ချန်ဂင်တို့စခန်း (၈၁)

ဒီမနက် မိုးလင်းတော့ မိုးကလည်း သည်းလိုက်တာ။ အုန်းအုန်းကို ဆန်နေတာပဲ။ ဘယ်နေရာကြည့်ကြည့် မိုးကလွဲလို့ ဘာမှ မမြင်ရအောင် ရွာတယ်။ သည်းလွန်းတော့ အိပ်ရာနိုးလည်း ငုတ်တုတ် ထိုင်စောင့်နေရတယ်။ ဆေးရုံပြန်လို့ မရသေးဘူး။ ဒီတခါမိုးက ရေတွေပါတော့ တိတ်တောင်မတိတ်သေးဘူး။ မြေပြင်က ရေပြင်ဖွေးဖွေးကြီး ဖြစ်သွားတယ်။ ချောင်းကနေ တက်တဲ့ရေ မဟုတ်ဘူး။ ချောင်းထဲကို ဆင်းမယ့်ရေတွေ အိုင်နေနှင့်တာ။ ၅ လပိုင်းကတည်းက ရွာတဲ့မိုး။ ၈ လပိုင်းတောင် ကုန်တော့မယ်။ ကောင်းတုန်းကောင်းဆဲပဲ။ နေ့မရွာနိုင်တောင် ညဘက်တော့ မှန်မှန်ရွာတယ်။ နှစ်တိုင်း ဒီလိုပဲ ရွာနေကျလား။ ဒီနှစ်ကျမှ ထူးထူးခြားခြား မိုးများနေတာလား မပြောတတ်။ အောက်ပြည်အောက်ရွာက လာတဲ့သူတောင် မြောက်ဖျားမိုးကို အထူးတဆန်း ဖြစ်နေပြီ။

ဒီနေရာမှာ ဒီလိုမိုးတွေရွာမှပဲ ချောင်းကလေး မြောင်းကလေးတွေကနေ အင်းတော်ကြီးအိုင်ကြီး ရေပြည့်လာတာပေါ့။ အင်းလေးသာ ခန်းစပြုတယ်။ အင်းတော်ကြီးက မခန်းဘူးလေ။ ဆွမ်ပရာဘွမ်မှာဆို “၁၂ လ ရာသီ ချိန်ခါမရွေး မိုးသံပေးနေ။” လို့ ပြောကြတယ် မဟုတ်လား။ ကိုယ်တို့ ရေချိုးနေကျ ချောင်းကလေးက ဟိုးအောက်ရောက်ရင် နမ့်ပုတ်ချောင်းထဲကို စီးဝင်မယ်။ နမ့်ပုတ်ချောင်းက ဆယ်ဇင်းနားရောက်ရင် ဥရုချောင်းထဲကိုဝင်မယ်။ ဥရုချောင်းက ဟုမ္မလင်းမှာ ချင်းတွင်းထဲဝင်မယ်။ ချင်းတွင်းက ဧရာဝတီနဲ့ သွားပေါင်းမယ်။ အိုင်က ဒီမှာ ရေချိုးရင်း ရှူရှူးပေါက်ချလိုက်ရင် အဲ့ဒါ အောက်ပြည်အောက်ရွာက ယူတို့ဆီ ရောက်မလာဘူး လို့ ဘယ်သူပြောနိုင်မလဲ။ သဘောပြောတာပါ။ အမှန်တော့ ဒီအရပ်မှာ ရွာတဲ့မိုးတွေဟာ တံစက်မြိတ်ကနေ ရေတံလျှောက်ကြီးနဲ့ ခံသလိုခံပြီး တနိုင်ငံလုံးကို ဖြတ်သန်းစီးဆင်းရလေတယ်။ ဒီအရပ်က ဒီမိုးတွေသာ မရှိရင် တနိုင်ငံလုံး ခြောက်ခန်းညှိုးနွမ်းရလိမ့်မယ်။

