နွေဦးတော်လှန်ရေးကာလမှာ ကိုယ် ဖြတ်သန်းခဲ့တဲ့ နေရာ၊ ဒေသ၊အတွေ့အကြုံလေးတွေ မှတ်တမ်းတင်ရင်း ချန်ဂင်တို့စခန်း စာစုလေး ဖြစ်လာသလို ကိုယ်နဲ့ ခေတ်ပြိုင်ဖြတ်သန်းကြတဲ့ contemporary figures တွေ အကြောင်းလည်း စဉ်းစားကြည့်မိပါတယ်။ ဒီလူ ဒီလူတွေဟာ အကောင်းတွေချည့် စုနေတဲ့ ခြောက်ပစ်ကင်း သဲလဲစင် လို့ မဆိုလိုပါဘူး။ တချို့ကို လေးစားတယ်။ တချို့ကို တော်တော်လေးစားတယ်။ တချို့ကို ကြည့်လို့မရဘူး။ တချို့ကို အမြင်ကပ်တယ်။ ဒါပေမယ့်လည်း သူတို့ဟာသူတို့ ဘာဖြစ်နေနေ၊ တော်လှန်ရေးကာလအတွင်းမှာတော့ အတိုင်းအတာတစ်ခုအထိ၊ ဒါမှမဟုတ် ကာလအပိုင်းအခြား တစ်ခုအထိ၊ တက်ကြွစွာ ပါဝင်ခဲ့တယ် လို့ သိထားပါတယ်။ သူတို့ထက် ပိုရင်းနှီးမြှုတ်နှံ အနစ်နာခံထားတဲ့သူတွေ ရှိပေမယ့် အကုန်လုံး ကိုယ် မသိနိုင်ဘူးလေ။ ကိုယ်သိတဲ့သူတွေတောင် မမြင်တာကြာရင် မေ့မေ့သွားတာ။ လူတိုင်းဟာ တော်လှန်ရေးခရီးကို လမ်းဆုံးပန်းတိုင်ရောက်အောင် လျှောက်နိုင်ခဲတယ်။ တချို့လည်း ကျဆုံးလွတ်မြောက် သွားရှာပြီ။ တချို့က ငုတ်လျှိုးနစ်မြုတ်သွားတယ်။ တချို့ကတော့ သွေဖီလမ်းခွဲသွားပါတယ်။ အရာအားလုံး ကိစ္စအားလုံးကို ကိုယ်မသိနိုင်တဲ့အတွက် ဘယ်သူနဲ့မှ အငြင်းအခုံ မလုပ်လိုပါဘူး။ ကိုယ့်မှတ်ဉာဏ်ထဲမှာ စွဲထင်ကျန်ရစ်ခဲ့တဲ့ သူတို့ပုံရိပ်တွေကိုပဲ ပန်းချီကားလေးလို ပြန်ဆွဲကြည့်ပါတယ်။ ကလေးတုန်းက အော်တိုစာအုပ်ကလေး ရေးသလိုပေါ့။ လက်ရေးသည်းခံ၊ အမှားပါလျှင် ခွင့်လွှတ်ရန် ပါ။
ပထမဦးဆုံး အာဏာသိမ်းတဲ့ညက စပြောရရင် ဦးကျော်သူတို့ ဇနီးမောင်နှံ၊ ဒေါ်သန်းမြင့်အောင်၊ အရည်ကြို၊ မောင်မောင်အေး၊ ဥက္ကာကြည်ဝင်း၊ သက္ကမိုးညို၊ ပန်ဆယ်လို ပါ။ ညတွင်းချင်း အဖမ်းခံ၊ အဝိုင်းခံ၊ ခေါ်ယူစစ်ဆေးခံရတယ်လို့ ကြားတဲ့ hit list ပေါ့။ ပြန်လွတ်တဲ့လူလည်း လွတ်၊ တခါတည်း ထောင်ထဲဝင်တဲ့သူလည်း ဝင်၊ ကြံဖန်ဝမ်းသာရရင်တော့ ဒီစာရင်းထဲကလူတွေ တစ်ယောက်မှ မသေသေးဘူး ဆိုတာပါပဲ။ ပွဲဦးထွက်ကတည်းက တိန်တိန်မြည်အောင် ဆော်ခံရတဲ့သူတွေ ဆိုပါတော့။ မျက်စောင်းထိုးတာကတော့ ကိုဗစ်ကုသရေး foundation ရံပုံငွေတွေပါပဲ။ ဒေါက်တာထားထားလင်း၊ ဦးဇော်ဇော် နဲ့ ကွီးဖြိုး ကိုလည်း ဆွဲစိပေမယ့် သူတို့နဲ့ကျတော့ အဝင်အထွက်၊ အပေးအယူတွေ ပိုကြမ်းပါတယ်။ ဘာတွေကို ဘယ်လိုလုပ်ခိုင်းတယ်ဆိုတာကတော့ နောက် အားလုံးတွေ့မြင်လာရတာပဲ မဟုတ်လား။ ခိုင်းတဲ့အတိုင်း လုပ်တဲ့သူ လုပ်တယ်။ မလုပ်တဲ့သူ မလုပ်ဘူး။ လုပ်ရင် ဘာတွေဖြစ်တယ်၊ မလုပ်ရင် ဘာတွေ ဖြစ်တယ်လည်း အားလုံး အတွေ့။ အချိန်က စကားပြောလာပြီးမှပဲ။ သံဝေဂ ယူရရင်တော့ နိုင်ငံရေးသမားမဟုတ်တဲ့ ဆရာဝန်မကလေးက ထောင်ထဲဝင်သွားပြီး သက်တမ်း ၃ ပုံ ၁ ပုံလောက် ထောင်ထဲမှာ နေခဲ့ဖူးတဲ့ နိုင်ငံရေးသမား ဝန်ကြီးချုပ်ကြီးက သက်သေလိမ် ဖြစ်လာတာပါပဲ။ (တကယ်လို့များ တော်လှန်ရေးကြီးအောင်မြင်တဲ့အချိိန်ထိ သက်ရှိထင်ရှား ရှိသေးရင်တော့ သူ့ကို စစ်ကြောရေးမှာ ဘယ်လောက်ထိ နှိပ်စက်အကြပ်ကိုင်လို့ ဒီဘဝရောက်သွားတယ် ပြောပြနိုင်မှာပါပဲ။)စစ်ကြောရေးကအပြန် နိုင်ငံရေး ဝစီပိတ် ကျင့်သွားတာက ကိုအရေကြို ဖြစ်ပြီး ကျန်တဲ့လူတွေက လွတ်မြောက်နယ်မြေကို ရွေ့ပြီး နောက်ကွယ်က ဆက်လက်ပံ့ပိုးပေးကြပါတယ်။ မသွားလို့လည်း မရဘူးလေ။ အခုမဖမ်းလည်း နောက် တဖြေးဖြေး တဖြေးဖြေး ဖမ်းပြီး အကုန်လုံး ထောင်ထဲထည့်မှာပဲ မဟုတ်လား။ အဲ့ဒီကာလက ကိုယ်တို့ရဲ့ ဟီးရိုးဟာ စစ်တပ်ကဝိုင်းထားတဲ့ အမေစုအိမ်ထဲကနေ နိုင်ငံရပ်ခြား ရောက်သွားပြီး တကမ္ဘာလုံးသိအောင် အသံထုတ်ပေးခဲ့တဲ့ ဒေါက်တာဆာဆာပါပဲ။
အဲ့ဒီနောက်မှာတော့ CDM ဆိုတာကို ပထမဦးဆုံး စ ကြားဖူးအောင် မိတ်ဆက်ပေးတာ မြစ်ကြီးနားဆေးရုံက သမားတော်ကြီး ဒေါက်တာနေဝင်းပါပဲ။ သူ့ဘာသူ အလုပ်ထွက်စာ တင်တာပါ။ ဘယ်သူ့ကိုမှ နှိုးဆော်တိုက်တွန်းတာ မဟုတ်ပါဘူး။ မှန်တဲ့အတိုင်း ပြောရရင် အဲ့ဒီအချိန်က ကိုယ်တောင် သူ့လောက် သတ္တိမရှိဘူး။ အလုပ်ထွက်ဖို့ တွန့်ဆုတ်ပါတယ်။ သို့သော်လည်း ဆရာဝန်ထဲက CDM လုပ်တာ ကိုနေဝင်း ပထမဦးဆုံး မဟုတ်ဘူးဗျ။ အာဏာသိမ်းပြီးပြီးချင်း အစိုးရအဖွဲ့ထဲကနေ ပထမဦးဆုံး နှုတ်ထွက်စာတင်တဲ့သူက ကျန်းမာရေးဝန်ကြီး ဒေါက်တာဦးမြင့်ထွေးပါ။
