့ ခေါင်းဖြတ်ချင်လို့ လိုက်ရှာတောင် ဒီမှာ မရှိတော့ပါဘူးဗျာ။ လွတ်ရာကျွတ်ရာ ပို့ထားပြီး နှပ်နေပါပြီ။ ပြင်သစ်တော်လှန်ရေးလို ပေါက်ကွဲထွက်လာမယ့် ပစ္စည်းမဲ့ဒေါသတွေကို အောက်ခြေစစ်သားတွေအပေါ်မှာပဲ ဖိထောင်းစရာ ရှိပါတယ်။ အဲ့ဒီခွေးသူတောင်းစားတွေကလည်း သူ့လည်ပင်းပေါ် ဓါးတင်မှ ပြည်သူ့ရင်ခွင် ခိုလှုံပါတယ် လုပ်မယ့်ကောင်တွေ။

ဒီလိုနဲ့ပဲ မြန်မာပြည်ကြီးဟာ လူဦးရေတဝက်လောက်ပဲ ကျန်မယ် ထင်ပါတယ်။ သေချာတာက အဲ့ဒီရှင်ကျန်ခဲ့တဲ့ လူဦးရေတဝက်ထဲမှာ စစ်ဗိုလ်ချုပ်တွေရဲ့ စောင်မျိုးစောင်နွယ်တွေချည့်ပဲ နေမှာပါ။ အဲ့သလိုသာဆိုရင်တော့ ကိုယ့်ဘက်ကရှင်ကျန်ရစ်ခဲ့တဲ့ တော်လှန်ရေးမျိုးဆက်တွေဟာ ဖရီးမေဆင် ဂိုဏ်းသားတွေလိုပဲ ကလဲ့စားချေဖို့ တာဝန်တွေ ကျန်သေးတာမို့ တော်လှန်ရေးကြီး ဆက်အဓွန့်ရှည်ရဦးမလား မသိပါဘူး။ ဘာလို့ဆိုတော့ မသေလို့ရှင်ကျန်ရစ်တာချင်းတူပေမယ့် တော်လှန်ရေးဘက်တော်သားတွေဟာ သူတို့လို ပျော်ရွှင်မြူးတူး ဟီလာတိုက်နေနိုင်မှာ မဟုတ်ဘူး။ survivor’s guilt တွေနဲ့ အသက်ဆက်ရှင်သန်လိုစိတ်တွေ ကုန်ဆုံးနေမှာမို့ပဲ။ စောင်ရူးကြီးတစ်ကောင် အာဏာမက်လိုက်တာ စောင်ရူးစစ်တပ်တစ်တပ်လုံး လိုက်ရူးတာကြောင့် မြန်မာပြည်ဆိုတာကြီးတစ်ခုလုံးပါ ပျောက်သွားတော့မယ် ထင်ပါတယ်။ ပျောက်သွားလည်း အေးတာပဲ။ နောင်ကျ စာအုပ်ထဲထည့်ရေးချင်ရင် ကမ္ဘာပေါ်မှာ စောင်ပြဿနာအတက်ဆုံး လူမျိုးတစ်မျိုး လို့သာ မှတ်ထားရစ်ကြပါ။

