ဆယ်ဇင်းမှာ ဘာတွေဖြစ်နေသေးလဲဆိုရင် စစ်ပွဲတွေတော့ မရှိတော့ဘူး။ မီးလောင်ပြင်ထဲမှာ ရွှေရှာတဲ့ကိရိယာနဲ့ ရွှေတွေလိုက်ပြီး ရှာတယ် လို့ ပြောပါတယ်။ မလောင်ပဲ ကျန်တဲ့အိမ်တွေကိုဖောက်ပြီး အထဲထဲက လိုချင်ရာကို ရှာဖွေယူကြသတဲ့။ အခုဆိုရင် စစ်သားတွေရော ရှမ်းနီတွေရော အိမ်ထဲကဖောက်ယူထားတဲ့ ဆိုင်ကယ်အသစ်၊ ဖုန်းအသစ်ကလေးတွေ ကိုယ်စီနဲ့ ရွာထဲမှာ လန်းလန်း လန်းလန်း လုပ်နေကြတယ် ဆိုပဲ။ မီးလောင်ပြင်ကြီးကို ဘူဒိုဇာနဲ့ ရှင်းပြီးရင် မြေကွက် ဆိုင်ခန်းအသစ်တွေ အကွက်ဖော် ရောင်းချတော့မှာမို့ လက်ဦးပန်ချင်ရင် အမြန်ပင် လာခဲ့ဖို့ ကိုကို ခေါ်ချင်ပါတယ် မောင် ခေါ်ချင်ပါတယ် တဲ့။ (ဒါသက်သက် ဆလန်ကဘာကြီးတွေကို စိန်ခေါ်တာဗျ။ ခများတို့ ဘယ်တော့မှ ပြန်မသိမ်းနိုင်ပါဘူး လို့ ဆိုချင်တာ။)
အဲ့ဒါနဲ့လည်း မကျေနပ်သေးပဲ စစ်ပြေးဒုက္ခသည်တွေဆီက ပါလာတဲ့ ရွှေတွေငွေတွေကို လုပါသေးတယ်။ ဟိုပင်က ရွှေစပါယ်ထမင်းဆိုင်မှာ ဆယ်ဇင်းက စစ်ပြေးလာတဲ့မိသားစုကို ရှာဖွေစစ်ဆေးတယ် ဆိုပြီး ဖုန်းတွေကိုသိမ်း၊ ပါလာတဲ့ ရွှေငွေ လက်ဝတ်လက်စားတွေကို လည်း သိမ်းတယ် လို့ ဆိုပါသတဲ့။ အိမ်ရောဆိုင်ရော မီးလောင်လို့ ရှိစုမဲ့စုကလေး တစ်ထုပ်တစ်ဆွဲ သယ်ပြေးရတဲ့သူကို ချမ်းသာပေးဖို့ ခြေသလုံးဖက်ပြီး ငိုယိုတောင်းပန်ကာမှ နောက်ဆုံးမှာ ဆယ်သိန်းတော့ ထားခဲ့ရမယ်ဆိုပြီး ဈေးတည့်ပါသတဲ့။ ရဲသွားတိုင်လို့ မရပါဘူး။ ရဲကိုယ်တိုင် ယူနီဖောင်းကြီးနဲ့ ယူသွားတဲ့ ဥစ္စာကို။ တစ်ယောက်တည်းလည်း မဟုတ်ဘူး။ အဖွဲ့လိုက်။ များစွာသော အဖြစ်အပျက်တွေထဲက တိကျသေချာသော ဖြစ်ရပ်တစ်ခုကို ကာယကံရှင်ဆီက ကိုယ်တိုင်ကြားတဲ့အတိုင်း ရေးပြတာပါ။ ဒီနေ့ ဒီရက်မှာ ဒီအဖြစ်မျိုးက ဖြစ်ရိုးဖြစ်စဉ်မို့ ဘယ်သူကမှ မအံ့ဩပါဘူး။ ရွာမီးရှို့တာ သတ်တာလည်း ရဲတွေ စစ်သားတွေပါတာပဲ။ သတင်းထဲမှာ ဗြောင်လိမ်လိုက်ရုံနဲ့ သေတဲ့သူက ရှင်မသွားဘူး။
