ဟိုးအရင် လှထုံတို့ရွာအကြောင်း ရေးတုန်းက ဒီအရပ်ဒေသက လူတွေရဲ့ အခြေအနေကို ဟာသနှောပြီးရေးခဲ့တယ်။ အဲ့ဒီစကားက ရန်ကုန်မှာလည်း နယ်လူနာတွေဆီက ကြားနေကျ စကားပါပဲ။ “အို ဆရာကလည်း ကျွန်မတို့က တောသူတောင်သားပဲဟာကို။ ဘယ်သိမှာတုန်းတော့။” တဲ့။ အခု အဲ့ဒီစကားလေး ပြန်ကြားယောင်မိပြီး ရယ်တောင် မရယ်နိုင်ပါဘူး။ ဒီလူတွေ တကယ်ကိုပဲ မသိနားမလည်နိုင်လွန်းတဲ့သူတွေပါ။ သူတို့ခမျာ ဆရာဝန်အစစ်တောင် သိပ်မြင်ဖူးတဲ့သူတွေ မဟုတ်တော့ ဆရာဝန်ဆိုရင် ဒေါက်တာ ရယ် ဒေါက်တာမ ရယ် နှစ်မျိုးပဲ ရှိတယ် လို့ အောင့်မေ့နေပုံပဲ။ အထူးကုဆရာဝန်တွေဘာတွေ သူတို့မသိဘူး။ အဲ့ဒါကြောင့် ခွဲစိတ်ဆရာဝန်ဆီလာပြီး “ဒီမှာမခွဲဘူး။ ရွာက ဆရာဝန်ဆီမှာပဲ ပြန်ခွဲမယ်။ လွှဲစာ ရေးပေးလိုက်။” လို့ အားမနာ လျှာမကျိုး လာပြောရဲတာပဲ။ မမအိုဂျီဆီမှာလည်း သူ့ကိုကျော်ပြီး သားဖွားဆရာမဆီမှာပဲ မွေးချင်တဲ့လူနာတွေ ရှိတာပေါ့။ အထူးကုတွေ ပိုက်ဆံတစ်ပြားမှ မယူပဲ ဆံထုံးစိုက် ဆီစိုက် ကုပေးတာတောင် “ဟင့်အင်း ဟင့်အင်း။ ဘယ်ကလူတွေမှန်းလည်း မသိပဲနဲ့။ ကိုယ်ပြနေကျ တောဆရာနဲ့ပဲ ပြမယ်။” ဆိုတဲ့အထိ သူတို့ မသိနားမလည်တဲ့ အခြေအနေက ဆိုးရွားပါတယ်။ အပြီးသတ်တော့ မနိုင်ရင်ကာ ဖြစ်လာရင် သူတို့ကုနေတဲ့ဆရာတွေကအစ ကိုယ့်ဆီ တွန်းလွှတ်တာပါပဲ။ ဒါပေမယ့် အဲ့ဒီအချိန်ကျတော့ အပ်နဲ့ထွင်းရမယ့်ဟာ ပုဆိန်နဲ့ပေါက်နေရပြီ။ ဒီကြားထဲမှာ လုပ်ချင်တာတွေကို ထင်သလို လုပ်ခဲ့ပြီကိုး။
တနေ့က ဆရာဝန်တွေ စတေးရှောင်ကြတဲ့ နေဝင်မိုးချုပ်ချိန်ကျမှ လူနာပြချင်လို့ ဆို လိုက် ဖုန်းဆက်လာတယ်။ တဆင့်ခံနဲ့ ပြောခိုင်းနေတာ။ ခြေထောက်မှာ အနာပေါက်လို့။ ၁၀ ရက်လောက် ရှိပြီတဲ့။ “ဒါဆိုလည်း ၁၁ မီးငြိမ်းအောင် ၁၁ ရက်ပြည့်တဲ့ နက်ဖြန်မနက်ကျမှပဲ လာပြတော့။” လို့ မှာလိုက်တယ်။ အဝေးကြီးကလည်း မဟုတ်။ ၂ နာရီလောက်ပဲ လာရတဲ့ရွာက။ ချက်ချင်းကြီး ဆေးရုံပြန်ကြည့်ရမယ့် လူနာမျိုးမှ မဟုတ်တာ။ နောက်နေ့မနက် ဆေးရုံကိုရောက်လာတော့ သစ်ရွက်တွေ အုံစည်းထားတဲ့ ပုတ်စော်နံနေတဲ့ ခြေထောက် နှစ်ချောင်း။ ဆီးချိုတွေလည်း တက်လို့။ ဆီးချိုဆေး မှန်မှန်မသောက်ဘူးလား ဆိုတော့ “သောက်တာပေါ့။ ရှမ်းဆေး။” တဲ့။ လူနာက ကယောင်ကတမ်းတောင် ဖြစ်ချင်နေပြီ။ ခြေထောက်ဖြတ်လိုက်ရင် ကိစ္စပြီးပြီဆိုပေမယ့် အခုတောင် ပစ်ထားတဲ့လူနာကို ပဒုမပေါင်တိုဖြစ်ကာမှ ဘယ်သူကမှ ထမ်းပိုးလုပ်ကျွေးနေမှာ မဟုတ်ဘူး။ ဆီးချိုရအောင်ထိန်းပြီး စိတ်ရှည်လက်ရှည် ဆေးထည့်ကြတာပေါ့ဆို ခွဲခန်းဝင်ရပါတယ်။ ဆီးချိုဆေး မှန်မှန်မသောက်တာလည်း အပြစ်မတင်တော့ပါဘူး။ ဆေးတွေက မြို့ပေါ်မှာတောင် ဝယ်လို့မှ မရတော့တာ။ လေယာဉ်နဲ့ ဗုံးလာကျဲလို့ ရွာထဲကပြောင်းပြေးရတဲ့ ဆင်းရဲသားတွေ မသိတာပဲ ကောင်းပါတယ်။ သတ္တဝါတစ်ခု ကံတစ်ခု။ ကိုယ့်ဆီရောက်တာ ကိုယ့်လူနာ။ လုပ်နိုင်တာ လုပ်ပေးလိုက်။ လုပ်မပေးလည်း ဘာမှ အပြစ်တင်မယ့်သူတွေ မဟုတ်ဘူး။
ဒီဘက်မှာက ဒီလိုပဲလေ။ သူတို့ တကယ်ကို မသိနားမလည်ဘူး။ သားဖွားဆရာမတောင် မရှိတဲ့ တောကြိုအုံကြားထဲ သူ့ကိုယ်သူ ဆာဂျင်ပါ လို့ လာပြောနေတဲ့သူကသာ မသင်္ကာစရာကောင်းတာ မဟုတ်ဘူးလား။ အစစ်ဆို အကောင်းဆို ဒီနေရာ နေမလား။ ပိုက်ဆံမယူပဲ ကုတယ်ဆို ပိုတောင် မဖြစ်နိုင်သေး။ လူကိုများ တောသားဆိုပြီး နှပ်ချဖို့ကြံနေ။
သူတို့ကသာ မသိတာ။ သူတို့ကို ကုပြီး မနိုင်ရင် ကိုယ့်ဆီလွှတ်လိုက်တဲ့သူတွေက သိတယ်ဗျ။ မြို့မှာ ဆေးကုနေတဲ့ ဆရာဆိုတဲ့လူက ကိုယ့်ဆီ ဆိုက်ဆိုက်မြိုက်မြိုက် လာခွဲလေရဲ့။ “အူကျွံနေလို့ ဆရာနဲ့ ခွဲချင်လို့ ဆရာ။” တဲ့။ တောထဲက ဆေးရုံအထိ မတ်တူးကားနဲ့ လာတာနော်။ ရန်ကုန်ကလာတာဆိုတဲ့ ခွဲစိတ်ဆရာဝန် တသက်လုံး မစီးနိုင်သေးတဲ့ကား။ အို ဘာပဲဖြစ်ဖြစ်လေ။ ကိုင်း ခုတော့ ဘာတတ်နိုင်သေးလဲ။ hernia ဆိုတာ ဆရာခို လိမ်းလို့ မပျောက်တော့ ဆာဂျင်ဆီပဲ လာရတယ် မဟုတ်ဘူးလား။