အစကတော့ ဒီအထိပဲ ရေးပြီး ရပ်လိုက်မလို့ပါပဲ။ ဒါပေမယ့် ဒီနေရာမှာ ရပ်လိုက်ရင် ဘယ်လောက်ပေးမလဲ လို့ မောင်မောင်အေးကြီးက ဖုန်းမဆက်လာတာကြောင့် နည်းနည်းလေးတော့ လျှာရှည်ရဦးမယ်။ ဆာစိုးက ဒီတခါ စာရေးတာ depressive mood ကြီးနဲ့။ မိုတီလေးဘာလေး ပေးပါဦး လို့ လာမန့်ကြမှာ မြင်ယောင်နေတယ်လေ။ မသာအိမ်မှာ cheerleader အပြုံးကြီးနဲ့ အားပေးစကားပြောရမလို ဖြစ်နေပြီ။ စာဖတ်ပြီးပြီ မဟုတ်လား။ ဒီအတိုင်းပဲ ဖြစ်နိုင် မဖြစ်နိုင် ကိုယ့်ဘာသာ ဆက်စဉ်းစားရမှာလေ။ ဖြစ်ရင်တောင် ကိုယ့်အိမ် ကိုယ့်အခြေအနေ ကိုယ့် settings နဲ့ ဆို ဘယ်လိုဖြစ်မလဲ ကြိုစဉ်းစားရမှာ။ ဘဝဟာ ကိုရီးယားကားလည်း မဟုတ်ဘူး။ မအေးအေးဝင်း စီစဉ်တာလည်း မဟုတ်ဘူး။ ကိုယ့်ဘာသာ စီစဉ်ပြင်ဆင်ရမှာ။ စိတ်ဓါတ်ကျနေလည်း အပိုပဲ။ သေခြင်းတရားကလည်း ထွက်ပေါက်မဟုတ်ဘူး။ အရှုံး။ ကိုယ့်အတွက် ဘာလုပ်မလဲ။ ကိုယ့်မိသားစုအတွက် ဘာလုပ်မလဲ။ ကိုယ့်ရဲဘော်တွေအတွက် ဘာလုပ်မလဲ။ ကိုယ့်ဘာသာ စဉ်းစားဆုံးဖြတ်။ ကိုယ့်ဘာသာ အကြံထုတ်။ ကိုယ့်ဘာသာပဲ လက်တွေ့ လုပ်ဆောင်ရမှာ။

အခုဟာ တိုင်းပြည်ပျက်တာလေ။ ဘယ်သူကမှ ဘယ်သူ့ကို မကယ်နိုင်ဘူး။ ကိုယ့်ဘာသာကယ်။ ကော့စမက်တစ်တွေ ပစ္စည်းပြတ်မှာစိုးလို့ ဈေးတန်တန်နဲ့ ဝယ်ချင်လည်း ဝယ်ပါ။ ပေါနေတဲ့သူဝယ်မှ လိုနေတဲ့သူပြည့်မှာ။ လူတိုင်းလူတိုင်းဟာ ကိုယ့်ပိုက်ဆံကိုယ် ဘယ်လိုသုံးသုံး သုံးခွင့်ရှိပါတယ်။ မသေမချင်း ပေါ့။ စိန်တွေရွှေတွေ အိမ်တွေမြေတွေထဲလည်း မြှုတ်နှံလို့ ရတယ်။ အရှုံးမရှိပါဘူး။ အရေးကြီးတာ ရှင်သန်အောင် နေဖို့ပဲ။ မရှင်ရင် နောက်လူစားဖို့ဖြစ်မှာ။ အဲ့ဒီတော့ ဒီကာလမှာ သွားလေသူ နဲ့ ကျန်ရစ်သူ ဘယ်ဘက်မှာနေမလဲ။ အဲ့ဒါ ကိုယ့်ဦးနှောက်နဲ့ကိုယ် စဉ်းစားလုပ်ကိုင်ပါ။ ပိုကြာကြာတောင့်ခံထားနိုင်တဲ့သူက နိုင်မှာပဲ။ သူတို့မှာ လက်နက်ရှိသလို ကိုယ့်မှာလည်း ဦးနှောက်ရှိတာပဲလေ။ ဟုတ်တယ်မှလား။ လက်နက်ဆိုတာ ဦးနှောက်မရှိတဲ့သူတွေကိုပဲ အနိုင်ယူလို့ရပါတယ်။ ဒါကြောင့်မို့ အခုချိန်ဟာ ကိုယ့်ဦးနှောက်ကိုယ် အသုံးချဖို့အချိန်ရောက်ပါပြီ။ လင်းသိုက်ညွန့် ဖတ်ရမယ့်အချိန် မဟုတ်ပါဘူး။ ဒီလောက်ပါပဲ။