သူတို့က သူတို့အထက်က အဖေကြီးတွေ ညွှန်ကြားချက်အရ တာဝန်ထမ်းဆောင်နေတာ။ သူတို့အလုပ် သူတို့ လုပ်တာ။ ဒါဆို ကိုယ်တို့လည်း ကိုယ့်အလုပ် ကိုယ် လုပ်ကြရုံပါပဲ။ စစ်ပြေးတွေအတွက် အလှူငွေတွေ နေ့တိုင်း ပို့နေတယ်။ အစားအသောက် အဝတ်အထည် ပြည့်စုံအောင် ဖြည့်ဆည်းပေးတယ်။ ဆေးဝါးပစ္စည်းလည်း မခက်ခဲစေရဘူး။ ခရီးဆက် ထွက်ခွါဖို့ ဓါတ်ဆီ ဒီဇယ်များလည်း ရှာပေးတယ်။ ဟိုဘက်က သတ်ဖြတ်လုယက် မီးရှို့တဲ့အလုပ်ကို လုပ်ရင် ကိုယ်တို့က ကယ်ဆယ်ရေး၊ ဘေးလွတ်ရာပို့ဆောင်ရေး၊ ပြန်လည်ထူထောင်ရေးကို အားစိုက် လုပ်မယ်။ အချိန်တန်တော့ ကိုယ်လုပ်တဲ့အကျိုး ကိုယ်စီကိုယ်စီ ခံစားကြရမှာပဲ။ ပြည်သူတစ်ယောက်စီ တစ်ယောက်စီရဲ့ မျက်ရည်ပေါက် တစ်ပေါက်စီ တစ်ပေါက်စီဟာ မင်းအောင်လှိုင်ကို မဟာအဝီစိငရဲမှာ ကပ်ကမ္ဘာများစွာ ပူပြင်းလောင်မြိုက်စေမယ့် ကြိုက်ကြိုက်ဆူသော ဆီပူလောင်စာများ ဖြစ်ကြမှာ။
အခုက ဆယ်ဇင်းရော ဖားကန့်ပါ အင်တာနက်ဖြတ်ထားတာ တစ်နှစ်ကျော်ပြီမို့ မသာလောင်းတွေ ရိက္ခာယူနေတဲ့ တစ်တော့တွေ မတွေ့ရသေးတာပါ။ သိပ်မကြာခင် အကုန်ဒွမ်တော့မှ ဖုန်းထဲကျန်တဲ့ပုံတွေကို လိုင်းပေါ်မှာ တွေ့ရပါလိမ့်မယ်။ ကနေ့ နက်ဖြန် သေမယ်ဆိုတာ သေချာသော်လည်းပဲ “သားကြီးတို့ အေးဆေး” ဆို အချင်းချင်း ဂျင်းထည့်ကြဦးမှာပေါ့။ ပလူပျံတာ တစ်ညတာထက် မပိုပါဘူး။ တပြည်လုံးက ရှိရှိသမျှ စစ်သားမယား ရဲမယားတွေ အာဏာသိမ်းတော့မှ စမတ်ဖုန်း အိုင်ဖုန်း ကိုင်ဖူးသွားကြတာ။ နဂိုက အစိနှိပ်တောင် ဘေ ပတ်ချေးနေရတဲ့ဟာတွေ။
ဆယ်ဇင်းမှာ စစ်သားတွေ သောင်းကျန်းတဲ့ သတင်းတွေ ကြားတဲ့အခါ ကိုယ့်မျက်စိထဲမှာ မြင်ယောင်လာတာက ဗမာစစ်တပ်တွေ အယုဒ္ဓယကို သွားသိမ်းတဲ့ ထိုင်းရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတွေကိုပါ။ အယုဒ္ဓယကို သွားလည်တုန်းကလည်း သူတို့ဆီကလူတွေ အခုထက်ထိ ပြောပြနေတုန်း။ ဖမာ့တွေက ဒီနေရာမှာ ငါတို့ကလေးတွေကို ဆုံထဲထည့်ကြိတ်တယ်။ ဝါးရင်းတုတ်နဲ့ရိုက်တယ် စသည်ဖြင့်ပေါ့။ ပြီးရင် ငါတို့ဆီက အဖိုးတန် ရတနာတွေ၊ ဆင်မြင်းကျွဲနွား နဲ့ ပန်းဆယ်မျိုးအနုပညာသည်တွေကိုလည်း ဖမ်းဆီးခေါ်ဆောင် သွားတယ်တဲ့။ နှစ်ပေါင်း ၂၀၀-၃၀၀ ကြာတာတောင် နာကျည်းနေတုန်းပဲ။ မုန်းတီးနေတုန်းပဲ။ မေ့ပျောက် မသွားကြဘူး။ ကိုယ်တို့ မြန်မာပြည်မှာလည်း မင်းအောင်လှိုင် အာဏာသိမ်းတဲ့ ၂၀၂၁ – ၂၂ ကာလကို နောက်မျိုးဆက်ပေါင်းများစွာ အသည်းနာ ကမ္ဘာမကျေ ဖြစ်နေကြဦးမှာ သေချာပါတယ်။ အိမ်မီးလောင်ပြီး ရင်ကွဲနာကျ သေသွားတဲ့ အမယ်ကြီး မေးသလို မေးရမယ်။ မိအောင်လိုင် မင်း ငါတို့တိုင်းပြည် အာဏာသိမ်းတော့ ဘာရသွားသလဲ။ ပြောစမ်းပါဦး။ သူ့နံမည်ကို မှတ်မှတ်သားသား ကမ္ဗည်းတင်တာ မောင်ဆောင်းခ ရဲ့ ပြွန်တန်ဆာ မှာပဲ ရှိမယ်။
ဗိုလ်ချုပ်ဂွမ်မော်ကတော့ စက်ဆုပ်ရွံရှာဖွယ်ကောင်းလှတဲ့ မြန်မာစစ်တပ်ရဲ့အပြုအမူတွေကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး လို့ ဆိုပါတယ်။ နှုတ်ဆိပ်လက်ပိုက်ကြည့်နေတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း အလားတူပါပဲတဲ့။ စကားနောက်မှာ တရားပါလာရင် တုန့်ပြန်မှုတစ်ခုခု မြင်ရပါတော့မယ်။ KIA ဆိုတာ ဘိန်းဓါးပြအဖွဲ့အစည်းမှ မဟုတ်တာ။ အသစ်ဆောက်ထားတဲ့ ကုတင်တစ်ထောင် စစ်ဆေးရုံကိုတောင် “မနည်းလွန်းဘူးလား။” လို့ မေးခဲ့တာပဲဟာ။ စစ်သင်္ချိုင်းပါ ချဲ့ထားမှ ဖြစ်တော့မယ် ထင်ပါရဲ့။ ဒီကနေ့ကိုပဲ ကရင်မှာ၊ ရခိုင်မှာ၊ စစ်ကိုင်းမှာ ဒွမ်လိုက်ကြတာ သောက်သောက်လဲ။
KIA က သင်ပေးလိုက်တဲ့ လူ ၂၀ တည်းနဲ့ စခဲ့တဲ့ ရခိုင်တပ်တော် AA ကိုတောင် ရင်းလုံးပြုတ်မတတ် ရင်ဆိုင်နေရတဲ့ စကစဟာ နဂိုကတည်းက အထက်မြန်မာပြည် စစ်ဆင်ရေးတွေကို တိုက်ကွက်ဖော်လာခဲ့တဲ့ KIA တွေကို လေတပ်အားကိုးနဲ့ ထိပ်ပုတ်ခေါင်းပုတ် လာလုပ်တာဟာ ဘယ်လိုအကျိုးဆက်တွေ ရှိလာမှာလဲ သင်ကိုယ်တိုင် ကြည့်ရှုရမယ့် အချိန်ရောက်လာပြီ ဖြစ်ပါတယ်။