ဒီနေရာမှာ ဒီမိုးတွေရွာနေစေဖို့ မုတ်သုန်က သယ်လာသမျှ ရေခိုးရေငွေ့တွေကို တောင်တန်းကြီးတွေနဲ့ ပိတ်ဆို့ကာဆီးပြီး ငွေ့ရည်ဖွဲ့စေတယ်။ ဒီမှာကုန်အောင်ရွာပြီး သူ့အထက်ကိုတက်ရင် ရွာစရာ ရေမကျန်တော့ဘူး။ ဒါကြောင့်မို့လို့ တိဘက်ကုန်းမြေမြင့်ဟာ အေး၍ခြောက်သွေ့သော ရာသီဥတုပဲ ရှိတာ။ ပထဝီတွေဟာ စိတ်ဝင်စားဖို့ကောင်းမှန်း ဒီအရွယ်ကြီးကျမှပဲ သိတော့တယ်။ အဲ့သလိုဆိုတော့ ကချင်မြေဟာ ဧရာဝတီမြစ်ကြီး ဖြစ်တည်လာဖို့ အဓိကကျတဲ့ ရေဝေရေလဲ ဒေသကြီးဆိုလည်း မမှားဘူး။ ကချင်မြေမှာ တခုခု အပြောင်းအလဲဖြစ်ရင် သူ့အောက်မှာရှိတဲ့ မြန်မာတပြည်လုံးရဲ့ သဘာဝပတ်ဝန်းကျင် အခြေအနေတွေလည်း လိုက်ပါ ပြောင်းလဲရလိမ့်မယ်။ ကချင်တွေနဲ့ ဗမာတွေက စပြီးဖြစ်တည်လာကတည်းက မြစ်တစ်စင်းရဲ့အကြေအညာမှာ ကြမ္မာတစ်ခုတည်း ဖန်တီးလာကြတဲ့သူတွေပေါ့။ တစ်ခုကို ဖဲ့ထုတ်လိုက်ရင် နှစ်ခုစလုံး ပျက်စီးသွားမယ့် အပြန်အလှန် အမှီသဟဲပြုနေသူတွေ။

ဒါပေမယ့် သူတို့အရပ်မှာ ဘယ်တုန်းကမှ ထီးစိုက်နန်းတည် မပြုခဲ့ကြဘူး။ သဘာဝတောတောင်ရေမြေနဲ့ပဲ အသားကျကြီးပြင်းကြတဲ့သူတွေ။ ကချင်မျိုးနွယ်စု ခေါင်းဆောင်တွေဟာ ရှင်ဘုရင်တွေလို မနေဘူး။ မုဆိုးသဘာဝနဲ့နေတာ။ သူ့လက်အောက်မှာ ဘယ်သူပဲ အမဲလိုက်လိုက်၊ သူ့အတွက် ပေါင်တစ်ပေါင်တော့ ရထိုက်တယ် ဆိုတဲ့ ဓလေ့။ မြေပြန့်အရပ်က ဗမာတွေနဲ့တော့ မတူဘူး။ သူတို့လူမျိုးရဲ့ ပညာရေး၊ ကျန်းမာရေး၊ ရပ်ရေးရွာရေးတွေကို ဘရင်ဂျီသာသနာပြု ဘုန်းကြီးတွေက ဗမာရှင်ဘုရင်တွေထက် ပိုဂရုစိုက်နိုင်လို့ ကချင်ဘာသာစကားဟာ ABCD နဲ့ စာလုံးပေါင်းပြီး ကချင်တို့ရဲ့ ကိုးကွယ်ရာဟာ ထာဝရဘုရားသခင် ဖြစ်သွားတာ။

ရှင်သန်ကြီးပြင်းရာ နေရာဒေသချင်း မတူတော့ ဌာနေတိုင်းရင်းသားတွေရဲ့ စရိုက်သဘာဝချင်းကလည်း ကိုယ်တို့နဲ့ မတူပါဘူး။ သူတို့အားလုံး သဘာဝ တောတောင်ရေမြေ နဲ့ တသားတည်း ရှိကြတယ်။ တောင်တက်တောင်ဆင်း တောတွင်းခရီးတွေကို ပလိုင်းတစ်လုံး ဓါးတစ်လက်နဲ့ ကိုယ့်လမ်းကိုယ်ထွင်ပြီး တစ်ပါတ်ဆယ်ရက်လောက် အသာလေး လမ်းလျှောက်နိုင်တယ်။ ဗမာတွေ မြိုင်ထ နှစ်ပါးသွားထဲကလို မောတယ်၊ ပန်းတယ်၊ ဖဝါးခြေတော်နာတယ်။ မရှိဘူး။ တစ်တောင် နှစ်တောင်လောက်များဖြင့် ကန်တော်ကြီးတစ်ပါတ် လမ်းလျှောက်သလို လျှောက်တာ။

