ချန်ဂင်တို့စခန်း (၇၇)

ညအိပ်ချိန်တောင် အရေးပေါ်လူနာလာရင် ဆေးရုံပြန်ပြန်ကြည့်နေရတဲ့သူတွေဆိုတော့ ပိတ်ရက်တွေ နားရက်တွေဆိုတာလည်း ရှိမနေတော့ပါဘူး။ “ဒီနေ့က တင်းဂွေနေ့လေ။ ဘေးဘေ။” လည်း မလုပ်နိုင်ဘူး။ လကုန်သွားမှသာ “ဟင် လကလည်း ကုန်ပြန်ပလား။” ဆို တစ်လစာ စာရင်းတွေ ကောက်ကောက် ချုပ်ရတယ််။ ဒါပေမယ့်လည်း နားရက်က သူ့ဘာသာသူ ကြံဖန်ရပါတယ်။ ခွဲလူနာ မရှိတာ ၃-၄ ရက်လောက် ကြာသွားပြီဆို လူလည်း အနားရ၊ ခွဲခန်းထဲက ပစ္စည်းတွေလည်း ပေါင်းထုပ်ပြင်ဆင်ပြီးသားဖြစ်၊ စင်ပေါ်က ရေတိုင်ကီတွေလည်း ရေတင်ပြီးသား အပြည့်ရတာပေါ့။ မနေ့ကဆို ထမင်းမစားခင် တရေး၊ ထမင်းစားပြီး တရေး၊ အိပ်ရေးဝသွားတယ်။ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် မဖြစ်တာလည်း မင်္ဂလာတစ်ပါးပဲ မဟုတ်လား။ ကလေးတွေလည်း အလှည့်နဲ့ နားလို့ ရတာပေါ့။ သူတို့လည်း အားပြန်ဖြည့်ချိန် ရတယ်။ ကိုယ်တို့လည်း ဆေးပြန်ဖြည့်ချိန်ရတယ်။

ဆေးပြန်ဖြည့်ရတဲ့အလုပ်က တော်တော်ကို သောကများပါတယ်။ မမင်းတုတ်ဆေးဆိုင်ဖွင့်တာကမှ ဈေးတက်ပေမယ့် ပြန်ဝယ်လို့ရသေးတယ်။ တောထဲကနေ ကင်ဆာဆေး လှမ်းဝယ်ရတဲ့ကိစ္စက တောင်းတဲ့ဈေး ပေးပါ့မယ် ဆိုတာတောင် ပစ္စည်းက မရှိတော့ပါဘူး။ ဒေါ်လာဈေး နဲ့ သွင်းကုန်လိုင်စင်တွေက အလုပ်လုပ်လို့ မရအောင်ကို အမိန့်စာတွေနဲ့ တုပ်နှောင်ထားတာမို့ ဓါတ်ဆီဆိုင်က ပန့်ကိုင်ကလေးတွေလိုပဲ ခေါင်းတခါခါ လက်တခါခါ ဖြစ်ကုန်ကြပြီ။ လူနာရဲ့အချက်အလက်တွေနဲ့ ကင်ဆာဆရာဝန်ကြီးရဲ့ ဆေးညွှန်းလက်မှတ်ရောပါမှ၊ ရောင်းပေးလိုက်ပါဦးဆို ဖုန်းဆက်ပြောပေးထားမှ၊ အရင်ကဈေးထက်လည်း ၂ ဆလောက်ပေးမှ ကျေးဇူးတင် ဝမ်းမြောက်စွာ ဝယ်ခွင့်ရတဲ့ဆေးတွေ ဖြစ်ကုန်ပါပြီ။ အောင်မယ်လေး အရင်ကဆို အဲ့ဒီဆေးတွေ ရောင်းချင်လွန်းအားကြီးလို့ အသစ်ဖွင့်ကာစ Manhattan Fish Market မှာ တစ်ဝါဒ်လုံး ထမင်းကျွေး၊ လက်ဆောင်တွေပေးပြီး မိတ်ဆက်တာ။ အခုတော့ သမဆိုင်မှာ နို့မှုန့်ဗူးဝယ်ဖို့ မွေးစာရင်းပြ၊ ဆရာဝန်ထောက်ခံစာပြ၊ ရပ်ကွက်လူကြီးဆီ လက်မှတ်ထိုး၊ သမလူကြီး ထိုင်ရှိခိုးရတဲ့ခေတ်ကို ပြန်ရောက်သွားတာပေါ့လေ။

