ချန်ဂင်တို့စခန်း (၈၂)

ဒီနေ့တော့ ဆယ်ဇင်းတုန်းက ဗော်လံတီယာလုပ်တဲ့ ကလေး နှစ်ယောက် လမ်းကြမ်းပေါ်မှာ မွေးနေ့ကိတ်ကြီး မပျက်မစီးသယ်လာပြီး ဆရာ့မွေးနေ့မို့ဆို ရောက်လာပါတယ်။ မသေကောင်း မပျောက်ကောင်း ပြန်တွေ့ရတဲ့သူတွေဆိုတော့ ဝမ်းသာတယ် ဆိုပေမယ့်လည်း ရွာမှာ ကမ္ဘာပျက်တဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေ ပြန်ပြောကြတဲ့အခါ တော်တော်ကို စိတ်မကောင်းဖြစ်ရပါတယ်။ အခုမှ ရယ်ကာမောကာ ဇာတ်ကြောင်းပြန်နိုင်တာ။ ရင်ထဲမှာတော့ မနာပဲ နေပါ့မလား။ ကိုယ်နဲ့ သိကျွမ်းသမျှ ရွာသူရွာသားတွေ အဆင်မှပြေရဲ့လား။ အသေအပျောက်များ ရှိကြသလား။ ရွာက နောက်ဆုံးထွက်လာတဲ့သူကိုမှ မေးရတာဆိုတော့ ဖြစ်ကြောင်းရယ်တဲ့ကုန်စင်ပါပဲ။

ဆယ်ဇင်းအပြင်ဘက် တာဝါတိုင်နားက တပ်ခွဲတစ်ခွဲကို KIA + PDF က သိမ်းလိုက်တယ်။ တပ်ခွဲမှူး ဗိုလ်ကြီးက ထွက်ပြေးပြီး ပုန်းနေရတယ်။ မနက်ကျတော့ ဆယ်ဇင်းရဲစခန်းထဲ ဝင်ပြေးသွားတယ်။ အဲ့ဒီအခါ ဆယ်ဇင်းရဲစခန်းကို ဝိုင်းတယ်။ ရဲစခန်းက လေကြောင်းပစ်ကူခေါ်တော့ တနေကုန် လေယာဉ်နဲ့ ရွာထဲကအိမ်တွေပေါ် ဗုံးကျဲတယ်။ လေကြောင်းအဝင်ကြမ်းလို့ KIA တွေ ဆုတ်သွားတဲ့အခါ ည ၉ နာရီမှာ လေယာဉ်နောက်တစ်ခေါက်လာပြီး မီးလောင်ဗုံးတွေ ကျဲချတယ်။ ရွာထဲကအိမ်တွေကို တံခါးတွေရိုက်ချိုးဝင်၊ အိမ်သားတွေကို မောင်းထုတ်ပြီး လိုချင်သမျှ ပစ္စည်းတွေ ယူငင်မီးရှို့၊ စိတ်ထဲမတွေ့ရင်ပစ်သတ်၊ ရွာသားတွေအားလုံး ဘုန်းကြီးကျောင်းထဲကို ပြေးခိုင်း၊ ကျောင်းအောက်ထပ်မှာ ဝပ်နေခိုင်း၊ အပေါ်ထပ်ကိုတက်ကြည့်ရင် ပစ်သတ်မယ်လို့ ပြောထား။ တစ်ညတည်း လူ ၄၀ ကျော် အသတ်ခံရပြီး ဒဏ်ရာရတဲ့သူတွေပါ ဘုန်းကြီးကျောင်းထဲတင် သေပါသတဲ့။ လူသေအလောင်းတွေကို ဖိုးသမားတွေကို ဖယ်ခိုင်းပြီး မီးကိုလည်း လိုက်ရှို့ခိုင်းပါသတဲ့။ ခိုင်းတဲ့အတိုင်းမလုပ်လို့ ဖိုးသမား ၄ ယောက် ပစ်သတ်ခံရတဲ့အထဲ ပါသတဲ့။ အဲ့ဒါ မျက်မြင်ကိုယ်တွေ့ ကြုံရတဲ့ ကာယကံရှင်တွေဆီက သတင်းစကားတွေပါ။