လူနာစမ်းတဲ့အခန်းထဲ ဟန်ပါပါ ခေါ်သွားပြီး “ဘောင်းဘီချွတ်လိုက်ပါဦး။” လို့ ခိုင်းလိုက်တော့ ဟိုက် ကနဲ ဖြစ်သွားတာ ကိုယ်ပါပဲ။ သူ့ဟာကြီးက hernia တော့ hernia ပဲ။ ဝမ်းဗိုက်တပြင်လုံး ဗိုက်ခွဲထားတဲ့ အတွင်းချုပ်ရိုးက အပြုံလိုက် ကျွံကျလာတဲ့ incisional hernia ပါ။ “ဘာခွဲထားတာလဲ။ ဘာဖြစ်လို့ခွဲရတာလဲ။ ဘယ်တုန်းကလဲ။” လို့ မေးတော့ “လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က ဒီနားကမြို့မှာ ဆီးကြိတ်ခွဲထားတာ။ ဆေးရုံပေါ်တင် ၆ လ ကြာတယ်။ ၆ ခါပြန်ခွဲရတယ်။ မန္တလေး၊ မြစ်ကြီးနားထိ ဆင်းခဲ့ပြီးသား ဆရာ။” တဲ့။ အလိုလေး။ နည်းနည်းနောနော ချေးထုပ်ကြီး မဟုတ်ပါလားကွယ်။ သူ့အသက်က ခုမှ ၆၁ ရယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ တို အသက် ၄၀ ပဲ ရှိဦးမှာ။ “ဆီးကျောက် ဖြစ်ပါလိမ့်မယ်။ ဆီးကျိတ်က အဲ့ဒီအရွယ် မဖြစ်ဘူး။” လို့ ဆိုတော့ “ဆီးကျိတ် မှ ဆီးကျိတ်ပါ ဆရာရယ်။ သွေးတွေသွင်းလိုက်ရတာ တလဟောပါပဲ။ သွေးမတိတ်လို့ မန်းလေး ဆေးရုံကို ရောက်သွားတာပါ။” တဲ့။ ဆီးကျိတ်ပဲဖြစ်ဖြစ်၊ ဆီးကျောက်ပဲ ဖြစ်ဖြစ် ဒီအရပ်မှာ ခွဲစိတ်ဆရာဝန် မရှိဘူးလေ။ လွန်ခဲ့တဲ့ အနှစ် ၂၀။ ပိုတောင် မရှိဘူး။ ဘယ်သူကများ ဘာတွေ လုပ် လွှတ်လိုက်ပါလိမ့်ကွယ်။ တတ်နိုင်ပါဘူး။ ကိုယ့်ဆီရောက်လာပြီမှလား။ ကုတော့။
သူ့ကုသိုလ်ပေါ့လေ။ ကိုယ့်ဆီမှာ hernia အတွက် mesh တွေလည်း စုံစုံလင်လင် ရှိတယ်။ ခွဲခန်းထဲမှာ မနာမကျင်ရအောင်သုံးတဲ့ ဆေးတွေဝါးတွေလည်း တော်တော်များများ ရှိတယ်။ ဗိုက်သားပြင်ထဲမှာ အူကျွံပေါက်တွေ လိုက်ရှာပြီး ဆန်ကာလေးနဲ့ သေချာပိုးလို့ ဖာပေးလိုက်တယ်။ သို့သော်လည်းပေါ့လေ။ ဗိုက်သားပြင်ကြီးက လုံသွားပေမယ့်လည်း ပေါင်ခြံက အပေါက် ၂ ပေါက် မပိတ်ခဲ့တော့ အခုမှပဲ အူတွေက ဘောထဲရောက်အောင် ကျွံတော့တယ်။ ဒီလိုမှန်းသိ တစ်ခါတည်း ပိတ်ပေးလိုက်ပါတယ်။ “ကိုင်း ဗိုက်ကတော့ လုံသွားပြီ အဘရေ။ ဘောကဟာ လုံဖို့ ပြန်ခွဲကြတာပေါ့။ နောက်တစ်လနေ ပြန်လာ။” လို့ ရက်ချိန်းပေးလိုက်တယ်။