ဆရာဦးမြင့်ထွေးကို CV ကြီးဖတ်ပြီး ဖြုံခဲ့သလောက် ကစားကွက်က တော်တော်ကို အားမရခဲ့ရာကနေ ကိုဗစ်ဖြစ်လာတော့ ခြေပြန်ပေါ်လာတယ် လို့ အောင့်မေ့မိပါတယ်။ နှုတ်ထွက်စာကို မြင်တဲ့အခါမှာတော့ လှလိုက်တဲ့ အဆုံးသတ်ကလေး လို့ ချီးကျူးမိပါတယ်။ ပညာရှင်တစ်ယောက်အနေနဲ့ သူ့ရဲ့ပညာရပ်နယ်ပယ်မှာ မလုပ်သင့်မလုပ်ထိုက်တဲ့အလုပ်တွေကို ဖိအားနဲ့ လာခိုင်းရင် အလုပ်ထွက်လိုက်တာသာ အကောင်းဆုံး လို့ နည်းပေးလမ်းပြ လုပ်သွားသလိုပါပဲ။ စစ်အာဏာရှင် လက်ပါးစေအဖြစ် ရသမျှအိပ်ထဲသယ်ပြီး ပင်စင်ယူမယ့်သူထက်စာရင် အဲ့ဒါမျိုးကမှ gracefully retired လုပ်တယ် လို့ ခေါ်ရမှာပါ။ ဦးမြင့်ထွေးရဲ့ CV ထဲမှာ “ဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခံရပြီးတဲ့နောက် ကိုဗစ်ကပ်ရောဂါကို အင်တိုက်အားတိုက် ဦးဆောင်တွန်းလှန်ခဲ့သည်။ သူ့ပညာရပ်နယ်ပယ်ကို အာဏာနဲ့ အမိန့်ပေးစေခိုင်းလာတဲ့အခါ ဝန်ကြီးရာထူးကနေ မိမိသဘော ဆန္ဒအလျောက် နှုတ်ထွက်ခဲ့သည်။” လို့ ဖြည့်ရေးရတာ ဘယ်လောက် ဂုဏ်သိက္ခာရှိသလဲ။
တချို့လူတွေက အစမှာ ကောင်းကောင်းကစားနိုင်လျက်နဲ့ အဆုံးသတ်ကျမှ ချော်တောငေါ့သွားတတ်ပါတယ်။ ဝန်ကြီးဌာနမှာဆို ကိုယ်နဲ့ သိတာ နှစ်ယောက်ပေါ့။ ကိုသင့်လူ နဲ့ ကိုသက္ကမိုးညိုပါ။ ကိုယ်သိသလောက် နှစ်ယောက်စလုံးဟာ စစ်အာဏာရှင်နဲ့ စိတ်တူသဘောတူ မဟုတ်ခဲ့တာ သေချာပါတယ်။ ဦးသိန်းစိန်အစိုးရ၊ NLD အစိုးရ လက်ထက်မှာကတည်းက အပေါက်အလမ်း အဆီအငေါ် မတည့်တဲ့ အစိုးရလုပ်ရပ် မှန်သမျှကို ဝေဖန်ပြောဆို ရေးသားလာခဲ့ကြပါတယ်။ အာဏာသိမ်းအပြီး ကိုသင့်လူကြီး တင်သွားတဲ့စာကို နောက်ဆုံးဖတ်လိုက်ရတာကတော့ “မဟုတ်က ဟုတ်ကတွေ လုပ်နေတာ ဖြစ်နေတာ ငါသိတယ်နော်။ ငါ မပြောချင်ဘူးနော်။” ဆိုတဲ့သဘောမျိုးပါ။ သို့သော် အဲ့ဒီနောက်မှာ သူကိုယ်တိုင် မဟုတ်ကဟုတ်ကတွေကြားမှာ နစ်မြုတ်ပျောက်ကွယ်သွားပြီးအသံပါ တိတ်သွားတော့ နန်းစိန်ဘဝမှာ ပျော်မွေ့သွားတယ် လို့ ယူဆရမလိုပါပဲ။ အာဏာသိမ်းပြီးကတည်းက နွေဦးရေစီးကြောင်းထဲ ပါမလာတဲ့သူတစ်ယောက် လို့ပဲ အနုတ်ပြရပါမယ်။