ဒါပေမယ့် လိုင်းပေါ်မှာ ဆရာဝန်တစ်ယောက်က “သူကိုယ်တိုင် အဲ့ဒီညက ဆေးခန်းထဲမှာ ရှိနေပါတယ်။ KIA တွေ မီးရှို့တာပါ။ ဘုန်းကြီးကျောင်း အပေါ်ထပ်ကနေ လှမ်းပစ်တာပါ။” လို့ စာရေးတင်ထားပါတယ်။ ရွာသားတွေ ဘုန်းကြီးကျောင်းအပေါ်ထပ်ကိုတက်ရင် ရဲစခန်းလင့်စင်ပေါ်က လှမ်းပစ်လို့ ကျောင်းအောက်ထပ်မှာ ပျားပြီးဝပ်နေရတဲ့ လူ ၂၀၀ လုံး သက်သေ ရှိပါတယ်။ ဆေးခန်းထဲမှာ ရှိနေတယ် ဆိုတဲ့ ဆရာဝန်ဟာ ဆယ်ဇင်းထဲကို ဝင်လာတဲ့နေ့ ၁၉/၇ ကတည်းက ဆေးခန်းပိတ်ပြီး ပြန်သွားနှင့်တာ ရွာကသိပါတယ်။ သူ့ဆေးခန်းဟာ ရဲစခန်းဝင်ပေါက်ဝနဲ့ ကားလမ်းတဖြတ်စာမှာသာ ရှိတဲ့အတွက် အဲ့ဒီအထဲမှာသာ ရှိနေရင် ဘယ်လိုနည်းနဲ့မှ အသက်မရှင်နိုင်ပါဘူး။ ဆယ်ဇင်းမှာ ဆေးခန်းဖွင့်တာ ဆရာဝန် ၃ ယောက်ပဲ ရှိပါတယ်။ တစ်ယောက်က ရွှေပြည်မြင့်မှာ။ ကိုယ်နဲ့ သိတဲ့သူ။ နောက်တစ်ယောက်က မိန်းမဆုံးသွားတယ် ဆိုလို့ သေချာအောင် လိုက်စုံစမ်းရတဲ့သူ။ သူ့ကျမှ ဘာဖြစ်လို့ အခုလို ပြောရသလဲ လို့ အကောင့်ထဲဝင်ကြည့်တဲ့အခါ အကောင့်နံမည်မှာ စိုင်းတပ်ထားပြီး ဒေါက်တာနံမည် နဲ့ မှတ်ပုံတင်ထဲက နံမည်မှာ စိုင်း မပါပါဘူး။ ရှမ်းနီတွေ မှတ်ပုံတင်လုပ်ရင် စိုင်းတပ်လို့ မရဘူး လို့ ရေးခဲ့ဖူးတယ်လေ။ ဒါဆိုရင် အဲ့ဒီဆရာဝန်က ရှမ်းနီဆရာဝန်များ ဖြစ်နေမလား လို့ စုံစမ်းကြည့်တဲ့အခါ ဟုတ်နေပါတယ်။ သူ့လိုပဲ ဇော်မဲလုံးရော မင်းအောင်လှိုင်ပါ မဟုတ်ရပါဘူး အတင်းဘူးခါငြင်းပြီး PDF က ရှို့တာပါ လို့ ဗြောင်လိမ်ဗြောင်စား လုပ်ပါတယ်။ ဘုန်းကြီးကျောင်းထဲက ရွာသား ၂၀၀ က သူတို့လုပ်တာပါ လို့ သက်သေလိုက်ပေးမယ်ဆိုရင် အဲ့ဒီ လူ ၂၀၀ လုံး လိုက်သတ်ဦးမှာလား မသိပါဘူး။ အင်းဒင်ရွာ လူသတ်မှုမှာ ဝလုံးတို့ သတင်းသမားနှစ်ယောက်ကိုလည်း သူတို့ ဘယ်လိုလုပ်ခဲ့သလဲ တကမ္ဘာလုံး မြင်ခဲ့သားပဲဟာ။ အဖြစ်မှန်ဆိုတာ ဖုံးကွယ်ထားလို့ရတယ်။ မျက်နှာပြောင်ပြောင်နဲ့ ဘူးတစ်လုံးဆောင်ထားလို့ရတယ် လို့ ထင်နေတုန်းပဲလေ။