အေးဆေးပါပဲ။ နောက်တစ်လ ပြန်လာ။ နောက်တစ်ခါ ပြန်ခွဲ။ ဒီတစ်ခါ နှစ်ဘက်စလုံး ခွဲပေးလိုက်တယ်။ ကိစ္စမရှိဘူး။ mesh တွေကုန်ရင် ရန်ကုန်က ပြန်မှာထားတယ်။ သို့သော် နဂိုရည်ပျက်ယွင်းနေတဲ့ ဗိုက်သားပြင်ကြီးဆိုတော့ မူလရှိရင်းစွဲ အရွတ်တွေ အသားတွေက ရှာလို့တောင် မရပါဘူး။ ခဲရာခဲဆစ် ပြင်ဆင်ချုပ်ပိုးခဲ့ပေမယ့် မလုံဘူး။ ပေါင်ကနေ ပတ်ထွက်တဲ့အပေါက်ကလေးကနေ ပြန်ကျွံသေးတယ်။ “ဝမ်းခေါင်းအတွင်းမှာ ဖြစ်အားညှစ်အားတွေ များနေရင် အဲ့သလိုပဲ လွတ်တဲ့နေရာ ရှာကြံထွက်တတ်တယ်။ ဒီအတိုင်းပဲ နေလိုက်တော့။” လို့ ဆရာဝန်က လက်လျှော့စကား ပြောပေမယ့် လူနာက မလျှော့ဘူးဗျ။ တစ်လပြည့်တာနဲ့ လာပြတာပဲ။ မခွဲပေးရင် မပြန်ဘူး လုပ်နေလို့ နောက်တစ်ခေါက်ထပ်ကြိုးစားလိုက်တယ်။ ဒီတစ်ခါတော့ လုံသွားတယ်။
ဆာဂျင်သက်တမ်းတလျှောက်မှာ ဒီလိုပဲ ခဲရာခဲဆစ် အမှတ်တရတွေ ကြုံဖူးပါတယ်။ ဒီရောက်မှကို ၃-၄ ခု ရှိနေပြီ။ သူလည်း ပါသွားတာပေါ့။ hernia ဆိုတာ လွယ်လွယ်လေးပါလို့ပြောတာ ဆာဂျင်အငယ်တွေပဲ ရှိလိမ့်မယ်။ ခက်တာတွေက အကြီးဖြစ်မှ တွေ့ရတာကိုး။ ဒီရောက်လာပြီးမှ ကိုယ်လည်း level တစ်ခု အဆင့်တက်သွားတယ်။ ချေးကျုံးနိုင်တဲ့ ဆရာဝန်ဖြစ်သွားပြီ။ ဆာဂျင်ဘဝမှာ သူများတကာခွဲထားပြီး complication ရလာတဲ့လူနာတွေကို re do ပြန်လုပ်ရတာ ကြောက်ကြတယ်။ ချေးထုပ် လို့ခေါ်တယ်။ သူများ ရှေ့မှာ ဘာတွေလုပ်ထားမှန်း ကိုယ်မှ မသိနိုင်တာ။ အဆီတွေအသားတွေက သူများစားလို့ ကုန်ပြီလေ။ ကိုယ့်ဆီရောက်ရင် အရိုးပဲ ကျန်မယ်။ ပြဿနာတက်စရာ ရှိရင် ရှေ့ကမကျေနပ်ချက်တွေပါ အကုန် ကိုယ့်ဆီမှာ လာဆောင့်ရော။ ဒီမှာတော့ ရွေးစရာမရှိဘူး။ လုပ်ပေတော့။ လုပ်ရင်းလုပ်ရင်း ဆရာကြီးဖြစ်လာမှာ။ လူနာတောင် ပြန်ကျေးဇူးတင်ရပါသေးတယ်။ ကိုယ့်ကို ဆရာကြီးစာမေးပွဲစစ်ဖို့ သူတို့ရောဂါကြီးနဲ့ လာရင်းပေးရတာ။