ဒီအရပ်မှာ ပထမဦးဆုံး တောထဲဝင်တဲ့အခါ စခန်းမှာရှိတဲ့ လူကြီးတစ်ယောက်က လာကြိုတယ်။ အသက်က ၆၅ နှစ်လောက် ရှိပြီ။ လူပုံစံကတော့ မြိုင်ရာဇာတွတ်ပီ ဒီဇိုင်း။ စွပ်ကျယ် နဲ့ ပုဆိုးတိုတိုနဲ့၊ အောက်ကတောစီး ပွိုင့်ဘိနပ်နဲ့။ ဆိုင်ကယ်က တောင်ပေါ်ထိ တက်လို့မရဘူး။ မတ်လို့။ ကြိုးတံတားနဲ့ စမ်းချောင်းလေးဘေးမှာ ရပ်ခဲ့ရမှာ။ ဘာမှမဝေးဘူး။ မြင်နေရတယ်။ ၁၅ မိနစ်၊ မိနစ် ၂၀ လောက် တက်ရင် ရောက်သတဲ့။ ကိုယ်တို့ဆီက အထုပ်တွေ သူ့ကိုပေး ဆို ဆွဲတက်တာ ကိုယ်တို့မှာ လျှာအလျားလိုက်ထွက်ကရော။ သူကဖြင့် ချွေးတောင် မထွက်။ တစ်နေ့ လေးငါးဆယ်ခေါက်လောက် တက်ဆင်းနေတာတဲ့။ အာဂအဖိုးကြီးပါလားပေါ့။ မြန်မာပြည်မြောက်ပိုင်း ဖတ်ထားကာစဆိုတော့ အဲ့ဒီထဲက အဖိုးဦးဂမုန်းကြီးဟာ ဒီလိုလူမျိုးနေမှာပဲ လို့ အောင့်မေ့မိတယ်။

တကယ်တော့ သူက ဒီနေရာမှာ လာခိုလှုံနေတဲ့ CDM တွေရဲ့ လူကြီးပါ။ သူကိုယ်တိုင်က ပြည်နယ်အစိုးရအဖွဲ့မှာပါတဲ့ လူကြီးတစ်ယောက်ပဲ။ ဦးဇော်ဝေစိုးကြီးနဲ့ ဇွန်းတက်လိုက်မိတာ ဒီထဲရောက်လာရော။ ဇွန်းစာရင်းထဲ ပါသမျှ လိုက်စိတာ ကိုကျော် တို့ ကိုမော်ဦးတို့တောင် အဲ့ဒါနဲ့ အထဲရောက်သွားတာလေ။ ဒါတောင် နိုင်ငံရေးဇွန်း မဟုတ်သေးဘူး။ သင်ကြားရေးဇွန်း။ ဆေးပညာသင်ကြားရေး လက်ချာတွေကို ဇွန်းနဲ့တက်တာ။ ဇွန်းနဲ့ တောထဲရောက်ရတော့ ရှယ်လို့ မှတ်ရမှာပေါ့။ ကိုကျော်သက်လင်းကြီးဆို ဗျူးလိုက်မိလို့ ရောက်လာတာ ထူးထူးရှယ် လို့ ခေါ်ရမယ်။ ကိုယ်လည်းပဲ လှိုင်သာယာလူသတ်ပွဲအပြီး ဟိုကလာဗျူး သည်ကလာဗျူးနဲ့ ဗျူးပြီးပတ်ရှောင် သိုင်းကွက် ကျင့်ရင်း ဒီဘက် မျက်စိလည်လာတာ မှလား။