ကိုသက္ကမိုးညိုကတော့ အတိုက်အခိုက် အထိုးအနှက် ဒဏ်ကို တော်တော်လေး ရင်ဆိုင်တွန်းလှန်နေရင်းကမှ တိမ်းရှောင်ရုန်းကန်နေရတဲ့အခါ စာလည်းစာနာမိသလို စိတ်လည်း မကောင်းပါဘူး။ သူ့ကို ကိုယ်နဲ့ တစ်လှေတည်းစီးတဲ့ ခရီးဖော် လို့ ယုံကြည်ထားခဲ့တာပါ။ သူများလှေဦးမှာ ပြူးပြူးပြဲပြဲကြီး မတွေ့ရခင် အချိန်အထိပေါ့။ သူ့အကြောင်းနဲ့သူ သူ့ခံစားချက်နဲ့သူ ရှိမယ် လို့ နားလည်ပေမယ့်လည်း လှေချင်းလားရာ မတူတာတော့ သတိထားမိသွားပါတယ်။
“ဘာလဲ။ မင်းက နုကြည်ကို ဝေဘင်တာ မကြိုက်ဘူးလား။ အန်နယ်ဒီကို ဘုရားလို မကိုးကွယ်လို့လား။” လို့ မေးစရာ ရှိပါတယ်။ ကိုယ်က သူတို့နှစ်ယောက်နဲ့ မိတ်ဆွေဖြစ်သလောက်တောင် အန်နယ်ဒီ က လူတွေနဲ့ မရင်းနှီးပါဘူး။ ကိုယ့်အသိထဲက အဲ့ထဲပါသွားတာ ကိုမင်းအို နဲ့ ကိုနဝနကြီးပဲ ရှိပါတယ်။ သူတို့က ဆရာဝန်မှ မဟုတ်တာ။ ဆရာဝန်ချင်းလောက်တော့ ဘယ်ရင်းမလဲ။ ကိုယ့်ဘက်က တိတိကျကျပြောရရင် ကိုယ်အခုလုပ်နေသမျှဟာ အန်နယ်ဒီ အာဏာရရေးအတွက် မဟုတ်ပါဘူး။ မတရားတဲ့ စစ်အုပ်ချုပ်ရေးကို လက်မခံတာပါ။ အကြောင်းပြချက်က ဆရာကိုနေဝင်းတို့ ဆရာကြီးဦးမြင့်ထွေးတို့နဲ့ အတူတူပါပဲ။ သူများအာဏာရဖို့ မဟုတ်သလို ကိုယ်တိုင်အာဏာရဖို့လည်း မရည်ရွယ်ပါဘူး။ ကိုယ့်အပေါ် အာဏာနဲ့ လာဖိိနှိပ်တာကို လက်မခံတာပါ။ စစ်အစိုးရပြုတ်ကျလို့ အန်နယ်ဒီက လာဖိနှိပ်လည်း လက်ခံမှာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ vision ကတော့ အခုဆုတ်ရမယ့် ဘောက်ချာ နဲ့ နောက်မှဆုတ်ရမယ့် ဘောက်ချာကို သပ်သပ်စီထားတာပါ။ အရင်းခံစိတ်ထား ဘယ်လိုပဲရှိရှိ လုပ်ရပ်ရဲ့ ရလဒ်ကို အဖြေထုတ်ရင် ကာယကံရှင်ရဲ့ ရပ်တည်မှုကို မြင်ရပါတယ်။
အဲ့ဒီနောက် လေညှာမှာ အနေသာကြီးကနေ ဘယ်သူ့တိုက်တွန်း နှိုးဆော်မှုမှ မပါပဲ ပြည်သူ့ဘက်က ရပ်တည်လာသူ တစ်ဦးရှိပါတယ်။ သူ ပါဝင်ကြိုးစားခဲ့တဲ့ အရွေ့ဟာ တော်လှန်ရေးအတွက် တော်တော်ကြီး အထောက်အကူ ဖြစ်ခဲ့ပါတယ်။ သံအမတ်ကြီး ဦးကျော်မိုးထွန်းပါ။ သံတမန်ရပ်ကွက်မှာ အံ့အားသင့်သွားစေနိုင်လောက်အောင် ပိပိရိရိ ထိထိမိမိ