ဒီလူနာဆို ကိုယ့်ဆီ ၃ ခါတောင် လာခွဲသေးတယ်ဆိုတော့ ယုံကြည်လို့ လို့ပဲ ပြောရမှာပေါ့။ အလကားရလို့ လာခွဲတယ်ဆိုရင်တောင် ပေါက်ကရလုပ်မယ့်လူနဲ့တွေ့ရင် ဘယ်လိုလုပ်မလဲ။ “ဒီတခါခွဲပြီးလို့ ကောင်းသွားရင် ဆရာ့ဆေးရုံမှာ ပညာသင်ရင်း လုပ်အားလာပေးမယ်။” တဲ့။ သူက ဒီမှာ ဆေးကုနေတာ ကြာပြီဆိုပဲ။ ရွာကကလေးတွေအကုန် သူမွေးပေးထားတာတဲ့။ သိပါတယ် သိပါတယ်။ မတ်တူးကြီးတောင် စီးနိုင်နေမှန်းလည်း သိပါတယ်။ တော်နေကြာ ရန်ကုန်က ဆရာဝန်ဆီက အနီးကပ်သင်ကြားထားပါတယ်ဆိုပြီး ခွဲပါခွဲနေမှ ဒုက္ခ။
သူများကို အထင်သေးလိုက်တာ။ ဟိုက ကိုယ့်လို ပင်ပင်ပန်းပန်း ဓါးကိုင်ပြီး ခွဲစားမယ်များ မှတ်နေ။ အခု ခဏလေး ဆေးရုံလာတက်တယ်နော်။ သူ့အလုပ်အကိုင်တွေ ပျက်လိမ့်မယ်များ မှတ်သလား။ သူက ဆေးတင်ကုတာမဟုတ်ဘူး။ ဓါတ်လည်းကု နတ်လည်းကုသတဲ့ဗျ။ မနက်ဖြန် ခွဲပေးမယ် ဆိုကတည်းက ဆေးရုံထိပ်က ရွာဦးနတ်စင်မှာ ကန်တော့ပွဲပေးလိုက်တာ အထက်ပုဂ္ဂိုလ်တွေ အကုန်ကြွလာပါလေရော။ ဒီရွာမှာ စစ်မက်အင်္ဂါ ကျရောက်လိမ့်မယ်လို့ လာသတိပေးတာတဲ့။ ရွာစောင့်နတ် ၇ ပါးလာတာ။ ဆယ်ဇင်းဘိုးဘိုးကြီး ဦးသီလတောင် ပါပါသလေ။ သူ့ခမျာ ကမန်းကတမ်း မီးဝင်ငြှိမ်းခဲ့ရလို့ ပုဆိုးတောင်မှ မီးလောင်ပေါက်တွေနဲ့တဲ့။ ဝတ်လဲတော်များ ဆက်ကြလဟဲ့။
အဲ့သလိုတော့ မဖြစ်ချေဘူး။ နတ်ကြီးဝါကြီးများက တကူးတက လာသတိပေးရင် ရပ်ကရွာကလည်း အလေးထားမှ ဖြစ်တော့မပေါ့။ နောက်တနေ့မှာ မိုးရွာကြီးထဲကိုပဲ နတ်စင်ရှေ့ တာလပတ်တွေမိုး ထီးကလေးတွေနဲ့ ငုတ်တုတ်ထိုင်ပြီး ကန်တော့ပွဲကိုယ်စီနဲ့ နတ်ပင့်ကြပါတော့တယ်။ ခွဲခန်းဝင်တဲ့ ဆာဂျင်လည်း မနေနိုင်ပါဘူး။ စစ်ဖြစ်ရင် ငါ့ဆေးရုံလေး လွတ်ပါ့မလား မေးချေပါဦး လို့ ကလေးတစ်ယောက် သွားနားထောင်ခိုင်းရတာပေါ့။ ကွကိုတော့ နားထောင်လို့ မရပါဘူး။ သူတို့နတ်က ဗမာလိုမှ မဟောတာ။ ရှမ်းလိုချည့်ပဲ။ ပဝေသဏီကတည်းက ရှမ်းရွာမှ ရှမ်းရွာစစ်စစ်။ ရှမ်းနတ်တွေ ရွာစောင့်တယ်။ တွေ့ပြီ မှလား။ နတ်မင်းတစ်ပါး ထွက်သွားလို့ “ကိုင်း ဘာပြောသွားသေးတုန်း။” လို့ မေးရင် သူတို့အချင်းချင်းတောင် အဲ့ဒါကို ဗမာလို ဘယ်လိုပြောရသတုန်းလို့ လေးငါးယောက် ခေါင်းချင်းဆိုင်ပြီးမှ ဟောစာတမ်းတစ်ခုထွက်တယ်။