အဘမုန်းကြီးက တကယ်တော့ သူဌေးဗျ။ အိမ်ပိုင်ခြံပိုင် ဆင်ပိုင် စက်ပိုင်တွေ ရှိတယ်။ ခုလောက်ရှိ အကုန် ချိတ်ပိတ်ပြီးလောက်ရောပေါ့။ ကချင်ပြည်နယ်တစ်ခုလုံး သူ မရောက်ဖူးတဲ့ နေရာ မရှိဘူး။ တောထဲရောက်တယ်ဆိုတာ သူ့အိမ်သူ့ရာမှာ ပြန်နေသလိုပဲ။ တတောလုံးတတောင်လုံး အိမ်ဦးနဲ့ကြမ်းပြင်လို နှံ့စပ်ရင်းနှီးတယ်။ ချောင်းထဲက ဘယ်ကွေ့မှာ ဘာငါးတွေ အောင်းနေတယ် ဆိုတာကအစ သူသိတယ်။ ရေချိုးဆင်းရင် မြှားထားတဲ့ငါးလေးတွေ ဖော်ဖော်ပြီး ယူတယ်။ သူရတဲ့ ငါးကြီးတွေက တစ်လံလောက်ရှည်တယ်။ ခေါင်းက မိချောင်းနှုတ်သီးမျိုး။ ငါးဒီး တဲ့။ ငါးတောက် တဲ့။ ကိုယ်ကတော့ မခွဲတတ်ဘူး။ ပြီးရင် အမွှေးရွက်ပေါင်းစုံ နဲ့ ကချင်ချက် ချက်ပြီး လာလာပို့တယ်။ တောထဲကအရွက်တွေကို သူပဲ အကုန်သိတာ။ ပြောတော့ ပြောတာပဲ။ ဘာတွေမှန်း မမှတ်မိတော့ဘူး။ ရေနွေးကြမ်းသောက်ရင် လက်ဘက်ခြောက် မခပ်ဘူး။ အနံ့စူးစူးနဲ့ အရွက်တစ်မျိုး ခပ်တယ်။ အပူအပုပ်စင်သတဲ့။ သူကတော့ အဲ့ဒါပဲ သောက်သတဲ့။ ကိုယ်တို့တွေ တစ်ခွက်စီ ဝင်သောက်ကြည့်တာ အဝင်မဆိုးပေမယ့် တစ်ညလုံး အိမ်သာပြေးရတယ်။ မနက်ကျမှ ဗိုက်ထဲမှာ ရှင်းပြီး ပေါ့သွားတယ်။ နောက်ကျ ရေနွေးအဖြူပဲ သောက်တော့တယ်။

စခန်းမှာ PDF အသစ်တွေ ထပ်ရောက်မယ်ဆိုတော့ သူက ဆင်တစ်ကောင်ငှါးပြီး တောရှင်းတာ ၂ ရက်ကြာတယ်။ အပင်တွေ လှဲလိုက်၊ ခြုံတွေရှင်းလိုက်၊ ဆင်ကို လိုသလို ခိုင်းလိုက်။ သူက ဆင်စကား နားလည်တာလား ဆင်က သူ့စကား နားလည်တာလား တော့ မသိဘူး။ သူ့ဆင် မဟုတ်တာတောင် ဆင်ကို ခိုင်းလို့ ရတယ်။ ငှက်ပျောဖက်ထဲမှာ ရေစိမ်ထားတဲ့ဆန်တွေပုံ၊ ဘိန်းစိမ်းလေး လက်တစ်ဆစ်ထည့်၊ ထမင်းထုပ်ကလေးလို လုပ်ပြီးကြွေး၊ ခွေးကလေး ကြောင်ကလေးများလိုပဲ။ သူကိုယ်တိုင် ဝင်ပါပြီး လူနှစ်ယောက် သုံးယောက်လောက်နဲ့ တဲတန်းလျားတွေ တစ်လုံးပြီးတစ်လုံး၊ တိုင်ထောင်၊ ကွပ်ပျစ်ရိုက်၊ အမိုးမိုး၊ ၃-၄ ရက်ဆိုပြီးရော။ အမိုးမိုးတာလည်း ရုန်းတွေ သူ့ဟာသူ ခုတ်၊ သူ့ဟာသူ ရက်ပြီး သူ့ဟာသူ မိုးတာ။ အသက်ကသာ ၆၀ လူငယ်တွေ လိုက်မမီဘူး။ PDF တွေမှာ Gen Z တွေချည့်ပဲ ရှိတာ မဟုတ်ဘူး။ နွားပျိုသန်လှ နွားအိုပေါင်ကျိုး ဆိုတဲ့ Gen L ကြီးတွေလည်း ရှိတာပဲ။ အသက်ထက် အသိက အရေးကြီးတာ။ ၁၆ နှစ် နဲ့ ကျောင်းပြန်တက်ပြီး ငါတို့လည်း ဖိနပ်ချွတ်လျှောက်မယ် ဇာတ်လမ်းရိုက်နေတဲ့ကလေးတွေလည်း မြင်ဖူးလျက်သားနဲ့။