တာဝန်ကျေခဲ့တာကြောင့် ကြေးစားလူသတ်သမားတွေတောင် ငှါးပြီးသတ်ခိုင်းရတာ ဦးကိုနီ အပြီးမှာ သူပဲ ရှိပါတယ်။ သူ့လိုမျိုး ယောက်ကျားပီပီသသ bold & decent ဖြစ်တဲ့ တော်လှန်ရေးသမားကတော့ ဦးကျော်သက်လင်းပါ။ CDM ဝန်ထမ်းတွေရဲ့ ဘေးအန္တရာယ် နဲ့ မလုံခြုံမှုကို သူရေးတဲ့စာတွေထဲမှာ အထင်းသား တွေ့နိုင်ပါတယ်။
တခါတရံမှာ controversial personality တွေနဲ့ ကိုယ်ရည်ကိုယ်သွေး နောက်ကြောင်းရာဇဝင်မှာ အငြင်းပွါးဖွယ်တွေ ရှိနေလည်းပဲ net gain မှာ သူ ဘယ်ဘက်ကို အလေးသာသလဲ ကြည့်တတ်မြင်တတ်ရပါတယ်။ ဆရာဝန်မလေး A Nyein ကို ဒလန်အဖြစ် လူတိုင်း ပြောပါတယ်။ နောက်ကြောင်းရာဇဝင်တွေ လှန်လှော တူးဆွလို့ နည်းနည်းလေးမှ မယုံရကြောင်း ပြောကြသလို သူနဲ့မတည့်တဲ့သူမှန်သမျှ အဖမ်းခံရလို့ ဒလန် မှ ဒလန်အစစ်ပါ လို့ ဆိုတဲ့သူလည်း ရှိပါတယ်။ အထောက်အထားများစွာနဲ့ ဒလန်ဖြစ်ကြောင်း သက်သေထူလာသမျှကို အလွယ်တကူ မယုံမိသေးတာကတော့ အဲ့ဒီကလေးမရဲ့ မာယာ ထက် စကစကလူတွေရဲ့ မာယာကို ပိုပြီး မယုံကြည်တဲ့အတွက်ကြောင့်ပါ။ သားကောင် တစ်ကောင်နောက်မှာ ခွေးအတွေ တစ်အုပ်ကြီး ဝိုင်းလိုက်သလိုပဲ တော်လှန်ရေးအင်အားစုထဲက တစ်ယောက်ယောက်များ ချွန်ထွက်လာပြီဆို နောက်ကနေ အမျိုးမျိုး ထိုးနှက်သွေးခွဲတဲ့ သူတို့အကျင့်ကို သိပြီးသားမို့ပါ။
ကောင်းပြီလေ။ ဒလန်ဆိုလည်း ဒလန်ပေါ့။ ကိုယ့်စခန်းထဲခေါ်ထားရတာမှ မဟုတ်တာ။ လက်နက်ကိုင်တွေရှိတဲ့ တောထဲလျှောက်သွားပြီး အဲ့သလိုသာ ဒလန်လျှောက်လုပ်နေရင် အသက်ဆယ်ချောင်းပါတာတောင် မလောက်ဘူး။ သူ့နောက်မှာ ဘယ်စစ်သားမှ လိုက်ကာကွယ်နေတာလည်း မဟုတ်။ ဒါပေမယ့်လည်း သူလုပ်ခဲ့တာ ကိုယ့်ဘက်မှာ အကျိုးဖြစ်ထွန်းခဲ့တာ ငြင်းလို့ မရပါဘူး။ ချန်ဂင်တို့စခန်းဟာ သူ့ဆေးရုံကလေးကို ကြည့်ပြီး ရလာခဲ့တဲ့ အိုင်ဒီယာပါ။ ထိုင်းဘက်ကိုပြေးပြီး အဆိုင်လမ် မလျှောက်ပဲ မြန်မာပြည်မြောက်ပိုင်းကို ထွက်လာခဲ့တာဟာ သူ့လိုမျိုး စစ်ရှောင်စခန်းတွေမှာ ဆေးကုချင်လို့ပါ။ တချို့ကိစ္စတွေမှာ သူ့ဖြစ်ရပ်ကို သင်ခန်းစာယူပြီး သူ့လိုမဖြစ်အောင် စီမံရတာပါ။ ဒါကြောင့်မို့ အဲ့ဒီကလေးမ ဒလန်မကလို့ အလန်တရာပဲ ဖြစ်နေပစေ။ ကိုယ့်အတွက်တော့ stereotype ဆရာဝန် လူငယ်လေး တစ်ယောက်ပါပဲ။ ငွေရေးကြေးရေး အရှုပ်အရှင်းတွေကတော့ ကိုယ့်ကျရင် သူ့လိုမလုပ်မိဖို့ သတိထားရပါတယ်။ သူလည်း ဘယ်လောက်ပဲ ထိုးနှက်ခံရသည်ဖြစ်စေ တော်လှန်ရေးအင်အားစုတွေဘက်က သွေခွါမသွားသေးဘူး။ personal branding လုပ်တယ် ဘာတယ်ကတော့ သူ့ ဝါသနာအလျောက်မို့ပါ။ အင်္ဂလန်က အမေပိုးတို့လည်း သူ့ဘာသူ ဘီကီနီနဲ့ ဘယ်နှစ်ပုံတင်တင် တက်ကြွစွာ အလှူငွေ ရှာပေးတဲ့ fund raiser စာရင်းထဲတော့ ထည့်ရမှာပဲ။
တော်လှန်ရေးဆိုတာ အလွှာအသီးသီးက လာတယ်။ ဓလေ့စရိုက် ပေါင်းစုံပါတယ်။ ဒါပေမယ့်လည်း ရည်ရွယ်ချက်ကတော့ တစ်ခုတည်းပဲ။ စစ်အာဏာရှင်စံနစ်ကို အဆုံးသတ်ချင်တယ်။ လက်နက်အားကိုး နဲ့ အနိုင်ကျင့် အုပ်ချုပ်တဲ့သူတွေကို လက်မခံနိုင်ဘူး။ ဒါကြောင့်မို့ ဘက်ပေါင်းစုံ နည်းပေါင်းစုံနဲ့ ကြိုးပန်းနေကြတာ။ အခြေခံ မတူတာတွေ နားလည်ပေးနိုင်ပေမယ့် လားရာကတော့ အတူတူဖြစ်မှ တခရီးတည်း သွားလို့ ရမယ် မဟုတ်လား။ အကျင့်စရိုက် သဘောသဘာဝချင်း တူမယောင်ယောင်နဲ့ အဆုံးသတ်ကျမှ ဦးတည်ချက်တွေ ကွဲပြားသွားတဲ့အခါ လမ်းခွဲတစ်ခုတော့ မလွဲမသွေ ရောက်လာတာပဲ။ တချို့လူတွေဟာ အဲ့ဒီနည်းနဲ့ တော်လှန်ရေးနောက်မှာ ပါမလာနိုင်ကြတော့ဘူး။
အမေပိုးကိုပြောရင် အမေပန်ကလည်း မပါလို့ မရတော့ဘူး မဟုတ်လား။ ထက်မြက်တဲ့ စရိုက်သဘာဝရှိတဲ့ အမေပန်ကို ဆူးလေမီးပွိုင့်မှာ သူ့စာအုပ်တွေ လက်နဲ့ပွေ့ရောင်းနေကြကတည်းက သတိထားမိပါတယ်။ သူ နဲ့ ကိုယ် နဲ့ ခရီးတစ်ခုတည်း လျှောက်ရလိမ့်မယ် လို့ ဘယ်တုန်းကမှ ထင်မထားပါဘူး။ ပြင်းထန်စွာ အတိုက်ခိုက်ခံရဆုံး၊ ခွန်းတုန့်မခံ တုန့်ပြန်ပြီး နှာနုကိုဖြတ်အရိုက်နိုင်ဆုံး မိန်းမသားတစ်ယောက်ပါ။ အဲ့ဒါထက် ပိုအထင်ကြီးမိတာကတော့ ဝပ်ဆင်းမသွားတဲ့၊ တုန့်ဆိုင်းမသွားတဲ့ ဘေးကို လွဲချော်ထွက်မသွားတဲ့ သူ့ ရပ်တည်ချက်တွေပါ။ ကွီးဖြိုးတောင် သူ့လောက် ကြံ့ကြံ့မခံနိုင်ဘူးဆိုတာ အဆုံးသတ်ကျတော့ သိရတာပဲ။ သူ့ကို ဘယ်သူတွေ ဘယ်လိုဆဲဆဲ၊ သူက ဘယ်သူ့ကို ဘယ်လိုပြန်ဆဲဆဲ ခုချိန်ထိ သူက ဦးတည်ချက်တူတဲ့ ခရီးဖော်တစ်ယောက်အဖြစ် ရှိနေဆဲပါပဲ။