ရှမ်းနတ်မင်းကြီး ၇ ပါး၏ ဟောစာတမ်းအလိုကား ဤသို့တည်း။
ဤရွာ၌ စစ်မက်အင်္ဂါ ရောက်လတ္တံ့တဲ့။ ရွာသားအားလုံး မြေကြီးပေါ် ပြားပြားဝပ် ပုန်းရလောက်အောင် ကြောက်မက်ဖွယ်လည်း ကောင်းသတဲ့။ တချို့အိမ်တွေလည်း မီးလောင်မတဲ့။ မီးပေါက်လက်နက်တွေဟာ ကောင်းကင်ပေါ်က ကျလာမတဲ့။ ဆေးရုံကလေးရှိတဲ့ ရွာဦးဘက်ကနေ ရွာတခြမ်းလုံး ထောင်းထောင်းကျေမတဲ့။ အခုကစလို့ လဆန်း ၆ ရက်နေ့ကျော်တာနဲ့ သတိသာထားနေကြပေတော့တဲ့။ စစ်ပွဲဟာ ညသန်းခေါင်ကျော် အချိန်က စ မတဲ့။ မဟုတ်ဘူး မဖြစ်နိုင်ဘူးလို့ ပြောလို့ရမယ့်ဟာလည်း တစ်ခွန်းမှ မပါဘူး။ အကုန်ဖြစ်နိုင်တာပဲဟာ။ အေးပေါ့။ လဆန်း ၆ ရက်နေ့အထိ စောင့်မယ်လေ။ သူပြောတဲ့အတိုင်း မှန်လို့ကတော့ “နင်တို့ရွာ ကမ္ဘာကျော်ပြီသာ မှတ်ပေတော့။ စာထဲထည့်ရေးပလိုက်မယ်။” လို့ စိတ်ထဲ တေးထားလိုက်တယ်။ ဒါပေသိ သူ့ဟာ ဘယ်ဘက်ကမှ အရှုံးမရှိဘူးဗျ။ ဘာမှဖြစ်မလာရင်လည်းပဲ သူကယ်လိုက်လို့။ ကန်တော့ပွဲတွေ ပေးထားလို့ လို့ ပြောမှာပေါ့။ ဆေးရုံက ကလေးလေးကတော့ သူ့အဝတ်အစားတွေ အိပ်ရာတွေ ပစ္စည်းတွေ အကုန်သယ်သွားပြီး ဘုန်းကြီးကျောင်း ပို့ထားလိုက်တယ်။ မတော် ပါသွားမှာစိုးလို့တဲ့။ ခွဲထားတဲ့ နတ်ဆရာကြီးလည်း တစ်ပါတ်ပြည့် ချုပ်ရိုးဖြည်ပြီးအောင် မစောင့်တော့ဘူး။ လဆန်း ၆ ရက်နေ့မတိုင်ခင် အိမ်ပြန်တောင်းဆင်းသွားတယ်။
ပြန်စဉ်းစားကြည့်လိုက်တော့ သူ့ခမျာ ဆေးရုံလာတက်ရင်း၊ ခွဲရင်းစိတ်ရင်းနဲ့တောင် marketing ဆင်းသွားသေးတာပဲ။ ရွာသားတွေကလည်း သူ့စကားကျ တသွေမတိမ်းဗျာ။ ဟောတာကလည်း ဘယ်ဘက်ကမှ မလွဲဘူး။ ဒီလူကြီး ဒါကြောင့်လည်း ကားစီးနိုင်တာပဲဗျ။ ကိုယ်တောင် သူ့ဆီက ပညာယူလိုက်ရတဲ့အဖြစ်။ မဖြစ်သေးပါဘူး။ ကိုယ်လည်း အင်္ဂါသားပဲဟာ။ အင်္ဂါဇာတ်တွေကိုကျွမ်းကျင်စွာ ခွဲပေးနိုင်ပါတယ်။ အင်္ဂဝိဇ္ဇာ ဆရာစိုး လို့ မောင်းထုကြော်ငြာဦးမှပါလေ။
“ပသရန် ပြင်မြဲ
ပွဲစုံလင်စွာ ကဲဂုဏ်တင်စရာ
ဝတ်လဲတော် ရွှေပုဆိုး
ပိုး။ ချည်မပါ။ ပိုး။ ချည်မပါ။”