ကိုယ်တို့ငယ်ငယ်တုန်းက ပွဲကြည့်ကြတဲ့အခါ ရှေ့ဆက်ပြီး ဘာတွေဖြစ်လာမှာလဲ၊ ဇာတ်သိမ်းရင် ဘာဖြစ်သွားမလဲ သိချင်စိတ်နဲ့ ပွဲမပြီးမချင်း စိတ်ဝင်တစား ကြည့်ခဲ့ကြတာ မဟုတ်လား။ အဲ့ဒီအတွက် စင်ပေါ်မှာ ကနေရတဲ့သူတွေကတော့ ဘယ်အခန်းပြီးရင် ဘယ်အခန်းကို ကူးမယ်။ ဘယ်သူကတော့ ဘယ်ဇာတ်ကောင် နေရာကနေ သယ်ပြီးတော့ကမယ်၊ ရံပြီးတော့ ပို့မယ်။ သူ့တာဝန်နဲ့သူ ခွဲပြီးသား ဇာတ်တိုက်ပြီးသားပါ။ ပရိသတ်ကို ကြိုပြီး အသိပေးမထားတာပဲ ရှိပါတယ်။
တော်လှန်ရေး ဆိုတာလည်း ဇာတ်ကသလောက်မှ အဆီအငေါ် မတည့်ရင် တနိုင်ငံလုံး အုံကြွပါဝင်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲ့ဒါကြောင့် သူတို့လည်း ဇာတ်ကွက်ဇာတ်ညွှန်း အဝင်အထွက် တမ်ပိုတွေကို နဂိုကတည်းက ချိန်သားကိုက်အောင် ကြိုတင်ညှိနှိုင်း ထားပြီးသားပါ။ NUG / CRPH ကလူတွေဟာ EAOs တွေဆီမှာ နှစ်ပေါက်အောင် သွားနေပြီး ဗြောင်နောင်နောင် ဗေဗေ့ဂျိ ကစားနေတယ် မှတ်လို့လား။ အားလုံးနဲ့ ချိတ်ဆက်ညှိနှိုင်း ဆွေးနွေးပြီး တာဝန်ခွဲဝေ လုပ်ကြပါတယ်။ အရာအားလုံးဟာ plan နဲ့ပါ။
ကိုယ်တို့ လွတ်မြောက်နယ်မြေ ကို ပထမဦးဆုံး ရောက်တော့ KIA အုပ်ချုပ်ရေးခေါင်းဆောင် ကို ဝင်တွေ့ပါတယ်။ သူက စကားပြောရင်းနဲ့ “ဒီတော်လှန်ရေးကို ဘယ်လောက်လောက် ကြာမယ် ခန့်မှန်းထားသလဲ။ ဒီမှာ ဘယ်လောက်လောက်ကြာအောင် နေရမယ် ထင်သလဲ။” တဲ့။ ကိုယ်ကတော့ နှစ်လ သုံးလ လို့ မှန်းပါတယ်။ သူတို့ကတော့ ၂ နှစ်လောက်တော့ ကြာမယ် လို့ ခန့်မှန်းပါသတဲ့။ သူ့အဆင့်နဲ့သူ ကျော်ဖြတ်စရာလေးတွေလည်း ရှိပါသတဲ့။
အဲ့ဒီအချိန် ကတည်းက ဒီကနေ့ထိတိုင်အောင် သူတို့လည်း လုပ်စရာရှိတာတွေကို မရပ်မနား လုပ်ကိုင် ပြင်ဆင်လျက်ပဲ။ ကိုယ်လည်းပဲ တာဝေးအပြေးသမားတစ်ယောက်လို သက်လုံကောင်းကောင်း နဲ့ မရပ်မနား အားကုန်ရုန်းနေမြဲပဲ။ တော်လှန်ရေးကြီးဟာလည်း တဘက်သတ် ဖမ်းဆီးသတ်ဖြတ် ညှင်းပန်းခြင်းအဆင့်ကနေ ရင်ဆိုင်တိုက်ပွဲပေါင်းများစွာ နဲ့ စစ်မျက်နှာတွေ တစ်ခုပြီးတစ်ခု အရှိန်ရလာခဲ့ပါပြီ။ သူတို့ပြောတဲ့ ၂ နှစ်ပြည့်ဖို့ရာလည်း နောက်ထပ် ၄ လ ပဲ ကျန်တော့တာ မဟုတ်လား။ အနိုင်အရှုံးတောင် မြင်တဲ့သူတွေမြင်လို့ အထုပ်သယ် ပြေးပေါက်ရှာနေကြပြီ။ အခုကစပြီး ရွှေဘ ချနေပြီ ပရိသတ်ကြီးရဲ့။ လက်ခုပ်လက်ဝါးတီးဖို့သာ ပြင်ထားပါ။ လူဆိုးတွေ ဂန့်တာဂိန်တာ ကြည့်စမ်းပါဦး မြိန်ရေယှက်ရေ။ ဒီကနေ့ဆို ဘဘဦးခင်ရီကြီး ရင်ဘတ်ကြီးထုထု ငိုနေမလား။ ဒေါသစိတ်တွေ ငယ်ထိပ်တက်ကပ်ပြီး နှာနှပ်နေရပလား မသိ။ တွေးကြည့်စမ်းပါဦး။ ရွှေကိန္နရီလေးများအလားကွယ် မြင်ယောင်တယ်။ အိုးဟိုးဟို မြူးလာတယ်။
ကိုယ်ဟာ ဒီအရပ်ကိုရောက်တော့ လက်ချည့်ပလာ လာခဲ့တယ်။ သိတဲ့သူလည်း တစ်ယောက်မှ မရှိဘူး။ ဘယ်သူနဲ့မှလည်း မချိတ်ဆက်ထားဘူး။ တစ်ခါမှ မရောက်ဖူးတဲ့အရပ်ကို တစ်ခါမှ မမြင်ဖူးတဲ့သူတွေ ခေါ်ရာနောက်က လိုက်ခဲ့တာ။ အခုရောက်နေသမျှ အရွေ့ဟာ ကိုယ်တိုင်ပဲ တွန်းရွှေ့ခဲ့တာ။ အခုချိန်မှာ အားလုံးနဲ့ ချိတ်ဆက် တိုင်ပင်ပြီး ဟန်ချက်ညီအောင် လုပ်နေတယ်။ တစ်ယောက်တည်း ထင်ရာစိုင်းနေတာ မဟုတ်ဘူး။ ယုတ်စွအဆုံး ဟောဒီလူမှုကွန်ယက်ပေါ်မှာတောင်မှ စိတ်တူသဘောတူ ရှိအောင် စည်းရုံးပြီး တက်ညီလက်ညီ လှော်ခတ်နေတယ်။ တကိုယ်ရေကျော်စောမှုကို မလိုချင်ဘူး။ အများထဲကတစ်ယောက်ပဲ ဖြစ်ချင်တယ်။ ကိုယ်ပါတဲ့ အများကိုတော့ ပွါးနိုင်သမျှပွါးအောင် ချဲ့ထွင်မှာ။ လူထုအားကိုပဲ အများကြီးလိုတယ်။ သူများနိုင်ငဲက တစိမ်းတွေ ကူချင်ကူ မကူချင်နေ။ ပြည်ပအားကိုး ကိုစိန်ရိုးဆိုတာ ကိုယ်တို့ကို လက်ညှိုးထိုးနေတဲ့ စစ်တပ်ကြီးကိုယ်တိုင်ပဲ ဆိုတာ အားလုံး မြင်နေရပြီ။ နေ့ဘက်မှာလည်း တနေကုန် အလုပ်လုပ်ခဲ့တယ်။ ညဘက်မှာလည်း ခုချိန်ထိ တွေးနေရေးနေတုန်းပဲ။ ကိုယ်လိုလူတွေ အများကြီး ရှိတယ်။ ကိုယ့်ထက် စွန့်လွှတ် အနစ်နာခံတဲ့သူတွေလည်း တပုံကြီးပဲ။ ပန်းတိုင်ကလည်း လက်တစ်ကမ်းမှာ ရောက်နေပြီ။ ဖြစ်မှ ဖြစ်ပါ့မလားဆိုတဲ့ ပူပင်သောကတွေ ဖြေဖျောက်ပလိုက်ပါတော့လေ။