ကချင်မြေမှာ နေတဲ့သူဟာ သူ့ရေမြေတောတောင်သဘာဝနဲ့ တသားတည်း ကျင့်သားရပြီးသား ဖြစ်တဲ့အတွက် သူ့အရပ် သူ့ဒေသဟာ သူ့အိမ်သူ့ယာ လို ရင်းနှီး ကျွမ်းဝင်ပြီးသား ဖြစ်တယ်။ ဒီလိုလူတွေကို ယာရှင်မျောက်မောင်း မောင်းထုတ်ဖို့ မြန်မာစစ်တပ်က ပို့လိုက်တဲ့သူတွေကို ကြည့်လိုက်ဦး။ ရခိုင်က၊ ကရင်က မနေ့ကမှ နောက်တန်းပြန်ရောက်တဲ့ကောင်တွေကို တစ်ညလောက် ထမင်းကြွေး၊ အရက်တိုက်၊ ဖာခေါ်ပေးပြီး နောက်တစ်နေ့မနက် “ဟျောင့် သားရီး ရှေ့တန်းပြန်ဒိုးလိုက်ဦး။” ဆို ချက်ချင်းပြန်လွှတ်လိုက်တဲ့ကောင်တွေ။ လေကြောင်းပစ်ကူ နဲ့ အရပ်သားတွေသတ်၊ ရွာတွေမီးရှို့ နဲ့မို့သာ ပွဲကကြာနေတာ။ ဒီကောင်တွေသတ်လို့ KIA တစ်ယောက်ပဲ အသက်သေဖူးတယ်။ တိုက်ပွဲဖြစ်တာပဲ ၂ လ ပြည့်တော့မယ်။ ဒီအခြေအနေ ဒီလက်ရည်နဲ့ “ဆယ်ဇင်းက စကစ လက်အောက် ရောက်သွားပြီ။ KIA ပြန်မသိမ်းနိုင်တော့ဘူး။” ဆိုတာ ဘယ်လို ဟာသမျိုးပါလိမ့်။ ဆယ်ဇင်းမီးလောင်မြေကို အကွက်ဖော်ပြီး ပြန်ရောင်းပေးမယ် ဆိုတာကတော့ ဟိုအဖိုးကြီး ခြံအမှတ် ၅၄ ကို လေလဲတင်သလိုပဲ နေပါလိမ့်မယ်။ ပေါလည်းပေါရဲ ပြောလည်းပြောရဲတဲ့ဟာတွေ။

ဒီကလူတွေက သူတို့ အင်အားသုံးပြီး ဝင်လာရင် အသာလေး ရှောင်ပေးလိုက်တယ်။ မြေပြင်မှာ ဆင်ထားတဲ့ခွင်ထဲ ဝင်လာရင်တော့ ဆော်ထည့်လိုက်ရော။ လေကြောင်းနဲ့ ဗုံးလာကျဲရင် ကိုယ်ရောင်ဖျောက်ပြီး စခန်းအသစ် ပြန်ဆောက်တယ်။ သူတို့ရဲ့စစ်သားတွေကို စစ်တိုက်ဖို့ တစ်ခုတည်း အဓိကသင်တာ မဟုတ်ဘူး။ ကွန်ပြူတာလည်း သုံးတတ်ရမယ်။ စာရင်းအင်း စာရင်းကိုင်လည်း တတ်ရမယ်။ စာစီစာရိုက်၊ ရုံးလုပ်ငန်းတွေလည်း နားလည်ရမယ်။ ဆေးထိုးဆေးကု သူနာပြု အတတ်တွေလည်း သင်ပေးနေတယ်။ အုပ်ချုပ်ရေး၊ ဥပဒေ နဲ့ တရားရေးတွေလည်း သင်ပေးတယ်။ သူ့ပြည်နယ်ကို သူ့လူနဲ့သူ အုပ်ချုပ်နိုင်အောင် မျိုးဆက်သစ်တွေ လေ့ကျင့်ပျိုးထောင်ပေးထားတယ်။ ပင်လုံစာချုပ် မချုပ်ခင်တုန်းကလို “မင်းတို့တိုင်းပြည်က လွတ်လပ်ရေးယူဖို့ အဆင်သင့် ဖြစ်ပြီလား။” လို့ မေးစရာ မလိုဘူး။ ကချင်ပြည်နယ်က ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် အဆင်သင့် ဖြစ်နေပြီးသား။ ကချင်ပြည်မှာ မိုးမရွာပဲ ဗမာပြည်မှာ ရေမစီးဘူး။” လို့ ပြန်ဖြေလိုက်ရုံပါပဲ။ ကိုယ်တို့ မြန်မာပြည်ကြီးမှာတော့ မိုးရာသီကုန်လို့ ဆောင်းဦးရွက်ကြွေ စစ်တပ်သေ၊ လက်နက်ချ အညံ့ခံသွားခဲ့ရင်တောင် စဆရကတွေ အချင်းချင်း ကားကြီးတက်မယ် ဘေးကိုဖယ် ဆို ထသတ်နေကြတာနဲ့ နောက်ထပ် တစ်နှစ်လောက်များ ကြာဦးမလား မပြောတတ်။