ဗိုက်ထဲကရေထုတ်ထားတဲ့ကလေးကတော့ အလုံးပျောက်သွားပြီ။ အရည်လည်းခန်းလာပြီ။ USG ပြန်ထောက်ကြည့်တော့ ပိုက်ကလေးက အသည်းအောက်မှာ ကပ်သွားပြီ။ ကိုယ်တို့ထင်တာ မမှားဘူး။ အခု သံချဆေးလည်း ရောက်လာပြီ။ ပိုက်ပြန်ထုတ်တော့မယ်။ သံချဆေးက ဈေးတက်တက် မတက်တက်၊ ပူစရာမလိုပါဘူး။ လိုသမျှဆေးတွေ ကလေးဆရာဝန်က အလကားလှူပေးပါတယ်။ သို့သော် အလကားရတဲ့ဆေးကို သွားယူဖို့ ဓါတ်ဆီက ဝယ်မရတာကြောင့် ဆိုင်ကယ်အသွားအလာတောင် ပြတ်တောက်နေတယ်။ ဆေးဝယ်တုန်းကလိုပဲ ဓါတ်ဆီတစ်လီတာ ၅၀၀၀ ဈေးပေးပြီး တစ်အိမ်တက်ဆင်း မျှပေးပါ တောင်းရတယ်။ အခုကတည်းကကို မြောက်ကိုရီးယား ဘဝရောက်နေပြီ။

ထူးခြားဆန်းပြားတဲ့ လူနာအနေနဲ့ကတော့ သင်တန်းတက်ရင်း ပလပ်ကျွတ်သွားတဲ့ စစ်သားတစ်ယောက် ရောက်လာပါတယ်။ မအိပ်မစား ဆီးဝမ်းမသွားပဲ ကြောင်နေတာ တပါတ်လောက် ရှိပတဲ့။ နံမည်ကလွဲရင် ဘာမှ မေးလို့မရ။ တောင်စဉ်ရေမရတွေဖြေတယ်။ အမူအယာကတော့ ဂူထဲကပြန်ထွက်လာတဲ့ ဆတော်ဖျားကြီးအတိုင်းပဲ။ ငှက်ဖျားပိုးလည်းမတွေ့။ အရက်စော် ဆေးစော်လည်း မနံ။ သေးစော်ပဲ နံပါတယ်။ ရေသန့်ဗူးလေး သွားဆက်ရင် တစ်ငုံယူသောက်ပြီး ချထားတယ်။ ကျောက်ဖျာထက်က တေမိမင်းသား လက္ခဏာတော်ဖတ်သလို အကဲခတ်စောင့်ကြည့်ပြီး နန်နန်ခြားက စိတ်ဆရာဝန်ကြီးဆီ တိုင်ပင်ရပါတယ်။ ခွဲစိတ်ဆရာဝန်ဆိုတာ ခွဲတတ်ရုံ နဲ့ မပြီးဘူး။ စိတ်တတ်ဖို့လည်း လိုသေးသကိုး။ ဆယ်ဇင်းမှာကတည်းက စကားအရှည်ကြီး ဆွေးနွေးပြီး တစ်မူးသာအောင်လုပ်ရတာ ။ ဆွဲကြိုးချလည်း ကိုယ့်ဆီရောက်၊ တည်းခိုခန်းထဲမှာ သတိလစ်မေ့မျောနေလည်း ကိုယ့်ဆီရောက်။ နေ့မြင်ညပျောက် အရပ်ဒေသကြီးမှာ မသေသေအောင်များ ကိုယ့်ဘာသာကိုယ် အားထုတ်နေတဲ့သူက ရှိသေး။

ဒီဘက်ဆေးရုံ ရောက်တော့လည်း ညကြီးသန်းခေါင် အတွေးများနဲ့ ချာချာလည် ဆိုပြီး အိပ်မရလို့ ကိုယ့်ဆီလာနှိုးပြီး ဆေးတောင်းတဲ့သူတွေ ကြုံဖူးပ။ မအိချောတောင် အိပ်ဆေးလာလာတောင်းလို့ လူကြုံနဲ့ ပို့ပေးရသေး။ သူကတော့ ကိုယ့်ထက် တစ်မူးသာတာဗျ။ “ဆရာပေးတဲ့ဆေးကို ကျမ Google ခေါက်ကြည့်ပြီးပြီ။ နို့တိုက် ကလေးအမေတွေ သောက်လို့ ဖြစ်ပါ့မလား ဆရာရဲ့။” ဆိုလို့ စိတ်ဆရာဝန်ဆီ ပြန်မေးရပါသဗျား။ နောက် ခဏခဏ လာမနှိုးအောင် မက်ဆင်ဂျာမှာပါ သူတို့ချင်း ချိတ်ပေးလိုက်တယ်။ counseling လုပ်လို့ရအောင်။