လားရာတူလို့ လေးစားရတဲ့ ၅/ တွေထဲမှာ ဒေါက်တာတေဇာစန်းတို့၊ ကိုဝေမိုးနိုင် တို့လည်း ချန်ထားလို့ မရပါဘူး။ အသေရရ အရှင်ရရ တကောက်ကောက်လိုက်ဖမ်းတာတောင် ခုထက်ထိ လွတ်အောင်တိမ်းနိုင်တဲ့ သူ့ဉာဏ်ရည်ကိုလည်း လေးစားစရာပါ။ ပြည်သူ့ပန်ဒါလေးကသာ ကောက်ကျစ်စွာ ကားနဲ့အတင်းဝင်တိုက် ဖမ်းတဲ့ဒလန် ကြောင့် သူတို့လက် ပါရလေတယ်။ အိုးတစ်လုံးကို ခေါက်လိုက်တဲ့ အသံနားထောင်ပြီးအထဲမှာ ရေပါသလား၊ အလွတ် လား သိနိုင်သလိုပဲ လူတစ်ယောက်ရဲ့စကားကို နားထောင်ရင် သူ့ဦးနှောက် ဘယ်လောက်အသားပြည့်တယ်၊ စာဖတ်ဘယ်လောက်နာတယ် တခါတည်း သိပါတယ်။ ဆရာဝန်ချင်းတူပေမယ့် အေငြိမ်းရဲ့စကား၊ ဒေါက်တာဖြိုးသီဟ စကား၊ ဒေါက်တာတေဇာစန်း စကားတွေက အတိမ်အနက် အလေးအပေါ့ မတူပါဘူး။ ဒေါက်တာဇော်ဝေစိုးစကားဆို ဟိုဘက်ရပ်ကွက်က ကြောက်သေးများတောင် ပါသတဲ့။ (တို့ဆရာကြီး ရေခဲတောင် ပန်းကြာပွင့် စားပြီးသွားမှကိုး)
တော်လှန်ရေးမှာ တက်တက်ကြွကြွ ပါဝင်ခဲ့သော်လည်း လွတ်မြောက်နယ်မြေထက် ပိုဝေးတဲ့ ခိုလှုံရာအရပ်ဆီကို ရောက်သွားတဲ့အခါမှာ ရပ်တည်ရှင်သန်မှုကို ဦးစားပေးရတဲ့အတွက် တော်လှန်ရေးက ကိုယ့်ဘဝ မဟုတ်တော့တာတွေလည်း ရှိပါတယ်။ ထွက်သွားတာတော့ မဟုတ်ဘူးပေါ့။ အပြင်လူဖြစ်သွားတာ။ အဲ့ဒီလူတွေကတော့ ပြည်သူ့ကိုကို လို့ နံမည်ကြီးခဲ့တဲ့ မရတ်ကျော်သူ၊ ကိုညီ လို့ သိကြတဲ့ ဆရာ သရဝဏ် (ပြည်) တို့ ဖြစ်ပါတယ်။ ကိုမင်းမော်ကွန်းတို့၊ ဒေါင်းတို့ကတော့ နဂိုကတည်းက စတားဖြစ်ပြီးသားတွေ မဟုတ်လား။ သူတို့ထဲမှာတောင် ပိုင်တံခွန် ကို ဆက်လိုက်မလာနိုင်လို့ ကျန်ရစ်ခဲ့သူထဲ ထည့်ရပါတော့မယ်။ ရေမွန်၊ မူးလာ နဲ့ ကိုပေါက်တို့ကလည်း မေ့ထားလို့ မရတဲ့သူတွေပေါ့လေ။