ကိုယ်ရေးတဲ့စာအောက်မှာ သူတို့လူမျိုးကို မဟုတ် မတရား စော်ကားပါတယ်ဆိုပြီး စိတ်ဆိုးတဲ့သူ၊ ဆဲဆိုတဲ့သူ၊ မဟုတ်တာတွေ မရေးပါနဲ့ လို့ လာတားတဲ့သူတွေ ရှိပါတယ်။ ကောင်းပြီလေ။ မပြောပဲ မရေးပဲ ထားလိုက်ရင် အဲ့ဒီ မဟုတ်တာတွေက ဟုတ်သွားရောလား။ အဖြစ်မှန်က ကိုယ်ဖော်စရာမှ မလိုတာ။ သူတို့ဘာသူတို့ပဲ ပြန်ဖော်ကြတာ။ မနေ့က ဟုမ္မလင်းမှာ ရှမ်းနီပါတီ အစည်းအဝေးလုပ်ပြီး SNA ဟာ စကစ နဲ့ တရားဝင် လက်တွဲပူးပေါင်းသွားမယ် လို့ ကြေငြာချက် ထုတ်တယ်လေ။ အဲ့ဒီ နှစ်ဖွဲ့ တကြိတ်တည်း တဉာဏ်တည်းပါလို့ ကိုယ်ပြောတုန်းက မဟုတ်ဘူးလည်း ဆိုသေးရဲ့။ ကြေငြာချက်ကျတော့ ဟုတ် ဟုတ် ဟုတ် ဟုတ် နဲ့ကို မြည်နေပြန်ရော။ ငြင်းချင်ရင် SNA ဟာ ရှမ်းနီလူမျိုးတွေကို ကိုယ်စားမပြုပါဘူး လို့သာ ငြင်းရမှာပါ။ ဒါကတော့ လက်ခံတယ်လေ။ မြန်မာစစ်တပ်ကလည်း မြန်မာတွေကို ကိုယ်စားပြုတာမှ မဟုတ်တဲ့ဟာ။ သူတို့မှာ mandate power မရှိဘူး။ legitimacy မရှိဘူး။ လက်နက်ကိုင် အကြမ်းဖက်သမားတွေ။ အဲ့သလိုမျိုး ခွဲခြားသိမြင်နိုင်လောက်တဲ့ ဉာဏ်ရည်ဉာဏ်သွေး မရှိပဲ လက်နက်ကိုင်နိုင်ငံရေးလုပ်တဲ့အခါ စကစ လက်ကိုင်တုတ်၊ ခိုင်းဖတ်ဖြစ်လာရတာပေါ့။

သူတို့က ပြောတယ်။ “မင်းမှာ စဉ်းစားဉာဏ် မရှိဘူးလား။ ရှမ်းနီရွာကို ရှမ်းနီတွေက ကိုယ်တိုင် မီးရှို့တယ် ဆိုတာ ဖြစ်နိုင်လို့လား။ မင်းဆိုရင်ကော မင်းရဲ့ရွာ မင်းဆွေမျိုးတွေ အိမ်ကို မင်းကိုယ်တိုင် မီးရှို့မှာလား။” တဲ့။ ဦးနှောက်ကလည်း နှစ်ကျပ်သားတောင် မပြည့်ချင်ဘူး။ စစ်ဖြစ်တာ KIA + PDF နဲ့ SAC + SNA ဖြစ်တာနော်။ ဟုတ်တယ် မဟုတ်လား။ နှစ်ဘက်စစ်သား အသေအပျောက် ဘယ်လောက်ရှိသလဲ သိလား။ ဟိုဘက်တစ်ယောက် သည်ဘက်တစ်ယောက် တဲ့။ ရွာသား အယောက် ၄၀ ကျော် သေတယ်ဗျ။ တစ်ရွာလုံး ခွေးဖြစ်တယ်။ အခု မြေဇာပင်တွေ အကုန်ပြောင်သွားပြီလေ။ ဘာဖြစ်လို့ ဆက်မတိုက်တော့တာတုန်း။ စစ်သားအချင်းချင်းတိုက်ရမယ့်အစား ဘာဖြစ်လို့ စစ်ရှောင်စခန်းမှာ ကယ်ဆယ်ရေး အလှူငွေပေးတဲ့သူတွေကို လိုက်ဖမ်းနေတာတုန်း။ ရှမ်းနီဒေသကြီး ထူထောင်ချင်သပဆို အရပ်နာရွာနာ မဖြစ်အောင် ညှာတာရမှာ မဟုတ်ဘူးလား။ အိမ်ဖောက်ယူလာတဲ့ ဆိုင်ကယ်အသစ်ကလေး ၃ သိန်းနဲ့ ရောင်းစားလို့ရရင် ကျေနပ်နေတာကိုး။