ကိုယ့်ဆီမှာ ဆေးကုရင်း လာအနားယူတဲ့ကလေးတွေကတော့ ရှေ့တန်း ပြန်ထွက်သွားကြပြီ။ အားမွေးပြီးတဲ့နောက် လိုအပ်မယ့် ဆေးဝါးပစ္စည်းတွေပါ ကျောပိုးအိပ်လိုက် ထည့်ပေးလိုက်တယ်။ အသင့်စား အာဟာရ ရိက္ခာအမှုန့်တွေလည်း ရောက်လာလို့ သူတို့အတွက် အတော်ပဲ ဖြစ်သွားတယ်။ ဒီနယ်မြေမှာတော့ KPDF အနေနဲ့ KIA ရဲ့ ကွပ်ကဲမှုအောက်မှာနေကြတယ်။ အညာက ကလေးတွေလို လက်နက်မရဘူး ဆိုတဲ့ ပြဿနာ မရှိဘူး။ ကိုယ့်ဘာသာလည်း ဝယ်ကိုင်စရာ မလိုဘူး။ ဆေးဝါး နဲ့ ရိက္ခာ သူတို့ပေးတယ်။ မလောက်ငှရင်လည်း လှူတဲ့တန်းတဲ့သူ မရှားဘူး။ လူတိုင်းက မေတ္တာထားတယ်။ ဘယ်သွားသွား ကိုယ်လိုလူတွေချည့် သူတို့တွေ့ရတယ်။ ဒါကြောင့် စိတ်ဓါတ်အင်အား ခိုင်မာကြတယ်။ နောင်တခေတ်၏ အောင်စစ်သည် ဆိုတာ ဒေါ်စိန်အေး သားသမီးတွေ မဟုတ်တော့ဘူးလေ။ တိုင်းပြည်ရဲ့ လိုအပ်ချက်အရ ပြည်သူကို ကာကွယ်စောင့်ရှောက်ဖို့ အသက်ပေးထားတဲ့သူတွေက အဲ့ဒီကလေးတွေပဲ ရှိတယ်။ ဟိုကောင်တွေက ပထွေးကို ကာကွယ်ဖို့ မီးရှို့၊ လူသတ်၊ ဓါးပြတိုက်၊ ဗြောင်လိမ် ပဲ လုပ်နေရတာ။

ဒီကလေးတွေလည်းသိ၊ ကိုယ်လည်းသိတဲ့ ကိစ္စကတော့ ဒီဒေသမှာ စစ်ပွဲတွေက ပြီးသွားတာ မဟုတ်ဘူး။ ဒီ့ထက်ပိုပြီး ကြီးကြီးမားမား ဖြစ်စရာရှိလို့ ကျားချောင်းချောင်းနေကြတာ။ နားချိန်လေးရသခိုက် အားမွေးထား၊ ကောင်းကောင်း အနားယူထား၊ လက်နက် ရိက္ခာဆေးဝါး ဖြည့်တင်းထား။ ဘယ်အချိန်မှာ ပြန်စစ အဆင်သင့်ဖြစ်နေဖို့ ပြင်ဆင်ထားရပါတယ်။

ကိုယ်စာရေးတဲ့အခါ အရမ်းကို update ဖြစ်တဲ့ အကြောင်းအရာတွေကို ဘာဖြစ်လို့ အချိန်မဆိုင်းပဲတန်းရေးရသလဲ။ လုံခြုံရေးအတွက် မစိုးရိမ်ဘူးလား။ အထူးသဖြင့်တော့ ရှမ်းနီနယ်မှာနေပြီး SNA တွေ စကစလက်ပါးစေလုပ်တဲ့အကြောင်းတွေ ရေးနေတာ အန္တရာယ်မများလွန်းဘူးလား လို့ လာလာသတိပေးကြပါတယ်။ ဘယ်လောက်ပဲ မှန်တာရေးရေး အနာပေါ် တုတ်ကျတဲ့သူအတွက်တော့ နာကိုနာတာ သဘာဝပဲ။ စိတ်ရင်းစေတနာ ဘယ်လိုပဲရှိရှိ၊”ငါတို့အကြောင်းကို မကောင်းပြောနေတယ်ကွာ။” ဆို ကိုယ့်ဦးနှောက် အထွာနဲ့ကိုယ် ထင်သလို သတ်ဖြတ်ရှင်းလင်းပစ်နေတာလည်း သိပါတယ်။