သတင်းသမားထဲမှာ မရတ်ကျော်သူ ထက် လေးစားစရာကောင်းတဲ့သူတွေ အများကြီးရှိပါတယ်။ ဥပမာပြရရင် မြန်မာနောင်းက ကိုဆွေဝင်း လိုမျိုးပေါ့။ တရုတ်ပြည်က Trojan ထည့်ထားတဲ့ ကျုံယွမ်ကျော်မြင့်တို့ ပါတီတစ်ခုလုံးကိုတောင် ထိထိမိမိ သပ်ချပလိုက်တာ။ ရခိုင်ကအပြန် သေနတ်ပစ်ခံရပြီးတဲ့နောက် သူ့အကြောင်း သိပ်မဖတ်ရတော့လို့ နေကောင်းကျန်းမာမှ ရှိပါလေစ လို့ စိတ်ပူရပြန်ပါတယ်။ မြုတ်သွား ငုတ်သွားတဲ့ ဇာတ်ကောင်တစ်ကောင်လို ဘယ်အချိန် ဘွားကနဲ ပေါ်လာမလဲ မျှော်လင့်နေရသူ တစ်ဦးပါ။
ဒီလူတွေကတော့ တော်လှန်ရေးကာလအတွင်းမှာ လူသိများထင်ရှားလာခဲ့တဲ့ activist တွေ လို့ ပြောရမယ်။ ဒီနောက်ပိုင်းမှာတော့ စစ်မြေပြင်မှာပါ လက်စွမ်းပြလာကြတဲ့ တိုက်ခိုက်ရေး သူရဲကောင်းတွေပါ ပေါ်လာပါတယ်။ ကိုဂျင်မီ နဲ့ ဇေယျာသော် ကို အလေးနီပြုခဲ့ရတယ်။ နှစ် ၆၀ ကျော် သက်တမ်းရှည် စစ်တပ်က သေနာပတိကြီးတွေ မဖြစ်မနေ ယတြာချေ ကန်တော့ပွဲပေးနေရတဲ့ အညာသားလေး ဗိုလ်နဂါးက မင်းအောင်လှိုင်ရဲ့ အိပ်မက်ဆိုးတွေမှာ ဘယ်လောက်တောင် ခြောက်လှန့်နိုင်ခဲ့မလဲ။ ဘုရားသွား ကျောင်းတက်တောင် ကျည်ကာမပါပဲ မထွက်ဝံ့တော့ဘူး။ တောင်ပိုင်း PDF ထဲမှာတော့ လူစွမ်းကောင်းတွေ ပိုများပါတယ်။ အကုန်ပါအောင် မပြောနိုင်ရင် ကျန်ခဲ့မယ့်သူတွေကို အားနာလို့ပါ။ ဒီသူရဲကောင်းတွေကပဲ မြန်မာပြည်ကို ကယ်တင်နိုင်ပါလိမ့်မယ်။
အခု ပြန်စဉ်းစားကြည့်လိုက်တော့ ကြွေသွားတဲ့ကြယ်တွေလည်း မနည်းဘူး။ ဒါပေမယ့် ထင်ရှားတောက်ပလာတဲ့ ကြယ်တွေလည်း မရေမတွက်နိုင်အောင် ကျန်ပါသေးတယ်။ တို့ဘက်က ကြယ်လေးတွေဟာ anonymous လုပ်စရာ မလိုဘူး။ လူသိမခံဝံ့ လူမြင်မခံဝံ့လို့ အကောင့်ပုန်း နဲ့ မသာယပ်တောင် ပရိုဖိုင်း ထားစရာ မလိုဘူး။ ဘယ်အမိအဖက မွေးလို့ ဘယ်ဆရာသမား အဆုံးအမ နဲ့ ကြီးပြင်းခဲ့သလဲ။ ရဲရဲကြီး ထုတ်ပြောလို့ရတယ်။ ကိုယ့်အတွက်နဲ့လည်း မိဘဘိုးဘွား အရှက်မရ၊ ဂုဏ်မငယ်စေရဘူး။ တစ်ယောက်ချင်း စီးချင်းထွက်ထိုးရင်တောင် ဟိုဘက်မှာ တူတူတန်တန် ယှဉ်နိုင်တဲ့ လက်ရည် မရှိပါဘူး။ ဒါကြောင့်မို့လို့ ကိုယ်တို့ နိုင်မှာ သိပ်ကို သေချာပါတယ်လေ။