ဆယ်ဇင်းမှာ ရွာကျေတာ နှစ်ဘက်စစ်သားတွေ အပြန်အလှန် ပစ်ခတ်ရင်း ကြားထဲက ရွာကိုထိခိုက်ရတာမှ မဟုတ်ပဲ။ စကစ နဲ့ ရှမ်းနီပေါင်းပြီး အသားလွတ်ကြီး ရွာကို လုယက်သတ်ဖြတ် မီးရှို့လို့ ဖြစ်ရတာလေ။ အမှန်တော့ ဓါးပြတွေ ရွာထဲဝင်အစီးခံရတာ လို့ပဲ ပြောရမယ်။ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပဲ နံမည်တပ်တပ် လုပ်တဲ့အလုပ်ကတော့ သူခိုးဓါးပြအလုပ်လုပ်သွားတာပဲ။ ဒီတစ်ခါတည်းမဟုတ်။ ဒီတနေရာတည်း မဟုတ်။ အာဏာသိမ်းပြီးကတည်းက မြို့ပေါ်မှာရော တောမှာရော လက်နက်နဲ့အနိုင်ကျင့် ဓါးပြတိုက်တဲ့ အလုပ်ကိုပဲ လုပ်တော့တယ်။ သူခိုးဓါးပြ နဲ့ ဘိန်းဓါးပြ ပေါင်းတဲ့အလုပ်ကို ဘာမှ လူမျိုးရေး၊ ဘာသာရေး၊ တိုင်းရင်းသားအရေး ခေါင်းစဉ်တပ်စရာ မလိုဘူး။ လက်တွေ့လုပ်ရပ်ကသာ အဖြစ်မှန်။ မင်းအောင်လှိုင် ဗမာမို့လို့ သူ့ကို မယ်အိမ်လုံးလို့ဆဲရင် ဗမာတွေကို ဆဲနေတာပါ လို့ ဝင်နာစရာအကြောင်း မရှိသလိုပဲ SNA တွေရဲ့ လုပ်ရပ်ကို ရှုံ့ချလို့ ရှမ်းနီတွေကို စော်ကားနေတာပါ လို့ စိတ်ဆိုးတယ်ဆိုရင်လည်း နည်းနည်းပါးပါး စဉ်းစားပေါ့နော့။

တောကလူတွေမှ ဆင်းရဲကြပ်တည်း ခက်ခဲတာ မဟုတ်ဘူး။ မြို့ပေါ်ကလူတွေက အနေကြပ် အသေကြပ် အသက်ရှူတောင် ရပ်တော့မယ်။ ပိုက်ဆံနဲ့ ပေးဝယ်ရတဲ့ အရာမှန်သမျှ နှစ်ဆကနေ သုံးဆပေး ဝယ်ကြရတယ်။ ပိုက်ဆံရှာရတာကျတော့ သေချင်စော်ကို နံနေအောင် ခက်ခဲတယ်။ ဒီအကြပ်အတည်းက အရပ်သားတွေပဲ ထိခိုက်တာ။ စစ်သား၊ ရဲသားတွေကို မထိဘူး။ သူတို့မှာ ရွှေတွဲလဲ ငွေတွဲလဲ၊ အိုင်ဖုန်းတွေ လက်ပ်တော့တွေ ကိုင်နိုင်သုံးနိုင်တယ်။ တစ်ပြားမှ ပေးစရာမလိုဘူး။ လိုချင်လုယူလိုက်ရုံပဲ။ ဘောမ ဘောမ နဲ့ အလကားနေရင်း မ နေတာ မဟုတ်ဘူး။ ခွင်ကောင်းလို့ မ နေတာ။ သူမတူအောင် ကောက်ကျစ်တဲ့ စစ်ဗိုလ်တွေ တိုင်းပြည်ဖျက်နေတဲ့ကာလမှာ ကိုယ့်ကိုယ်ကိုယ် ဘယ်ဘဝရောက်နေသလဲ။ သူတို့တတွေ ဘယ်ခြေလှမ်းလှမ်းသလဲ။ မြင်အောင်ကြည့်နိုင်မှ ရှင်သန်ကျန်ရစ်တဲ့အထဲပါပါမယ်။ တိုင်းပြည်အတွက် လူမျိုးအတွက် ခဏထားပါဦး။ ကိုယ့်အသက် ကိုယ့်မိသားစုအသက် အသုံးချခံ စတေးခံ မဖြစ်အောင် သတိထားပါဦး။