ဒါပေမယ့် ကိုယ့်အသက်ဘေး ကိုယ်ကြောက်လို့ ဝင်မပြောပဲ ရေငုံနှုတ်ပိတ်နေရင် အိမ်ခြေ ၄၀၀ လူဦးရေ ၂၀၀၀ ကျော် ရှိတဲ့ ရွာသူရွာသားများ ကိုယ်တွေ့မျက်မြင် ရာဇဝတ်မှုကြီးကို ဗြောင်လိမ်ဗြောင်စား မုန်လာဥ လုပ်ပြီး “သူတို့ရှို့တာ မဟုတ်ပါဘူး။ KIA + PDF က ရှို့တာပါ။” ဆိုတဲ့ သူခိုးက လူဟစ်တဲ့အသံတွေချည့် ကြားနေရမှာပေါ့။ ဒါကြောင့်မို့ အချက်အလက် ခိုင်ခိုင်မာမာ သက်သေသက္ကာယ တိတိကျကျနဲ့ ရေးနေတာပါ။ ဒီနေရာမှာ ဒီစာရေးတာ ကိုယ့်အတွက် ဘေးဖြစ်ဖို့များမှန်း မသိစရာ မရှိပါဘူး။ လာမယ့်ဘေးဆိုလည်း ပြေးတွေ့ရုံပါပဲ။

မနှစ်က ကိုဗစ်ပိုးတွေ့ခဲ့တုန်းက ခေါင်းထဲမှာ အတွေးတစ်ခု ပေါ်လာတာ ရှိတယ်။ ကိုဗစ်ကတော့ ဖြစ်မယ် ကူးမယ်မှန်း ကိုယ်တွက်ထားပြီးသား။ ကိုယ်မသိနိုင်တာ အဲ့ဒီကိုဗစ်ကို ကိုယ် အသက်ရှင်လျက် ကျော်ဖြတ်နိုင်ပါ့မလား ဆိုတာ မသေချာဘူး။ ဒီရောဂါအကြောင်းကို တော်တော်သိထားပြီးသား။ သေနိုင်တာ သံသယ မရှိဘူး။ နောက်မှ ပြန်ရေးမယ် လို့ တေးထားတဲ့အရာတွေဟာ ရေးချင်မှလည်း ရေးဖြစ်တော့မယ် လို့ တွေးမိတယ်။ အဲ့သလိုမျိုး မပြီးပြတ်သေးသော အလုပ်တွေ တိုးလို့တန်းလန်း မကျန်ရစ်ချင်ဘူး။ အဲ့ဒါကြောင့် ခုနောက်ပိုင်း ကိုယ်ရေးတဲ့ အဖြစ်အပျက်တွေဟာ တစ်ရက်စာ တစ်ရက်စာ နဲ့ နေ့စဉ်မှတ်တမ်း ဆန်လာတယ်။ မနက်ဖြန် ဘာဖြစ်မယ်မှန်း ကိုယ်ကိုယ်တိုင်လည်း မသိဘူး။ သေချင်လည်း သေသွားနိုင်တာပဲ။ အဲ့လိုဆိုရင် နောက်ဆုံးရေးခဲ့တဲ့စာအထိ အကြွေးမထားပဲ တာဝန်ကျေကျေ ရေးခဲ့ပြီ။ ကိုယ်ရေးတဲ့စာကို အဲ့ဒီနေရာမှာ နိဂုံးချုပ်ထားခဲ့လို့ ရပြီ။

ဒီတော်လှန်ရေးနဲ့ပါတ်သက်လာရင် ကိုယ့်ဘက်က သေရမယ် ဆိုလည်း သေဖို့ရာ အဆင်သင့်ပဲ။ မသေသေးသ၍လည်း မနိုင်မချင်း ဆက်တိုက်ဖို့ အဆင်သင့်ပဲ။ ပြောစရာရှိတာတွေလည်း အကုန်လုံး ပြောထားရေးထားခဲ့ပြီးပြီ။ လုပ်စရာ ရှိတာတွေလည်း လုပ်လို့ရသလောက် အကုန်လုံး လုပ်ထားပြီးပြီ။ ပူပင်စရာလည်း မရှိဘူး။ နောက်ဆံတင်းစရာလည်း မရှိဘူး။ အေးအေးဆေးဆေးပဲ။ “There’s no hurry anymore when all is said and done.” တဲ့။ Come what may. I’m ready now.”