စစ်ကောင်စီဟာ စစ်တိုက်စရာ စစ်သားမရှိတော့ပါဘူး။ ဘောင်မဝင်တန်းမဝင်တဲ့ သူခိုးဓါးပြအဖွဲ့တွေကို သူ့ဘက်ကကူတိုက်ပေးဖို့ ခေါ်နေရတဲ့ဘဝ၊ ပျူတွေ ဒလန်တွေကို လက်နက်တပ်ဆင်ပေးပြီး တိုက်ခိုင်းရတဲ့ဘဝ၊ ရဲတွေကို ရှေ့တန်းလွှတ်နေရတဲ့ဘဝ ရောက်နေပါပြီ။ အဲ့ဒီလူတွေက တိုက်ရည်ခိုက်ရည် မရှိတဲ့အတွက် ရင်ဆိုင်တိုက်ပွဲတိုင်း အရေးနိမ့်နေပြီး ပြည်သူကို အနိုင်ကျင့် နှိပ်စက်ရုံပဲ လက်စောင်းထက်ပါတယ်။ လူတိုင်းလူတိုင်းရဲ့ ရင်ထဲမှာ မခံမရပ်နိုင် နာကျည်းမုန်းတီး တော်လှန်လိုတဲ့စိတ်တွေ တားမရဆီးမရ ဖြစ်ပေါ်နေပြီမို့လို့ လက်လှမ်းမီရာ လက်တုန့်ပြန် ကလဲ့စားချေကြတဲ့အချိန်ရောက်လာရင် မရှုမလှ သေပွဲဝင်ကြရပါလိမ့်မယ်။ သူတို့ကတော့ သားသမီးမျိုးဆက်တွေ လွတ်ရာကျွတ်ရာ ပို့ထားနှင့်ပြီမို့ ရပ်တည်ဝန်းရံသူတွေကို အကာအကွယ်ယူ ထိုးကျွေးပြီး ကိုယ်လွတ်ရုန်းကြမှာပါပဲ။

မနှစ်တုန်းက ဆယ်ဇင်းမှာ ဆေးရုံတည်ပေးမယ် ဆိုကတည်းက စစ်တပ်ရှိတဲ့ ရဲရှိတဲ့အရပ်ဟာ မလုံခြုံမှန်း သိတဲ့အတွက် ရှောင်ခဲ့တယ်။ ကိုယ်ရှောင်သွားပြီးမှ ဆယ်ဇင်းမှာ ဆရာဝန် ၃ ယောက် ဆေးခန်းလာဖွင့်ကြတယ်။ ဆယ်ဇင်းကို စကစ နဲ့ ရှမ်းနီတပ်တွေ ဝင်လာတော့ စစ်ပွဲဖြစ်မယ့် အလားအလာမြင်တဲ့အတွက် ဆေးခန်းပိတ်ပြီး ရွာကနေ စွန့်ခွါကြတယ်။ AHRN က ဆရာဝန်လေးတွေတောင် နေလို့မရဘူး။ အဲ့ဒီအချိန်ထိအောင် မရှောင်နိုင်သေးပဲ ရွာမှာကျန်ရစ်တဲ့ ဆရာဝန်လင်မယား အဖြစ်ဆိုးနဲ့ ကြုံရတာပဲ။ ဒါက ဆယ်ဇင်းရွာတစ်ရွာ ကိစ္စပဲ ရှိသေးတာ။ အခု တနိုင်ငံလုံးအတိုင်းအတာနဲ့ လက်နက်ကိုင် အုံကြွတော်လှန်နေကြပြီ။ စစ်သားတွေဟာ ယူနီဖောင်းတောင် မဝတ်ရဲတော့ဘူး။ စစ်ဆင်ရေးတိုင်းကို အရပ်ဝတ်နဲ့ အကာအကွယ်ယူ ပစ်ခတ်သတ်ဖြတ်ပြီး အခြေအနေမလှရင် အရပ်သားတွေထဲ ရောနှောထွက်ပြေးကြတယ်။ PDF တွေဘက်ကလည်း အတန်တန် သတိပေးပါတယ်။ ဖြစ်နိုင်ရင် စစ်ဗိုလ်စစ်သား စစ်တပ်ရှိတဲ့အနား မနေပါနဲ့။ ဆွမ်းခံရင်း ငှက်သင့်တတ်ပါတယ် ပြောထားပြီးသား။ ဒီအချိန်ကျမှ စစ်သားနဲ့ပလူးပြီး စစ်တပ်နဲ့အတူ ရပ်တည်မယ် လို့ ထကြေငြာရဲတာဟာ “ငါတို့ကိုလည်း သတ်မယ့်စာရင်းထဲ ထည့်လိုက်ပါတော့။” လို့ ရန်သူစာရင်းထဲ ထုံးတို့ပေးတာနဲ့ အတူတူပါပဲ။ စွန့်ခွါရမယ့်အရာ နဲ့ ဖက်တွယ်ရမယ့်အရာ ကွဲကွဲပြားပြား ခွဲခွဲခြားခြား သိမြင်နိုင်ကြပါစေလေ။